ကြယ်တာရာများ၏ သမိုင်း
Vol. 93 Ch. 1290
လွန်ခဲ့သည့် နှစ်ပေါင်းများစွာ၊ ခေတ်ကြီး လေးခေတ် အလွန်က ကျင့်ကြံသူ အုပ်စု တစ်ခုမှာ မွေးဖွားလာခဲ့ကာ ထက်မြက်သည့် ကျင့်ကြံခြင်း၊ မြင့်မားသည့် ရည်ရွယ်ချက်များနှင့် အတူ အင်ပါယာ ကလန် တစ်ခုကို တည်ဆောက် ခဲ့ကြလေသည်။ သူတို့မှာ ချိပ်ပိတ်နယ်မြေ၏ ပထမဆုံးသော အင်ပါယာ ကလန် ဖြစ်လာခဲ့လေသည်။
သူတို့ စတင် ဖော်ဆောင်လိုက်သည့် အုပ်ချုပ်မှု စနစ်မှာ ကျင့်ကြံခြင်း ကျင့်ကြံခြင်း မြေလှန် ပြောင်းလဲမှု တစ်ခုကို ဦးတည်သွားစေခဲ့ကာ လူမှုရေး စံနှုန်းများတွင် ပြင်းထန်သည့် ပြောင်းလဲမှုများကို ဖြစ်ပေါ် လာစေခဲ့လေသည်။ ဤသို့နှင့် အလံတစ်ခုတည်း၊ ရည်ရွယ်ချက် တစ်ခုတည်းအောက်တွင် မတူကွဲပြားမှု များစွာ စုပေါင်းနေသည့် ကျင့်ကြံခြင်း လူ့အဖွဲ့အစည်း တစ်ခု အစပျိုးလာခဲ့လေသည်။
ထိုခေတ်ကြီးမှာ မရေမတွက်နိုင်သည့် အခက်အခဲများ၊ လှုပ်ရှား ရုန်းကန်ရမှုများနှင့် ပြည့်နှက် နေခဲ့သော်လည်း လျှို့ဝှက် အာဏာရှင် အဆင့်များမှာ အဆက်မပြတ် မွေးဖွားလာခဲ့သည်။ သူတို့က အသက် ပိုမို ရှည်လျားစွာ နေနိုင်လာကြကာ ကြီးကျယ် ခမ်းနားသည့် စွမ်းအားများကို ထုတ်ဖော်လာနိုင်ကြသည်။ သေမျိုးများ စိတ်ကူးပင် မယဉ်နိုင်သည့် အံ့ဖွယ်အရာများကို လုပ်ဆောင်လာနိုင်ကြသည်။
ထိုခေတ်ကြီးကို လျှို့ဝှက် ဉာဏ်အလင်း ရရှိခြင်းခေတ်ဟု ခေါ်ဆိုကြသည်။ ထိုကြီးကျယ်ခမ်းနားလှသော ပထမခေတ်ဦးမှာ လွန်ခဲ့သည့် နှစ်ပေါင်း ငါးသောင်း ရှစ်ထောင်ခန့်တွင် အစပျိုးခဲ့ကာ လွန်ခဲ့သည့် နှစ်ပေါင်း ငါးသောင်း ခြောက်ထောင်ခန့်၌ ပျက်သုဉ်းခဲ့ပေသည်။ တစ်နည်းအားဖြင့် နှစ်ပေါင်း နှစ်ထောင် အတွင်းမှာပင် အဆုံးသတ်ကို ရောက်ရှိခဲ့သည်ဟု ဆိုနိုင်ပေသည်။
အဘယ်ကြောင့်နည်း။ ရိုးရှင်းစွာ ဆိုရလျှင် စည်းလုံး ညီညွှတ်မှု ပြိုကွဲခြင်းကြောင့်ပင် ဖြစ်သည်။
စည်းလုံး ညီညွှတ်မှု...
ရိုးရှင်းသည့် စကားလုံးတစ်ခုသာ ဖြစ်သည့်တိုင် ခေတ်တစ်ခေတ် အတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံ အုတ်မြစ် ဖြစ်ပေသည်။ စည်းလုံး ညီညွှတ်မှု မရှိပါက မလွဲမသွေပင် ပဋိပက္ခများ ပေါ်လာကာ ဟန်ချက်ညီမှု ပျောက်ဆုံးသွားလိမ့်မည် ဖြစ်သည်။
ထိုခေတ်ကာလက အင်ပါယာ ကလန်မှာ ကူးလူး ဆက်ဆံရေးနှင့် ဖွံ့ဖြိုးမှုတို့ အတွက် တစ်လောကလုံးကို သူတို့၏ အလံအောက်တွင် စုစည်းခဲ့ကြသည်။ သို့သော်လည်း... အရှိန်အဟုန်နှင့် ပေါက်ကွဲ တိုးတက်လာနေသည့် ကျင့်ကြံသူများ၏ လောဘများကို ထိန်းသိမ်းရန် သူတို့၏ ခွန်အားက အားနည်းလွန်းလာသော အခါ ကိုယ်တိုင် လဲပြိုကာ သေဆုံးခြင်းနှင့် ဖျက်ဆီးခြင်းတို့ ပြည့်နှက်နေသည့် ချောက်နက် တစ်ခုထဲ ကျဆင်း သွားခဲ့သည်။ သို့သော်လည်း သူတို့၏ ကြိုးပမ်း အားထုတ်မှုများဖြင့် အင်ပါယာ စနစ်ကတော့ ဆက်လက် ရှင်သန်ခဲ့ကာ နောက်ခေတ်သစ် တစ်ခုထဲကို ဆက်လက် လျှောက်လှမ်းနိုင်ခဲ့ပေသည်။
ဤသို့နှင့် အင်ပါယာ ကလန်မှာ ဆက်လက် ရပ်တည် နိုင်ခဲ့သည်။ သူတို့မှာ ခေတ်သုံးခေတ်၏ အင်ပါယာများ ဖြစ်လာခဲ့သည်။ သို့သော်လည်း... သူတို့၏ ခွန်အားမှာ အင်အားစုများ အကြားမှ စစ်ပွဲများကို မတားဆီးနိုင်လောက်အောင် အားနည်းခဲ့ပေသည်။
ဤသို့နှင့် ကြယ်ကြွေ စစ်ပွဲများ စတင်ခဲ့သည်။ အသက် ရင်းမြစ်များ လုယူခံရလေရာ မရေမတွက်နိုင်သည့် လူများ သေဆုံးခဲ့ရသည်။ အမှောင် ဟင်းလင်းပြင်၏ အအေးဓာတ်က သူတို့၏ ခန္ဓာကိုယ်များ အတွင်း တိုးဝင်ကာ အသက်များကို ရက်စက်စွာ ရိတ်သိမ်းခဲ့သည်။ တစ်ချိန်က ကျယ်ပြန့်ပြီး သက်ဝင် လှုပ်ရှား နေခဲ့သည့် ကြယ်ကွင်းပြင်များစွာမှာ လူသူ ကင်းမဲ့သော အပျက်အစီး နယ်မြေများ အဖြစ် ပြောင်းလဲ သွားခဲ့သည်။
အပြန်အလှန်အားဖြင့်... ကျင့်ကြံသူများမှာ သူတို့ကို သေမျိုးတစ်ပိုင်း အရှင် အဆင့်များ ဖြစ်လာစေရန် ခွင့်ပြုပေးနိုင်သည့် ပတ်ဝန်းကျင်များကို ဖန်တီးနိုင်ခဲ့သည်။ ကျင့်ကြံသူများ အတွက် ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအား အဆင့်တစ်ခုကို ရောက်ရှိရန် တံခါးပွင့်လာခဲ့သည်။
ထိုကဲ့သို့ ဖရိုဖရဲ အခြေအနေများ ကြားမှပင် အင်ပါယာ ကလန်မှာ ဆက်လက်၍ တည်တံ့ခဲ့သည်။ သို့သော်လည်း... အားနည်းသူများ၏ အသံများမှာ သေဆုံးနေခဲ့ကာ ကျင့်ကြံသူများ၏ လောဘများကသာ နေရာ အနှံ့ လွှမ်းခြုံနေခဲ့သည်။ ဤသို့နှင့် အင်ပါယာ ကလန် အတွင်း ကျင့်ကြံခြင်း အဆင့်သစ် တစ်ခု ဖြစ်သည့် သေမျိုး တစ်ပိုင်း အရှင် အဆင့်ကို ချိုးဖျက်နိုင်သော ကျင့်ကြံသူ တစ်ဦး ပေါ်လာခဲ့သည်။ သူက ကောင်းကင်၏ ဆန္ဒ၊ လူမျာ၏ ဆန္ဒကို ကိုယ်စားပြုကာ စည်းလုံးမှု တည်းဟူသော အခြေခံဖြင့် အင်ပါယာ၏ သြဇာအာဏာကို ဖြန့်ကျက် ခဲ့သည်။
လူများက ထိုသူရဲကောင်းကို “ဝူ” ဟု အမည်ပေးခဲ့ကြသည်။ ထိုခေတ်ကာလက “ဝူ” ဆိုသည့် စကားလုံးမှာ “ကယ်တင်သူ” ဟု အဓိပ္ပာယ် ရပေသည်။ မကြာခင်မှာပင် အင်ပါယာ ကလန်မှာ ထိုနာမည်ကို မွေးစားကာ ဝူ ကလန် ဖြစ်လာခဲ့သည်။ သူတို့ ပြန်လည် အုပ်စိုးလာသည့် ခေတ်ကို “ကောင်းကင်ချည်နှောင် အင်ပါယာခေတ်” ဟု ခေါ်ဆိုကြသည်။
မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ သမိုင်း စာအုပ်များထဲတွင် ဝူမျိုးနွယ် အကြောင်း ဖော်ပြထားချက်များမှာ အလွန်ပင် ကွဲပြားလှသည်။ အချို့က ဝူတို့မှာ ကိုယ်ပိုင် ရည်ရွယ်ချက်များကိုသာ ဂရုစိုက်ကာ အာဏာနောက်ကို လိုက်သည့် အဖွဲ့အစည်း တစ်ခု အဖြစ် ဖော်ပြကြသည်။ အချို့ကလည်း အလွန် ရက်စက် ကြမ်းကြုတ်သည့် ခေါင်းဆောင်များ အဖြစ် ရေးသားကြသည်။ အချို့ကလည်း အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ ဧရာမ နေကြယ်ကြီးကို ဖန်တီးခဲ့သည့် ကြီးကျယ် ခမ်းနားသူများ အဖြစ် မှတ်တမ်းတင်ကြသည်။
ဝူမျိုးနွယ်၏ အာဏာရှင်ဆန်သော သမိုင်းကြောင်းကို နှစ်သက်သူ အနည်းငယ်သာ ရှိသော်လည်း သူတို့မှာ ကျင့်ကြံခြင်း လူ့အဖွဲ့အစည်း အတွက် အလွန် အရေးကြီသည့် စည်းမျဉ်း တစ်ခုကို ချမှတ်ခဲ့ပေသည်။ ၎င်းက “အင်အား အကြီးဆုံးသည်သာ အုပ်စိုးနိုင်သည်” ဟူ၍။
သမိုင်းကို အောင်နိုင်သူကသာ ရေးထိုးကြရိုး ထုံးစံ ရှိ၏။ ဝူမျိုးနွယ်၏ အာဏာရှင်ဆန်သော သမိုင်းကြောင်းကို ရေးထိုးခဲ့ကြသူများမှာ သူတို့ကို ဖြုတ်ချခဲ့သည့် အင်ပါယာ ထျန်းကလန် ဖြစ်လေရာ အစစ်အမှန် သမိုင်းကြောင်းတွင် ဖြစ်ပျက်ခဲ့သည်များနှင့် လွဲမှားကောင်း လွဲမှားနိုင်ပေသည်။
ဧရာမ အရွယ်အစား ရှိသည့် နေကြယ်ကြီးအား ဖန်တီးခဲ့ခြင်းမှာ ဝူမျိုးနွယ် အတ္တကင်းမဲ့ခဲ့ကြောင်း ထင်ရှားလှသည့် သက်သေ တစ်ခု ဖြစ်သည်။ သူတို့မှာ မိမိမျိုးနွယ် ကောင်းစားရေးထက် ကျင့်ကြံခြင်း လောက၏ အနာဂတ်ကို ရှေ့တန်းတင်ခဲ့သည်။ အဆိုပါ နေကြယ်ကြီးအား ဖန်တီးခဲ့မှုကပင် သူတို့ကို အလွန်အမင်း အားနည်း သွားစေခဲ့ကာ ခေတ်သုံးခေတ်အား အုပ်စိုးခဲ့သည့် အင်ပါယာကို ပျက်သုဉ်းခဲ့ရသည်။ သမိုင်းတွင် လူဆိုးများ အဖြစ် စာရင်းသွင်းခံခဲ့ရသည်။ သို့သော်လည်း တစ်ခါတစ်ရံ၌ အမှန်တရားမှာ ခွင့်လွှတ်စရာ မရှိလောက်အောင် ရက်စက်လွန်းလှသည်။
နောက်ထပ်ခေတ် တစ်ခု ဖြစ်သည့် အမှောင်ကြယ်တာရာ ခေတ်မှာလည်း ကြယ်ကြွေ စစ်ပွဲများ ခေတ်တုန်းကလိုပင် အဆုံးမဲ့ ကြမ်းတမ်း ခက်ထန်မှု၊ ရက်စက်မှုများနှင့် ပြည့်နှက်နေသော ခေတ်တစ်ခေတ် အဖြစ် စတင်ခဲ့သည်။ တစ်ဦးတည်းသော မြေကြီး ရှန့်ထို ပေါ်လာသော အခါမှသာ ငြိမ်းချမ်းသော ခေတ်တစ်ခေတ် အဖြစ် အစပျိုးခဲ့ခြင်း ဖြစ်သည်။ နတ်ဘုရား အင်ပါယာမှာ ထီးနန်းကို သိမ်းပိုက်ခဲ့သည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကို ထူထောင်ခဲ့သည်။ ထျန်းမျိုးနွယ်မှာ လျှို့ဝှက် ကျိန်စာ ယဉ်ကျေးမှု တစ်ရပ်ကို ဖန်တီးခဲ့ကာ မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို စိုးမိုးခဲ့သည်။ ၎င်းကို အဆုံးမဲ့ ကောင်းကင်ခေတ်ဟု ခေါ်၏။
ချိပ်ပိတ်နယ်မြေမှာ လွန်ခဲ့သည့် နှစ်ပေါင်း ခြောက်သောင်း အတွင်း အပြောင်းအလဲ များစွာ ဖြစ်ပွားခဲ့ကာ တစ်ဒါဇင်ကျော်သော ကြယ်ကွင်းပြင်များမှာ တစ်ခုတည်း အဖြစ် လျော့ကျသွားခဲ့သည်။ ဧရာမ အရွယ်အစား နေကြယ်ကြီး၏ တည်ရှိမှုနှင့် အတူ ထိုနေရာ တစ်ခုတည်းသာလျှင် သက်ဝင် လှုပ်ရှား စည်ပင်လှသည့် နောက်ဆုံးသော ကျင့်ကြံခြင်း လူမှု အဖွဲ့အစည်း အဖြစ် ကျန်ရစ်ခဲ့သည်။ ၎င်းသည်ကား ချိပ်ပိတ်နယ်မြေကြီး သမိုင်းကြောင်း တစ်ဖြစ်တည်း မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ သမိုင်းပင် ဖြစ်လေသည်။
...
သူတော်စင် ခုနစ်ပါး ထောက်တိုင် ကြယ်ကွင်းပြင် တည်ရှိခဲ့ရာ နေရာဟောင်း၌...
“မယုံကြည်နိုင်စရာပဲ...”
မြေကြီးရှန့်ထို တစ်သောင်း၏ အကြားတွင် ရပ်ရင်း ဝူယု၏ နှလုံးသားမှာ အံ့သြ ထိတ်လန့်မှုများနှင့် အဆက်မပြတ် တုန်ခါ နေခဲ့၏။ ထိုအခိုက်၌ သူတို့ အားလုံးမှာ နဂါးခေါင်းဆောင်း မြေကြီး ရှန့်ထို၏ အမိန့်နှင့် အတူ အရပ် ဆယ်မျက်နှာတွင် စက်ဝိုင်း သဏ္ဌာန် စုဝေးကာ လျှို့ဝှက် စွမ်းအင်များကို အလင်းစက်ဝန်း တစ်ခုထံ သွန်းလောင်း နေကြခြင်း ဖြစ်သည်။
အကယ်၍ သေချာကြည့်မည် ဆိုပါက သူတို့ သွန်းလောင်းနေသည့် လျှို့ဝှက် စွမ်းအင်များထဲတွင် နေကြယ် ဖန်တီးခြင်း၏ ဂုဏ်သတ္တိ တစ်မျိုး ဖြစ်သည့် ကြယ်စွမ်းအားများ ပါဝင်နေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ သေမျိုး တာအို၏ အထွတ်အထိပ် ဖြစ်သည့် ကြယ်တာရာ သခင်များမှာ အလွန်အမင်း အစွမ်းထက်သည်ဟု ကျော်ကြားသည်။ သို့သော်လည်း... သူတို့မှာ နေကြယ်များကို ဖန်တီးနိုင်စွမ်း မရှိချေ။
သူတို့ကိုယ်တိုင်ကိုတော့ နေကြယ်များဟု ဆိုကောင်း ဆိုနိုင်လိမ့်မည် ဖြစ်သည်။ သူတို့၏ ကြယ်တာရာ အမြုတေများမှာ နေကြယ်တစ်ခု၏ မျိုးစေ့များ ဖြစ်သည်။ သူတို့ သေဆုံးသော အခါ သေမျိုး တာအိုမှာ ထိုမျိုးစေ့များကို ယူဆောင်ကာ ကြီးထွားစေလျှက် သဘာဝ နေကြယ် ဖန်တီးခြင်း ဖြစ်စဉ်ကို စတင်လေ့ ရှိသည်။ ထို့ကြောင့်ပင် သေမျိုးတာအို မပြိုလဲသရွေ့ နေကြယ်များမှာ အပြောကျယ်လှသော အမှောင် ဟင်းလင်းပြင် အတွင်း တည်ရှိနိုင်ခြင်း ဖြစ်သည်။
သို့သော်လည်း... သေမျိုး အကန့်အသတ်ကို ကျော်လွန်ပြီးကြသူများကတော့ နေကြယ် တစ်စင်း၏ မျိုးစေ့များကို ဖန်တီးလာနိုင်ကြသည်။ တစ်ခါတုန်းက ဝေ့ဝူယင်မှာ နေကြယ်တစ်စင်း၏ တည်ဆောက်ပုံကို ဖန်တီးပေးဖို့ မာ့ကျန်းကို ခိုင်းစေခဲ့သည်။ ထိုအခါ မာ့ကျန်းက သာမန် မျိုးစေ့ တစ်ခုကို ဖန်တီးပြခဲ့သည်။ ထို့အပြင်... သူက ထိုနေကြယ် မျိုးစေ့ကို ကြယ်တာရာ စွမ်းအင်ဖြင့် ဆက်သွယ်ကာ အသက်ဝင် စေခဲ့သည်။
နေကြယ် တစ်ခု၏ မျိုးစေ့မှာ နေအမတေ၊ ရောင်စဉ် ထုတ်လွှတ်မှု စသည်ဖြင့် နေကြယ်တစ်စင်း၏ အရည်အသွေးများကို ဆုံးဖြတ်ပေးနိုင်စွမ်း ရှိသည်။ ကြယ်စွမ်းအင် ဆက်သွယ်မှုကတော့ ၎င်း၏ အရွယ်အစားကို ဆုံးဖြတ်ပေးသည်။ ကံမကောင်းစွာပင် ထိုနည်းဖြင့် ပြုလုပ်ထားသည့် မျိုးစေ့များကို လူမှု အဖွဲ့အစည်းက “အတုအယောင်” ဟူ၍ တံဆိပ်ကပ်ကြသည်။
အဘယ်ကြောင့်နည်း။
ထိုဖြစ်စဉ်ဖြင့် ဖန်တီးထားသည့် နေကြယ်များမှာ သဟဇာတ မဖြစ်ခြင်းကြောင့်ပင် ဖြစ်သည်။ ၎င်းတို့မှာ ကိုယ်ပိုင် ဝင်ရိုးများထက် ကောင်းစွာ လည်ပတ်နိုင်ခြင်း မရှိသလို ကောင်းကင်ဘုံ၏ နိယာမများနှင့် အတူ ညီညွှတ်မျှတသည့် အလင်းတန်းများကိုလည်း ထုတ်လွှတ်နိုင်စွ၎်း မရှိလှချေ။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့ကို သေမျိုးတာအိုက ငြင်းပယ်သောကြောင့်ပင် ဖြစ်၏။ ထိုကဲ့သို့ ကစဉ့်ကလျား အခြေအနေများကို ထိန်းချုပ်နိုင်မည့် အစွမ်းထက် ဝင်္ကပါများနှင့် အစီအရင်များ မရှိပါက နေကြယ်များမှာ ရည်ရွယ်ချက်မဲ့စွာ လွင့်မြောနေသည့် စွမ်းအင်လုံးကြီးများသာ ဖြစ်လိမ့်မည် ဖြစ်သည်။
ထိုအရာ အားလုံးမှာ လျှို့ဝှက် တာအို၏ စွမ်းအားကို အသုံးပြုခဲ့သည့် ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သေမျိုးတာအိုသာလျှင် မက တန်ခိုးရှင် တာအိုနှင့် ကောင်းကင်တို့မှာလည်း ၎င်းကို လက်ခံလိမ့်မည် မဟုတ်ချေ။ လောက၏ စီးဆင်းပုံ အရ... မည်သည့် တာအိုကမျှ သူတို့၏ နယ်မြေထံ ရောက်ရှိလာသည့် မမျှသော ကျူးကျော်မှုကို လက်သင့်ခံလိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့ ပြုလုပ်ရန် တောင်းဆိုခြင်းမှာ သူတို့၏ အာဏာကို စွန့်လွှတ်ရန် တောင်းဆိုခြင်းနှင့် အတူတူပင် ဖြစ်သည်။
သို့သော်လည်း... ဝေ့ဝူယင်မှာ ထိုဖြစ်စဉ်ကို ပုံဖော်ရန် အတွက် သေမျိုးတာအို၊ လျှို့ဝှက် တာအို၊ ကောင်းကင်နှင့် အပျက်အစီး မန်နာတို့ ငြင်းပယ်ခြင်း မပြုသော ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို အခြေခံ အဖြစ် သုံးခဲ့သည်။ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်မှာ မူလ ဥပဒေသ ဖြစ်လေရာ မည်သည့် ခုခံမှုမှ မရှိပဲ အတုအယောင် နေကြယ် အတွင်းရှိ စွမ်းအင်အားလုံး လက်ခံအောင် ထောက်ပံ့ပေးနိုင်ပေသည်။
မဟုတ်ပါက... နေကြယ်အမြုတေမှာ ရိုးရှင်းစွာပင် ပေါက်ကွဲသွားလိမ့်မည် ဖြစ်သည်။ ဧရာမ နေကြယ်ကြီးကို ဖန်တီးရာ၌ လျှို့ဝှက် အာဏာရှင် အဆင့်ပေါင်းများစွာ သေဆုံးရသည့် အကြောင်းရင်းမှာ သဘာဝ နေကြယ်များထဲကို လျှို့ဝှက် စွမ်းအင်များ အတင်းအကြပ် ပေါင်းထည့်ဖို့ ကြိုးပမ်းခဲ့သည့် ရလဒ်၏ နောက်ဆက်တွဲ တန်ပြန် ရိုက်ခတ်မှုကြောင့်ပင် ဖြစ်သည်။ ထိုမျှ ကြီးမားသည့် နေကြယ် တစ်စင်း၏ ဆိုလာ မီးတောက်များမှာ သေမျိုးတစ်ပိုင်း အရှင် အဆင့်များ၏ အသက်ကိုပင် ယူဆောင်နိုင်စွမ်း ရှိပေသည်။
မာ့ကျန်း ဖန်တီးထားသည့် နေကြယ်ကို ကိုယ်ပိုင် ဆန္ဒနှင့် ချိတ်ဆက်ခဲ့ပြီး နောက်တွင် သေမျိုး တာအို၊ လျှို့ဝှက်တာအိုနှင့် တန်ခိုးရှင် တာအိုတို့မှာ မူလ ဥပဒေသနှင့် အတူ သဟဇာတ ဖြစ်စွာ ပေါင်းစပ်နိုင်ကြောင်း ဝေ့ဝူယင် တွေ့ရှိခဲ့ရသည်။ ၎င်းကို မည်သည့် တာအိုကမှ ငြင်းဆန်ခြင်း မပြုတော့ချေ။
ဘုန်း... ဘုန်း...
ထိုအခိုက်၌ ဝူယု အပါအဝင် မြေကြီး ရှန့်ထိုပေါင်း တစ်သောင်းနှင့် တစ်ယောက်မှာ သူတို့၏ ကြယ်စွမ်းအင်များကို ဆုံမှတ်တစ်ခုထံသို့ ပို့ဆောင်ရင်း နေကြယ်မျိုးစေ့ တစ်ခု၏ အခြေခံ အုတ်မြစ်ကို ဖန်တီး နေကြခြင်း ဖြစ်သည်။
၎င်းကား... မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း တစ်ခါမှ မတွေ့မမြင်ဖူးသည့် ကြီးကျယ် ခမ်းနားလှသော မြင်ကွင်းတစ်ခုပင်။
***