← Chapters

အကြီးမားဆုံး ခွန်အား

Vol. 110 Ch. 1451

အကြီးမားဆုံး ခွန်အား

Vol. 110 Ch. 1451

“ကောင်းကင်နယ်စားမင်းကလည်း အခွင့်ကောင်းယူပြီးတော့ အလစ်တိုက်တာတဲ့လား…”

နတ်ဧကရာဇ်လန်ရွှမ်မှာ အံ့အားသင့်သွားသလို၊ ပြုံးမိသွားသည်။ သူသည် ကောင်းကင်နတ်အရှင်နှစ်ပါးကြောင့် ဒဏ်ရာရခဲ့သော်လည်း ဒဏ်ရာများက မပြင်းထန်ပေ။ ကောင်းကင်နယ်စားမင်း၏ လက်ဝါး ကျရောက်လာသည့်အချိန်တွင် သူက ရှစ်ချီလော်နှင့် နတ်အရှင်မချန်းအား တိုက်ခိုက်နေခြင်းကို ချက်ချင်း ရပ်တန့်လိုက်၏။ ထို့နောက် လေထဲတွင် လှည့်လျက် သူ၏ခွန်အားကို အဆုံးအစွန်အထိ မြှင့်တင်လိုက်သည်။

ဤအခိုက်အတန့်တွင် သူသည် နတ်အရှင်မချန်းနှင့် ရှစ်ချီလော်အား ကျောပေးထား၏။ သူ့နောက်ကျောမှာ လစ်ဟာနေကာ ကောင်းကင်နတ်အရှင်နှစ်ပါးအရှေ့တွင် ဘွင်းဘွင်းထင်းထင်း ရှိနေသည်။

ရှစ်ချီလော်က သူ့လက်ကို အသာအယာလွှဲရမ်း၍ လန်ရွှမ့်ကျောပေါ် တင်ထားလိုက်၏။ ‌ကောင်းကင်နတ်အရှင်နှစ်ပါးကြောင့် စိစိညက်ညက် ကျေနေခဲ့သည့် နတ်ဧကရာဇ်လန်ရွှမ်၏ ‌နောက်ကျောရှိ အသားတို့မှာ အကောင်းအတိုင်း ပြန်လည်သက်သာလာကြသည်။ ကျိုးနေသော အရိုးများက ပြန်ဆက်သွားကြပြီး သူ့ဒဏ်ရာများက သက်သာလာတော့သည်။

အခြားတစ်ဖက်တွင် နတ်အရှင်မချန်းက နတ်ဘုရားစီရင်ရာစင်မြင့်အပေါ်သို့ ပြန်ဦးတည်သွားသည်။ သူမက လက်တစ်ချက် လွှဲရမ်း၍ ရှစ်ချီလော်၏ လည်ပင်းဆီ ညွှန်လိုက်သည်။ ချင်မူ့ဓားမ ချစ်ရစ်ခဲ့သည့် အကြွင်းအကျန် အသတ်အဖြတ်အရှိန်အဝါနှင့် ဓားလမ်းစဉ်တို့မှာ သူမ၏ စုပ်ယူခြင်း ခံလိုက်ရပြီး နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်ရှိ နတ်ဓားမနှစ်လက်၏ အသတ်အဖြတ်အရှိန်အဝါထဲ ရောက်သွားသည်။

ရှစ်ချီလော်၏ ဦးခေါင်းက သူ့လည်ပင်းဆီသို့ ပြန်လည်ပျံသန်းလာ၏။ သူ့ဒဏ်ရာများက ပြန်လည်သက်သာလာပြီး ရောင်ခြည်တော်စက်ဝန်းက သူ့ခေါင်းအနောက်မှ ပေါ်ထွက်လာကာ နတ်အရှင်မချန်း၏ ဦးခေါင်းပေါ်သို့‌ ရောက်ရှိသွားသည်။ ရောင်ခြည်တော်စက်ဝန်းသည် နတ်အရှင်မချန်း၏ ဦးခေါင်းမှ သူမ၏ခြေထောက်အထိ လှည့်ပတ်သွား၏။

နတ်အရှင်မချန်း၏ အရိုးများနှင့် ကြွက်သားများမှာ လန်ရွှမ်ကြောင့် ပျက်စီးသွားခဲ့သော်လည်း ရှစ်ချီလော်၏ ဖန်ဆင်းခြင်းလမ်းစဉ်ကြောင့် သူမ၏ရုပ်ခန္ဓာမှာ အထွတ်အထိပ်အဆင့်သို့ ချက်ချင်း ပြန်လည်ရောက်ရှိသွား၏။

သူတို့သုံးယောက်ကား တစ်ယောက်ကိုတစ်ယောက် အသေသတ်ဖြတ်တော့မည့်အလား တိုက်ခိုက်နေကြသော်လည်း ဤအခိုက်အတန့်၌ အချင်းချင်း ကုသပေးနေကြ၏။ တစ်ယောက်အပေါ်တစ်ယောက် သံသယပင် မထားကြသောကြောင့် အသက်ကိုပင်လဲ၍ ယုံကြည်ရနိုင်သည့် သွေး‌သောက်ရဲဘော်များ အလားပင် ထင်ရသည်။

ဤသည်က ကောင်းကင်နတ်အရှင်ဆယ်ပါးအကြားရှိ ဗျူဟာပင်။

သူတို့သည် ဘုံရန်သူမရှိပါက အချင်းချင်း တိုက်ခိုက်၍ သတ်ဖြတ်နိုင်မည့်အခွင့်အရေး ရှာဖွေကြလိမ့်မည်။ သို့သော် ရန်သူ ပေါ်လာလျှင်တော့ ချက်ချင်း မဟာမိတ်ဖွဲ့ကာ အသက်ကို ရင်း၍ ယုံကြည်တတ်ကြသည်။

ဤသည်မှာ ကောင်းကင်နတ်အရှင်ဆယ်ပါး နှစ်သန်းပေါင်းများစွာ ရပ်တည်နိုင်ခဲ့သော အကြောင်းအရင်းလည်း ဖြစ်၏။

ကောင်းကင်နတ်အရှင်သုံးပါးက တစ်ပြိုင်နက်တည်းနီးပါး တိုက်ခိုက်ကြသည်။ ရှစ်ချီလော်၏ အနောက်ရှိ ရတနာသေတ္တာက ပွင့်လာပြီး နောက်ထပ် ‌ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတစ်ပါး ခုန်ထွက်လာ၏။ သူ့ ကောင်းကင်လက်နက်နှစ်ခုမှာ ဖျက်ဆီးခံလိုက်ရသော်လည်း အကောင်းအတိုင်း ရှိနေသေးသည့် သုံးခုကျန်သေးလေသည်။

ကောင်းကင်လက်နက်သုံးခုက ဟိန်းဟောက်လိုက်ကြပြီး သူတို့ခန္ဓာကိုယ်များက အဆက်မပြတ် ကြီးထွားလာကြသည်။ မကြာမီ ရှစ်ချီလော်၊ နတ်ဧကရာဇ်လန်ရွှမ်နှင့် နတ်အရှင်မချန်းထက်ပင် ကြီးမားသွား၏။ ဘိုးဘေးနန်းတော် နတ်ဘုရားစီရင်ရာစင်မြင့်ပင်လျှင် သူတို့အရှေ့၌ အရာမဝင်တော့ပေ။

ထိုကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသုံးပါးသည် လွန်ခဲ့သည့်နှစ်တစ်သန်းအတွင်း ကောင်းကင်နတ်ဘုံ၏ အကြီးမားဆုံး ခွန်အားနှင့် အံ့အားသင့်ဖွယ်အကောင်းဆုံး လက်နက်ကို ကိုယ်စားပြု၏။

ကောင်းကင်လက်နက်သုံးခုက သူတို့၏ခန္ဓာကိုယ်များကို လှုပ်ခါရင်း ‌ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်များအဖြစ် ပြောင်းလဲသွားကြသည်။ သူတို့၏ အရိုးအကြောများနှင့် ကြွက်သားများမှာ အားကောင်းသန်မာနေပြီး လက် ၁၈ ဖက်လုံးကို မြှောက်တင်လိုက်ကြ၏။ ဝုန်းခနဲ အသံနှင့်အတူ ကောင်ကင်နယ်စားမင်းထံမှ တိုက်ကွက်အား အမှန်တကယ် ကာကွယ်နိုင်လိုက်ချေသည်။

သူတို့ ကောင်းကင်နယ်စားမင်းကို ခုခံလိုက်သည်နှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီအနောက်ရှိ ရောင်ခြည်တော်စက်ဝန်းများက လှည့်ပတ်လာကြ၏။ ဧရာမရောင်ခြည်တော်စက်ဝန်းများအောက်တွင် ရှစ်ချီလော်နှင့် ကျန်ကောင်းကင်နတ်အရှင်တို့မှာ သေးသထက် သေးငယ်လာကြသည်။ သူတို့ခြေထိပ်များတွင် ကပ်နေသည့် ပုရွက်ဆိတ်လေးများအလားပင်။

ရောင်ခြည်တော်စက်ဝန်းများထဲတွင် ကောင်းကင်နန်းဆောင် အဆောင်နှစ်ဆယ်မှ သုံးဆယ်ခန့် ထွက်ပေါ်လာပြီး မဟာကောင်းကင်နတ်ဘုံတစ်ခုအား တည်ဆောက်ဖွဲ့တည်လိုက်သည်။

ရောင်ခြည်တော်စက်ဝန်းများမှာ အရောင်အသွေးစုံလင်ကာ ကွဲပြားနေ၏။ ‌ကောင်းကင်နတ်အရှင်ဟွေ့၏ တာအိုမီးလျှံ၊ ကောင်းကင်နတ်အရှင်ဟောင်၏ မွေးရာပါချီနှင့် နတ်အရှင်မချန်းတို့၏ အသိစိတ်အလျဉ်တို့ ဖြစ်ကြသည်။

ရှစ်ချီ‌လော်သည် ကောင်းကင်လက်နက် ‌ကောင်းကင်နတ်အရှင်ယွီကို သုံးကာ အခြားကောင်းကင်နတ်အရှင်တို့၏ ကျင့်စဉ်များကို ခိုးယူခဲ့၏။ ထို့ကြောင့် ကောင်းကင်လက်နက်သုံးခုကို ထိန်းချုပ်၍ မတူညီသော ‌ကောင်းကင်နတ်အရှင်များ၏ ကျင့်စဉ်များအား ပြိုင်တူအသက်သွင်းလိုက်သော်လည်း သူ့လျှို့ဝှက်ကျင့်စဉ်ကိုတော့ လျှိုထားခဲ့လေသည်။

ဤမြင်ကွင်းက နတ်အရှင်မချန်းနှင့် နတ်ဧကရာဇ်လန်ရွှမ်၏ မျက်လုံးထောင့်စွန်းများအား တွန့်သွားစေ၏။

သို့သော် သူတို့အတွက် ရှစ်ချီလော်နှင့် အငြင်းပွားနေရန် အချိန်မရှိပေ။ ကောင်းကင်နတ်အရှင်နှစ်ပါးက ဘယ်ညာနှစ်ဖက်မှ နေ၍ လေပေါ်ပျံတက်လိုက်ကြသည်။ လန်ရွှမ်၏ ခန္ဓာကိုယ်က ရုတ်တရက် ပျံ့ကားလာ၏။ သူက လက်မြှောက်လိုက်ရာ ကောင်းကင်ဘုံ ၂၈ ခု ပေါ်လာသည်။ ဟင်းလင်းပြင်အလွှာ ၂၈ လွှာထဲတွင် တံဆိပ်ခတ်နှိပ်ထားသော သူ၏ ထိုက်ချူကောင်းကင်နတ်သိုင်းသည် ကောင်းကင်နယ်စားမင်းထံ ဓားပြားတစ်ခုအလား ပြေး၀င်သွားချေပြီ။

ထိုက်ချူကောင်းကင်နတ်သိုင်းသည် နတ်ဘုရားလက်ချောင်းထက်ပို၍ ခမ်းနားကာ အင်အားကြီး၏။ တစ်ချက်တည်းဖြင့်ပင် ကောင်းကင်နယ်စားမင်း၏ လက်မောင်းအား ဖြတ်တောက်လိုက်တော့သည်။

နတ်အရှင်မချန်းက နတ်ဘုရားစီရင်ရာစင်မြင့်အပေါ်တွင် ရပ်ကာ ဓားမနှစ်လက်၏ အသတ်အဖြတ်အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ အသတ်အဖြတ်အရှိန်အဝါစီးကြောင်းနှစ်ကြောင်းက ပိုမိုသိပ်သည်းလာပြီး နဂါးများနှင့်ပင် တူလာသည်။ သူတို့က ကောင်းကင်နယ်စားမင်း၏ လက်မောင်းကို ရစ်ပတ်ကာ တစစီ ဖြတ်တောက်လိုက်ရင်း ကောင်းကင်တာအို၏ စွမ်းအားအား ခိုးယူလိုက်ကြသည်။

ကောင်းကင်နတ်အရှင်သုံးယောက် အပေးအယူညီမျှစွာ အလုပ်လုပ်နေသည်ကို မြင်လျှင် ကောင်းကင်နယ်စားမင်း၏ လက်မောင်းတစ်လျှောက် ပြေးနေကြ‌‌သော ချင်မူတို့ငါးယောက် စိတ်လေးကုန်ကြသည်။ တစ်ချိန်တည်းမှာပင် စိတ်လည်း သက်သာရာရမိ၏။

ချင်မူသာ မည်သည်ကိုမှ ဂရုမစိုက်ဘဲ ဤကောင်းကင်နတ်အရှင်သုံးယောက်ကို မဆင်မခြင် သွားတိုက်ခိုက်လိုက်လျှင် ယခုချိန် မသာ,ပေါ်နေချေပြီ။

ကောင်းကင်နတ်အရှင်သုံးပါး အတူတူပေါင်း၍ ကောင်းကင်နယ်စားမင်း၏ လက်တစ်ဖက်ကို အလွယ်တကူ ဖြတ်တောက်နိုင်လိုက်သည့်အခါ ငါးယောက်သား ပိုစိတ်ညစ်ကုန်ကြသည်။ ကောင်းကင်နတ်အရှင်များသည် တန်ခိုးအင်အားကြီးမားလှသည့်အတွက် ကောင်းကင်နယ်စားမင်းပင် သူတို့၏ ပူးပေါင်းတိုက်ကွက်အား မတောင့်ခံနိုင်လျှင် သူတို့ငါးယောက်အနေဖြင့် မည်သို့တိုက်ခိုက်နိုင်ပါမည်နည်း။

ဤကမ္ဘာတွင် မည်သူက ကောင်းကင်နတ်အရှင်သုံးပါး၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံနိုင်ပါမည်နည်း။

ထိုမျှသာမက ရွှမ်တုတွင် ကောင်းကင်နတ်အရှင်သုံးပါးသာ ရှိနေခြင်းမဟုတ်။ ဟုန်၊ ဟွေ့၊ ချန်း၊ လန်နှင့် ရှစ်တို့သည် အပေါ်ယံတွင် ပေါ်လာကြသော်လည်း အမှောင်ထဲ၌ မည်သူများ ရှိနေမှန်း မသိနိုင်ပေ။

အနည်းဆုံး‌တော့ ရှေးဟောင်းနတ်ဘုရားဘုရင် ပေါ်လာသင့်ပြီ။ သူ သေချာပေါက် ရောက်လာလိမ့်မည်။

တျန်းရှုက အက်ခြောက်ခြောက်အသံဖြင့် ထပြောသည်။ ဗိုက်ထဲသို့လည်း အရက်ဖြည့်ကာ ဂေ့ခနဲ လေချဉ်တက်လိုက်သေးသည်။ “ခိုင်ဧကရာဇ် ငါတို့ကို ပြောခဲ့ဖူးတယ်.... ကောင်းကင်နယ်စားမင်းတောင် တောင့်မခံနိုင်တော့ဘူးတဲ့...”

ထိုစဉ် ရွှမ်တုတွင် တောက်ပလင်းထိန်လာသည်။ အလင်းရောင်တို့က ကောင်းကင်နယ်စားမင်း၏ လက်ပြတ်ပတ်ပတ်လည်တွင် စုဝေးဖြာထွက်လာကြ၏။

တာအိုသံတို့ ဆူညံလာကာ ကောင်းကင်နယ်စားမင်း၏ လက်ပြတ် ပြန်ပေါက်လာချေပြီ။ လက်ပြတ်၏ လက်ငါးချောင်းက ဖြန့်ကားလိုက်ပြီးနောက် ကြွက်သားတို့ ကွာကျသွားသည်။ အရိုး၊ သွေး၊ အကြောနှင့် အရွတ်များကား ချက်ချင်းဆိုသလို ကောင်းကင်တာအို ၄၉ ခုအသွင် ပြောင်းကာ ကောင်းကင်နယ်စားမင်း၏ လက်ပြတ်ပတ်ပတ်လည်တွင် စုဝေးလာသည်။

ဤသည်ကား ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာမှ ဖြစ်တည်လာသော တာအိုရတနာများပင်။ ၎င်းတို့ကား အလွန်ပင် အင်အားကြီးမား၏။ ထို့နောက် ရတနာများက တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်၏။ ရွှမ်တုကမ္ဘာတစ်စင်း ဖွဲ့တည်လာပြီး ကောင်းကင်နတ်အရှင်သုံးပါးနှင့် ကောင်းကင်လက်နက်များကို အထဲ၌ ပိတ်လှောင်ခံထားလိုက်သယောင်ပင် ထင်ရလေသည်။

မတူညီသည့် ကောင်းကင်တာအို ၄၉ ခုကား လင်းထိန်တောက်ပနေတော့သည်။ ကောင်းကင်တာအိုမှ ‘ချုပ်လိုက်’ ‘ချုပ်လိုက်’ ‘ချုပ်လိုက်’ ဟု အော်ဟစ်နေသကဲ့သို့ အသံများပင် ထွက်ပေါ်လာသည်။

ကောင်းကင်တာအို ၄၉ ခု၏ ခွန်အားကို ပေါင်းစည်းလိုက်ခြင်းဖြင့် ဖြစ်ပေါ်လာသော မဟာအတားအဆီးအစီအရင်သည် ရှစ်ချီလော်၊ လန်ရွှမ်၊ နတ်အရှင်ချန်းတို့အား ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီများနှင့်အတူ အမှန်တကယ် ဖိနှိပ်ချုပ်ထားလိုက်ချေပြီ။

ချင်မူတို့လည်း ဝမ်းသာအားရ ကြည့်နေကြပြီး စကားပြောတော့မည့်အချိန် အတားအဆီးအစီအရင်အထက်၌ အက်ကွဲကြောင်းများ ထလာကြောင်း မြင်လိုက်ရသည်။ နောက်တစ်ခဏတွင် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားလေသည်။

“အားကောင်းချက်ပဲ”

ကျဲ့ဟွလီမှာ မချီးကျူးဘဲ မနေနိုင်တော့ပေ။ တျန်းရှုက အရက်သောက်နေဆဲ ဖြစ်ပြီး ဒူးများတုန်နေသည်။ သူက ကျယ်‌လောင်စွာ ထအော်သည်။ “မကြည့်နဲ့တော့ မြန်မြန်သွားကြစို့... ကောင်းကင်နယ်စားမင်း ဒီမြေခွေးတွေကို တားနိုင်မှာမဟုတ်ဘူး”

အားလုံး အရှိန်တင်လိုက်ကြသော်လည်း ကောင်းကင်နယ်စားမင်း၏ လက်မောင်းမှ ပခုံးအပေါ်အထိ မတက်နိုင်ကြသေးပေ။

ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်သည် ကြီးမားလွန်း၏။ ဤမျှကြီးမားလှသောကြောင့် ခွန်အားလည်း ကြီးစေကာမူ၊ အလွယ်တကူ မလှုပ်ရှားနိုင်ပေ။

ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်နှစ်ယောက်လုံးတွင် တူညီသောအားနည်းချက်တစ်ခု ရှိသည်။ သူတို့၏ ဧရာမခန္ဓာကိုယ်ကြီးများက တိုက်ကွက်များကို နှေးကွေးစေသောကြောင့် ခွန်အားတူလက်ရည်တူနှင့် ရင်ဆိုင်ရသည့်အခါ တိုက်ခိုက်နိုင်သည့်နည်းလမ်း များများစားစား မရှိပေ။

‘ကောင်းကင်နယ်စားမင်း ခန္ဓာကိုယ်ကို မချုံ့နိုင်ရင် ဘယ်လောက်ပဲ အင်အားကြီးအင်အားကြီး၊ ပုရွက်ဆိတ်တွေက သူ့ကို သေအောင် ကိုက်သွားလိမ့်မယ်’

ချင်မူ ဤသို့ တွေးလိုက်မိသည့်အချိန်မှာပဲ ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါလာကြောင်း တွေ့လိုက်ရသည်။ အားကောင်းပြင်းထန်သော လေတစ်ချက်က သူတို့ကို ဖြတ်တိုက်သွားသဖြင့် ငါးယောက်သား မတ်မတ်ပင် မရပ်နိုင်တော့ပေ။

ထိုလေပြင်းကား ကောင်းကင်နယ်စားမင်း၏ နောက်လက်တစ်ဖက်က အောက်ရှိ ကောင်းကင်နတ်အရှင်သုံးယောက်ကို ရိုက်ချလိုက်သောကြောင့် ဖြစ်ပေါ်လာသော လေအဟုန်ပင်။ လေ ဖြတ်ကျော်သွား၍ ငါးယောက်သား ရှေ့တစ်လှမ်း တက်တော့မည့်အချိန် မိုးခြိမ်းသံ မြည်ဟည်းလာပြန်သည်။ လျှပ်စီးမိုးကြိုးပင်လယ်တစ်စင်း ဖွဲ့တည်လာပြီး လက်သီးတစ်လုံးက ပင်လယ်ကို ထိုးခွင်းလျက် အောက်သို့ နိမ့်ဆင်းသွားနေကြောင်း မြင်လိုက်ရ၏။

ချင်မူ ၊ သားသတ်သမား၊ ကျဲ့ဟွလီ၊ လော့ဝူရွှမ်နှင့် အရက်မူးနေသော တျန်းရှုလည်း ခေါင်းမော့ကြည့်လိုက်သည့်အခါ တုနှိုင်းမဲ့ပြိုင်ဘက်ကင်းအောင်း ခမ်းနားသော မြင်ကွင်းတစ်ခုအား မြင်လိုက်ရသည်။ မရေမတွက်နိုင်သော လက်များကား ရွှမ်တု၏ ကောင်းကင်ထက်မှ ကျဆင်းလာနေကာ မတူညီသော လက်ဝါးသိုင်းကွက်များ၊ လက်သိုင်းကွက်များ၊ လက်သီးသိုင်းကွက်များ သယ်ဆောင်လာရင်း ကောင်းကင်နတ်အရှင်သုံးပါးအား ပစ်မှတ်ထားနေလေသည်။

သိုင်းကွက်တစ်ကွက်စီတွင် ပါဝင်နေသော စွမ်းအားက အားကောင်းပြင်းထန်လှပြီး ရိုက်ချက်တစ်ချက်စီတိုင်းတွင် ကောင်းကင်တာအို ၄၉ ခု၏ အော်သံ ကိန်းအောင်းနေ၏။

ကောင်းကင်နယ်စားမင်း၏ ရိုက်ချက်တိုင်းသည် ကောင်းကင်နတ်ဘုံအဆင့်၏ ပြီးပြည့်စုံသော စွမ်းအားကို ကိုယ်စားပြုနေ၏။

နတ်အရှင်မချန်းက နတ်ဘုရားစီရင်ရာဓားမနှစ်ဖက်ကို ထုတ်လွှတ်လျက် ပထမရိုက်ချက်ကို ခုခံကာ ကောင်းကင်နယ်စားမင်း၏ လက်တစ်ဖက်အား ဖြတ်ပစ်သည်။ ဒုတိယရိုက်ချက်က သူမနှင့် နတ်ဘုရားစီရင်ရာစင်မြင့်အား လွင့်ထွက်သွားစေသည်။ တတိယရိုက်ချက်၊ စတုတ္ထရိုက်ချက်နှင့် ပဉ္စမရိုက်ချက်တို့က မုန်တိုင်းသဖွယ် ကျရောက်လာလေသည်။

နတ်ဧကရာဇ်လန်ရွှမ်က အားကုန်ထုတ်ကာ ရှုပ်တွနေသော တာအိုသစ်သီးကို အသက်သွင်းသည်။ ထိုက်ချူနတ်စွမ်းအားတို့သည် အားကောင်းပြင်းထန်လာပြီး ကောင်းကင်နယ်စားမင်း၏ လက်မောင်းများကို တရစပ် ဖြတ်တောက်ပစ်၏။ သို့သော် နောက်တစ်ခဏတွင် ကောင်းကင်လက်ဝါးသိုင်းကွက်ကြောင့် သစ်သီးလည်း လွင့်ထွက်သွားတော့သည်။

လန်ရွှမ်မှာ လေအလယ်တွင် ရိုက်ချက်တစ်ချက်ပြီးတစ်ချက် ဆင့်ရိုက်ခံလိုက်ရသောကြောင့် သွေးအန်လိုက်ရ၏။

ရှစ်ချီလော်က ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသုံးခုကို ကြိုးစားထိန်းချုပ်နေသည်။ သို့သော်လည်း ကောင်းကင်နယ်စားမင်း၏ ရိုက်ချက်တိုင်းက ကောင်းကင်တာအို ၄၉ ခုကို ရတနာတစ်ပါးတည်းအဖြစ် စုစည်းထားသော ရှေးဟောင်းနတ်ဘုရားတို့၏ ဘုရင်မင်းမြတ်တစ်ပါးဆီမှ ရာဇသံရိုက်ချက်အလား အတိုင်းထက်အလွန် ပြင်းထန်လှချေသည်။ ၎င်းက ကောင်းကင်လက်နက်ကောင်းကင်နတ်အရှင်ယွီတို့အား ရိုက်ချ၍ ကောင်းကင်နန်းဆောင်များကိုလည်း ဖျက်စီးကာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားစေတော့သည်။

ဤသည်ကား ကောင်းကင်နတ်ဘုံအဆင့်၏ ပြီးပြည့်စုံသော အခြေအနေ၌ ရှိနေမည့် ခွန်အားပင်။

ကောင်းကင်နယ်စားမင်းတွင် သိုင်းအဆင့်တစ်ဆင့်မှ မရှိသော်လည်း သူက ရွှမ်တု၏ အနှိုင်းမဲ့သော အတိုက်အခိုက်စွမ်းရည်ကို ကိုယ်စားပြု၏။

“မျက်နှာလေးဖက် နတ်ဘုရား၊ ပြီးပြည့်စုံပြီး အားနည်းချက်တစ်ချက်မှ မရှိတဲ့ မျက်နှာလေးဖက် နတ်ဘုရားပဲ” တျန်းရှုက အရက်သောက်နေရင်း ရေရွတ်လိုက်သည်။

ချင်မူ ရင်လေးလာသည်။ ကောင်းကင်နယ်စားမင်း မပြည့်စုံမှန်း သူ သိ၏။ ရွှမ်တုအလင်းရောင် မကျရောက်နိုင်သော နေရာများရှိသလို ၊ ကောင်းကင်တာအို လက်လှမ်းမမှီသည့် နေရာများလည်း ရှိပေသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ဟုန်ကား ကောင်းကင်နတ်အရှင်ယွဲ့၏ နှောင့်ယှက်မှုမှ ရုန်းထွက်၍ ပျံသန်းလာနေကြောင်း တွေ့လိုက်ရချေပြီ။

All Chapters