← Chapters

ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ သက်ဆိုင်တယ်

Vol. 110 Ch. 1441

ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ သက်ဆိုင်တယ်

Vol. 110 Ch. 1441

“တိချင်းက တွေ့နေကျ နတ်ဘုရားတစ်ပိုင်းမျိုးပဲ”

တျန်းရှု၏ အသိစိတ်အလျဉ်က ထွက်ပေါ်လာပြီး ချင်မူ့အား တီးတိုးကပ်ပြောသည်။ “အတိတ်တုန်းက နတ်ဘုရားတစ်ပိုင်းတော်တော်များများ ဒီလိုအတွေးမျိုး တွေးခဲ့ကြတာ ... သူတို့က ဘဝင်မြင့်ပြီးတော့ အရာရာကို အထင်သေးကြတယ်…အရင်က ခိုင်ဧကရာဇ်ခေတ်ရဲ့ ကောင်းကင်နယ်စားမင်းက ရွှမ်တုနတ်ဘုရားတစ်ပိုင်းတွေကို ငါတို့အပေါ် ကူညီပေးဖို့ အမိန့်ပေးခဲ့ဖူးတယ်... အဲဒီတုန်းက သူနဲ့ တခြားနတ်ဘုရားတစ်ပိုင်းတွေရဲ့ အခုလို အကျင့်မျိုးတွေကို သည်းခံခဲ့ရတာ”

ချင်မူသည် ဤခံစားချက်ကို ကောင်းကောင်းနားလည်သည်။

နတ်ဘုရားတစ်ပိုင်းများသည် နဂါးဟန်ခေတ်အစပိုင်းကတည်းက တခြားကမ္ဘာခေတ်နှောင်းမျိုးနွယ်များအပေါ် အနိုင်ကျင့်ခဲ့ကြ၏။ နဂါးဟန်ခေတ် ရောက်သည့်အခါတွင် ရာထူးအဆင့်များက တင်းကြပ်လာသည့်အပြင် နတ်ဘုရားတစ်ပိုင်းများအား ရှေးဟောင်းနတ်ဘုရားများပြီးလျှင် ဒုတိယအဖြစ် သတ်မှတ်ခဲ့ကြသည်။ သူတို့သည် ပိုမိုထူးကဲသည့်အပြင် အင်အားကြီးစွာ မွေးဖွားလာကြသောကြောင့် အဆင့်နိမ့်သူများထက် မြင့်မြတ်သည်ဟု ထင်မြင်ကြလေသည်။

တိချင်းသည် ရှေးဟောင်းနတ်ဘုရားဘုရင်ပြီးနေက် မွေးဖွားခဲ့သော နတ်ဘုရားတစ်ပိုင်းဖြစ်သဖြင့် ဤသို့စိတ်မျိုး ဖြစ်တည်လာခဲ့ခြင်းပင်။

သူ တိချင်းကို အကဲခတ်လိုက်ရာ သူ၏ခန္ဓာကိုယ်တွင် ကောင်းကင်နယ်စားမင်း၏ ဟန်ပန်အား မြင်ရနိုင်သည်။ တိချင်းသည် နှာရိုးနှင့် နှုတ်ခမ်းများမှလွဲ၍ တိရီယွဲ့နှင့် မတူချေ။

တိချင်း၏အကြည့်က ချင်မူနှင့် အခြားသူများကို ဖြတ်သွားသည်။ သူတို့လေးယောက်လုံး မျက်နှာများဖုံးအုပ်ထားကြောင်း မြင်လိုက်ရလျှင် မျက်မှောင်ကြုတ်သွား၏။

တျန်းရှုက ပြုံးသည်။ “ဒီညီအစ်ကိုတွေရဲ့ သရုပ်မှန်က ထူးခြားတယ်လေ… သူတို့မျက်နှာကို ပြလို့မရဘူး”

“သာမန်အခြေအနေဆိုရင်တော့ မျက်နှာဖုံးပြီး ရွှမ်တုဆီ ဝင်လာရင် ရန်သူလို့ သတ်မှတ်ခံရမှာပဲ… အခု ရန်သူနဲ့ မိတ်ဆွေကို ခွဲခြားပေးနိုင်တဲ့ ကောင်းကင်တာအိုရှိနေတော့ ဒီလေးယောက်က မိတ်ဆွေတွေပဲ” တိချင်းက ပြုံးလျက် တုံ့ပြန်သည်။

ချင်မူလည်း ပတ်ဝန်းကျင်သို့ ကြည့်လိုက်ရာ နတ်ဘုရားတစ်ပိုင်းများ၏ ကလေးများသည် မြို့ထဲတွင် ပြေးလွှားနေကြကြောင်း မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာ မေးလေသည်။ “တိချင်း၊ ဘာလို့ မြို့ထဲမှာ မိန်းမနဲ့ ကလေးတွေ ကျန်နေသေးတာလဲ… ခင်ဗျားတို့အားလုံး ကလေးတွေကို ကမ္ဘာဦးဘုံဆီ ပို့သင့်တယ်…. တျန်းဖန်မြို့က အဲ့ဒါတွေအားလုံးကို ခံနိုင်ရည်မရှိဘူး…. ကလေးနဲ့ မိန်းမတွေကို ချန်ထားခဲ့တာက သူတို့ကို သေတွင်းထဲ တိုးပို့နေသလိုပဲ”

“တျန်းဖန်မြို့ကို ဖောက်ထွက်ဖို့ မဖြစ်နိုင်ဘူး… ကောင်းကင်နတ်ဘုံရဲ့ နတ်ဘုရားမိစ္ဆာစစ်တပ်အနေနဲ့ မြို့တံခါး၀ကိုတောင် ရောက်နိုင်မှာ‌တောင် မဟုတ်ဘူး…”

တိချင်းက မျက်မှောင်ကြုတ်လိုက်၏။ “မြို့ထဲမှာ လူများများ စုနေလေလေ….ကောင်းကင်တာအိုက ပိုအားကောင်းလေလေပဲ…. ကလေးတွေ၊ မိန်းမတွေ မြို့ထဲမှာနေတာက ကောင်းကင်တာအိုကို ပိုအားကောင်းစေလိမ့်မယ်… မင်းက ကောင်းကင်တာအို ဦးတည်ရာကို မသိတဲ့အတွက် မင်းနဲ့ အငြင်းပွားမနေတော့ဘူး…. ဒါပေမဲ့ နောက်တစ်ကြိမ်ကျရင် ငါတို့စစ်တပ်ရဲ့ စိတ်ဓာတ်ကို လာမရှုပ်နဲ့…. မဟုတ်ရင် စစ်ဥပေဒေအရ ညှာတာနေမှာ မဟုတ်ဘူး…”

သူက တျန်းရှုကို ကြည့်လိုက်ပြီး မျက်နှာပျက်သွား၏။ “ယိုတုရဲ့ ကောင်းကင်နတ်ဘုရင် မင်း ကူညီဖို့ ရောက်လာတာ ကောင်းတယ်…. ဆိုတော့ မင်းသူငယ်ချင်းတွေကို သေချာထိန်းထား... ငါတို့စစ်တပ်ရဲ့ စိတ်ဓာတ်အခြေအနေကို လာမရှုပ်နဲ့…”

တျန်းရှုက ချင်မူ့အင်္ကျီလက်စကို တိတ်တဆိတ် ဆွဲလိုက်သည်။ “စိတ်မပူပါနဲ့…. အေးဆေးပါ…. ကျုပ်တို့ အဓိပ္ပာယ်မရှိတာတွေ မပြောတော့ပါဘူး… ဒါပေမဲ့ မိန်းမနဲ့ကလေးတွေကို မြို့ထဲမှာ စုထားတာက အသုံး၀င်လို့လား..”

တိချင်းမျက်နှာပေါ်ရှိ တည်ကြည်လေးနက်မှုတို့ ပျောက်ကွယ်သွားသည်။ “ဒါက ရွှမ်တုကောင်းကင်တာအိုရဲ့ သိမ်‌မွေ့နက်နဲမှုပဲ….” သူက ပြုံးလျက် ပြော၏။ “ပစ္စပ္ပုန်က အတိတ်နဲ့ မတူတော့‌ဘူး…. အခု ကောင်းကင်တာအိုက ရွှမ်တုကို ကာကွယ်ပေးနေတာ‌ဆိုတော့ သက်ရှိတွေများလေလေ ကောင်းကင်တာအို ပိုအားကောင်းလေလေပဲ…. ငါတို့တျန်းဖန်မြို့ထဲမှာ ကောင်းကင်တာအို စွမ်းအားကြီးနေတာက ရွှမ်တုနတ်ဘုရားတွေနဲ့၊ မိစ္ဆာတွေ စုဝေးနေလို့ပဲ…. ဒါပေမဲ့ နတ်ဘုရားမိစ္ဆာအရေအတွက်က နည်းနေသေးတော့ ရွှမ်တုရဲ့ သာမန်ပြည်သူတွေလည်း စုဝေးရမယ်…”

သူက ချင်မူနှင့် ကျန်သူများကိုဆီ ကြည့်လိုက်သည်။ “ရွှမ်တုမှာ နေကြတဲ့သူတွေက နတ်ဘုရားတစ်ပိုင်းမျိုးနွယ်တွေပဲ….. နေရာတိုင်းမှာ နတ်တိုင်းပြည်တွေ ရှိတယ်... လူသားတွေလို ကမ္ဘာခေ‌တ်နှောင်းသတ္တဝါတွေ မရှိကြဘူး…”

တျန်းရှုက အားတုံ့အားနာ ပြုံးလိုက်သည်။ “ဟုတ်တယ်… ကျုပ်တို့ လူသားတွေနဲ့ တခြားကမ္ဘာခေတ်နှောင်းသတ္တဝါတွေအတွက် ရွှမ်တုမှာ နေဖို့ မသင့်တော်ဘူး… ခင်ဗျား ပြောခဲ့ဖူးပါတယ်”

တိချင်းက ချက်ချင်း ပြော၏။ “ငါ ဆိုလိုတာ အဲ့အဓိပ္ပာယ်မဟုတ်ဘူး…. ဒါပေမဲ့ ရွှမ်တုသွေးဆက် သန့်စင်စေဖို့အတွက် ကမ္ဘာခေတ်နှောင်းသတ္တဝါတွေ ရွှမ်တုကို ဝင်ဖို့ တားမြစ်ထားတယ်… မင်းတို့ကို ခွဲခြားဆက်ဆံတာ မဟုတ်ဘူး… အခု တျန်းဖန်မြို့မှာ နတ်ဘုရားတစ်ပိုင်းအများကြီး ရှိပေမယ့် မလုံလောက်ဘူး… ဒါကြောင့် နေစောင့်ရှောက်သူ၊ လစောင့်ရှောက်သူတွေနဲ့ ကောင်းကင်ဘုံအားလုံးက ကြယ်တာရာအစောင့်အရှောက်တွေကို တျန်းဖန်မြို့အပေါ် စောင့်ရှောက်ဖို့နဲ့ ကောင်းကင်တာအိုစွမ်းအား အားကောင်းစေဖို့ ခေါ်လိုက်တာပဲ…”

တျန်းရှုမှာ စိတ်ရှုပ်ထွေးသွားပြီး ချင်မူ၊ သားသတ်သမားနှင့် ကျန်သူတို့ကလည်း မျက်မှောင်ကြုတ်လိုက်ကြသည်။

တိချင်းက ကျယ်လောင်စွာ ရယ်မောလိုက်၏။ “အဲ့အချိန်ကျရင် တျန်းဖန်မြို့က ‌ကောင်းကင်နတ်အရှင်တွေကို အနိုင်ယူနိုင်တဲ့ ခံတပ်တစ်ခု ဖြစ်လာပြီးတော့ ကောင်းကင်နယ်စားမင်းကို ကယ်တင်နိုင်လိမ့်မယ်”

သူကား အဆပေါင်းတစ်ရာ ယုံကြည်ချက်ရှိနေကာ အကြံဉာဏ်များ ပေးနေသည်။ “အရင်က ကောင်းကင်ဘုံတွေက ငါတို့ကို အောက်ဘုံတွေဆီ သွားပြီး လူသားမျိုးနွယ်နဲ့ တခြားကမ္ဘာခေတ်နှောင်းသက်ရှိတွေကို ထောက်ပံ့ပေးဖို့ အမိန့်ပေးခဲ့တယ်…. တကယ်တော့ ငါ အမြဲတမ်း မကျေမနပ်ဖြစ်ခဲ့တာ…. မင်းတို့ ကမ္ဘာခေတ်နှောင်းသိုင်းပညာရှင်တွေရဲ့ စွမ်းအားကို အားမကိုးဘဲ ရွှမ်တုရဲ့ စွမ်းအားတစ်ခုတည်းနဲ့တင် ကောင်းကင်တွေကို နှိမ့်ချပြီး ကောင်းကင်နတ်ဘုံနဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်ဖို့ လုံလောက်တယ်”

ချင်မူက တခဏ တိတ်ဆိတ်နေပြီးနောက် မေးလိုက်သည်။ “တိချင်း၊ ခင်ဗျား တကယ်ပဲ မိန်းမနဲ့ ကလေးတွေကို နေရာရွှေ့ဖို့ မစဉ်းစားတော့ဘူးလား... တျန်းဖန်မြို့ ကျသွားရင် အဲ့ဒီအသက်တွေက….”

တိချင်းမှာ ဒေါသူပုန်ထသွားပြီး မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူက သူ၏ ဝဲနှင့်ယာသို့ အော်ဟစ်လိုက်၏။ “ငါတို့စစ်တပ်ရဲ့ စိတ်ဓာတ်ကို ပျက်ပြားအောင် ကြံစည်နေတဲ့ ဒီလူကို မြို့တံတိုင်းပေါ် ခေါ်သွားပြီး အများပြည်သူရှေ့မှာ ခေါင်းဖြတ်လိုက်”

တျန်းရှုက သူ့ကို အလျင်အမြန် ဖက်ကာ အားတုံ့အားနာ ပြုံး၏။ “စိတ်အေးအေးထား… စိတ်အေးအေးထားပါ… ကျွန်တော်တို့က ကူညီဖို့ လာတာပါ…. မဟာမိတ်တွေကို အလကား သတ်ဖြတ်ကြတော့မလို့လား…”

တိချင်းက နှာမှုတ်၍ သူ့ဆီမှ ရုန်းထွက်လိုက်သည်။ သူက တည်ငြိမ်အေးဆေးစွာ ပြော၏။ “ငါတို့ ရွှမ်တုစစ်တပ်က အင်အားကြီးတယ်…. ကောင်းကင်နယ်စားမင်းရဲ့ ကာကွယ်စောင့်ရှောက်မှုကို ရထားတာ…. မင်းတို့ အကူအညီကို မလိုအပ်ဘူး…. မင်းတို့ လေး၊ ငါးယောက်က မျက်နှာဖုံးတွေ အုပ်ထားပြီး မျက်နှာတောင် ပြရဲကြတာ မဟုတ်ဘူး…. မိန်းမမှန်း၊ ယောက်ျားမှန်းလည်း မသိရဘူး… ကြည့်နေကြ… ကောင်းကင်နတ်မင်း၊ မစိုးရိမ်ပါနဲ့… ငါတို့ အနိုင်ရရင် မင်းတို့နဲ့အတူ နာမည်ခွဲယူမှာပါ…”

ရုတ်တရက် စစ်ပွဲဗုံသံများ ထွက်ပေါ်လာသည်။ တိချင်းက အားလုံးကို ချန်ခဲ့၍ အလျင်အမြန် ထွက်ခွာသွား၏။

သားသတ်သမားက သက်ပြင်းချလိုက်ရင်း အက်ကွဲကွဲအသံဖြင့် ပြောသည်။ “ငါတို့က စိတ်အင်အားအပြည့်နဲ့ ရောက်လာကြတာ…. ရန်သူကို မကြောက်ခဲ့ပေမယ့် အခုတော့ ရွှမ်တုတပ်မှူး‌တွေရဲ့ အေးအေးစက်စက် ဆက်ဆံတာကို ခံခဲ့ရတယ်”

“ကောင်းကင်ဓားမ စိတ်အေးအေးထားပါ… တိချင်းက ခိုင်ဧကရာဇ်ခေတ်မှာ အများကြီး ကူညီခဲ့တယ်လေ…. ခိုင်ဧကရာဇ်က ရွှမ်တုရဲ့ စနစ်ကို နားလည်နိုင်ဖို့ ကောင်းကင်ဘုံတွေ အမျိုးမျိုးမှာ နေနဲ့ လစောင့်ရှောက်သူတွေ အများကြီးကို နေရာချထားခဲ့တာ”

တျန်းရှုမှာ တိချင်းနှင့် ရင်ဆိုင်ရာတွင် ကူကယ်ရာမဲ့နေသည်။ “ဒါပေမဲ့ သူတို့ အရင်က ငါတို့ကို ကူညီခဲ့တုန်းက ငါတို့ပဲ အားလုံး အပင်ပန်းခံခဲ့ရတာလေ…. ငါတို့ကို ဟိုလုပ်ဒီလုပ်ပဲ ပြောပြီး အနိုင်ကျင့်ခဲ့ကြတာ… ခိုင်ဧကရာဇ်လည်း စိတ်ရှည်သည်းခံခဲ့ပါတယ်.. ဒါပေမဲ့ နောက်ပိုင်း သူလည်း ခံနိုင်ရည်မရှိတော့ဘဲ ပေါက်ကွဲခဲ့တယ်… တိချင်းက ဒေါသတကြီးနဲ့ နတ်ဘုရားတစ်ပိုင်းအားလုံးကို ရွှမ်တုဆီ ပြန်ခေါ်သွားပြီး သူတို့အကူအညီမပါရင် ခိုင်ဧကရာဇ်က ကမ္ဘာဦးဘုံမှာ အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဘယ်တော့မှ တည်ထောင်နိုင်ခဲ့မှာ မဟုတ်လို့ ပြောခဲ့တာတဲ့လေ”

သူက ခပ်ရေးရေး ပြုံး၏။ “နှစ်ရာပေါင်းအနည်းငယ် ကြာသွားပြီးတော့ ခိုင်ဧကရာဇ်တိုင်းပြည်က တစ်ခါတည်းနဲ့ ကမ္ဘာဦးဘုံရဲ့ အရှင်သခင် ဖြစ်လာခဲ့တယ်… ကောင်းကင်နယ်စားမင်းက သူ့ကို နောက်တစ်ကြိမ် ထပ်လွှတ်ခဲ့ပေမယ့် သူ့စိတ်အခြေအနေက ပြောင်းလဲမသွားဘူး…. ခိုင်ဧကရာဇ်ကောင်းကင်ဘုံသားတိုင်းကို မောက်မောက်မာမာ ဆက်ဆံခဲ့တာ… သူက မောက်မာပေမယ့် စိတ်ဓာတ်မကောင်းတာတော့ မဟုတ်ဘူး… သူ့ခွန်အားကလည်း အရမ်းသန်မာတယ်…. သူက တစ်ဘ၀လုံး ကောင်းကင်တာအိုကို သိမြင်နားလည်ခဲ့ပြီး မတူညီတဲ့ ဧကရာဇ်ပလ္လင်အဆင့် သုံးခုကနေ ငါးခုအထိ သိမြင်နားလည်ခဲ့တယ်…. ဒီနေရာက ကောင်းကင်တာအိုက အင်အားကြီးမားတော့ ကောင်းကင်နတ်အရှင်တစ်ပါးကို တကယ်ကြီး တားဆီးကောင်း တားဆီးနိုင်လောက်တယ်”

ချင်မူက ခေါင်းခါရမ်းသည်။ “ကောင်းကင်တာအိုက အမှန်တကယ် အဲ့လောက်အင်အားကြီးနေရင် ဘာလို့ ကောင်းကင်နယ်စားမင်းက ကောင်းကင်နတ်အရှင်ဟုန်အဖြစ် အသွင်ပြောင်းပြီး ကောင်းကင်နယ်စားမင်းနဲ့ ရွှမ်တုကို သတ်ဖြတ်ဖျက်ဆီးဖို့ ကြံစည်ရတာလဲ”

တျန်းရှု၊ သားသတ်သမားနှင့် ကျန်သူများမှာ ၎င်းကို ကြားသည့်အခါတွင် ကြက်သီးမွှေးညင်းများ ထောင်လျက် သူ့ကို အလန့်တကြား ကြည့်လိုက်ကြ၏။

ချင်မူက သက်ပြင်းချသည်။ “ကောင်းကင်နယ်စားမင်းက‌ ကောင်းကင်တာအိုရဲ့ အချုပ်အနှောင်တွေကို အမြန် ချိုးဖျက်ချင်နေတာ…. ကောင်းကင်နတ်အရှင်ဟုန်က သူ့လူ၀င်စားပဲ… ဒီရည်ရွယ်ချက်အတွက် ကောင်းကင်နတ်အရှင်ဟုန်က ‌ကောင်းကင်နယ်စားမင်းနဲ့ ကောင်းကင်တာအိုက စတေးပစ်ဖို့ တုံ့ဆိုင်းမနေခဲ့ဘူး…. ရွှမ်တုမှာရှိတဲ့ အရာအားလုံးကိုလည်း စတေးပစ်ဖို့ တုံ့ဆိုင်းနေမှာမဟုတ်ဘူး…. နတ်ဘုရားတစ်ပိုင်းတွေ၊ မိန်းမတွေ၊ ကလေးတွေနဲ့ သူ့မျိုးဆက်တွေလည်း အပါအ၀င်ပေါ့… ကောင်းကင်နတ်အရှင်ဟုန်က သေချာပေါက် တျန်းဖန်မြို့ကို ဖောက်ထွင်းနိုင်တဲ့သူ ဖြစ်လာလိမ့်မယ်”

ကျဲ့ဟွလီက ခါးသီးစွာ ပြော၏။ “ဆိုတော့ နောက်ဆုံးမှာ ကောင်းကင်နယ်စားမင်းကိုယ်တိုင်ပဲ ကောင်းကင်နယ်စားမင်းကို အနိုင်ယူတာပေါ့… အဟက်… ကောင်းကင်နတ်အရှင်မူ၊ ဒါ‌ဆိုရင် ငါတို့က ဘာလို့ ကိုယ့်အသက်ကိုယ် စတေးပြီး ကောင်းကင်နယ်စားမင်းကို ကာကွယ်နေရတာလဲ…”

သူသည် အလွန်တရာမှ မျက်မုန်းကျိုးနေပြီး အံတင်းတင်းကြိတ်ထားသောကြောင့် သူ့လေသံက သွားကြားထဲမှ ထိုးထွက်လာ၏။ “ငါတို့ လာခဲ့ရတဲ့ အကြောင်းအရင်း၊ မင်း ခေါ်လာခဲ့ရတဲ့ အကြောင်းအရင်း၊ လမ်းတလျှောက်လုံး ရယ်မောပျော်ရွှင်ခဲ့တဲ့ အကြောင်းအရင်းက ကောင်းကင်နယ်စားမင်းကို ကယ်နိုင်မယ်လို့ ထင်ခဲ့ကြလို့ပဲ… ကောင်းကင်နယ်စားမင်းကို ကယ်တာက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ကယ်တင်တာပဲ… ငါတို့သေသွားခဲ့ရင်တောင်မှ ထိုက်တန်တဲ့ သေဆုံးခြင်းပဲ…. ဒါပေမဲ့ ကောင်းကင်နယ်စားမင်းက တစ်ကိုယ်တော် ကုလားဖန်ထိုးနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး…. သူ့ကို သေခိုင်းလိုက်တော့…”

တျန်းရှုနှင့် လော့ဝူရွှမ်မှာ တိတ်ဆိတ်နေကြပြီး မည်သည်မှ ၀င်မပြောကြပေ။

သားသတ်သမားသည် တစ်စုံတစ်ခု ပြောချင်‌သော်လည်း သူ့ကိုယ်သူ တား၍ သက်ပြင်းချလိုက်သည်။

“ကောင်းကင်နတ်အရှင်ဟုန်က ကောင်းကင်နယ်စားမင်းဆိုပေမယ့် ကောင်းကင်နယ်စားမင်းက ကောင်းကင်နတ်အရှင်ဟုန် မဟုတ်ဘူး”

ချင်မူက ပြောသည်။ “ကောင်းကင်နတ်အရှင်ဟုန်က သူ့ကိုယ်ထဲမှာ ၀င်နေတဲ့ ကောင်းကင်နယ်စားမင်းဝိညာဉ်ရဲ့ လူ၀င်စားပဲ…. သူက ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ယောက်ဖြစ်နေပြီ… ဒါပေမဲ့ ကောင်းကင်နယ်စားမင်းကတော့ ကောင်းကင်နတ်အရှင်ဟုန် မဟုတ်ဘူး…. ငါတို့၊ ကျွန်တော်တို့ ကယ်ချင်တာက ကောင်းကင်တာအိုနှလုံးသား ရှိတဲ့ ကောင်းကင်နယ်စားမင်းပဲ… သူ့ကို ကယ်တာက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ကယ်တာနဲ့ ညီမျှတယ်… ကျဲ့ဟွလီ၊ အတိတ်တုန်းက ငါတို့ဟာ ရန်သူတွေဖြစ်ခဲ့ဖူးတယ်… မင်းက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကလည်း မဟုတ်ဘူး…. ဒီခရီးက အန္တရာယ်များတဲ့အတွက် ငါ လိမ်ထားပြီး ကောင်းကင်နတ်အရှင်ဟုန်အကြောင်း အသိမပေးခဲ့တာ…. ခင်ဗျားတို့ အားလုံး ထွက်သွားချင်တယ်ဆိုလည်း ကျွန်တော် မတားပါဘူး…”

ကျဲ့ဟွလီက အသက်ပြင်းပြင်းရှုလျက် သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။ မိစ္ဆာဓားမကလည်း ချင်မူကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေသည်။

ဝှစ်….

ကျဲ့ဟွလီက ချာခနဲ လှည့်လိုက်သဖြင့် သူ့အ၀တ်များက လေထဲတွင် မြောလွင့်သွားသည်။ သူ ‌ထွက်ခွာသွားချေပြီ။

သူ လမ်းလျှောက်ထွက်သွားသည့်အချိန်တွင် သူ့ခြေလှမ်းများက တဖြည်းဖြည်း နှေးကွေးလာ၏။ တခဏကြာသော် သူက ‌လမ်းဘေးရှိ ကျောက်တုံးပေါ်တွင် ရပ်လိုက်သည်။ သူက မေးငေါ့လျက် လှမ်းကြည့်လာသည်။ “တကယ်ပဲ ငါ့ကို မတားဘူးလား”

ချင်မူက ပြုံးသည်။

ကျဲ့ဟွလီက ကျောက်တုံးပေါ်မှ ပြေးဆင်းလာ၏။

“ငါက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသားတစ်ယောက်ပဲ… လူသားတစ်ပိုင်း၊ နတ်ဆိုးတစ်ပိုင်း၊ နတ်ဘုရားတစ်ပိုင်း‌၊ မိစ္ဆာတစ်ပိုင်းပဲ”

ကျဲ့ဟွလီက ပြုံးလျက် ခပ်ဟဟ ရယ်၏။ “ငါက ကောင်းကင်နတ်ဘုံသားတစ်ယောက် မဟုတ်တော့ဘူး…. ငါ မွေးဖွားခဲ့တဲ့ ကောင်းကင်နတ်ဘုံမှာ ငါက မျိုးမစစ်သားတစ်ယောက်ပဲ…. ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာပဲ လူလိုသူလို နေနိုင်တာ….ဂိုဏ်းသခင်ချင်၊ ကောင်းကင်နတ်အရှင်မူ၊ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက မင်းရဲ့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမဟုတ်ဘူး… ငါ မိစ္ဆာဓားမ ကျဲ့ဟွလီလည်း ထာ၀ရငြိမ်းချမ်းရေးအင်ပါယာနဲ့ သက်ဆိုင်တယ်…”

ချင်မူက ကျယ်လောင်စွာ ရယ်လိုက်ရင်း လက်ဝါးကို မြှောက်လိုက်သည်။

ဖြန်း

နှစ်ယောက်သား လေထဲတွင် လက်ဝါးချင်း ထပ်လိုက်ကြ၏။

“ငါလည်း သက်ဆိုင်တယ်” သားသတ်သမားက လက်ဆန့်တန်းကာ သူတို့လက်အပေါ် ထပ်၍ ပြုံးလိုက်သည်။

“ငါလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ သက်ဆိုင်တယ်”

လော့ဝူရွှမ်၏လက်သည် သူတို့၏လက်များအပေါ် ရောက်လာပြီး ဖြည့်ပြောလိုက်၏။ “ငါ ကောင်းကင်နတ်အရှင်နှစ်ယောက်ကို အာခံခဲ့ပြီးပြီ သွားစရာမရှိတော့ဘူး... ထာဝရငြိမ်းချမ်းရေးအင်ပါယာပဲ ငါ့ကို ခေါ်ထားနိုင်တယ်”

တျန်းရှုလည်း လက်ဆန့်ကာ ပြုံးလိုက်သည်။ ငါက ထာဝရငြိမ်းချမ်း‌ရေးအင်ပါယာသား အပြည့်အဝ မဟုတ်ပေမယ့် တစ်ပိုင်းတော့ ဟုတ်သေးတယ်... ငါ တော်ဝင်မုခ်ဝနတ်ဓားမထဲမှာ ပိတ်မိနေတုန်းက မဟာမြို့ပျက်က နတ်ဓားမရဲ့ အနောက်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာက အရှေ့ပဲ... ဒါကြောင့် ငါက ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတစ်ပိုင်းပဲ”

ငါးယောက်သား ကျယ်လောင်စွာ ရယ်မောကြပြီး အတိတ်တုန်းက မကူကွဲပြားခဲ့မှုများအား နောက်ပို့ထားလိုက်ကြတော့သည်။

All Chapters