လက်ကောက်ဝတ်ကို ဖြတ်သော ဓားမ
Vol. 110 Ch. 1443
တိချင်း၏ မျက်နှာထက်တွင် အကြောက်တရားများသာ ကြီးစိုးနေတော့သည်။ သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ တျန်းဖန်မြို့၏ တာအိုစစ်သည်တော်များအပေါ် ဖိချနေသော လက်မကြီးကိုသာ မြင်လိုက်ရ၏။
တျန်းဖန်မြို့တွင် နေစောင့်ရှောက်သူဖြစ်စေ၊ လစောင့်ရှောက်သူဖြစ်စေ၊ မိန်းမဖြစ်စေ၊ ကလေးဖြစ်စေ မော့ကြည့်လိုက်ပါက ကောင်းကင်ကို ဖုံးအုပ်နေသော လက်ဖဝါးကြီးအား ငေးကြောင်စွာ ကြည့်နေရလိမ့်မည်။
လက်ဖဝါးကြီးမှာ သူတို့နှင့် တဖြည်းဖြည်း နီးကပ်လာနေပြီး တစ်ကမ္ဘာလုံး အဆုံးသတ်သွားတော့မည့်အလား ခံစားရစေသည်။ ၎င်းက တျန်းဖန်မြို့၏ မြေပြင်နှင့် အိမ်များကို အဆက်မပြတ် အက်ကွဲနေစေသောကြောင့် အသက်များကိုလည်း ဖွတ်ဖွတ်ညက်ညက် ကြေနေစေတော့သည်။
ဤသို့ မပျက်စီးနိုင်သည့် မြို့ကြီးမှာ ဤသို့ စွမ်းအားမျိုးအောက်တွင် ဖန်သားအလား တစ်စစီ အက်ကွဲနေတော့သည်။
ဤစွမ်းအားကြီးသည် အလွန်တရာ သန်မာအားကောင်းလှ၏။ ပြင်းထန်လှသောကြောင့် လူတိုင်းကို မဟာတာအိုက ပြိုင်ဘက်ကင်းသည်ဟူသော ခံစားချက်များ ပေးစွမ်းနေသော်လည်း နွေဦးလေပြေနှင့် ရှေ့ပြေးမိုးပမာလည်း နူးညံ့နေသည်။ ၎င်းက ကောင်းကင်လက်နက်တစ်ခုချင်းစီ၏ အားနည်းချက်ကို အတိအကျ ဖမ်းဆုပ်၍ တစ်ခုပြီးတစ်ခု ဖိနှိပ်နေ၏။
ကောင်းကင်နတ်ဘုံသည် မည်သည့်အချိန်ကတည်းက ကောင်းကင်တာအိုကို ဤသို့ နားလည်ခဲ့ပါသနည်း။
ကောင်းကင်နတ်ဘုံတွင် ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ကို အသေးစိတ် ရေးဆွဲမှတ်သားထားသော ပုံကြမ်းမရှိသည့်အပြင် ကောင်းကင်တာအိုကိုလည်း သင်္ချာသင်္ကေတများအဖြစ် ပြီးပြည့်စုံစွာ မပြောင်းလဲနိုင်ခဲ့ပေ။
တိချင်းမှာ ကြောက်လန့်တုန်လှုပ်နေမိသည်။ ဤ ကောင်းကင်နတ်အရှင်ဆိုသူက မည်သူနည်း။
ကောင်းကင်နတ်အရှင်ဟုန်၏ မှော်စွမ်းအင်က တစ်လောကလုံးတွင် အသိပ်သည်းဆုံးဖြစ်လျှင်တောင်မှ သူသည် ကောင်းကင်တာအိုစစ်တပ်များ၏ အားနည်းချက်ကို အတိအကျ မဖမ်းဆုပ်နိုင်သည့်အပြင် ကောင်းကင်တာအို ၄၉ ခု များကို အလွယ်တကူ တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ချေ။
“တိချင်း၊ သူတို့ကို ခေါ်သွား…”
တစ်စုံတစ်ယောက်က သူ့အား အော်ဟစ်၏။ “ရွှမ်တုရဲ့ အမြစ်တွေကို ကာကွယ်ပြီး အဝေးကို လွှတ်လိုက်ပါတော့..”
တိချင်းမှာ ထိုသူအား ငေးကြောင်စွာ လှည့်ကြည့်လာသည်။ တျန်းဖန်မြို့သူ၊ မြို့သားများကို ကာကွယ်နေကြသည့် နေစောင့်ရှောက်သူ နှစ်ရာ၊ သုံးရာခန့်ကို တွေ့လိုက်ကြရပြီး သူတို့သည် ကောင်းကင်မှ ကျဆင်းလာနေသော ဖိအားများကို ခုခံနေကြသည်။
“အဲ့ဒီမှာ ဘာရပ်လုပ်နေတာလဲ...”
နေစောင့်ရှောက်သူများမှာ သွေးအန်သည်အထိ ဖိချခံနေရ၏။ သူတို့က အော်ဟစ်လိုက်သည်။ “ထွက်သွားခိုင်းတော့..”
တျန်းဖန်မြို့သူ၊ မြို့သားများက ကြောက်လန့်တုန်လှုပ်နေကြသဖြင့် ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေကြ၏။ သူတို့က သူ့အား မျှော်လင့်ချက်ကြီးစွာဖြင့် ကြောက်ရွံ့စွာ ကြည့်နေကြသည်။ တိချင်းက ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားလုံးမှ ထွက်မလာချေ။
ထွက်သွားရမည်တဲ့လော….
ဘယ်နေရာကိုလဲ…
ကောင်းကင်နတ်အရှင်ဟုန် တိုက်ခိုက်နေသည့်အကြားမှ ထွက်ပြေးလွတ်မြောက်နိုင်ပါမည်လော။
ဝုန်း….
နေစောင့်ရှောက်သူတစ်ယောက်၏ မူလဝိညာဉ် ပေါက်ကွဲသွားသည်။ မီးတောက်များက သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းသွားပြီး မကြာခင် ပြာကျသွား၏။ နောက်ထပ် နေစောင့်ရှောက်သူများမှာလည်း သွေးများအန်လျက် မူလဝိညာဉ်များ လောင်ကျွမ်းနေသည့်တိုင် ဖိအားကို ဆက်လက် ခုခံနေကြသေးသည်။
တိချင်းမှာ နောက်ဆုံးတော့ အသိစိတ်ပြန်၀င်လာသည်။ သူက ကောင်းကင်ပေါ်မှ ဆင်းသက်လာ၍ ခံနိုင်ရည်မရှိတော့သော နေစောင့်ရှောက်သူများဆီ သွား၏။
“ဘေးအန္တရာယ်ချီကို ခံစားမိလား...”
တိချင်း အလျင်အမြန် ပြေးနေစဉ် တျန်းရှုနှင့် မျက်နှာဖုံး၀တ်လူလေးယောက်က သူ့ဘေးမှ ဖြတ်သွားကြောင်း တွေ့လိုက်ရသည်။ သူတို့ငါးယောက်က သူ့ကို လျစ်လျူရှု၍ ထူးဆန်းသော ခြေသိုင်းကွက်ကို သုံးကာ ဆင်းသက်လာနေသည့် လက်ကြီးဆီ ဦးတည်သွားနေသည်။
သူတို့ကို ဦးဆောင်လာသူမှာ မင်တုကောင်းကင်နတ်မင်းတျန်းရှု မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် တိချင်းကို ဆန့်ကျင်ခဲ့သာ လူငယ်က ဦးဆောင်နေလေသည်။ ဆန်းပြားသော နယ်ပယ်တစ်ခုက ထိုလူငယ်၏ ပတ်ပတ်လည်တွင် ဖွဲ့တည်နေပြီးဖြစ်၏။ ကျယ်ပြန့်သော ဘိုးဘေးနန်းတော်က ပေါက်ကွဲလာပြီး ဝင်ရိုးစွန်းလေးခု ထွက်ပေါ်လာသည်။ ကောင်းကင်နန်းတော် အလွှာလိုက်က ကောင်းကင်နတ်ဘုံအား ဖွဲ့တည်ထားသည်။
တိချင်း သူတို့အား ဖြတ်သွားသည့်အခါတွင် ဘိုးဘေးနန်းတော်မှ ခမ်းနားကြီးကျယ်သော တောင်တန်းများနှင့် မြစ်များ ထွက်ပေါ်လာကြောင်း တွေ့လိုက်ရသည်။ ရွှမ်တုက မြင့်တက်သွားပြီး ယိုတုက နိမ့်ဆင်းသွားသည်။ ကမ္ဘာဦးဘုံရှိ ကမ္ဘာဦးသစ်ပင်က ထူမတ်လာကာ စကြ၀ဠာထဲရှိ ကမ္ဘာအားလုံးကို မြှောက်တင်ပေးထား၏။ ၎င်းက အလွန်တရာ မျက်စိကျစဖွယ်ပင်။
စကားပြောခဲ့သူမှာလည်း ထိုလူငယ်သာ ဖြစ်သည်။ ကောင်းကင်နတ်အရှင်ဟုန်လှုပ်ရှားခဲ့သောကြောင့် ရွှမ်တုရှိ မရေမတွက်နိုင်သောသတ္တဝါများ သေကြေပျက်စီးနေချေပြီ။ ထိုသူများ သေဆုံးချိန်တွင် ထွက်ပေါ်လာနေသည့် အသတ်အဖြတ်အရှိန်အဝါတို့က အလွန်တရာ ပြင်းထန်လှသည်။
တျန်းဖန်မြို့ပတ်ပတ်လည်ရှိ ဂြိုဟ်များမှာလည်း ဖျက်ဆီးခံနေရသည်။ ဂြိုဟ်များပေါ်တွင် သေဆုံးသွားကြသူများ၏ မုန်းတီးမှုများက ရွှမ်တု၏ ကောင်းကင်တာအိုနှင့် ပေါင်းစည်းသွားသည့်အခါ ကောင်းကင်တာအို ၄၉ ထဲ၌ မပါဝင်သော ကောင်းကင်တာအိုတစ်ခုအား ပေါ်လွင်လာစေသည်။
ကောင်းကင်မိစ္ဆာ
တိချင်းက မျက်နှာအုပ်ထားသော လူငယ်ဆီ လှည့်ကြည့်လိုက်သည်။ ထိုလူငယ်သည် တည်ငြိမ်အေးဆေးနေသေးသည့်အပြင် တျန်းရှုအပြင် အခြားသူများနှင့်အတူ ထူးဆန်းသော ၀င်္ကပါတစ်ခုအား ဖော်ဆောင်နေကြောင်း တွေ့လိုက်ရ၏။ “ကောင်းကင်မိစ္ဆာကလည်း ကောင်းကင်တာအိုတစ်မျိုးပဲ … ၅၀ ခုမြောက် ကောင်းကင်တာအိုပေါ့ … မိစ္ဆာကို ဓားမသွားအဖြစ် ဖော်ဆောင်ပြီး တျန်းဖန်မြို့က အသတ်အဖြတ်အရှိန်အဝါတွေကို စုပ်ယူလိုက်… အဲဒါဆို ဓားမလမ်းစဉ်ကို ၃၁ ခုမြောက် ကောင်းကင်ဘုံအဆင့်အထိ အစွမ်းထက်လာအောင် လုပ်ပေးနိုင်ပြီ… ဒါ့အပြင် ၃၂ ခုမြောက် ကောင်းကင်ဘုံ ဒါမှမဟုတ် ၃၃ ခုမြောက် ကောင်းကင်ဘုံအထိတောင် မြှင့်တင်နိုင်သေးတယ်”
တိချင်းသည် မိစ္ဆာစွမ်းအင်များ ထွက်ပေါ်လာနေသည်ကို တွေ့လိုက်ရသည်။ ကောင်းကင်နတ်အရှင်ဟုန်၏ ဧရာမလက်ကြီးအောက်တွင် မိစ္ဆာစွမ်းအင်တို့က သွေးနဂါးတစ်ကောင်ကဲ့သို့ လူငါးယောက်၏ ခန္ဓာကိုယ်ထဲသို့ တရစပ် ပြေး၀င်နေကြလေသည်။
“ကောင်းကင်နတ်အရှင်ဟုန်ရဲ့ ဧရာမလက်ကြီးနဲ့ ကွယ်နေတဲ့ အခုအချိန်က သူ့အမြင်အာရုံကနေ ကွယ်ထားဖို့ အချိန်ကောင်းပဲ”
မျက်နှာဖုံးဖြင့် လူငယ်က ပြောသည်။ “ကျွန်တော်တို့မှာ အခွင့်အရေးက တစ်ခုပဲ ရှိတယ်… ခင်ဗျားတို့ ခွန်ထားထုတ်ပြဖို့ လိုတယ်… ကျွန်တော်က ဓားမကို ထုတ်မယ်… ဓားမတစ်လက်နဲ့ လက်ကို ဖြတ်နိုင်ရင် ကောင်းကင်နတ်ဘုံရဲ့ တာအိုလက်နက်တွေကို ယူနိုင်မယ်… တခြားတာအိုလက်နက်တွေကတော့ ကျွန်တော်တို့ ယူနိုင်ရင် ယူမယ်… မယူနိုင်ရင်တော့ ထွက်ပြေးကြမယ်… ဒီနေရာမှာ နေလို့မရဘူး”
တိချင်းသည် သူတို့နှင့် ဆုံဖူး၏။ သူ့မှာ ကြောင်အအ ဖြစ်နေတော့သည်။ “အဲ့လူငယ်က ဘယ်သူလဲ”
သူ့မှာ တွေးနေရန် အချိန်မရှိပေ။ နေစောင့်ရှောက်သူများဆီသို့ ရောက်သည်နှင့် မှော်စွမ်းအင်တို့ကို ထုတ်ကာ တျန်းဖန်မြို့သူ၊ မြို့သားများကို ကာကွယ်လိုက်သည်။ သူက ခွန်အားအလုံးစုံကို ထုတ်သုံးနေ၏။
တျန်းဖန်မြို့မှာ ပြိုလဲသွားလေပြီ။ နတ်ဘုရားမြို့၏ မြေထုကြီးတစ်ခုက သူ့မှော်စွမ်းအင်ကြောင့် မြို့ထံမှ ကွဲထွက်၍ အောက်သို့ အလျင်အမြန် ကျဆင်းသွားတော့သည်။
“ကောင်းကင်နတ်အရှင်ဟုန်က ကောင်းကင်နတ်ဘုံစစ်တပ်မှာ လမ်းကြောင်းတစ်ကြောင်း ဖွင့်ထားတယ်… ငါတို့ထွက်ပြေးရမယ့် အခွင့်အရေးပဲ..”
တိချင်းက အလောတကြီး ပြောလိုက်သည်။ “ရွှမ်တုကနေ ထွက်ပြီး ယွမ်တုဆီ သွားစို့”
ထိုအခိုက်အတန့်တွင် ကမ္ဘာမြေကို တုန်ခါအက်ကွဲသွားစေနိုင်သော ဓားမတစ်ချက် ထွက်ပေါ်လာသည်။ တိချင်း ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ငေးကြောင်မှင်သက်သွားတော့သည်။ ကောင်းကင်ထက်တွင် လူသေးသေးလေးငါးယောက်ကား ကျိန်းစပ်တောက်ပနေသော အလင်းရောင်အား ထုတ်လွှတ်နေလေ၏။
ယင်းက ဓားမရောင်ပင်။ နေရာဟင်းလင်းပြင်၏ အတွင်းပိုင်းထဲမှ ထွက်ပေါ်လာသော ဓားမရောင်သည် အလွန်တရာတောက်ပလင်းလက်နေ၏။ ၎င်းက ရွှမ်တု၏ ကောင်းကင်တာအိုနှင့် ပဲ့တင်ရိုက်ခတ်ပြီးနောက် ကောင်းကင်နှင့်မြေပြင်တစ်လျှောက် ခုတ်ဖြတ်ကာ ကောင်းကင်နတ်အရှင်ဟုန်၏ လက်ဆီသို့ ပြေးဝင်သွားတော့သည်။
တိချင်း၏ မျက်လုံးထဲတွင် ဓားမရောင်သည် အဆုံးမဲ့သော မျဉ်းကြောင်းတစ်ကြောင်းသကဲ့သို့ ဖြစ်နေပြီး အနက်ရောင်အစင်းကြောင်းက သူ့မျက်လုံး၌ အရိပ်ထင်ဟပ်နေသည်။ ထို့နောက် ဓားမရောင်က ရွှမ်တု၏ နေရာဟင်းလင်းပြင်၌ ဒဏ်ရာတစ်ချက် ထားရစ်ခဲ့ကာ ဟင်းလင်းပြင်တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားသောကြောင့် သူ မမြင်ရတော့သည်။
ဓားမရောင်သည် ဝီခနဲ တုန်ခါလျက် ကောင်းကင်နတ်အရှင်ဟုန်၏ လက်ကောက်ဝတ်ဆီ လှီးဖြတ်လိုက်၏။
တိချင်းမှာ မျက်လုံးများကို ပွတ်လိုက်သော်လည်း ဓားမရောင်ကို မမြင်ရသေးပေ။ သို့သော် ကောင်းကင်နတ်အရှင်ဟုန်၏ လက်ဝါးကြီး လက်ကောက်ဝတ်မှ ပြတ်ထွက်သွားသည်ကို မြင်လိုက်ရသည်။ ကောင်းကင်၏ တစ်ဝက်အား ကာဆီးထားသော ကောင်းကင်နတ်အရှင်ဟုန်၏ မျက်နှာထက်တွင် အံ့ဩဒေါသထွက်နေသော အမူအရာ ရှိနေ၏။
မြေထုက ကောင်းကင်နတ်ဘုံစစ်တပ်၏ တစ်ခုတည်းသော ကြားဆီ ပျံသန်းသွားသည်။ ကောင်းကင်နတ်ဘုံ၏ စစ်သည်တော်များက အလျင်အမြန် ရွေ့လျားပြီး ‘ကြား’ အား စေ့နေကြသည်။ ထောင်သောင်းချီသော နတ်ဘုရားမိစ္ဆာများကား ပျက်စီးနေသောမြေထုဆီ ဝိုင်းအုံလာကြချေပြီ။
မြေထုအပေါ်တွင် တျန်းဖန်မြို့ပျက်မှာ ပြိုလဲနေဆဲပင်။
တိချင်း ကပျာကယာ နောက်လှည့်ကြည့်လိုက်သည်။ သူ၏လျင်သော မျက်လုံးများမှတစ်ဆင့် လူငါးယောက်သည် ကောင်းကင်နတ်အရှင်ဟုန်၏ လက်ကို ဖြတ်တောက်နိုင်လိုက်သော်လည်း လွင့်ထွက်ပြိုကွဲကုန်ကြကြောင်း တွေ့လိုက်ရ၏။ သူတို့၏ခန္ဓာကိုယ်များက ပေါက်ကွဲကာ သွေးမြူများ ဖြစ်ကုန်သည်။
သို့သော် လူငါးယောက်ကား တဖြည်းဖြည်း မူလအခြေအနေသို့ ပြန်ရောက်လာကာ ပြုတ်ကျနေသည့် ကောင်းကင်နတ်အရှင်ဟုန်၏ လက်ကြီးအောက်မှ ထွက်ပြေးသွားကြသည်။ ကောင်းကင်နတ်အရှင်ဟုန်၏ လက်ကြီးက ပြုတ်ကျနေဆဲဖြစ်ပြီး အောက်တွင်ကား တျန်းဖန်နတ်ဘုရားမြို့ပင်။
သူတို့၏ပစ်မှတ်က လက်ဝါးအောက်၌ ဖိခံထားရသော ကောင်းကင်တာအိုလက်နက်များ ဖြစ်သည်။ သို့သော် ကောင်းကင်နတ်အရှင်ဟုန်၏ လက်ဝါး၌ ကြီးမားသောဖိအား ပါဝင်နေသေးလေသည်။ ၎င်းက ကောင်းကင်တာအိုလက်နက်အပေါ် ပိကျကာ ပြိုလဲနေသည့် တျန်းဖန်မြို့ဆီ ဖိချလိုက်သည်။ မကြာမီ မြို့ကား ၎င်းတို့နှင့်အတူ ပျက်စီးပေတော့မည်။
“ဂိုဏ်းသခင်”
ကျဲ့ဟွလီက နီးသထက် နီးလာသော မြေပြင်ဆီ ကြည့်ကာ အလေးအနက် လှမ်းအော်သည်။ “ငါတို့ ထွက်မသွားရင် နောက်ကျသွားလိမ့်မယ်”
ချင်မူက သူတို့ကို ဦးဆောင်လျက် ကောင်းကင်နတ်အရှင်ဟုန်၏ လက်ဝါးအနီးသို့ ပျံသန်းနေသည်။ ထိုစဉ် သူ၏ကောင်းကင်ရတနာနယ်ပယ်က ပြောင်းပြန်ဖြစ်သွားသောကြောင့် ငါးယောက်စလုံး နေရာမူမမှန်ဖြစ်သွားသလို ခံစားလိုက်ရသည်။ သတိဝင်လာသည့်အခါ သူတို့မှာ ကောင်းကင်နတ်အရှင်ဟုန်၏ လက္ခဏာများအပေါ် နင်းပြေးနေကြကြောင်း သိလိုက်ရလေသည်။
သူတို့အရှေ့တွင် အံ့အားသင့်ဖွယ် ကောင်းကင်အင်အားတို့ဖြင့် ပြည့်နေသည့် ကောင်းကင်တာအိုလက်နက်များ ရှိနေသည်။
သားသတ်သမား၊ လော့ဝူရွှမ်၊ တျန်းရှုနှင့် ချင်မူတို့က လက်များဆန့်တန်းကာ ကောင်းကင်တာအိုလက်နက်များဆီ ဖမ်းဆုပ်လိုက်သည်။ ကျဲ့ဟွလီလည်း အံတင်းတင်းကြိတ်၍ တျန်းဖန်မြို့နှင့် ထိတော့မည့်အချက်အား လျစ်လျူရှုကာ ကောင်းကင်တာအိုလက်နက်တစ်ခုအား လှမ်းဆွဲလိုက်တော့၏။
ဘုန်း
ကောင်းကင်နတ်အရှင်ဟုန်၏ လက်ဝါးကြီးက တျန်းဖန်မြို့နှင့် ထပ်သွားပြီး မြို့တစ်မြို့လုံး တမုဟုတ်ချင်း ပြာကျသွားတော့သည်။ နောက်ဆက်တွဲအနေဖြင့် ဖုန်လုံးများက ပရမ်းပတာ ရိုက်ခတ်လာသောကြောင့် မရေမတွက်နိုင်သော နတ်ဘုရားများနှင့် သာမန်ပြည်သူများ တခဏချင်း အငွေ့ပျံကုန်သည်။ သူတို့၏ ရုပ်ခန္ဓာများနှင့် ဝိညာဉ်တို့သည်လည်း အစမကျန် ပျောက်သွားတော့သည်။