ကျဆင်းခြင်း
Vol. 12 Ch. 31
အာကာသထဲမှာတော့ ဧရာမစက်ရုပ်ကြီးတစ်ရုပ်နဲ့ ငွေရောင် စစ်သည်တော်တို့ဟာ အပြန်အလှန် တိုက်ခိုက်နေကြတယ်။
ဧရုမစက်ရုပ်ကြီးက အရွယ်အားဖြင့်ကြီးမားပြီး ဓားကို မြှောက်လိုက်တဲ့ အခါတိုင်းမှာ အနီးအနားမှာရှိနေတဲ့ ဥက္ကာခဲတွေကို ပိုင်းချသွားတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း စက်ရုပ်ကြီးနဲ့ယှဥ်ရင် ပုရွက်ဆိတ်လောက်ပဲရှိတဲ့ ငွေရောင် စစ်သည်တော်ကြီးက ဓားချက်တွေကို ရှောင်ရှားနေရင်းနဲ့ တန်ပြန်တိုက်ကွက်ပေါင်း မြောက်မြားစွာနဲ့ တုန့်ပြန်နေပါတယ်။
ဘုန်း...
တစ်ခါတော့ ငွေရောင်စစ်သည်ရဲ့လိပ်နက်အမြီးသုံးခုက စက်ရုပ်ကြီးရဲ့ခြေထောက်တစ်ဖက်တည်း စိုက်ဝင်သွားပြီး အနားကိုကပ်လာဖို့ ကြိုးတန်းတွေအဖြစ် သုံးလို့ရသွားတယ်။
“မင်းက ခွန်အားနဲ့အရွယ်အစားပဲရှိတာ။ အတွေ့အကြုံက အတော်နည်းသေးတာပဲ။” ငွေရောင်စစ်သည်ထဲမှာ ရှိနေတဲ့ မက်ဒါနာက ပြုံးလိုက်ရင်း စက်ရုပ်ကြီးရဲ့ခြေထောက်ပေါ် တက်ကာနားလိုက်တယ်။ စက်ရုပ်ကြီးက ခြေထောက်ပေါ်မှာ ပိုးကောင်တစ်ကောင်လိုမျိုး တွယ်တက်နေတဲ့ မက်ဒါနာကို ခါချဖို့လုပ်ပေမဲ့ ဘယ်လိုမှလုပ်လို့မရပါဘူး။
မက်ဒါနာက ခြေထောက်ကို တင်းတင်းဖက်တွယ်ထားရင်းနဲ့ သူ့လက်တွေကို ခြေထောက်အပေါ်ယံသတ္တုလွှာအတွင်း ထိုးစိုက်လိုက်ရင်း ရေခဲစွမ်းအားတွေကို အတားအဆီးမဲ့ ထည့်သွင်းလိုက်တယ်။
ဘုန်း...
စက်ရုပ်ကြီးက မက်ဒါနာကြောင့် အေးခဲလာနေတဲ့ ခြေထောက်ပိုင်းကို ဓားနဲ့ဖြတ်ထုတ်ပစ်လိုက်ပါတယ်။ စက်ရုပ်ရဲ့ရင်မောင်းခန်းထဲမှာ ရှိနေတဲ့ ခါးပတ်နဲ့ မက်ဒါနာကတော့ မျက်မှောင်ကြုတ်ထားပါတယ်။
“ငါတို့နှစ်ယောက်လုံးက ဂြိုဟ်ကမ္ဘာတွေကို ချေမွပစ်နိုင်တဲ့ အဆင့်တူချင်းတွေပဲ။ ဘာလို့ဒီလောက်တောင် ကွာဟမှု များနေရတာလဲ။”
ဘေးမှာရှိနေတဲ့ အေမီကတော့ အကျိုးသင့်အကြောင်းသင့် ရှင်းပြပါတယ်။ “မမလေး၊ တစ်ဖက်ရန်သူက အမြဲတမ်း တိုက်ခိုက်နေခဲ့တဲ့သူပါ။ မမလေးကတော့ တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တာ တစ်လတောင် မရှိသေးဘူးလေ။ ဒါကြောင့် အဆင့်တူချင်းမှာ အရေးနိမ့်နေတာ သဘာဝကျပါတယ်။”
“ဒါပေမဲ့၊ ဒီတိုက်ပွဲမှာ ငါနိုင်မှဖြစ်မယ်မဟုတ်လား အေမီ။” ခါးပတ်နဲ့မက်ဒါနာရဲ့ပြင်းပြတဲ့ စိတ်ဓာတ်ကို ကြားသိရပြီး နောက်မှာတော့ အေမီက ပြုံးလိုက်ပြီး စက်ရုပ်ရဲ့အပြင်ဘက် တိုက်ပွဲအခြေအနေကို ကြည့်လိုက်တယ်။
အခုဆိုရင် ဖီးနစ်အဖြစ်ပြောင်းထားပြီဖြစ်တဲ့ ငွေရောင် စစ်သည်တော်က စက်ရုပ်ကြီးရဲ့လက်တစ်ဖက်မှာ တွယ်ကပ် နေပြီးတော့ လက်ကိုအရည်ဖျော်ပစ်ဖို့ ကြိုးစားနေတယ်။ ဒီအတိုင်းသာ ဆက်လွှတ်ထားမယ်ဆိုရင် သူတို့ရဲ့အိုမီဂါ အဆင့်ရှိတဲ့ စက်ရုပ်ကြီးက တစ်စစီဖြစ်ပြီး ပျောက်ကွယ် သွားတော့မှာပါ။
“မမလေး၊ တစ်ဖက်လူမှာ အားနည်းချက်တစ်ခုရှိပါတယ်။”
“ဘာအားနည်းချက်လဲ...”
“သူက မမလေးနဲ့အတူရှိနေတဲ့ ကျွန်မကို ထည့်မတွက်ခဲ့တာပါပဲ။”
အေမီက ဒီစကားနဲ့အတူ သေနတ်ကို မိုးပေါ်ထောင်ပြီး ပစ်လိုက်တယ်။ အေမီရဲ့ခန္ဓာကိုယ်ကို အလင်းဒြပ်စင် စွမ်းအားတွေက ဖုံးအုပ်သွားပြီး သာမန်မျက်စိနဲ့ မမြင်နိုင် တော့ပါဘူး။ အဲဒီနောက်တော့ အေမီက ပေါ်တယ်တစ်ခုကို ဖွင့်လိုက်ပြီး ဧရာမစက်ရုပ်ကြီးရဲ့နောက်မှာ ပြန်ပေါ်လာတယ်။ အဲဒီမှာ အေမီက သေနတ်ကိုင်ကာ တစ်နေရာကို ချိန်ထားပြီး စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်း နေလိုက်တယ်။
“ဒီတစ်ခါတော့ ပွဲသိမ်းပစ်မယ်။” တစ်ဖက်မှာတော့ အသာစီး ရနေပြီဖြစ်တဲ့ မက်ဒါနာက သူ့ကိုယ်သူနဂါးပြာအဖြစ်ကို ပြောင်းလိုက်ပြီး အတောင်ပံတွေကိုခက်ကာ သူ့ကိုယ်သူ ချာလည်လှည့်လိုက်တယ်။ မြေဆွဲအားဓားကလည်း လွန်သွားပုံ လှံချွန်ကြီးအဖြစ်ကိုပြောင်းသွားပြီး စက်ရုပ်ကြီးရဲ့စွမ်းအင်ဗဟိုချက်နေရာကို တည့်ထိုး ပျံသန်းသွားတယ်။
ဘုန်း....
နဂါးဖြူစက်ရုပ်ကြီးရဲ့နျူကလီးယားစွမ်းအင်ဗဟိုချက်က ရစရာမရှိအောင်ပျက်စီးသွားပြီး ထပေါက်ကွဲသွားတယ်။ စက်ရုပ်တစ်ရုပ်လုံးက တစ်စစီဖြစ်သွားပြီဖြစ်ပြီးတော့ ပြာမှုန်တွေအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။ အိုမီဂါအဆင့် တိုက်ပွဲကို မတိုက်ရတာကြာပြီဖြစ်လို့ ပျင်းရိနေခဲ့တဲ့ မက်ဒါနာရဲ့မျက်နှာပေါ်မှာ အားရကျေနပ်နေတဲ့ အပြုံးတစ်ပွင့် ပေါ်လာပါတယ်။ ဒါပေမဲ့ သူ့ကိုတစ်စုံတစ်ယောက်က ရှေ့ကနေ ကြိုစောင့်ပြီး သေနတ်နဲ့ အသင့်ချိန်ထားတာကိုတော့ မသိခဲ့ပါဘူး။
“ပစ်မှတ်ကို ချိန်ပြီးပါပြီ။ လွတ်မြောက်နိုင်ခြေ သုညရာခိုင်နှုန်း။”
ဒိုင်း...
သေနတ်ကျည်ဆန်က ငွေရောင်စစ်သည်ဝတ်စုံကို ထိမှန် သွားတယ်။ မက်ဒါနာက မျက်ခုံးပင့်လိုက်ပြီး သိပ်မကြာခင် သူ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်နေတာကို သတိထားမိလိုက်တယ်။
“မဖြစ်နိုင်တာ.... မင်းက... ဘယ်လိုလုပ်ပြီး....” မက်ဒါနာက စကားဆုံးအောင် မပြောနိုင်ခင်မှာပဲ အေမီရဲ့သေနတ်ကနေ စုပ်ယူခြင်းကို ခံလိုက်ရကာ မန်မိုရီစတစ်အဖြစ်ကို ပြောင်းလဲ ခံလိုက်ရတယ်။
“အဆင်ပြေပါရဲ့လား၊ မမလေး။” အေမီက ပျောက်ကွယ်သွားခဲ့တဲ့ မက်ဒါနာကို ဂရုမစိုက်ဘဲ အာကာသ ဟင်းလင်းပြင်တစ်နေရာကို ကြည့်ပြီးတော့ ပြောလိုက်တယ်။ လေထုထဲမှာ အရှက်ရစရာကောင်းတဲ့ ပုံစံမျိုးနဲ့ ချာလည်လည်ပြီး လွင့်မျောနေတဲ့ နောက်ထပ် မက်ဒါနာတစ်ယောက်ရှိနေတယ်။
“အချိန်မီ စက်ရုပ်ထဲက ထွက်နိုင်ခဲ့လို့ ဘာမှမဖြစ်ပေမဲ့ အာကာသထဲမှာ ချာလည်လည်နေလို့ မူးပြီးအန်မိတော့မယ် အေမီရေ။”
ဒီတော့မှ ဆံပင်တိုနဲ့အေမီက ခါးပတ်နဲ့မက်ဒါနာကို သွားပြီး ထိန်းထားပေးလိုက်တယ်။ “မမလေး၊ အခုဆိုရင် ကျွန်မတို့ တွေ့ဖူးသမျှထဲမှာ စွမ်းအားအကြီးဆုံးလို့ဆိုနိုင်တဲ့ မမလေးရဲ့မူကွဲကို ဖမ်းဆီးနိုင်ခဲ့ပါပြီ။ အချိန်ဖြုန်းမနေဘဲ တခြားကမ္ဘာတစ်ခုစီကို သွားကြတာပေါ့။ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်နိုင်မယ်လို့ ကျွန်မခံစားနေရတယ်။”
...
လန်ဒန် တက္ကသိုလ်ဝန်းထဲမှာတော့ အေမီက ကောင်းကင် ပေါ်ကို စိုးရိမ်စွာနဲ့ ကြည့်နေပါတယ်။ “မမလေး၊ အဆင်ပြေ ပါ့မလား။ အစကတည်းက အဲဒီမက်ဒါနာမူကွဲနဲ့ တိုက်ရိုက် ယှဥ်မချဖို့ ပြောခဲ့တဲ့ဥစ္စာ။”
“အဆင်ပြေသွားမှာပါ၊ ငါတို့သိတဲ့ မက်ဒါနာက ဘယ်နှစ်ခါ...” ဖရာလီတာက တစ်ခုခုပြောနေရင်းကနေ သူ့စကားက ရပ်တန့်သွားခဲ့တယ်။ နောက်တော့...
“ထူးဆန်းလိုက်တာ... ငါတို့ ဒီမှာဘာလုပ်နေတာလဲ။” လို့ ပြောလိုက်တယ်။
လင်ဒါနံပါတ်တစ်ကလည်း မိုက်ခနဲဖြစ်သွားပြီး အဲဒီလို မေးခွန်းမျိုးကို မေးခွန်းထုတ်လိုက်တယ်။ “ငါ့ရင်ထဲမှာ တစ်ခုခုလစ်ဟာသွားသလို ခံစားရတယ်။ တစ်ယောက် ယောက် ငါတို့နဲ့အတူရှိခဲ့ပြီး အဲဒီလူရဲ့နာမည်ကိုရော ရုပ်ရည်ကိုပါ ငါတို့မေ့သွားသလိုမျိုးပဲ။”
အေမီကတော့ သူ့ခေါင်းကိုယ်သူ ကြောက်လန့်တကြားနဲ့ ဆုပ်ကိုင်ထားလိုက်ပြီး... “မ... မဖြစ်နိုင်တာ... ငါက ဘာလို့ ငါ့ရဲ့တီထွင်သူကို မမှတ်မိရတော့တာလဲ။”
လင်ဒါနံပါတ်နှစ်ကတော့ အဲဒီအဖြစ်အပျက်တွေကို ကြည့်နေရင်းနဲ့ ကြောက်လန့်လာတယ်။ “မဖြစ်နိုင်တာ၊ သူတို့ရဲ့မက်ဒါနာကလည်း ငါ့ရဲ့မင်းလွင်လိုပဲ စုပ်ယူခံလိုက် ရပြီလား။”
...
ဒိုင်းမွန်းစစ်စတာဂိုဏ်းထဲမှာတော့ မင်းလွင်က မာဂရပ်ကို နောက်ကနေ သိုင်းဖက်ထားပြီး ခုံတန်းတစ်ခုပေါ်မှာ အတူတူ ထိုင်နေပါတယ်။ သူ့ကိုကြည့်ရတာ ဉာဏ်ရည်မရှိတော့တဲ့ မာဂရပ်ကို လုံးဝစွန့်ပစ်သွားမယ့်ပုံ မပေါ်ဘူး။
တစ်ဖက်မှာတော့ ဝါ့ဇ်က ပွင့်လာတဲ့ပေါ်တယ်ကို ကြောက်လန့်တကြားနဲ့ ကြည့်နေတယ်။ လောလောဆယ် မက်ဒါနာအဖြစ်ပြောင်းထားတာ မကြာသေးတဲ့အတွက် နောက်တစ်ကြိမ်သူပြောင်းလို့ မရသေးဘူး။ ဒါကြောင့် မှော်နှင်တံကို လက်ထဲမှာ အသင့်ကိုင်ထားပေမဲ့ ရန်သူကို အနိုင်ရနိုင်မယ်လို့ သူမတွေးဝံ့ဘူး။ ဒါပေမဲ့ မကြာခင်မှာပဲ သူအကြောက်ဆုံးအရာက စတင်ဖြစ်ပေါ်လာတယ်။
ခါးပတ်ပတ်ထားတဲ့ အဖြူရောင်ဆံပင်နဲ့မိန်းကလေးနဲ့ ညိုချောကောင်မလေးတစ်ယောက်က ပေါ်တယ်ထဲကနေ ထွက်လာတယ်။ ဝါ့ဇ်က တုန့်ဆိုင်းမနေဘဲ မှော်နှင်တံကို ဝေ့ယမ်းလိုက်တယ်။
“အဆင့်ငါး မိုးကြိုးလျှပ်စီးတန်း။”
ထန်း...
ဒါပေမဲ့ သူတို့ရှေ့မှာရှိနေတဲ့ ညိုချောမိန်းကလေးက လက်ထဲက သေနတ်ကိုထုတ်လိုက်ပြီး ကျည်တစ်ချက် ဖောက်လိုက်ကာ အလင်းဒိုင်းကာတစ်ခုကို ဖန်တီးတယ်။ ပုံမှန်အခြေအနေနဲ့ သူသုံးနိုင်တဲ့ စွမ်းအားအကြီးဆုံး မှော်ဂါထာက တားဆီးခံလိုက်ရပြီး မကြာခင်မှာပဲ တခြားမက်ဒါနာရဲ့သေနတ်နဲ့ ပစ်ခံလိုက်ရတယ်။
“ဝါ့ဇ်....”
ဖရာလီတာက ဝါ့ဇ်ကိုကူညီဖို့ ပြေးလာပေမဲ့ နောက်ကျ သွားခဲ့ပါပြီ။ ဝါ့ဇ်က သေနတ်ရဲ့စုပ်ယူခြင်းကို ခံခဲ့ရပြီး လက်ထဲမှာ ကိုင်ထားခဲ့တဲ့ မှော်နှင်တံက ကြမ်းပြင်ပေါ် ပြုတ်ကျသွားတယ်။ ဖရာလီတာက အဲဒီမြင်ကွင်းကို ကြည့်နေရင်းနဲ့ တစ်ကိုယ်လုံးတုန်ယင်နေတယ်။
သူ့မျက်လုံးတွေက ပြီးခဲ့တဲ့အမှတ်တရတွေကို ပြန်ပြီးတော့ စဥ်းစားနေပုံရပေမဲ့ ဘာကိုမှတွေးမရတော့လို့ ရူးသွပ် သွားသလိုပါပဲ။
“ဒီတစ်ယောက်ကတော့ ခုခံချင်စိတ်ပါ ပျောက်နေတာပဲ။” အေမီကတော့ မာဂရပ်ကိုဖက်ထားဆဲ မင်းလွင်ရဲ့ခေါင်းကို သေနတ်နဲ့ချိန်ပြီး ပစ်လိုက်တယ်။ အဲဒီနောက်တော့ အလင်းမှုန် တွေအဖြစ်ပြောင်းလဲခံလိုက်ရပြီး ဂိုဏ်းပျက် အဆောက်အဦကြီးထဲမှာ ပါးစပ်ကနေ သွားရည်တွေ စီးကျနေတဲ့ မာဂရပ်နဲ့ အော်ဟစ်နေတဲ့ ဖရာလီတာသာ ကျန်ရစ်တော့တယ်။ ဒါပေမဲ့ မာဂရပ်ကိုယ်တိုင်ကလည်း သူ့ဘဝထဲကနေ တစ်စုံတစ်ခု ပျောက်ကွယ်သွားတာကို အာရုံခံမိတဲ့အလား ကလေးတစ်ယောက်လိုမျိုး စတင်ငိုကြွေးပါတော့တယ်။
“မမလေး၊ သွားကြပါစို့။ ကျွန်မတို့လိုအပ်တဲ့ မန်မိုရီစတစ် အားလုံးကို ရလိုက်ပါပြီ။ ကမ္ဘာကြီးကို ကယ်တင်ကြစို့။”
...
အေမီနဲ့မက်ဒါနာက ဂိုင်ယာအာကာသစခန်းထဲမှာ ပြန်ပြီး ပေါ်လာပါတယ်။ အေမီရဲ့မျက်နှာက ခါတိုင်းထက်ကို ပိုပြီးသုန်မှုန်နေပုံရတယ်။ သူ့ကြည့်ရတာ တစ်ခုခုကို စိတ်မရှည်တော့သလိုပဲ။
“မမလေး၊ ကျွန်မပြင်ဆင်ထားတဲ့ ပင်မစမ်းသပ်ခန်းဆီ သွားပြီးတော့ ကမ္ဘာကြီးကို Terraforming လုပ်ရအောင်။”
ဒါပေမဲ့ အေမီက အတတ်နိုင်ဆုံး သာမန်ဖြစ်အောင် ပြုလုပ်ထားတဲ့ လေသံနဲ့ပြောလိုက်တယ်။ မက်ဒါနာက ခေါင်းညိတ်ပြီးတော့ ခပ်မြန်မြန်သွားနေတဲ့ အေမီရဲ့ နောက်ကနေ လိုက်ရင်း ပြောလိုက်ပါတယ်။
“အေမီကတော့ ကမ္ဘာကြီးကိုကယ်တင်နိုင်တော့မှာမလို့ သိပ်ကိုစိတ်လှုပ်ရှားနေပြီနဲ့တူတယ်။”
“အင်း၊ အဲဒီအတိုင်းပါပဲ မမလေး။” အေမီက မက်ဒါနာကို လှည့်မကြည့်ဘဲ ပြန်ဖြေတယ်။ သူ့ခြေလှမ်းတွေက ပိုပိုပြီး မြန်လာတယ်။ လမ်းမှာ ကန့်တင်းကို ဖြတ်သွားရပြီးတော့ ကလေးတချို့က သူတို့ကိုမြင်တာနဲ့ မက်ဒါနာဆီကို ပြေးပြီး လာကြတယ်။
“မမကြီး၊ ဒီတစ်ခေါက်ရော ဘာတွေပါလာလဲ။”
မက်ဒါနာက ကလေးတွေကိုမြင်တာနဲ့ ထိုင်ချလိုက်ပြီး သူတို့ထဲက ချစ်စရာအကောင်းဆုံးကောင်မလေးကို ခေါင်းပုတ်ပေးလိုက်တယ်။ နောက်တော့ မှော်ကမ္ဘာက သူဝှက်ပြီးယူလာတဲ့ ချောကလက်မူဖင်းကိတ်လေးတွေကို ကလေးတွေလက်ထဲ ထည့်ပေးလိုက်တယ်။
“မျှပြီးစားကြနော်။ ရန်လည်းမဖြစ်ကြနဲ့ဦး....”
“အား... ဒီပိုးကောင်လိုဟာတွေကို ငါပရိုဂရမ်သွင်းခဲ့မိတာ အနှောင့်အယှက်ဖြစ်စရာပဲ။”
ရုတ်တရက် အတက်အကျမရှိတဲ့ အေမီရဲ့စကားသံကို ကြားလိုက်ရလို့ အေမီကိုလှည့်ကြည့်တော့ အေမီက ကလေးတွေနောက်မှာရပ်နေပြီး ကလေးတွေကို အဆင့်နိမ့် ပိုးကောင်တွေကို ကြည့်နေတဲ့ ပုံစံမျိုးနဲ့ ကြည့်လိုက်တယ်။
“အေမီ၊ ကမ္ဘာကြီးကို ကယ်တင်ဖို့က အရေးကြီးတယ် ဆိုပေမဲ့။ အဲဒီလောက် လောစရာမလို....”
မက်ဒါနာ စကားမဆုံးခင်မှာပဲ အေမီက ကလေးတစ်ယောက်ရဲ့ခေါင်းကို ဆုပ်ကိုင်ပြီး ပိုအားထည့်လိုက်တယ်။ ကလေးရဲ့ခေါင်းက ပိန်လိန် သွားပြီးတော့ အထဲကနေ သတ္တုစတွေနဲ့ဆားကစ်ပြားတွေ ထွက်ပေါ်လာတယ်။ ဒီကြောက်စရာမြင်ကွင်းကြောင့် မက်ဒါနာက တစ်ကိုယ်လုံးတုန်ယင်သွားပြီး သူ့ပါးစပ်ကိုသူ လက်နဲ့အုပ်ထားလိုက်မိတယ်။
“အေ... အေမီ... နင်ဘာလုပ်လိုက်တာလဲ။”
“သုံးဖို့မလိုအပ်တော့တဲ့ အမှိုက်တွေကို ဖျက်ဆီးလိုက်တာလေ။”
အေမီက နောက်ထပ်ကလေးတွေကို လက်နဲ့တစ်စစီ ဆွဲဖြုတ်နေရင်း ပြောလိုက်တယ်။ အေမီရဲ့မျက်လုံးတွေက အနီရောင်တောက်ပနေပြီး မကြာခင်မှာပဲ ကြမ်းပြင်မှာ ပျက်စီးနေတဲ့ ကလေးစက်ရုပ်အပိုင်းအစတွေနဲ့ ပြည့်ကုန် ပါတယ်။
“အေ... အေမီ... ဒါတွေက ဘာတွေလဲ။” မက်ဒါနာက သူ့ရှေ့မှာ မြင်နေရတဲ့ လက်တွေ့ဘဝအဖြစ်အပျက်တွေကို နားမလည်နိုင်သေးဘူး။ အေမီကတော့ ခံစားချက် မဲ့စွာနဲ့ပဲ ပြောလိုက်တယ်။
“နင့်ကို လှည့်စားဖို့ သက်သက်နဲ့ပဲ ဖန်တီးထားခဲ့တဲ့ ကလေးစက်ရုပ်တွေလေ။”
“သူ... သူတို့က လူသားတွေမဟုတ်ခဲ့ဘူးလား။”
“လူသားတွေက လွန်ခဲ့တဲ့ နှစ်သုံးဆယ်တုန်းက စစ်ပွဲမှာတည်းက တစ်ယောက်မကျန် မျိုးသုဥ်းသွားပြီ။”
အေမီက လက်ဖျောက်တစ်ချက်တီးလိုက်တယ်။ ဂိုင်ယာ အာကာသစခန်းရဲ့အပြာရောင်အလင်းတန်းတွေက အနီရောင်အဖြစ်ပြောင်းသွားတယ်။ အာကာသစခန်းရဲ့ ဂိုင်ယာလိုဂိုကလည်း အခြားတစ်ခုအဖြစ်ကို ပြောင်းသွားခဲ့ပါပြီ။
“ပြီးတော့ ဒီနေရာက အေသာအာကာသစခန်းပဲ။”
မက်ဒါနာ မျက်လုံးပြူးသွားတယ်။ ဒီကမ္ဘာရဲ့အစစ်အမှန် မက်ဒါနာဖြစ်တဲ့ ဒေါက်တာမက်ဒါနာက ဂိုင်ယာနဲ့အေသာ ဆိုတဲ့အဆင့်တူ မဟာဉာဏ်ရည်တုနှစ်ခုကို ဖန်တီးခဲ့တယ်။ တစ်ခုက လူသားတွေကိုကာကွယ်ဖို့ ဒိုင်း၊ တစ်ခုက လူသားတွေရဲ့တိုက်ခိုက်ရေးစွမ်းအား ဓားအဖြစ်ပေါ့။ ဒါပေမဲ့ အေသာက လူသားတွေကိုလွှမ်းမိုးချင်စိတ် ဖြစ်လာခဲ့ပြီး ကမ္ဘာကြီးပျက်စီးခဲ့ရတယ်။
ဂိုင်ယာက ဒီကမ္ဘာမှာရှိနေတဲ့ လက်ကျန်လူသားတွေကို ကာကွယ်ပေးနေတယ်လို့ မက်ဒါနာထင်ထားခဲ့ပေမဲ့ သူမြင်ခဲ့ရတဲ့ဂိုင်ယာက အေသာဖြစ်နေခဲ့ပြီးတော့ သူမြင်နေရတဲ့ အေမီက....
“အေမီ၊ ဆိုလိုတာက နင်က...”
“ဟုတ်တယ်၊ ငါက အပြိုင်ကမ္ဘာတိုင်းမှာရှိနေတဲ့ လူသားတွေအားလုံးကို ဖျက်ဆီးဖို့ လုပ်ဆောင်နေတဲ့ မဟာဉာဏ်ရည်တု Aether ပဲ။ အေမီဆိုတာက ကျွန်မရဲ့နာမည်ဟောင်း တစ်ခုပါပဲ။ မမလေး။”
အေမီက နောက်ဆုံးစာသားတွေကို ပြောတဲ့အချိန်မှာ မက်ဒါနာရင်းနှီးတဲ့အေမီရဲ့လေသံနဲ့ ပြောလိုက်ပြီး ထိတ်လန့်မှုကြောင့် လှုပ်ရှားလို့မရဖြစ်နေတဲ့ မက်ဒါနာရဲ့ လည်ပင်းကို လက်နဲ့ဖမ်းဆုပ်ကာ မြှောက်လိုက်တယ်။ မက်ဒါနာရဲ့ခန္ဓာကိုယ်က အာကာသစခန်းရဲ့ကြမ်းပြင်နဲ့ ထိမနေတော့ဘူး။
“ကဲ... မမလေးကိုကျွန်မပေးခဲ့တဲ့အရာတွေ ပြန်ယူပါရစေ။” အေမီက မက်ဒါနာရဲ့ခါးမှာပတ်ထားတဲ့ ခါးပတ်ကို ဆွဲခွာ ပစ်လိုက်တယ်။ အဲဒီနောက်တော့ အေမီက သူ့စိတ်ကူးနဲ့တင် ပေါ်တယ်ကိုဖွင့်လိုက်ပြီး...
“အခုတော့ ကျွန်မရဲ့စစ်တပ်ကြီး ရောက်မလာသေးခင် ရှင့်ရဲ့မူလကမ္ဘာဆီပြန်ပြီး ရှင့်ရဲ့နောက်ဆုံးနေ့ရက်တွေကို ပျော်ပျော်ကြီးဖြတ်သန်းလိုက်ပါ မမလေး။”
အဲဒီနောက်တော့ အေမီက မက်ဒါနာရဲ့ဝမ်းဗိုက်ကို ဆောင့်ကန်လိုက်ပြီး ပေါ်တယ်ထဲကို ပစ်ချလိုက်တယ်။
...
ပေါ်တယ်ထဲမှာ မျောလွင့်နေချိန် မက်ဒါနာရဲ့မျက်လုံးတွေက မျက်ရည်တွေနဲ့ စိုစွတ်နေခဲ့တယ်။ ပထမဆုံး ခါးပတ်ကို စသုံးတဲ့အချိန်တုန်းက သူသိခဲ့ရတဲ့ ဒေါက်တာမက်ဒါနာရဲ့ ဝေဝေဝါးဝါးမှတ်ဉာဏ်တွေအားလုံးကို သူပြန်ပြီးတော့ မှတ်မိလာခဲ့လို့ပါ။ ပထမဆုံးအကြိမ်စတင်ခံစားဖူးတာ ဖြစ်လို့ နာကျင်မှုကြောင့် မှတ်ဉာဏ်တွေထဲက အဖြစ်အပျက် များစွာကို သူအာရုံစိုက်ပြီးနားလည်အောင် မလုပ်နိုင်ခဲ့ပေမဲ့ အခုတော့ သူသိနားလည်သွားခဲ့ပါပြီ။
“အေမီ... ငါအရင်က ကမ္ဘာကြီးကိုကယ်တင်ဖို့လိုတယ်လို့ပဲ တွေးခဲ့မိတာ။ တကယ်တမ်း ကယ်တင်ပေးဖို့ လိုအပ်နေတာက နင်ဖြစ်နေပါလား။”
တဖြည်းဖြည်းနဲ့ငိုကျွေးနေတဲ့ မက်ဒါနာက ပေါ်တယ်ရဲ့အနက်ပိုင်း အမှောင်ထုထဲကို ကျဆင်း သွားလေတော့တယ်။