ရှေ့သို့ ခြေတစ်လှမ်း
Vol. 93 Ch. 1292
ဟူး... ဟူး...
နေကြယ်မျိုးစေ့ထဲကို ကြယ်စွမ်းအင်များ သွန်းလောင်းရင်း ဝူယု၏ လက်များမှာ တုန်ရီနေ၏။ သူ၏ နဖူးများက ချွေးစများနှင့် စိုရွှဲနေသည်။ ထိုအခိုက်၌ သူ၏ စိတ်များမှာ အံ့သြမှုများနှင့် ပြည့်နှက်နေခဲ့၏။ လအနည်းငယ် အတွင်းမှာပင် သူ ကျင့်ကြံထားသည့် လျှို့ဝှက် စွမ်းအင် အားလုံး၏ လေးဆယ် ရာခိုင်နှုန်းခန့်မှာ ကုန်ဆုံး သွားခဲ့ပြီ ဖြစ်သည်။ သူ့ ကဲ့သို့ အလားတူ လုပ်ဆောင်နေသည့် မြေကြီး ရှန့်ထို တစ်သောင်းလည်း ရှိပေသေးသည်။ သခင်လေးက မည်ကဲ့သို့ နေကြယ်မျိုးစေ့မျိုးကို ဖန်တီးနေသနည်း။
“သခင်လေး ဖန်တီးနေတာက ဘယ်လို နေကြယ်မျိုးပဲ ဖြစ်ဖြစ် အဆုံးမဲ့ ကောင်းကင် ရဲ့ နေကြယ်ထက် ပိုပြီး ကြီးကျယ်မယ် ဆိုတာ သေချာတယ်”
ဝူယု စိတ်ထဲမှ ဂုဏ်ယူစွာဖြင့် မှတ်ချက်ချလိုက်မိ၏။ သူ၏ မျက်လုံးများက အဝတ်ဗလာဖြင့် တင်ပျဉ်ချိတ် ထိုင်နေသည့် ဝေ့ဝူယင်ထံသို့ ရောက်ရှိသွားသည်။ လူငယ်၏ ခန္ဓာကိုယ်မှာ ပြီးပြည့်စုံ လွန်းသည်ဟု သူ တွေးလိုက်မိသည်။ မည်သည့် ရှုဒေါင့်မှ ကြည့်ကြည့် ချွတ်ယွင်းချက် တစ်ခုတစ်လေပင် မတွေ့ရချေ။ ကျန်းမာ သန်စွမ်းသော ဆံပင်များမှ အစ ကြွက်သားနှင့် အရိုး တည်ဆောက်ပုံများ အဆုံး အရာ အားလုံးက နတ်ဘုရားတို့ ထွင်းထုထားသလို ထင်မှတ်မှားရ၏။
နေကြယ် မျိုးစေ့၏ အခြေခံ တဖြည်းဖြည်း တည်ငြိမ်လာပြီး နောက်၌ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ ဖြည်းညင်းစွာပင် ပွင့်လာခဲ့၏။ ကြယ်စွမ်းအင်များမှာ ဆက်လက် တိုးဝင် လာနေဆဲ ဖြစ်သော်လည်း ဝေ့ဝူယင် တစ်ချက် တွေးလိုက်ရုံဖြင့်ပင် တပ်ရင်း ကွန်မန်ဒါ ကျန့်ကျန့်မှာ နားလည်စွာ ခေါင်းညိတ်လိုက်၏။
ဟူး... ဟူး...
မြေကြီး ရှန့်ထို တစ်သောင်း၏ စွမ်းအင်များမှာ တဖြည်ဖြည်းပင် လျော့ကျလာခဲ့၏။ အချိန်စွမ်းအင်က အသက်ဝင်လာကာ နေကြယ်မျိုးစေ့၏ တိုးတက်နေမှုကို တိကျသည့် အချိန် တစ်ခု အတွင်း အေးခဲ ပစ်လိုက်သည်။ ဝူယုမှာ သူ၏ လျှို့ဝှက် စွမ်းအင် စီးဆင်းမှုက တားဆီးခံလိုက်ရသလို ခံစားလိုက်ရ၏။ သူ စွမ်းအင် ဆက်သွယ်မှုကို ရပ်တန့်ကာ စောင့်ဆိုင်းလိုက်သည်။
ဝေ့ဝူယင်က တည်ငြိမ်စွာပင် မတ်တပ်ရပ်ကာ စစ်အမတေဖြင့် ဖန်တီးထားသည့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင် လိုက်သည်။ ထို့နောက်... သူက ဝူယုထံသို့ ပျံသန်းလာခဲ့၏။
“ကျုပ်တို့ ပြီးပြီလား...”
ဝူယုက မေးလိုက်သည်။ ဝေ့ဝူယင်က ဖြူရော်စွာ ပြုံးရင်း ခေါင်းခါပြလိုက်၏။
“ခုထိ တစ်ရာခိုင်နှုန်းတောင် မအောင်မြင်သေးဘူး... ကျုပ်အထင် ဒီလုပ်ငန်းက ဆယ့်နှစ်နှစ်ကနေ ဆယ့်ငါးနှစ်လောက် အထိ ကြာမြင့်လိမ့်မယ်... ပိုပြီးတော့လည်း ကြာချင်ကြာနိုင်မယ်... ကျုပ် အတိအကျကြီး မခန့်မှန်းနိုင်ဘူး”
နေကြယ်တစ်ခု ဖန်တီးသည့် ဖြစ်စဉ်မှာ လွယ်ကူ ရိုးရှင်းသည့် ဖြစ်စဉ် တစ်ခု မဟုတ်ချေ။ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ သဘာဝ နေကြယ်များကို ယူဆောင်ကာ ပေါင်းစပ်ဖို့ ကြိုးစားပါက ပိုမို လွယ်ကူကောင်း လွယ်ကူနိုင်သည့်တိုင် ဝေ့ဝူယင် ထိုကဲ့သို့ မလုပ်ချင်ပါချေ။ ထိုကဲ့သို့ လုပ်ခြင်းအားဖြင့် ကိုယ်ပိုင် ရည်ရွယ်ချက်များကို ဖြည့်စွမ်းနိုင်လိမ့်မည်ဟုလည်း ဝေ့ဝူယင် မထင်ချေ။
ဝေ့ဝူယင်၏ စကားလုံးများက ဝူယုကို ဆွံ့အ သွားစေခဲ့၏။ လွန်ခဲ့သည့် လပိုင်း အတွင်း သူနှင့် မြေကြီး ရှန့်ထို တစ်သောင်းဆက်သွယ် ပို့လွှတ်ပေးခဲ့သည့် လျှို့ဝှက် စွမ်းအင်များမှာ ပုံမဖော်နိုင်လောက်အောင် များပြား လွန်းလှသည်။ သူ တစ်ယောက်တည်း အနေဖြင့် ကြည့်မည် ဆိုလျှင်ပင် သူက လမ်းစဉ် ရှစ်ခု မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သည်။ ဒုတိယမြောက် ထျန်းတျန်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ၏ လျှို့ဝှက်စွမ်းအင် လေးဆယ် ရာခိုင်နှုန်းမှာ သာမန် နေကြယ်တစ်စင်းကို လွှမ်းခြုံ ပစ်ဖို့ပင် လုံလောက်သည်။
သို့တိုင်အောင် တစ်ရာခိုင်နှုန်းမျှ မအောင်မြင်သေးသည်လား။ ဝေ့ဝူယင်က မည်ကဲ့သို့ နေကြယ်မျိုးကို ဖန်တီးဖို့ ကြိုးပမ်းနေသနည်း။
ဝေ့ဝူယင်က ဝူယု၏ အမူအရာကို ကြည့်ကာ ရယ်မောလိုက်၏။
“နေကြယ်တစ်ခု ဖန်တီးတဲ့ နေရာမှာ ပထမဆုံး အပိုင်း ဖြစ်တဲ့ အခြေခံ တည်ဆောက်ခြင်း အပိုင်းက စွမ်းအင် အကုန်ဆုံး အပိုင်းပဲ... အဲဒီအပိုင်း ပြီးတာနဲ့ ပုံမှန်လေး သွားလို့ ရပြီ”
“ကျုပ် သဘောပေါက်ပြီ...”
ထိုရှင်းပြမှုကို နားထောင်ပြီး နောက်မှ ဝူယုမှာ အနည်းငယ် စိတ်သက်သာရာ ရသွားသလို ခံစား လိုက်ရသည်။
“ကျုပ် တစ်ခြား လုပ်စရာ ရှိသေးလား...”
စစ်ဝိညာဉ်များနှင့်လို ဝေ့ဝူယင်နှင့် သူ့အကြား ဆန်းကြယ်သည့် ဆက်သွယ်မှုမျိုး မရှိလေရာ ဝူယုမှာ အမိန့်များကို တိုက်ရိုက်ဆန်စွာ လက်ခံ ရရှိလေ့ ရှိပေသည်။
ဝေ့ဝူယင်က နေကြယ်မျိုးစေ့ဘက်ကို ပြန်လှည့်ကြည့်လိုက်၏။ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်၏ ထိန်းချုပ်မှုနှင့် အတူ ၎င်းမှာ အတော်လေး အခြေခိုင်မာနေပြီဟု ဆိုနိုင်ပေသည်။ သူ၏ ပထမ ရည်ရွယ်ချက်က ဤနေရာတွင်ပင် အေးအေးဆေးဆေး နေထိုင်ရင်း အနာဂတ် ကပ်ဘေးများ အတွက် ပြင်ဆင်ဖို့ ဖြစ်သည်။ သို့သော်လည်း... ရှောင်းပင်းနှင့် ဆက်နွယ်နေသည့် ထူးဆန်းသော သတိပေးမှု တစ်ခုကို ကောင်းကင်တာအိုထံမှ သူ ရရှိခဲ့သည်။ သူမကို သွားရောက် ရှာဖွေရန် လိုအပ်သည်ဟု သူ ခံစားရသည်။
ဝေ့ဝူယင် စိတ်ထဲတွင်ပေါ်လာသည့် ပထမဆုံး အတွေးက မြေကြီး ရှန့်ထို ငါးဆယ်လောက်ကို စေလွှတ်ကာ သူမကို ကာကွယ်ပေးဖို့ ဖြစ်သည်။ သို့သော်လည်း လက်ရှိ အင်ပါယာ ကလန်နှင့် သူ့အကြားရှိ အနေအထားက ထိလွယ်ရှလွယ် ပုံစံမျိုး ဖြစ်သည်။ သူတို့ ပိုင်နက် အတွင်း မြေကြီး ရှန့်ထိုများအား စေလွှတ်ခြင်းက စစ်ကြေညာလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
ဝေ့ဝူယင်ထံတွင် စစ်ဖြစ်ရန် အချိန် မရှိချေ။ လက်ရှိ၌ သူ၏ ရည်ရွယ်ချက်က တစ်ခုတည်း ဖြစ်သည်။ အာရုဏ်ဦး ပုန်ကန် နေကြယ်ကို ဖန်တီးရန်ပင်။ အကျိုးကျေးဇူး မရှိ စစ်တိုက်ခြင်းဖြင့် ရင်းမြစ်များကို သူ မဖြုန်းတီးလိုချေ။
နောက်တစ်ချက်က ၎င်းမှာ ကမ္မ ဖြတ်တောက်မှု တစ်ခုနှင့် ဆက်နွယ်နေသည့် သတိပေးချက် ဖြစ်သည်။ ကမ္မ ဖြတ်တောက်မှု၏ နောက်ကွယ်တွင် တစ်စုံတစ်ရာ ရှိနေနိုင်ပေသည်။ သို့ဖြစ်လေရာ ရှောင်ပင်း၏ ကိစ္စကို အခြားလူများအား စေလွှတ်ခြင်း မပြုပဲ ကိုယ်တိုင် ကိုင်တွယ်နိုင်ပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
“ကျုပ် အဆုံးမဲ့ ကောင်းကင်ဆီ သွားစရာ ရှိတယ်... ပိုပြီး တိတိကျကျ ပြောရရင် ပင်းကလန်ကိုပေါ့လေ... သူတို့နဲ့ ပတ်သက်ပြီး တစ်ခုခု ဖြစ်တော့မလို ကျုပ် ခံစားရတယ်”
ဝေ့ဝူယင် ဝူယုကို ရှင်းပြလိုက်၏။ ဝူယုက ရွှင်မြူးဟန်ဖြင့် အနည်းငယ် ပြုံးလိုက်သည်။
“ဆိုတော့ သခင်လေးက ဟိုရေခဲ ကောင်မလေးဆီကို အလည်သွားမလို့ပေါ့လေ...”
ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။ ဝူယုက ဆက်လက်၍ ပြောလိုက်သည်။
“သခင်လေး သိတဲ့ အတိုင်း သခင်လေးရဲ့ ချစ်သူတွေက ကျုပ်ဆီကို နေ့တိုင်း မဟုတ်ရင်တောင် သုံးလေးရက် တစ်ကြိမ် စာတွေ ပို့နေကြတာ... သခင်လေးနဲ့ ပတ်သက်ပြီး မေးကြတာပေါ့... အဲဒီ အထဲမှာ ရှောင်ပင်းက အတက်ကြွဆုံးထဲမှာ ပါတယ်”
"ဟုတ်လား...”
ဝေ့ဝူယင် အနည်းငယ် အံ့သြသွားခဲ့၏။ ဝူယုက ခေါင်းညိတ် လိုက်သည်။
“သူတို့ အားလုံးက သခင်လေး အတွက် စိုးရိမ် နေကြတာ... သခင် အသက်ရှင် နေသေးရဲ့လား... ကျင့်ကြံနေလား... လုံခြုံရဲ့လား... ဆေးဖော်စပ်နေလား... ဘာလုပ်နေလဲ အသေးစိတ် အချက်လက်တွေကိုတောင် ပို့ပေးဖို့ တောင်းဆိုကြတယ်... စိတ်မပူပါနဲ့ ကျုပ် သခင်လေးရဲ့ ဟိုကိစ္စတွေကိုတော့ မပြောပါဘူး”
"..."
ဝေ့ဝူယင် ဆွံ့အသွားခဲ့၏။ ဝူယုကို ကျေးဇူးတင်စကား ပြောသင့်သလားပင် သူ မသိတော့ချေ။ အာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်းက ဝေ့ဝူယင်ကို ကြည့်ကာ ရယ်မောလိုက်၏။
“အဲဒီ ရေခဲကောင်မလေးက တစ်နေ့ကို တစ်ကြိမ်လောက်တော့ စာပို့တယ်... သူ့ထက် အကြိမ်ရေ ပိုများတာ ဆိုလို့ သီလရှင် စီတ တစ်ယောက်ပဲ ရှိတယ်... သခင်လေးသာ သွားတွေ့ရင် သူ တကယ် ဝမ်းသာသွားမှာ သေချာတယ်”
“စီတ...”
လွန်ခဲ့သည့် နှစ်ပိုင်း အတွင်း စီတက အဆင့်ကိုး ဝိညာဉ်စွမ်းအင် ဆေးလုံးများအား မကြာခဏ တောင်းဆိုခဲ့သည်ကို ဝေ့ဝူယင် ပြန်လည် အမှတ်ရလိုက်မိသည်။ သူမမှာ ဝိညာဉ် ကျင့်စဉ် တစ်ခုခု သို့မဟုတ် ဝိညာဉ် အစီအရင် တစ်ခုကို ကျင့်ကြံနေတာဟု သူ ထင်မှတ်ခဲ့သည်။ ယခုလို ခရီးရှည် ဆက်သွယ်မှု အတွက် ဝိညာဉ် စွမ်းအင် ပမာဏ မြောက်များစွာ သုံးစွဲနေခြင်း ဖြစ်လိမ့်မည်ဟု သူ ထင်မှတ် မထားခဲ့ပါချေ။
“သခင်လေး ပင်းကလန်ကို သွားရင် ကျုပ်လိုက်ခဲ့မယ်လေ”
ဝေ့ဝူယင်ထံတွင် မြေကြီး ရှန့်ထိုပေါင်း တစ်သောင်း ရှိသည့်တိုင် တကယ်တမ်း အများပြည်သူ၏ အမြင်တွင်တော့ သူနှင့် ကျန့်ကျန့် နှစ်ယောက်တည်းသာ ဖြစ်သည်။ ကျန့်ကျန့်မှာ မြေကြီး ရှန့်ထိုပေါင်း တစ်သောင်းကို နေကြယ် တည်ဆောက်ရာတွင် စီမံ ကွပ်ကဲ နေရလေရာ ဝေ့ဝူယင် နောက်မှ သူ လိုက်သင့်သည်ဟု ခံစားရသည်။
သို့သော်လည်း ဝေ့ဝူယင်က ခေါင်းကို ခါယမ်းလိုက်၏။
“အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေရဲ့ အင်ပါယာ ကလန်မှာ လျှို့ဝှက် အာဏာရှင် အဆင့်တွေကို ထောက်လှမ်းနိုင်တဲ့ ဝင်္ကပါ ရှိတယ်... ခင်ဗျားနဲ့သာ အတူတူ သွားရင် သူတို့က ကျုပ်ကို တန်းပြီး သတိထားမိမှာ သေချာတယ်... ခင်ဗျား ဖုံးကွယ်ခြင်း ကျင့်စဉ် တစ်ခုခု သုံးရင်တောင် ပေါ်မှာပဲ... သူတို့ရဲ့ ဝင်္ကပါက ထာဝရ အစည်းအရုံးရဲ့ ဝင်္ကပါထက် ပိုပြီး အစွမ်းထက်တယ်”
“ဟုတ်လား...”
ဝူယုမှာ အနည်းငယ် အံသြသွားခဲ့၏။ ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်ရင်း ဆက်လက်၍ ရှင်းပြ လိုက်သည်။
“ကျုပ် သိထားသလောက် သူတို့ရဲ့ အာဏာရှင် ထောက်လှမ်းခြင်း ဝင်္ကပါကို လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်နဲ့ အားဖြည့်ထားတာဗျ... ခင်ဗျား လောကရှန့်ထို အဆင့်ကို မရောက်သရွေ့ အဲဒီ ဝင်္ကပါကနေ ဖုံးကွယ်နေဖို့ မဖြစ်နိုင်ဘူး”
ဝေ့ဝူယင် ထိုအချက်အလက်များကို ဝတ်စုံနက် ဝေ့ဝူယင်၏ မှတ်ဉာဏ်များထဲမှ သိရှိထားခဲ့ခြင်း ဖြစ်သည်။ ပြင်ပလောကတွင်တော့ ထိုဝင်္ကပါမှာ လျှို့ဝှက်ချက် တစ်ခု အနေဖြင့် ဆက်လက် တည်ရှိနေဆဲ ဖြစ်ကာ အင်ပါယာ ကလန်သားတိုင်းပင် သိရှိထားခြင်း မရှိပါချေ။ အင်ပါယာ ကလန်၏ အဓိက အဖွဲ့ဝင် အနည်းငယ်သာ ထိုဝင်္ကပါ အကြောင်း သိရှိထားပေသည်။
“သခင်လေးရော အဲဒီ ဝင်္ကပါကို ရှောင်နိုင်ရဲ့လား... သူတို့က သခင်လေးရဲ့ အော်ရာကို ပစ်မှတ်ထားရင်ရော ဘယ်လိုလုပ်မလဲ”
ဝူယုမှာ ဝေ့ဝူယင် အဆုံးမဲ့ ကောင်းကင်ကို တစ်ယောက်တည်း သွားရောက်ပြီး အင်ပါယာ ကလန်၏ ပစ်မှတ်ထားခံရမှာ အမှန်တကယ် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
"ကျုပ် ဆန္ဒမရှိရင် လောကရှန့်ထိုတွေတောင် ကျုပ်ကို အာရုံ မခံနိုင်ဘူး”
ဝေ့ဝူယင်က ယုံကြည်ချက် ရှိစွာပင် ဆိုလိုက်၏။ ဝူယုက စောဒက မတက်တော့ပဲ ခေါင်းညိတ် လိုက်သည်။
“ဒါဆို ကျုပ် ဘာလုပ်ရမလဲ”
နေကြယ် မျိုးစေ့အား ဖန်တီးရာ၌ မြေကြီ ရှန့်ထို တစ်သောင်းမှာ လုံလောက်နေပြီ ဖြစ်သည်။ သူ ပါဝင် ပတ်သက်ခြင်းက သူတို့၏ သဟဇာတ ဖြစ်မှုကိုပင် အနှောက်အယှက် ပေးနိုင်ပေသည်။
“ပြန်ပြီး အားဖြည့်ထားလိုက်... ဪ... ဒါနဲ့ ခင်ဗျား ရှောင်ပင်း အပေါ်မှာ ချမှတ်ထားတဲ့ အကာအကွယ်နဲ့ ခြေရာခံ အစီအရင်ကို ကျုပ်ကို ပေးလိုက်ဦး”
ဝေ့ဝူယင် သတိရသွားကာ တောင်းဆိုလိုက်၏။ ဝူယုမှာ အစောကြီး ကတည်းကပင် ဗာကီရီ အဖွဲ့ဝင် မိန်းကလေး တစ်ချို့၏ လုံခြုံရေး အတွက် အစီအရင်များ ချမှတ်ထားခဲ့သည်။ နောက်ပိုင်း၌ ဝေ့ဝူယင်မှာ ကျန့်ကျန့်၏ စွမ်းအားကို သုံးကာ နယ်လာရှား၊ တရှန်းတို့ ကဲ့သို့ သူနှင့် တွေ့ဆုံခဲ့သည့် မိန်းကလေးများ အပေါ် အကာအကွယ် အစီအရင် ချမှတ်ပေးခဲ့သည်များ ရှိသည်။ သို့သော်လည်း... လင်းကျိရန်၊ ဝူပိုင်ကျိုးနှင့် ရှောင်ပင်းတို့ထံတွင်တော့ ဝူယု၏ အကာအကွယ် တစ်ခုတည်းသာ ရှိပေသည်။
“ကျုပ် မကြာခင် ပြန်လာခဲ့မယ်... တကယ်လို့ ကျုပ် အဖမ်းခံနိုင်တဲ့ အခွင့်အရေးမျိုးနဲ့ ကြုံရင် တပ်မဟာကြီးကို ခေါ်ပြီး ခင်ဗျား လိုက်လာခဲ့လိုက်... နောက်ပြီး ဘာဆက်လုပ်ရမယ် ဆိုတာတော့ ခင်ဗျား သိမှာပါ”
ဝေ့ဝူယင်က ဝူယုကို သေချာ မှာကြားလိုက်သည်။ ဤခရီးစဉ်၌ သူ ပိုင်လင်ကိုပင် ခေါ်ဆောင် သွားလိမ့်မည် မဟုတ်ချေ။ သူမ၏ အော်ရာက အလွန်ပင် သိသာ ထင်ရှားလှလေရာ ဝူယုထက်ပင် ဖုံးကွယ်ဖို့ ခက်လိမ့်မည် ဖြစ်သည်။
ဝူယုက လေးနက်စွာပင် ခေါင်းညိတ်လိုက်၏။ ဝေ့ဝူယင် ပြောသည့် ဘာဆက်လုပ်ရမည် ဆိုသည့် အဖြေကို သူ သိပေသည်။ ၎င်းက အဆုံးမဲ့ ကောင်းကင် တစ်ခုလုံးကို သွေးဖြင့် သန့်စင် ပစ်ဖို့ပင်။
***