အာရုဏ်း ပုန်ကန်
Vol. 93 Ch. 1289
မဟာစက်ဝန်း ကြယ်ကွင်းပြင်က ချိပ်ပိတ်ထားသည့် လှောင်အိမ် တစ်ခု အတွင်း ရှိနေသည်လား...။ ဝေ့ဝူယင်က ချိပ်ပိတ်နယ်မြေ အပြင်ဘက်ရှိ စစ်မြေပြင် တစ်ခုကို ရောက်ရှိခဲ့သည်လား။ ချိပ်ပိတ်နယ်မြေနှင့် အလွန် နီးကပ်သည့် အလွှာကြားက လောကဟု ခေါ်သည့် နေရာတွင် လောကရှန့်ထိုများ ရှိနေသည်လား။
နဂါးခေါင်းဆောင်းနှင့် မြေကြီး ရှန့်ထိုက အစစ်အမှန် ကျင့်ကြံသူ တစ်ယောက် မဟုတ်ပဲ စစ်အဆောင်ဖြင့် ဖန်တီးထားသည့် ကိုယ်ပွားတစ်ခုလော။
ထို့အပြင်... အဆုံးမဲ့ ခရီးသွား နယ်မြေ ဆိုသည့် နေရာမှ ကျင့်ကြံသူများမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို ဆင်းသက်လာတော့မည်လော။
“...”
ဝေ့ဝူယင်၏ ရှင်းပြမှုများကို နားထောင်ရင်း ဝူယု၏ မျက်လုံးများမှာ ပြူးကျယ် နေခဲ့၏။ မြေကြီး ရှန့်ထို တစ်ယောက် အနေဖြင့်ပင် ထိုဗဟုသုတများကို ချေဖျက်ရန် အတွက် သူ မိနစ်ပေါင်းများစွာ အချိန်ယူ လိုက်ရသည်။ အတန်ကြာပြီး နောက်တွင်မှ ဝူယုက ဝေ့ဝူယင်ကို ကြည့်ကာ သူ့ စိတ်အတွင်း သိမ်းဆည်းထားခဲ့သည့် မေးခွန်း တစ်ခုကို မေးလိုက်၏။
“အဲဒါကြောင့် သခင်လေးက လုပ်ငန်း လည်ပတ်တဲ့ပုံကို ပြောင်းလိုက်တာလား... ခွန်အားကို ထုတ်ပြလိုက်တာမျိုး... အဲဒါ အားလုံးက ကြယ်ကွင်းပြင်ဖျက် ကပ်ဘေးကြောင့်လား”
ဝေ့ဝူယင်က စိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ အစစ်အမှန် မွေးဖွားခြင်း ကဲ့သို့ပင် တိတ်တဆိတ် ဆက်လက် နေထိုင်ရန် သူ့အတွက် အချိန် မရှိတော့ချေ။
“အစစ်အမှန် မွေးဖွားခြင်း အရိပ်ထဲက ထွက်လာတဲ့ အကြောင်းရင်းက အဆုံးမဲ့ ခရီးသွား နယ်မြေက ကျင့်ကြံသူတွေကို ခုခံဖို့ အင်အားကြီး ခံတပ် တစ်ခု လိုလို့ပဲ... ဟိုနေရာဒီနေရာ ပြန့်ကျဲနေတဲ့ အရိပ်ဥတွေနဲ့ သူတို့ ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး”
“သူတို့ ရောက်လာရင် ကျုပ်တို့ ကမ္ဘာကြီးက ကစဉ့်ကလျား ဖြစ်သွားတော့မှာလား”
ဝူယုက မေးလိုက်၏။
“အင်း... သံသယ ဖြစ်စရာ မရှိဘူး”
ဝေ့ဝူယင်က ဖြေလိုက်၏။
“သူတို့မှာ ဆီမှာ လောကရှန့်ထိုတွေ ပါနေတယ် ဆိုရင်...”
ဝူယု၏ အသံက အကူအညီ ကင်းမဲ့နေ၏။ အကယ်၍ သူတို့သာ အမှန်တကယ် ရောက်ရှိလာပါက ထိပ်သီး တန်ခိုးရှင် အင်အားစုများ မဆိုထားနှင့်...။ အင်ပါယာ ကလန်ပင်လျှင် ပမွှား အင်အားစုလေး တစ်ခု ဖြစ်သွားလိမ့်မည် ဖြစ်သည်။
“ကျုပ်ကတော့ အဲဒါကို သိပ်ပြီး မစိုးရိမ်ဘူး”
ဝေ့ဝူယင်က ဝူယု၏ စိုးရိမ် ပူပန်မှုများကို စကားလုံး အနည်းငယ်ဖြင့် ပယ်ချလိုက်၏။ နောက်ဆုံး၌... သင့်တော်သည့် တည်နေရာ တစ်ခုကို ရှာတွေ့ခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် ကောင်းကင်ဘုံ နတ်မျက်လုံးများကို သုံးကာ သူ လက်ခံနိုင်သည့် အခြေအနေများကို ထပ်မံ အတည်ပြုလိုက်၏။
"ကြယ်ကွင်းဖျက် ကပ်ဘေး ဆိုတာကရော သခင်လေး... အဲဒီ လူမျိုးခြား ကျင့်ကြံသူတွေနဲ့ ပတ်သက်နေတာလား...”
ဝူယုက ဆက်လက်၍ မေးလိုက်၏။ ဝေ့ဝူယင်က တစ်ခဏမျှ ရပ်တန့်ကာ အဖြေပေး လိုက်သည်။
“ကျုပ် မသိဘူး... ဆိုင်တော့ မဆိုင်လောက်ဘူး”
လောက လမ်းကြောင်းများ၏ ဦးတည်မှု အရ ဆိုလျှင် အဆုံးမဲ့ ခရီးသွား နယ်မြေကြောင့် ဖြစ်နိုင်ချေမှာ အလွန်ပင် နည်းပါးသည်။
"..."
ဝူယုမှာ စဉ်းစား တွေးတောရင်း တိတ်ဆိတ်သွားခဲ့၏။ သူ၏ မျက်လုံးများကတော့ အဆုံးအစမဲ့ ကြယ်တာရာ များကို လှည့်ပတ် ကြည့်ရှုရင်း ကြယ်ကွင်းပြင်ပေါင်းများစွာကို လွှမ်းခြုံနိုင်သည့် အလွန်တရာ ကြီးမားလှသည့် လှောင်အိမ်ကြီး တစ်ခုကို စိတ်ထဲမှ ပုံဖော် နေခဲ့မိသည်။ မကြာခင်မှာပင် သူ၏ မျက်လုံးများမှာ ထိတ်လန့် ကြောက်ရွံ့သည့် အငွေ့အသက် တစ်ချို့ဖြင့် ပြည့်နှက် လာခဲ့၏။
ဝေ့ဝူယင်မှာ ဝူယု၏ စိတ်ခံစားချက် အပြောင်းအလဲများကို သတိထား လိုက်မိသည်။ ဝူယုမှာ အလွန်ပင် ဉာဏ်ရည်ဉာဏ်သွေး မြင့်မားသူ တစ်ယောက် ဖြစ်သည်။ သူ၏ သတင်း အချက်အလက်များ အပေါ် စီမံ ခန့်ခွဲနိုင်စွမ်းနှင့် ကောက်ချက်ချနိုင်စွမ်းတို့မှာ အလွန်ပင် မြင့်မားလှသည်။ သူ့အတွက် ဝေ့ဝူယင် ပြောသမျှကို နားလည် သဘောပေါက်ကာ လက်ခံရန် အချိန်တစ်ခုသာ လိုအပ်ပေသည်။
“ဟူး...”
ဝူယု အသက်ကို ခပ်ပြင်းပြင်း ရှူထုတ် လိုက်မိသည်။ သူ၏ လက်များက မသိမသာ တုန်ရီနေ၏။
“သခင်လေးမှာ အဲဒီ ကပ်ဘေးကို တားဆီးဖို့ နည်းလမ်း ရှိလား”
၎င်းမှာ ချိပ်ပိတ်နယ်မြေ တစ်ခုလုံးနှင့် သက်ဆိုင်နေသည့် ကပ်ဘေး ဖြစ်လေရာ ကြောက်မက်ဖွယ် ကောင်းအောင် ကြီးမားမည်မှာ သေချာလှသည်။ ၎င်းကို မတားဆီးနိုင်ပါက မည်သည့် အကျိုးဆက်များ ဖြစ်လာမည်ကို တွေးကြည့်ရုံဖြင့်ပင် ကြက်သီးထဖွယ် ကောင်းလွန်းလှသည်။
ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်၏။
“ကျုပ်မှာ တားဆီးဖို့ ရည်ရွယ်ချက် မရှိဘူး ဆိုရင်ရော...”
“...”
ဝူယု အံ့သြသွား၏။ ဝေ့ဝူယင်မှာ မတားဆီးနိုင်ဟု မပြောခဲ့ချေ။ ထို့အစား... တားဆီးရန် ရည်ရွယ်ချက် မရှိဟုသာ ဆိုခဲ့သည်။
အခြားလူ တစ်ယောက်သာ ထိုစကားကို ပြောပါက တမင်မင်သက်သက် ကြီးကြီး ကျယ်ကျယ် ပြောနေခြင်းဟု ဝူယု ကောက်ချက်ချမိလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ယခုက ဝေ့ဝူယင် ဖြစ်လေရာ ဝူယု အပြည့်အဝ ယုံကြည်ပေသည်။ သူ ပြန်လည်၍ တည်ငြိမ်သွား၏။
“ကြည့်ရတာ ဒီရာစုနှစ်က တော်တော် စိတ်လှုပ်ရှားစရာ ကောင်းမယ့်ပုံပဲ”
ဝူယုက ရယ်မောလိုက်၏။ သူ့စိတ်အတွင်းမှ ကြောက်ရွံ့မှုများက လျှင်မြန်စွာပင် လွင့်စဉ်သွားသည်။ ထို့အစား အနာဂတ် အတွက် စိတ်လှုပ်ရှားမှုများကိုသာ သူ ခံစားလိုက်ရ၏။
"အမှန်ပဲ...”
ဝေ့ဝူယင်က ခေါင်းညိတ်ရင်း စိတ်အား ထက်သန်စွာ သဘောတူလိုက်၏။
“ဒါကြောင့်ပဲ ရည်ရွယ်ထားတဲ့ အချိန်ထက် စောပြီး ကျုပ်ရဲ့ အစီအစဉ် အားလုံးကို ဒီနေရာမှာ အကောင်အထည် ဖော်ဖို့ ဆုံးဖြတ်လိုက်တာပဲ”
မိနစ် အနည်းငယ်ကြာ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီး နောက်၌ သူတော်စင် ခုနစ်ပါး ထောက်တိုင် ကြယ်ကွင်းပြင်၏ ဗဟို တည်နေရာကို သူ ရှာတွေ့ခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ ကြယ်ကွင်းပြင် တစ်ခု မွေးဖွားမှု စတင်ခဲ့သော နေရာဟု ဆိုနိုင်ပေသည်။
ဝေ့ဝူယင် အချက်ပြလိုက်သည်နှင့် တစ်ပြိုင်နက် ပိုင်လင်မှာ ထိုနေရာကို ကြောက်လန့်ဖွယ် အမြန်နှုန်းဖြင့် ပျံသန်း သွားခဲ့သည်။ ဝူယုမှာ နောက်မှ တိတ်တဆိတ်ပင် လိုက်လာခဲ့၏။ ထူးဆန်းစွာပင် ထိုအခိုက်၌ သူ၏ စိတ်များက ပြန်လည် တည်ငြိမ်လာကာ အကြွင်းမဲ့ ယုံကြည်ချက်များနှင့် ပြည့်နှက်လာသည်ကို ဝူယု သတိထား လိုက်မိ၏။ ကြည့်ရသည်က ဝေ့ဝူယင်၏ စိတ်အခြေမှာ တစ်နည်းတစ်ဖုံ သူ့အပေါ် သက်ရောက် လာခဲ့ဟန် ရလေသည်။
ဟူး... ဟူး...
မကြာခင် သူတို့ သုံးဦးမှာ သူတော်စင် ခုနစ်ပါး ထောက်တိုင် ကြယ်ကွင်းပြင်၏ ဗဟို တည်နေရာကို ရောက်ရှိလာခဲ့၏။ ပတ်ဝန်းကျင်ကို တစ်ခဏမျှ လေ့လာပြီးနောက် ဝေ့ဝူယင်က သူ့ ရှန့်ထို လက်စွပ်နှင့် ဆက်သွယ်ကာ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
“သတိထား...”
ဝေ့ဝူယင်၏ စကားအဆုံးတွင်ပင် အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေ၏ အပျက်အစီး မန်နာများမှာ အရှိန်အဟုန်နှင့် စီးထွက်လာခဲ့၏။
ဘုန်း... ဘုန်း...
ထို့နောက်... ၎င်းတို့က ပတ်ဝန်းကျင်ကို အရှိန်အဟုန်နှင့် စတင် ဖြန့်ကျက်ရာ အရာရာကို ဝါးမြို ကြလေတော့သည်။ ထိုအထဲ၌ အမတေနှင့် စွမ်းအင်များ မပါဝင်ချေ။ အားလုံးက အကြမ်းထည် အပျက်အစီး မန်နာများသာ ဖြစ်သည်။ ၎င်းတို့မှာ ဝေ့ဝူယင်၏ ထိန်းချုပ်မှု အောက်၌ လှုပ်ရှားနေကာ သူတို့ဘေးပတ်လည်တွင် လှပစွာ ကခုန် နေခဲ့လေ၏။
ဝူယု တစ်ယောက်ကို ထိုမြင်ကွင်းကို ထိတ်လန့် အံ့သြစွာ ကြည့်နေခဲ့မိသည်။ သို့သော်လည်း... မူလ အဆင့် လျှို့ဝှက် ဝိညာဉ်နှင့် အတူ သူ ထိုမန်နာများကို ရင်ဆိုင်ရန် ယုံကြည်ချက် ပြည့်ဝစွာ ရှိပေသည်။
မကြာခင်မှာပင် မန်နာများမှာ စက်ဝိုင်း တစ်ခု သဏ္ဌာန်ကို ရယူကာ ပတ်ဝန်းကျင်ကို စတင် ဖြန့်ကျက် ကြလေ၏။ တဒင်္ဂ အတွင်းမှာပင် ၎င်းတို့မှာ မိုင်ထောင်ပေါင်းများစွာကို ရောက်ရှိသွားကာ ထိုမှ တစ်ဆင့် မိုင်ပေါင်း တစ်သောင်း၊ တစ်သိန်းလောက် အထိ ဆက်လက် ဖြန့်ကျက်သွား၏။ နောက်ဆုံး မိုင်ပေါင်း လေးသိန်းလောက် အထိ ရောက်ရှိမှသာ ရပ်တန့် သွားခဲ့ကြသည်။ ဝေ့ဝူယင်၊ ဝူယုနှင့် ပိုင်လင်တို့မှာ ထိုစက်ဝိုင်းကြီး၏ အလယ်ဗဟို တည့်တည့်၌ ရှိနေခဲ့ကြ၏။
အကယ်၍ အပြင်ဘက်မှ လူများသာ ထိုဧရိယာကို ဝိညာဉ်အာရုံဖြင့် ဖြန့်ကျက် ကြည့်ပါက မည်သည့် တုန့်ပြန်မှုကိုမှ ရရှိလိမ့်မည် မဟုတ်ချေ။ အရာအားလုံး အသက်မဲ့နေသည့် တည်နေရာ တစ်ခုကိုသာ သူတို့ တွေ့မြင် ရလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင် အဆောင် တစ်ချို့ကို ထုတ်ယူကာ အပျက်အစီး မန်နာများကို အခြေခံ အဖြစ် သုံး၍ ဝင်္ကပါ တစ်ခု တည်ဆောက်လိုက်၏။ ထို့နောက်... ထိုမိုင်ပေါင်း လေးသိန်း ဧရိယာကို အပြင်ဘက်မှ လုံးဝ စူးစမ်းခြင်း မပြုနိုင်အောင် ထိထိရောက်ရောက် ဖုံးကွယ်လိုက်သည်။
“မယုံကြည်နိုင်စရာပဲ...”
ဝူယုက အာမေဋိတ်သံ ခပ်တိုးတိုး ပြုလိုက်၏။ ဝေ့ဝူယင်က ရပ်တန့်ခြင်း မပြုချေ။ ဆက်စပ်မှု စစ်အလံကို ထုတ်ယူကာ လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်၏။
ဝှစ်... ဝှစ်...
ချက်ချင်း ဆိုသလိုပင် အလင်းပေါင်း တစ်သောင်းမှာ အပြင်သို့ ပျံသန်း ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင်တော့ စစ်သည်ပေါင်း တစ်သောင်းမှာ အရိုးစု စစ်မြင်းကို စီးနင်းထားသည့် ကျန့်ကျန့်၏ ဦးဆောင်မှု အောက်တွင် ဝင်္ကပါ တစ်ခု အသွင်ကို ယူလိုက်ကြတော့သည်။
ဝူယု၏ မျက်လုံးများမှာ မထိန်းချုပ်နိုင်အောင် ပြူးကျယ် သွားခဲ့၏။ ဆက်စပ်မှု စစ်အလံ၏ ဇစ်မြစ်နှင့် စွမ်းအားများ အကြောင်းကို သူ ဝေ့ဝူယင်ထံမှ ယခုလေးတင် ကြားခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း... မြေကြီး ရှန့်ထိုပေါင်း တစ်သောင်းကို တစ်ပြိုင်နက်တည်း တွေ့လိုက်ရခြင်းက သူ့ စိတ်နှလုံးကို မယုံကြည်နိုင်မှုဖြင့် ရပ်တန့်လုနီးနီး ဖြစ်သွားစေခဲ့သည်။
“...”
တပ်ရင်း ကွန်မန်ဒါ ကျန့်ကျန့်နှင့် စစ်သည်ပေါင်း ၉၉၉၉ ယောက်မှာ ပုံသေ ဟင်းလင်းပြင်ကို မြေပြင် တစ်ခုသဖွယ် သဘောထားကာ ဝေ့ဝူယင်အရှေ့တွင် ညီညာစွာ ဒူးထောက် လိုက်ကြ၏။ ထိုမြင်ကွင်းမှာ ဝူယု၏ ဘဝ တစ်လျှောက် မြင်တွေ့ဖူးသမျှထဲ၌ အကြီးကျယ် အခမ်းနားဆုံးသော မြင်ကွင်းဖြစ်ပေသည်။ ထိုအခိုက်၌ အံ့သြမှင်သက်မှုကြောင့် သူ၏ အသက်ရှူသံများပင် တဒင်္ဂမျှ ရပ်တန့် သွားခဲ့ပြီ ဖြစ်လေသည်။
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။
“ဒီနေ့စ ပြီး... ကျုပ်တို့တွေ အာရုဏ်ဦး ပုန်ကန် ကြယ်တာရာကို တည်ဆောက်ကြမယ်... ဒီနေရာက ကျုပ်တို့ရဲ့ အကြီးကျယ်ဆုံး ခံတပ်၊ ကျုပ်တို့ရဲ့အိမ် ဖြစ်လာလိမ့်မယ်... နားလည်ကြလား”
“ဟူး...”
မြေကြီး ရှန့်ထို တစ်သောင်းမှာ သူတို့ နားလည်ကြကြောင်း ပြိုင်တူပင် အော်ဟစ် လိုက်ကြ၏။ ပြင်းထန်သည့် အသံလှိုင်းများ အောက်၌ ဝေ့ဝူယင်၏ ဝတ်စုံမှာ တဖျပ်ဖျပ် လွင့်ခါသွားခဲ့သည်။ ၎င်းကပင်လျှင် ဝေ့ဝူယင်၏ အသွင်အပြင်ကို ပိုမို မြင့်မြတ် ထည်ဝါသွားစေသယောင် ထင်ရ၏။
“ဂီး...”
ပိုင်လင်ကလည်း ဟစ်ကြွေးလိုက်၏။ သူမ၏ မျက်လုံးများက အဆုံးမဲ့ ပျော်ရွှင်မှုများ၊ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက် နေလေသည်။ သူတို့ထံတွင် အိမ်ဆိုသည့် အရာ မရှိခဲ့သည်မှာ အလွန်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
“ခုအချိန်က စလို့ ဒီနေကြယ်နဲ့ အလင်းကျရောက်သမျှ နေရာအားလုံးဟာ ကျုပ်တို့ အားလုံး ပုန်ကန်မယ့် အခြေခံ အုတ်မြစ် ဖြစ်လိမ့်မယ်... အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် သုံးပါးလုံးမှာ မျှော်လင့်ချက် ဖြစ်စေ၊ ရန်သူတွေ ဖြစ်စေ၊ ဓလေ့ထုံးတမ်းတွေ ဖြစ်စေ အားလုံးကို ပုန်ကန်ရင်း ခေတ်သစ် တစ်ခုကို ကျုပ်တို့ တည်ဆောက်ကြမယ်... အဲဒါက ကျုပ်တို့ ဒီနေရာကို ရောက်လာရတဲ့ အကြောင်းရင်း ဖြစ်သလို ရည်ရွယ်ချက်လည်း ဖြစ်တယ်”
***