← Chapters

ငါ့သေတွင်းငါတူးတာပဲ

Vol. 110 Ch. 1444

ငါ့သေတွင်းငါတူးတာပဲ

Vol. 110 Ch. 1444

ကောင်းကင်နတ်အရှင်ဟုန်၏ လက်ဖဝါး တျန်းဖန်မြို့ကို လွှမ်းမိုးသွားသည့်အချိန်တွင် မြို့နှင့်လက်ဖဝါးနှစ်ခုအကြားမှ မျက်စိကျိန်းမတတ် တောက်ပနေသော အလင်းရောင် ထွက်ပေါ်လာပြီးနောက် အစအနပင်မကျန်ဘဲ ပျောက်ကွယ်သွားတော့၏။

တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ဟုန်၏ မျက်နှာကြီးပေါ်ရှိ ကြင်နာတတ်သော အပြုံးက အံ့ဩမှုနှင့် ‌ဒေါသအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏ပုံပန်းသွင်ပြင်က ကြီးမားလွန်းသဖြင့် မျက်နှာအမူအရာပြောင်းလဲမှုမှာ အလွန်တရာ နှေးကွေးနေသယောင် ထင်ရသည်။ သို့သော် အံ့သြမှုနှင့် ဒေါသတို့က‌ ပျောက်ကွယ်သွားသည့်အခါ အေးစက်မှုတို့သာ ကျန်ရစ်ခဲ့သည်။

သွေးတို့က ပြတ်တောက်နေသော လက်ဆီမှ တရစပ် ပန်းထွက်နေ၏။ အသားစိုင်တို့ကလည်း အဆက်အပြတ် ပြတ်ကျနေကြသည်။ သွေးကြောမျှင်တို့က ရေနဂါးများအလား ရှည်ထွက်လာကာ သူ့လက်ပေါ်ရှိ အရိုးတို့ကား တောင်တန်းများအလား ကြီးထွားနေကြ၏။

ဤအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ဟုန်၏ မျက်နှာက ထပ်မံမျက်မှောင်ကြုတ်လိုက်သည်။

သူ့မှာ တစ်စုံတစ်ခု ထူးဆန်းနေသလို ခံစားလိုက်ရ၏။ သူက ဖန်ဆင်းလမ်းစဉ် အသုံးပြု၍ သူ့ခန္ဓာကိုယ်ရှိ အပျက်အစီးများကို ပြုပြင်နေသည်။ ဖန်ဆင်းလမ်းစဉ်က သူ့မှော်စွမ်းအင်ကို သုံးစွဲနေ၏။ ချက်ကျလက်ကျပြောရပါက သူ့သိုင်းအဆင့်ကြောင့် ကုန်ခမ်းသွားသော မှော်စွမ်းအင်ကား မကြာမီ ပြန်လည်ပြည့်တင်းလာပေလိမ့်မည်။

သို့သော် သူ့မှော်စွမ်းအား နည်းနည်းလေးမှ ပြည့်တင်းလာသလို ခံစားမနေရပေ။

သူ့ခန္ဓာကိုယ်ပေါ်၌ မမြင်ရနိုင်‌သော သော့ခလောက်တစ်ခု ရှိနေသည့်အလားပင်။ ၎င်းက အလွန်တရာ ရှုပ်ထွေးသော သံကြိုးဖြစ်ပြီး သူ့မှော်စွမ်းအင်ကို တစ်လွှာပြီးတစ်လွှာ ချုပ်နှောင်ထားကာ သူ့သိုင်းအဆင့် ပြန်လည်ပြည့်တင်းလာမည်ကို ဟန့်တားနေသယောင် ထင်ရသည်။

သူ ထိုသို့တွေးနေစဉ် သူ့နှလုံးသားထဲတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရ၏။ ကောင်းကင်နတ်အရှင်ဟုန်မှာ အဆုံးအစမဲ့သော ရေတွင်းကြီးတစ်တွင်းထဲသို့ ပြုတ်ကျနေပြီး ရေတွင်းအပေါ် ကောင်းကင်သို့ မော့ကြည့်နေရသလို ခံစားနေရသဖြင့် ငေးကြောင်းသွားတော့သည်။

ဤခံစားချက်မှာ ကောင်းကင်မဟာမိတ်အစည်းအဝေး မစတင်ခင်တုန်းက ချင်မူနှင့် နဂါးသွဲ့ရေကန်တွင် တိုက်ခိုက်ခဲ့ရစဉ် ရခဲ့သည့် ခံစားချက်နှင့် တူသည်။

သို့သော် ဤထူးဆန်းသည့် ခံစားချက်က အလျင်အမြန်ပင် ပျောက်ကွယ်သွားသည်။ သူ သုံးစွဲခဲ့သည့် မှော်စွမ်းအင်မှာ ပင်လယ်ထဲရှိ ရေတစ်စက်ပမာ အသုံးမ၀င်လှချေ။

သူ့လက်ဖဝါးက လျင်မြန်စွာ ဖွဲ့တည်လာကာ လက်ဖဝါးဆုပ်လိုက်သည်။ သူ့အောက်ရှိ လက်ပြတ်ကြီးမှ ‌ပေါက်ကွဲသွားပြီးပြီး ကောင်းကင်တာအိုလက်နက်များက တစ်ခုပြီးတစ်ခု ပျံထွက်ကာ သူ၏လက်ဖဝါးအသစ်ပေါ်သို့ ပြန်ရောက်လာကြ၏။

“ကောင်းကင်တာအိုလက်နက်ငါးခု ပျောက်နေတယ် … အရေးအကြီးဆုံး ကောင်းကင်လက်နက်တွေ ခိုးခံလိုက်ရပြီ”

ကောင်းကင်နတ်အရှင်ဟုန်သည် တျန်းဖန်မြို့အား ငုံ့ကြည့်နေ၏။ သူက ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်လိုက်ရာ တျန်းဖန်မြို့၏ ကုန်းမြေအစိတ်အပိုင်းတစ်ခုသည် တိချင်း၏ ကာကွယ်ပေးမှုဖြင့် ကောင်းကင်နတ်ဘုံစစ်တပ် ဝိုင်းထားသည့်ကြားမှ လွတ်မြောက်သွားသည်ကို တွေ့လိုက်ရလေသည်။

ကုန်းမြေတိုက်အဆုံးတွင် အလင်းတန်းများ ထွက်ပေါ်လာသည်။ မျက်နှာဖုံး၀တ် လူငါးယောက်က အလင်းတန်းများကြားမှ မိုင်‌တစ်ဒါဇင်ခန့် ပြေး၀င်ပြီးနောက် ရပ်တန့်သွား၏။

သူတို့ခန္ဓာကိုယ်များ ပေါက်ကွဲသွားပြီး သွေးတို့က ပြန်လည်စီးဆင်းလာသည်။ သူတို့မှာ ထူးဆန်းသော စွမ်းအားတစ်ခုဖြင့် ထိန်းချုပ်ခံလိုက်ရရာ ထိခိုက်သွားခြင်း မရှိပေ။

“ကောင်းကင်နတ်အရှင်မူ၊ မင်းက ကံကောင်းတယ်ဆိုတာနဲ့ အန္တရာယ်များတယ်ဆိုတာကို နားမလည်သေးဘူးပဲ…. မင်း ငါ့လက်တစ်ဖက်ကို ဖြတ်သွားပြီး ငါ့တာအိုလက်နက်တွေကို ခိုးခဲ့တယ်… ငါတို့နှစ်ယောက်ကြား ညှိနှိုင်းလို့ မရတော့တဲ့ပုံပဲ…”.

ကောင်းကင်နတ်အရှင်ဟုန်၏ခန္ဓာကိုယ်က အလျင်အမြန် ကျုံ့ဝင်သွားပြီး ပုံမှန်အရပ်သို့ ပြန်လည်ရောက်ရှိသွားသည်။ သူသည် အင်္ကျီလက်အိုးကျယ်သော ၀တ်ရုံကို ၀တ်ဆင်ထားပြီး တင့်တယ်ခံ့ညားကာ လွတ်လပ်ပေါ့ပါးသောအသွင် ရှိနေ၏။ သေမျိုးကမ္ဘာမှ ဆင်းသက်လာသော ကမ္ဘာခြားသိုင်းပညာရှင်တစ်ဦးအလားပင်။ သူက မြေထုအပေါ်တွင် လွင့်မျောနေလျက် ရေရွတ်လုက်သည်။ “မင်း ဒီလိုဖြစ်ရတာ မင်းကိုယ်တိုင်ကြောင့်ပဲ…. မင်း အသက်ရှင်လို့ မဖြစ်ဘူး..”

“ကောင်းကင်နတ်ဘုံစစ်တပ် ရွှမ်တုတျန်းဖန်မြို့ရဲ့ လက်ကျန်မြို့သားတွေကို သတ်ပစ်… တစ်ယောက်ကိုမှ လွှတ်မပေးနဲ့..”

သူ့အသံက ကောင်းကင်နတ်ဘုံရှိ နတ်စစ်သူကြီးများ၏ နားထဲသို့ ၀င်ရောက်သွားသည်။ အသံက အလွန်တရာ လေးလံနေသော်လည်း အေးဆေးနေသည်။ “ဒါက မင်းတို့အနေနဲ့ အကျိုးဆောင်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ…. ရွှမ်တုရဲ့ ကြွယ်၀မှုတွေကို ဆွဲချပြီး ကျွန်တွေကို ဖမ်းယူနိုင်မယ့် အခွင့်အရေးပဲ…”

မရေမတွက်နိုင်သော အလံများက တလွှင့်လွှင့် လွင့်ထူနေကြပြီး သင်္ဘောတစ်စင်းပြီး တစ်စင်းသည် ရွက်လွှင့်လာကြ၏။ မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများက သင်္ဘောများပေါ်မှ ပျံတက်လာကြကာ ‌ကောင်းကင်နတ်အရှင်ဟုန်၏ လက်ဖဝါးစွမ်းအောက်တွင် ပိတ်မိနေသော ရွှမ်တုနတ်ဘုရားမိစ္ဆာများဆီသို့ ပျံသန်းသွားကြချေပြီ။

ကောင်းကင်နတ်အရှင်ဟုန်၏ လက်ဖဝါးကြောင့် ‌ပိကြေမသွားကြသော အခြားဂြိုဟ်များလည်း ရှိကြသည်။ ဂြိုဟ်များမှာ ယိမ်းယိုင်နေကြပြီး ရွှမ်တုပြည်သူများမှာ ၎င်းတို့အပေါ်တွင် ရှိနေကြသေး၏။ ‌ကျန်ရှိ‌သော နေစောင့်‌ရှောက်သူနှင့် လစောင့်ရှောက်သူအချို့က သူတို့၏မှော်စွမ်းအင်တို့အား အသက်သွင်းလျက် ထိုသူများနှင့် ထွက်ပြေးနိုင်ရန် ကြိုးစားလိုက်ကြသည်။

ကောင်းကင်နတ်အရှင်ဟုန်၏ ခြေလှမ်းများက နှေးကွေးပုံပေါ်သော်လည်း အလွန်တရာ မြန်ဆန်ပြီး မြေထုနှင့် ပိုပို၍ နီးကပ်လာ၏။

ကုန်းမြေထုအပေါ်တွင် ချင်မူ၊ သားသတ်သမားနှင့် ကျန်သူများမှာ ယိမ်းယိုင်နေကြသော်လည်း သူတို့ခြေလှမ်းများက အဆက်မပြတ် ရွေ့လျားနေကြသည်။

ခလွမ်း… ခလွမ်း… ခလွမ်း…။

‌‌ကောင်းကင်တာအိုငါးခု ‌ကောင်းကင်တာအိုလက်နက်များဖြင့် မြေပြင်တွင် ထိုးစိုက်လိုက်သည့်အခါ သူတို့၏ခန္ဓာကိုယ်များမှာ တည်ငြိမ်သွားကြလေသည်။

သူတို့ငါး‌ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကြောက်စိတ်မပြေသေးပေ။

“ငါ့မှာ ကောင်းကင်တာအိုလက်နက် ကောင်းကင်ချိတ်တံဆိပ် ရှိသေးတယ်ဟ…” ကျဲ့ဟွလီမှာ အံ့ဩနေရာမှ သတိဝင်လာသည်နှင့် ပြော၏။

“ဒါက ကောင်းကင်မူလမှန်…” လော့ဝူရွှမ်က သူ့ ကောင်းကင်မူလမှန်ကို ကြည့်၍ ပြောသည်။

“ငါ့လက်ထဲက တစ်ခုကလည်း ကောင်းကင်တာအိုလက်နက် ကောင်းကင်ထောက်တိုင်ပဲ” တျန်းရှုက ကောင်းကင်ထောက်တိုင်တစ်ခုကို ကိုင်ကာ ရေရွတ်နေသည်။

“ငါ့လက်ထဲက ဟာကတော့ ကောင်းကင်တာအိုလက်နက် ကောင်းကင်ထီးပဲ” သားသတ်သမားက ‌မြေပြင်တွင် ထိုးစိုက်ထားသော ကောင်းကင်ထီးဆီသို့ ကြည့်၍‌ ပြောသည်။

ချင်မူက သူ မြေပြင်တွင် ထိုးစိုက်ထား‌သော ကောင်းကင်တာအိုလက်နက်ဆီသို့ ကြည့်လိုက်ရာ ကောင်းကင်ဘုံအမိုးခုံးများသဖွယ် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ၎င်းသည် ထီးသဖွယ် ပွင့်လာကာ ကောင်းကင်အမိုးခုံးသဏ္ဍာန် ပြောင်းလဲသွား၏။ ကောင်းကင်အမိုးခုံးအောက်တွင် ကောင်းကင်တာအိုဥပဒေတို့သည် လမ်းစဉ် ၄၉ လမ်းအဖြစ် ကွဲထွက်နေပြီး အလယ်ဗဟိုချက်မှ ဖြာကျနေလေသည်။

“‌‌ကျွန်တော့်ဟာက ကောင်းကင်တာအိုဥပဒေပဲ..”

ချင်မူက တည်ကြည်လေးနက်စွာ ပြောသည်။ “ဒီလိုထူးကဲတဲ့ ရတနာနဲ့ဆိုရင် ‌တခြားကောင်းကင်တာအိုလက်နက်တွေအပေါ် အမြဲထိန်းချုပ်နိုင်တယ်”

အားလုံးက စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်ကြသည်။ အနည်းဆုံးတော့ သူတို့ အားထုတ်မှုများက အလဟဿဖြစ်မသွားပေ။

ဤတစ်ကြိမ်တွင် သူတို့မှာ အသက်ကိုသာ စတေးနေခြင်း မဟုတ်တော့ပေ။ ကောင်းကင်နတ်အရှင်ဟုန်၏ တိုက်ကွက်သည် ဒြပ်ထုများကိုပင် ဖရိုဖရဲဖြစ်သွားစေ၏။ ဖရိုဖရဲအခြေအနေအောက်တွင် ဝိညာဉ်သည် ဖရိုဖရဲဖြစ်ကာ ဒြပ်ထုတည်ရှိတော့မည်မဟုတ်‌ပေ။ ဝိညာဉ်ထဲတွင် အနက်ရောင်သဲမှုန်လည်း ရှိတော့မည်မဟုတ်။

ထိုအချိန်တွင် ချင်မူ၏ ဝိညာဉ်လမ်းညွှန်ဖြစ်စေ၊ မပြောင်းလဲသော ဒြပ်ထု‌ကောင်းကင်နတ်သိုင်းဖြစ်စေ အသုံး၀င်လိမ့်မည်မဟုတ်ချေ။ အသက်ရှင်နိုင်ရန် အခွင့်အလမ်းရှိလိမ့်မည် မဟုတ်တော့။

“ကောင်းကင်နတ်အရှင်ဟုန်က ‌ဟင်းလင်းပြင်အလွှာ ၃၅ လွှာကို ကိုယ်ပိုင်မှော်စွမ်းအင်နဲ့ ဖောက်ထွင်းနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ... ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ သူ့မှော်စွမ်းအင်က အပြင်းထန်ဆုံး ဖြစ်တဲ့အပြင် ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှောင်တို့လို ပုဂ္ဂိုလ်တွေထက်တောင် သာလွန်သေးတယ်”

ချင်မူက အသက်တစ်ရှိုက် ရှူထုတ်လိုက်ရင်း လှည့်ကြည့်လိုက်ကာ ကျောချမ်းသွား၏။ ကောင်းကင်နတ်အရှင်ဟုန်ကား လွင့်ခတ်နေသော အင်္ကျီလက်အိုးများနှင့်အတူ ကောင်းကင်နတ်ဘုံ၏စစ်တပ်ကို ဖြတ်၍ သူတို့ဘက်ခြမ်းသို့ လျှောက်လာနေချေပြီ။

သူ ဤနေရာသို့ ရောက်လာရန် ကြာတော့မည်မဟုတ်ပေ။

“မင်းတို့က ဘယ်သူတွေလဲ…”

တိချင်း၏အသံက ရုတ်တရက် ထွက်လာသော်လည်း ချင်မူက မဖြေပေ။ သူက မျက်နှာပေါ်ရှိ အနက်ရောင်အ၀တ်စကို ထိလိုက်ရာ ရှိနေသေးသဖြင့် ကောင်းကင်နတ်အရှင်တျန်းရှုက ပြုံးလိုက်သည်။ “တိချင်း၊ ကျုပ်တို့အားလုံး ကိုယ့်ကိုကိုယ် မိတ်ဆက်ပြီးပြီလေ.. ကျုပ်က ခိုင်ဧကရာဇ်အောက်က ယိုတုကောင်းကင်နတ်မင်း… ဒီလေးယောက်က ကျုပ် ကူညီဖို့ ခေါ်လာခဲ့တဲ့ မိတ်ဆွေတွေ..”

တိချင်းသည် သူ့ကို မကြားချင်ယောင်ဆောင်နေ၏။ သူက ချင်မူ့ကို စေ့စေ့ကြည့်ကာ မေးသည်။ “မင်းက ဘယ်သူလဲ…”

“ကျုပ် ဘယ်သူလဲဆိုတာ ခင်ဗျား မသိချင်ပါဘူး..”

ချင်မူက မှင်သေသေ ဖြေသည်။ “ခင်ဗျား အခုအချိန်မှာ ရွှမ်တုပြည်သူ၊ ပြည်သားတွေကို ‌ကောင်းကင်နတ်အရှင်ဟုန်လက်အောက်ကနေ ဘယ်လိုကယ်ထုတ်ရမလဲ ဆိုတာပဲ တွေးနေသင့်တာ…”

တိချင်းမှာ တိတ်ဆိတ်သွားပြီး မြေထုပေါ်သို့ ပြန်လှည့်ကြည့်လိုက်သည်။ မြေထုပေါ်တွင် လူသောင်းချီနှင့် နေစောင့်ရှောက်သူ ရာအနည်းငယ် ကျန်နေသေးကြသော်လည်း သူတို့အားလုံး ဒဏ်ရာရထားကြ၏။

မြို့သူ၊ မြို့သားများနှင့် နေစောင့်ရှောက်သူတို့၏ အကြည့်အားလုံးက သူ့အပေါ် ကျရောက်လာသည်။ သူတို့၏ မျက်လုံးထဲတွင် တုန်လှုပ်ခြောက်ခြားမှုနှင့် မျှော်လင့်ချက်တို့ ပြည့်နှက်နေကြ၏။ သူတို့သည် သူ့အား ယုံကြည်ထားကြသေးသည်။ မျှော်လင့်ချက်ကင်းမဲ့နေသော ဤအခြေအနေမှ သူတို့အားလုံးကို ကယ်ထုတ်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြသေး၏။

တိချင်းက အားတင်းလျက် သူတို့ကို ပြုံးပြလိုက်သည်။

“မင်း ဘယ်သူဆိုတာ ငါ့ကို မပြောရင် မင်းကို ဖိအားပေးမှာမဟုတ်ဘူး… မင်းတို့ငါးယောက်ကို အကူအညီတစ်ခု တောင်းချင်တယ်..”

တိချင်း၏ မောက်မာမှုတို့က ‌ပျောက်ချင်းမလှ ပျောက်ကွယ်သွားပြီး သူက မြေပြင်တွင် ၀ပ်တွားခယလိုက်သည်။ “ရွှမ်တုမှာ နေထိုင်တဲ့သူတွေကို ရွှမ်တုနဲ့ ဝေးကွာပြီး ဘေးကင်းတဲ့ နေရာဆီ ပို့ပေးကြဖို့ မင်းတို့အားလုံးကို ငါ တောင်းဆိုချင်ပါတယ်..”

ကျဲ့ဟွလီက မနေနိုင်စွာ အလျင်အမြန် ဝင်ပြော၏။ “ခင်ဗျားတို့ မြို့ထဲကလူတွေ ခေါ်သွားဖို့ အရင်တည်းက ပြောထားပြီးသားလေ… တစ်ကြိမ်ထက်မနည်း ဖြောင်းဖျခဲ့တာတောင် ကျုပ်တို့ကို သတ်ပစ်ဖို့ ကြံစည်ခဲ့တယ်မလား… အဲ့ဒီတုန်းက ဘာတွေလုပ်နေခဲ့တာလဲ…”

တိချင်းမှာ ပြောမပြတတ်အောင် အရှက်ရနေတော့သည်။ သူ့မျက်နှာက မြေပြင်တွင် ကပ်နေပြီး ပြန်မော့မလာ‌တော့ချေ။

ကျဲ့ဟွလီက ထပ်ပြောချင်သော်လည်း ချင်မူက လက်မြှောက်ကာ တားလိုက်သည်။ သူက မြေပြင်တွင် ပြားပြား၀ပ်နေသည့် တိချင်းဆီသို့ ငုံ့ကြည့်လိုက်သည်။ “ခင်ဗျား တစ်ယောက်တည်း သွားရင် သူတို့ကို အချိန်ကြာကြာ တောင့်ခံနိုင်မှာမဟုတ်ဘူး… ခင်ဗျားကို ကောင်းကင်တာအိုလက်နက်လေးခု ပေးလိုက်မယ်… ဒီတစ်ခုကိုပဲ ပေးလို့မရတာ… ခင်ဗျား ကြိုက်သလောက် အချိန်ဆွဲထားလို့ရတယ်… ဒီမြေထုက လူတွေကို အဝေးပို့ပေးလိုက်မယ်..”

တိချင်းက ထရပ်ပြီး မျက်ရည်သုတ်လိုက်သည်။ သူက ပြုံးလျက် ကျေးဇူးတင်လေသည်။ “ကူညီပေးတာ ကျေးဇူးတင်ပါတယ် တာအိုညီတော်… နောက်ဘ၀ဆိုတာ ရှိခဲ့ရင်”

ချင်မူက ခေါင်းရမ်းသည်။ “နောက်ဘ၀‌ဆိုတာမရှိဘူး.. သွားပါ‌တော့...”

တိချင်းက ကောင်းကင်ချိတ်တံဆိပ်၊ ကောင်းကင်မူလမှန်၊ ကောင်းကင်ထောက်တိုင်နှင့် ကောင်းကင်ထီးတို့ကို ခေါ်ဆောင်ကာ ချင်မူနှင့်ကျန်သူများကို ဦးညွှတ်ပြီးနောက် ထွက်ခွာသွားသည်။ သူ့အနောက်တွင် ကောင်းကင်နန်းဆောင်တစ်ဆောင်က ဖွဲတည်လာကာ ကောင်းကင်နတ်အရှင်ဟုန်ကို ကြိုဆိုလေသည်။

သူသည် ကောင်းကင်ယင်သားတော်နှင့် အဖြူရောင်နတ်မင်းကို ယှဉ်နိုင်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။ ကောင်းကင်တာအိုနှင့် လက်ထဲရှိ ကောင်းကင်တာအိုလက်နက်များ၏ ထောက်ပံ့ပေးမှုကြောင့် သူကား သေသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်ထားချေပြီ။ အချိန်တခဏလေးဆိုလျှင်တောင်မှ ရသ‌ရွေ့ အချိန်ဆွဲထားရပေလိမ့်မည်။

“ငါ့ကြောင့် ဖြစ်ရတာပဲ… အဟက်… ငါ့သေတွင်း ငါ တူးခဲ့မိတာပဲ…”

သူက ခပ်ဟဟ ရယ်လျက် နီးကပ်လာနေသော ကောင်းကင်နတ်အရှင်ဟုန်ကို ကြည့်နေသည်။ ရုတ်တရက် သူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သိုင်းအခြေခံအားလုံး ထုတ်၍ ကောင်းကင်လက်နက်လေးခု၏ စွမ်းအားကို ဖော်ထုတ်ကာ ကောင်းကင်နတ်အရှင်ဟုန်ထံသို့ ပြေး၀င်သွားတော့၏။

“ငါ့မျိုးနွယ်၀င်တွေ သေဆုံးခဲ့ရတာအတွက် ပြန်မပေးဆပ်နိုင်သလို ကူညီခဲ့တဲ့ တာအိုညီအစ်ကိုတွေကိုလည်း ကျေးဇူးမဆပ်နိုင်ဘူး… ငါ လုပ်နိုင်တာဆိုလို့ သေတာပဲရှိတယ်… ငါ့ အသက်ကို ပေးဆပ်ပြီး တခြားသူတွေကို ရှင်သန်နိုင်ဖို့ အခွင့်အရေးပေးရမယ်..”

သူကား သန်မာအားကောင်းသော်လည်း ကောင်းကင်နတ်အရှင်ဟုန်သည် သူ့အား ပုရွက်ဆိတ်တစ်ကောင်သဖွယ် ကြည့်နေ၏။

ကောင်းကင်နတ်အရှင်ဟုန် လက်ကို အသာအယာမြှောက်လိုက်သည့်အခါ သူ့လက်ထဲရှိ ကောင်းကင်တာအိုလက်နက်အားလုံးမှာ အံ့မခန်းလိလိ စွမ်းအားတို့ဖြင့် ပြည့်နှက်သွားကြတော့၏ ။

“ပြောရရင် သူက ငါ့ကလေးပါပဲလေ” ကောင်းကင်နတ်အရှင်ဟုန်က တိချင်းမသေမီ မှင်သေသေ ရေရွတ်လိုက်သည်။

တိချင်းမှာ ကောင်းကင်နတ်အရှင်ဟုန်အား ဇဝေဇဝါကြည့်နေသော်လည်း သူ့အကြည့်များမှာ တဖြည်းဖြည်း မှောင်မိုက်သွားလေတော့သည်။

All Chapters