← Chapters

ကြင်နာတတ်သယောင် ထင်ရသော ကောင်းကင်နတ်အရှင်ဟုန်

Vol. 110 Ch. 1442

ကြင်နာတတ်သယောင် ထင်ရသော ကောင်းကင်နတ်အရှင်ဟုန်

Vol. 110 Ch. 1442

တိချင်းသည် အခြားတိုက်ပွဲများကို အနိုင်ယူခဲ့ပြီးသဖြင့် ဤတိုက်ပွဲကို အနိုင်ယူရန်မှာလည်း ပိုမိုလွယ်ကူ၏။

တျန်းဖန်မြို့အား တိုက်ခိုက်ခဲ့သူမှာ နတ်ဧကရာဇ်လန်ရွှမ် လက်အောက်ရှိ စစ်တပ် ဖြစ်သည်။ တိချင်း ဦး‌‌ဆောင်သော တပ်စုလက်ချက်ဖြင့် သူ၏စစ်တပ်မှ ‌ထောင်သောင်းပေါင်းများစွာသော နတ်ဘုရားမိစ္ဆာများ သေဆုံးခဲ့ရသည်။

နတ်ဧကရာဇ်လန်ရွှမ်၏ အကြီးဆုံးတပည့်သည် ချင်မူကြောင့် လန်ရွှမ်အပေါ် သစ္စာဖောက်ခဲ့မိပြီး သူ ဘယ်နေရာသို့ ထွက်ပြေးသွားခဲ့မှန်း မည်သူမှ မသိကြတော့ချေ။ နတ်ဧကရာဇ်လန်ရွှမ်၏ တပည့်များမှာ ချင်မူ့ကြောင့် အကျအဆုံးများစွာ ခံစားခဲ့ရသဖြင့် အခြားကောင်းကင်နတ်အရှင်များနှင့် ယှဉ်ပါက သူ့လက်အောက်ရှိ အင်အားစုများမှာ အားနည်းကြသည်။

သို့သော် သူသည် နတ်ဘုရားတစ်ပိုင်းတို့၏ ခေါင်းဆောင်ဖြစ်သည့်အလျောက် ကမ္ဘာလောကအသီးသီးရှိ နတ်ဘုရားတစ်ပိုင်းအားလုံး သူ့ကို နတ်ဧကရာဇ်အဖြစ် လေးစားကြ၏။ ထို့ကြောင့် သူ၏ စစ်တပ်တွင် မျိုးနွယ်စုအမျိုးမျိုးမှ နတ်ဘုရားတစ်ပိုင်းများစွာ ပါဝင်ကြလေသည်။ သို့သော်လည်း အလောတကြီး စုဆောင်းခဲ့ရသော စစ်တပ်တစ်ဖွဲ့ ဖြစ်ချေသည်။

တျန်းဖန်မြို့အရှေ့မှာပင် နတ်ဧကရာဇ်လန်ရွှမ်တပ်ဖွဲ့မှာ အကျအဆုံးများစွာ ခံစားခဲ့ရချေပြီ။ ကောင်းကင်ထက်တွင် ဗုံသံများ တုန်ခါနေပြီး ဗုံသံတို့နှင့်အညီ တျန်းဖန်မြို့၏ ခံစပ်သည်လည်း အားကောင်းလာသည်။

သူတို့ ရန်သူ့၏ တိုက်စစ်ထဲသို့ တိုး၀င်သွားကြပုံမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။ သိုင်းအဆင့်နိမ့်သော နတ်ဘုရားမိစ္ဆာများမှာ ခံနိုင်ရည်မရှိကြဘဲ ဝိညာဉ်များ ကွဲကာ သာမန်မဟုတ်သော သေဆုံးမှုများဖြင့် သေဆုံးသွားကြသည်။

တိုက်ပွဲမှာ အလွယ်တကူပင် အောင်မြင်သွား၏။ တိချင်းက နိုင်ပွဲမှ ပြန်လာပြီး တဟားဟား ရယ်လိုက်သည်။ သူသည် စိတ်ဓာတ်တက်ကြွနေပြီး အော်ဟစ်လိုက်၏။ “ဒီကောင်းမှုကို ကောင်းကင်နယ်စားမင်းက မှတ်သားထားပါလိမ့်မယ်… သူ့အပေါ် အားကိုးထားကြစို့… အားလုံးပဲ စားပွဲသောက်ပွဲ ကျင်းပကြဝောာ့… ငါ ကောင်းကင်နယ်စားမင်းကို ကြိုဆိုပြီး ဒီအကျိုးသယ်ပိုးမှုကို အောင်ပွဲခံရမယ်”

တျန်းရှုမှာ မငြင်းနိုင်ဘဲ စိတ်တိုင်းကျ လုပ်ခွင့်ပေးထားရသည်။

ဆယ်ရက်ကျော်ကြာပြီးနောက် ကောင်းကင်နတ်ဘုံရေတပ်သည် တျန်းဖန်မြို့အရှေ့သို့ ရောက်လာချေပြီ။ ရေတပ်၏ စစ်သည်တော်တစ်သန်းက မြို့ကို အကဲခတ်ကြည့်ရှုနေကြသည်။

တိချင်းက ၎င်းကို လုံး၀ စိတ်ထဲမထားပေ။ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့်ဆယ်ရက်အတွင်း ကြယ်တာရာများစွာသည် တျန်းဖန်မြို့အနားသို့ ရွှေ့ပြောင်းခဲ့ကြပြီးဖြစ်၍ပင်။

တျန်းဖန်မြို့မှာ ကျယ်ပြောသည့်အလျောက် ပတ်၀န်းကျင်တွင် ကြယ်တာရာအရွယ်အစားမျိုးစုံ ပြည့်နှက်နေသည်။ ထိုကြယ်တာရာအားလုံးမှာ အသက်ရှိသည့် ဂြိုဟ်များဖြစ်ကြ၏။ ထိုကြယ်တာရာများပေါ်၌ အမျိုးမျိုးသော နတ်ဘုရားတစ်ပိုင်းမျိုးနွယ်၀င်များနှင့် သန်းချီသော အသက်များ နေထိုင်ကြသည်။

ထိုကြယ်တာရာများအားလုံး ရွှေ့ပြောင်းလာကြသဖြင့် တျန်းဖန်မြို့၏ ကောင်းကင်တာအိုသိပ်သည်းမှုမှာ လေးလံလွန်းလာကာ ရိုးရိုးတန်းတန်း အသွင်သဏ္ဍာန် ဖွဲ့တည်မှုမဟုတ်တော့ပေ။ ထိုအစား ရုပ်ခန္ဓာဖြစ်လာသည်။

ဆယ်ရက်တာအတွင်း ‌ကောင်းကင်ခေါင်းလောင်း၊ ကောင်းကင်မီးတောက်၊ ကောင်းကင်မိုးကြိုး၊ ကောင်းကင်မိုးသောက်၊ ကောင်းကင်ကျောက်လွှာ၊ ကောင်းကင်ရေတွင်း၊ ကောင်းကင်ဗုံ၊ ကောင်းကင်ရှုထောင့်၊ ‌ကောင်းကင်နယ်ပယ်နှင့် အခြားကောင်းကင်တာအိုအသွင်သဏ္ဍာန်များ ပုံစံ ဖွဲ့တည်လာကြသည်။ ကောင်းကင်တာအိုအများစုက အရပ်လေးမျက်နှာအပေါ် ဖိနှိပ်ထားကြသောကြောင့်‌ ကောင်းကင်နတ်ဘုံစစ်တပ်ပင်လျှင် ကောင်းကင်တာအို၏ ဖိနှိပ်ခြင်း ခံနေရသည်။

ထိုမျှသာမက ရွှမ်တုမှ နောက်ထပ် ကြယ်တာရာများလည်း ရွှေ့လျားလာကြသည်။ အခြားကောင်းကင်တာအို စစ်သည်တော်များလည်း ရုပ်လုံးပေါ်လာကြသည်။ ကောင်းကင်တာအို ၄၉ ခုအနက်မှ ကောင်းကင်‌ကောက်ကြောင်းတစ်ခုတည်းသာ ပုံစံမဖွဲ့တည်ရသေးပေ။

ကောင်းကင်ကောက်ကြောင်း ဖွဲ့တည်လာပါက ကောင်းကင်တာအို ၄၉ ခုလုံး စုဝေးသွားကာ အမှန်တကယ် ကြီးမားသောစွမ်းအား ထွက်ပေါ်လာလိမ့်မည်။

မြို့ထဲရှိ နတ်ဘုရားမိစ္ဆာများမှာလည်း ကောင်းကင်တာအို၏ ထောက်ပံ့မှုကို ခံစားလိုက်ရသည်။ ၎င်းက သူတို့၏ မှော်စွမ်းအင်ကို ပိုမိုအားပြင်းလာစေသည်။ ကောင်းကင်နတ်သိုင်းဖြစ်စေ၊ ကောင်းကင်လက်နက်များဖြစ်စေ စွမ်းအားများက အဆပေါင်းများစွာ တိုးတက်လာကြသည်။

ချင်မူ၊ သားသတ်သမားနှင့် ကျန်သူများမှာလည်း ကောင်းကင်တာအိုကြောင့် သူတို့၏ အတိုက်အခိုက်စွမ်းရည်များ ပိုမိုအားကောင်းလာသည်အား ခံစားနေရသည်။ သူတို့၏ တာအိုနှလုံးသားတို့သည်လည်း ပိုမိုကြည်လင်လာကြ၏။ သို့သော် ထိုသို့ဖြစ်လာလေလေ၊ ပိုမိုပူပန်ရလေလေပင်။

တျန်းဖန်မြို့တွင် သက်ရှိများနှင့် နတ်ဘုရားမျိုးစုံ နေထိုင်ကြသည့်အပြင် ကြယ်တာရာများတွင်လည်း သတ္တဝါများ ပြည့်နှက်နေကြသည်။ ပိုမိုစုဝေးလာလေလေ၊ အန္တရာယ်များလေလေပင်။

ကောင်းကင်နတ်အရှင်တစ်ပါးသာ လှုပ်ရှားလိုက်ပါက ထိုသက်ရှိများ ပြာကျသွားပေလိမ့်မည်။

မြို့အပြင်တွင် ကောင်းကင်နတ်ဘုံစစ်တပ်သည် အင်အားပိုမိုကြီးထွားလာကာ တျန်းဖန်မြို့ကို အဘက်ဘက်မှ ဝိုင်း၀န်းထားကြ၏။ ကောင်းကင်နတ်ဘုံစစ်တပ်က နတ်မင်းလေးပါး ကောင်းကင်လက်နက်ကိုလည်း သယ်ဆောင်လာကြပြီး အကြိမ်အနည်းငယ် တိုက်ခိုက်ကြသည်။ သို့သော် နတ်မင်းလေးပါး ကောင်းကင်လက်နက်များပင်လျှင် တျန်းဖန်မြို့အရှေ့တွင် ရှုံးနိမ့်သွားကြ၏။

ပထမကောင်းကင်ဆရာသခင် ရှန့်ပင်းယင်၊ ဒုတိယကောင်းကင်ဆရာသခင် မုန့်ယွင်‌ကွေ့နှင့် အခြားသူများက တျန်းဖန်မြို့အား ချေမှုန်းရန် သူတို့၏ စစ်တပ်များကို စုစည်းလိုက်ကြသည်။ သူတို့သည် စစ်သားများ၊ တပ်မှူးများကို ဆုံးရှုံးနေသဖြင့် ကောင်းကင်တာအိုလက်နက်များကို တိုက်ခိုက်ရန် ခက်ခဲနေသည်။

အရှေ့ကောင်းကင်မှ အစိမ်းနတ်မင်းနှင့် အနောက်ကောင်းကင်မှ အဖြူနတ်မင်းတို့ကလည်း သူတို့၏ စစ်တပ်များကို အသီးသီး ဦးဆောင်လာကြ၏။ သို့သော် သူတို့လည်း ရှုံးနိမ့်သွားကြသည်သာမက အဖြူနတ်မင်းနှင့် အစိမ်းနတ်မင်းလည်း အပြင်းအထန် ဒဏ်ရာရသွား၏။

ကောင်းကင်နတ်ဘုံ၏ နန်းစောင့်တပ်ဖွဲ့ဆယ်ဖွဲ့လည်း ရောက်လာကြသည်။ သူတို့က ဗျူဟာကျကျ တိုက်ခိုက်ကြသော်လည်း တျန်းဖန်မြို့ကို မထိုးဖောက်နိုင်ကြချေ။ မြို့မုခ်၀အနီးသို့ပင် မကပ်နိုင်ကြပေ။

တိချင်းသည် ရက်ပိုင်းအတွင်း တိုက်ပွဲဒါဇင်ကျော် ဆက်တိုက်အနိုင်ရခဲ့သဖြင့် ပျော်ရွှင်မှုကိုပင် မမြိုသိပ်ထားနိုင်တော့ပေ။

ယခုတွင် မြို့အား အဝိုင်းခံထားရသည့်အတွက် မည်သည့်ကောင်းကင်နတ်မြို့မှ ထပ်မရောက်လာနိုင်တော့ပေ။ နောက်ဆုံးသော တာအိုစစ်သည်တော်အား မဖွဲ့တည်နိုင်သောကြောင့် တိချင်းမှာ နောင်တရသလိုတော့ ဖြစ်မိ၏။

“ကောင်းကင်တာအိုစစ်သည်တော်တွေက လောကတခွင်မှာ နာမည်ကြီးတယ်… တာအိုစစ်သည်တော် ၄၉ ယောက်လုံးသာ ထွက်လာခဲ့ရင် ကောင်းကင်နတ်အရှင်တွေကို သတ်ဖို့က မခက်ခဲတော့ဘူး” သူက ချင်မူနှင့် အခြားသူများကို ပြောလိုက်သည်။

မြို့အပြင်တွင် ငှက်တစ်ကောင်က ရုတ်တရက် တောင်ပံခတ်လျက် ရန်သူစစ်တပ်ဆီ ပျံသန်းကာ အထဲရောက်သွား၏။

“ကြိုဆိုပါတယ် ကောင်းကင်နတ်အရှင်ဟုန်”

ကောင်းကင်နတ်ဘုံ၏ တပ်မှူးများက သူ့ရှေ့သွားရောက် ကြိုဆိုကာ တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်အရိုအသေပေး၍ ခွင့်လွှတ်ပေးရန် တောင်းဆိုကြသည်။ “ကျွန်တော်တို့အားလုံး အသုံးမကျလို့ တျန်းဖန်မြို့ လှည့်စားတာ ခံလိုက်ရတယ်…. မြို့ထဲ ၀င်ပြီး သူပုန်တွေကို မရှင်းလင်းနိုင်သေးပါဘူး… ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အပြစ်ပေးပါ ကောင်းကင်နတ်အရှင်”

ကောင်းကင်နတ်အရှင်ဟုန်က ခပ်ဟဟ ရယ်သည်။ “အသေးအဖွဲကိစ္စလေးပါပဲ… ခွင့်လွှတ်ပေး‌ဖို့ တောင်းပန်စရာမလိုပါဘူး… ကျုပ် တခြားဖက်က အ‌ခြေအနေကို တစ်ချက်ကြည့်ပါဦးမယ်”

သူက စစ်ရေးအခင်းအကျင်းအရှေ့သို့ ရောက်လာပြီး တျန်းဖန်မြို့ကို အကဲခတ်လိုက်သည်။ ထို့နောက် မြို့ပေါ်၌ ဝဲနသည့် ကောင်းကင်တာအိုလက်နက် ၄၈ ခုဆီ ကြည့်ကာ ကောင်းကင်တာအို၏ တာအိုသံများကို ဂရုတစိုက် နားထောင်နေ၏။

သူက ပြုံးလျက် ပြောသည်။ “ကောင်းလိုက်တဲ့ ရတနာပဲ…ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်တာအိုရတနာတစ်ခုကို ပြုပြင်ပြီး ကောင်းကင်တာအိုရတနာလေးခုနဲ့ ပေါင်းစည်းလိုက်ရင်း အမြဲတစေ ပြောင်းလဲနေတဲ့ ကောင်းကင်တာအို အထွတ်အထိပ် ရတနာတစ်ပါး ဖွဲ့တည်ခဲ့တယ်.. ကံမကောင်းစွာနဲ့ အဲ့ဒါက မဟာဧကရာဇ်ကြောင့် အက်ကွဲခဲ့ရတယ်… နောက်ထပ်တစ်ခု သွန်းလုပ်ခဲ့ပေမယ့် အဲဒီရတနာက အသွင်ပြောင်းထားတဲ့ ကောင်းကင်တာအိုရတနာနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ… ‌ကောင်းကင်နယ်စားမင်း‌တောင် ရတနာကောင်းတစ်ခုကို မသန့်စင်နိုင်ဘူး.. သေရေးရှင်ရေး အရေးကြီးနေတဲ့ အချိန်မှာပဲ အဲ့ဒီလိုရတနာမျိုးကို ဖွဲ့တည်နိုင်တာ… အားကျစရာပဲ”

တပ်မှူးများက ဘာမှ ထပ်မပြောရဲတော့ချေ။

ကောင်းကင်နတ်အရှင်ဟုန်က မေး၏။ “တခြား ကောင်းကင်နတ်အရှင်တွေ ရောက်လာကြပြီလား”

တပ်မှူးများက ခေါင်းရမ်း၍ ဖြေသည်။ “မရောက်ကြသေးပါဘူး”

“ကျုပ်က ကောင်းကင်မဟာမိတ်ကို ပုန်ကန်တဲ့ ကောင်းကင်နတ်အရှင်ယွဲ့ကြောင့် အချိန်နည်းနည်း နောက်ကျခဲ့တာပါ…. နောက်ကျနေပြီ ထင်ခဲ့ပေမယ့် ပထမဆုံးရောက်တဲ့သူ ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး…”

ကောင်းကင်နတ်အရှင်ဟုန်၏ မျက်နှာမှာ အနီရောင်အလင်းတို့ဖြင့် တောက်ပနေသည်ာ။ သူက ပြုံးလျက် ပြော၏။ “ခင်ဗျားတို့အားလုံး ပထမဆုံးအင်အားစုထဲက တချို့ကို ပြန်ဆုတ်ခိုင်းပြီး ရွှမ်တုသားတွေ တျန်းဖန်မြို့ထဲ ၀င်နိုင်အောင် လမ်းဖွင့်ပေးထားလိုက်ပါ…. သူတို့ ကောင်းကင်လက်နက် ပြီးပြည့်စုံလာတဲ့အချိန်ကျရင် ကျုပ် ချိုးဖျက်ပစ်မယ်…”

သူကား ကောင်းကင်နတ်အရှင်ဆယ်ပါးကြားတွင် စိတ်ထားကောင်းသူအဖြစ် ကျော်ကြားလေသည်။ တပ်မှူးများကို ဆူငေါက်ခြင်းမရှိသလို စစ်ရှုံးသည့် တပ်မှူးအချို့ကိုလည်း အပြစ်ပေးသကဲ့သို့ စတေးပစ်ခြင်း မရှိပေ။ ဤအကြောင်းပြချက်ကြောင့် အားလုံးသည် စိတ်‌အေးသက်သာရာ ရနေကြ၏။

သို့သော် သူပုန်များ ကောင်းကင်တာအိုလက်နက် ၄၉ ခု ဖွဲ့တည်နိုင်သည်အထိ ကောင်းကင်နတ်အရှင်ဟုန်သည် အဘယ်‌ကြောင့် ခွင့်ပြုပေးထားရမှန်း သူတို့နားမလည်ကြချေ။ “ကောင်းကင်နတ်အရှင်က အဲ့ဒီ ကောင်းကင်တာအိုလက်နက် ၄၉ ခုကို သဘောကျလို့ ဖြစ်မယ်…ကောင်းကင်နယ်စားမင်းတောင် အဲ့ဒီလိုလက်နက်မျိုး မဖွဲ့တည်နိုင်ဘူးလို့ ပြောခဲ့တယ်မလား..”

မုန့်ယွင်ကွေ့က ရှန့်ပင်းယင်အား ပြောနေသည်။ “ဒီကောင်းကင်တာအိုလက်နက်သာ ဖွဲ့တည်လာရင် ကောင်းကင်တာအိုလက်နက် ၄၉ ခုက စွမ်းအားအဆုံးအစမဲ့သွားမှာ စိုးရိမ်မိတယ်… ကောင်းကင်နတ်အရှင်ဟုန်က တခြားတွေနဲ့ တိုက်ခိုက်ရတာကို ကြိုက်တာမဟုတ်ဘူး…. သူ အဲ့ဒီတာအိုလက်နက်တွေကို ချိုးဖျက်နိုင်ရဲ့လား..”

ရှန့်ပင်းယင်က ပြောသည်။ “ကောင်းကင်နတ်အရှင်ဟုန်က နားလည်ရခက်တယ်… ငါတို့ နားလည်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး”

တျန်းဖန်နတ်ဘုရားမြို့တွင် တိချင်းသည် အချိန်အတော်ကြာ စောင့်ဆိုင်း‌နေ၏။ သို့သော် ကောင်းကင်နတ်အရှင်ဟုန်က တိုက်ခိုက်မလာသေးပေ။ ဆန့်ကျင်ဘက်အနေဖြင့် ကောင်းကင်နတ်ဘုံစစ်စခန်းက လမ်းကြောင်းတစ်ကြောင်းပင် ဖွင့်ထားသေး၏။ မသိလျှင် မြို့ထဲသို့ ၀င်ခွင့်ပေးနေသည့်အလားပင်။ သူ စိတ်အေးစွာ ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက အသုံးမကျဆုံး ကောင်းကင်နတ်အရှင်ဟုန်က တျန်းဖန်မြို့နဲ့ ဘယ်တိုက်ခိုက်ရဲပါ့မလဲ… ဆိုတော့ ငါတို့ထွက်ပြေးပြီး လူစုခွဲသွားအောင် လမ်းဖွင့်ပေးထားတာပဲ.. ဒါပေမဲ့ ငါက လူစုနေတာ..”

ပို၍များပြားသော စစ်သားများနှင့် သာမန်လူများက ရောက်ရှိလာကြသည်။ ဆယ်ရက်ကျော်ကြာပြီးနောက် ကောင်းကင်နတ်အရှင်ဟုန်က မတိုက်ခိုက်သေးပေ။ သို့သော် ကောင်းကင်တာအိုစစ်သည်တော်များကား နောက်ဆုံးတွင် ဖွဲ့တည်ပြီးဖြစ်သည်။

တျန်းဖန်မြို့တွင် ကောင်းကင်တာအိုစွမ်းအားက ဆက်လက်အားကောင်းဖွံ့ဖြိုးနေ၏။ ကောင်းကင်တာအိုအင်အားသည် ကျယ်ပြန့်လာသောကြောင့် မြို့ထဲရှိ နတ်ဘုရားများ၊ မိစ္ဆာများနှင့် သေမျိုးများကို အဆ‌ရာပေါင်းများစွာ စိတ်ဓာတ်တက်ကြွ၍ ယုံကြည်ချက်ရှိနေစေသည်။

ချင်မူက တျန်းရှု၊ သားသတ်သမားနှင့် ကျန်သူများကို ကြည့်ကာ ပြောသည်။ “ကောင်းကင်နတ်အရှင်ဟုန် လှုပ်ရှားတော့မယ်… ကျွန်တော်တို့ မြို့ထဲမှာ ရောက်နေတာ သူ မသိဘူးဆိုတော့ ဒီတိုက်ပွဲမှာ သူ့လက်တစ်ဖက်ကို ဖြတ်ယူပြီး ကောင်းကင်တာအိုစစ်သည်တော်တွေကို လုသွားကြမယ်..”

“ဒါဆို မြို့ထဲက သေမျိုးတွေကရော” ကျဲ့ဟွလီက မေးသည်။

ချင်မူက တခဏတိတ်ဆိတ်သွားပြီးနောက် ခေါင်းယမ်းလေသည်။ “ငါတို့ အသက်ကို အရင်ကာကွယ်ကြတာပေါ့.. ကျန်တဲ့လူတွေကတော့…”

သူ့မျက်လုံးထောင့်စွန်းများ တွန့်သွား၏။ “နောက်မှ ပြောကြတာပေါ့…”

ဝုန်း….

ရုတ်တရက် ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်သံသည် မြို့အပြင်မှ ထွက်ပေါ်လာပြီး တာအိုသံတို့ ညံသွား၏။ ချင်မူနှင့် ကျန်သူများ အလျင်အမြန် ခေါင်းမော့ကြည့်လိုက်သော်လည်း မျက်ခုံးဖြူ၊ မုတ်ဆိတ်ဖြူဖြင့် မျက်နှာကြီးတစ်ခု မြင့်တက်လာသည်ကိုသာ မြင်လိုက်ရသည်။ ၎င်းက တျန်းဖန်မြို့၏အကောင်းကင်နှင့် မြို့ပတ်ပတ်လည်ရှိ ကြယ်တာရာများအား ဖြည်းဖြည်းချင်း ကာသွားလေသည်။

မျက်နှာကြီးမှာ ကြီးမားလွန်းသဖြင့် မြို့ကို လှည့်ပတ်နေသည့် နေလုံးများ၊ ကြယ်တာရာများမှာ သဲမှုန်စများအလား သေးငယ်နေကြသည်။

၎င်းက ကောင်းကင်နတ်အရှင်ဟုန်၏ မျက်နှာပင်။ သူ့တွင် မျက်ခုံးဖြူနှင့် မုတ်ဆိတ်ဖြူရှိပြီး ကြင်နာသနားတတ်သော မျက်နှာအမူအရာကို ပိုင်ဆိုင်ထားလေသည်။

သို့သော် ဤသို့ ကြင်နာသနားတတ်သည့် ကောင်းကင်နတ်အရှင်ဟုန်က သူ၏လက်ကြီးအား ဆန့်တန်း၍ တျန်းဖန်မြို့ဆီ ရိုက်ချလိုက်တော့သည်။

တိချင်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ရင်း ကောင်းကင်သို့ ပျံတက်သွားသည်။ သူက အော်ဟစ်လိုက်၏။ “ကောင်းကင်နတ်အရှင်ဟုန်၊ အဘိုးကြီးဟုန်… ခင်ဗျား နောက်ဆုံးတော့ လှုပ်ရှားလာပြီပေါ့… ‌ကောင်းကင်တာအိုရဲ့ တာအိုစွမ်းအား ဘယ်လောက် ကြောက်စရာကောင်းလဲ ခင်ဗျား တွေ့ရမယ့်အချိန်ပဲ…. ကလေးတို့၊ ကောင်းကင်လက်နက်တွေကို အသက်သွင်းလိုက်ကြ”

တျန်းဖန်မြို့အထက်ရှိ ကောင်းကင်လက်နက် တစ်ခုပြီးတစ်ခု အသက်၀င်လာကြသည်။ ကောင်းကင်တာအို၏ စွမ်းအားက အဆုံးအစွန်အထိ တိုးမြှင့်ခံလိုက်ရပြီး ကောင်းကင်နတ်အရှင်ဟုန်၏ မျက်နှာဆီသို့ ရိုက်ခတ်သွား၏။

ကောင်းကင်နတ်အရှင်ဟုန်က ပြုံးလိုက်သည် သူ့အပြုံးက နွေဦးလေပြေအလားပင်။ ကျယ်လောင်ပြတ်သားသော တာအိုသံက သူ၏ဦးခေါင်းနောက်တွင် ထွက်ပေါ်လာ၏။

တာအိုအသံတစ်သောင်းက သူ့ပတ်ပတ်လည်တွင် လှည့်ပတ်နေကြသည့်အလားပင်။

ဧရာမရောင်ခြည်တော်ကြီးတစ်ခုလည်း သူ့အနောက်၌ တောက်ပလာ၏။ ရောင်ခြည်‌တော်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလျက် မဟာကောင်းကင်ဘုံကြီးတစ်ခုကို ဖန်တီးလိုက်ပြီး အလင်းတန်းများက မိုင်သန်းပေါင်းများစွာ ရှည်လျားနေသည်။

‌သူ့ထံ ပြေးဝင်လာနေသော ကောင်းကင်တာအိုစစ်သည်တော်များ သူ့မျက်နှာသို့ မရောက်ခင်မှာပင် သူတို့စွမ်းအားသည် ကောင်းကင်နတ်ဘုံစွမ်းအား၏ ဖယ်ရှားခြင်း ခံလိုက်ရတော့သည်။

ဝုန်း….

ဂြိုဟ်တစ်ခု ပေါက်ကွဲသွားပြီး ဂြိုဟ်ပေါ်ရှိ မရေမတွက်နိုင်သော ရွှမ်တုသတ္တဝါများမှ အော်ဟစ်လျက် ပြေးလွှားကုန်ကြသည်။ သို့သော် နောက်တခဏတွင် ဂြိုဟ်နှင့်အတူ ပြာကျသွားလေသည်။

ဝုန်း… ဝုန်း…ဝုန်း

တျန်းဖန်မြို့ ပတ်ပတ်လည်ရှိ ဂြိုဟ်များမှာ ကောင်းကင်နတ်အရှင်ဟုန်၏ လက်ကြီးအရှေ့တွင် ချေမှုန်းဖျက်ဆီးခံနေကြရသည်။ ကောင်းကင်နတ်အရှင်ဟုန်၏ လက်ဖဝါး ကျရောက်မလာခင် နေမှာ ငြိမ်းသတ်ခံလိုက်ရပြီး လမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွား၏။ တျန်းဖန်မြို့ရှိ မြေပြင်နှင့် တောင်တန်းများ လှုပ်ခါသွားပြီး မဖောက်ထွင်းနိုင်သော မြို့နံရံများမှာ တစ်ခုပြီးတစ်ခု အဆက်မပြတ် ပြိုကျ၍ အဆောက်အဦးအားလုံး ပြာကျသွားတော့သည်။

All Chapters