ပင်းမျိုးနွယ်
Vol. 93 Ch. 1293
"ဒီနေရာ မဆိုးဘူး...”
သူတော်စင် ခုနစ်ပါး ထောက်တိုင် ကြယ်ကွင်းပြင်၏ အစွန်အဖျား တစ်နေရာရှိ အပျက်အစီးဂြိုဟ် တစ်ခုထက်တွင် ခြေချလိုက်ရင်း ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ကျင့်ကြံခြင်း အကန့်အသတ်များကို ချိုးဖျက်ပြီးနောက် အာကာသ ကျင့်စဉ်နှင့် အာကာသ ရွှေ့ပြောင်းခြင်း နည်းလမ်းများကို ဝေ့ဝူယင် ပိုမို ကျယ်ပြန်စွာ အသုံးပြုလာနိုင်သည့်တိုင် ထိုနည်းလမ်းဖြင့် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကို ခရီးနှင်ဖို့က အလွန်ပင် ကွာဝေးလွန်းလှပေသည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင်မှာ ချိပ်ပိတ် နယ်မြေ၏ အလယ်ဗဟိုလောက်တွင် တည်ရှိနေကာ သူတော်စင် ခုနစ်ပါး ထောက်တိုင် ကြယ်ကွင်းပြင်မှာ အစွန်အဖျား လောက်တွင် ရှိနေခြင်းကို ထောက်ချင့်ရပါက ထိုနယ်မြေ နှစ်ခု အကြား မည်မျှ ကွာခြားလှသည်ကို နှိုင်းဆနိုင်ပေသည်။
“ဟင်းလင်းပြင် ပေါ်တယ်တွေကို မသုံးနိုင်တာ ဆိုးတာပဲ...”
ဝေ့ဝူယင် လက်ဟန် ချိပ်စည်း တစ်ချို့ကို ဖန်တီးရင်း ရေရွတ်လိုက်၏။ ဟင်းလင်းပြင် နဂါး အင်အားက ဂြိုဟ်၏ မြေကြီးအလွှာထဲ စိမ့်ဝင် စီးဆင်း သွားသည်။ မကြာခင်မှာပင် မြေပြင်မှ လှသော ဟင်းလင်းပြင် အမှတ် တစ်ခု အသွင် ပြောင်းလဲ သွား၏။
“ဒီလို ဆိုရင်တော့ မင်း ငါ့ကို ရှာမတွေ့နိုင်ပါဘူး...”
ဝေ့ဝူယင် အပြောကျယ်လှသည့် အမှောင် ဟင်းလင်းပြင်ကျယ်ကြီးကို လှမ်းကြည့်ရင်း ရေရွတ်လိုက်သည်။ ထိုသတ္တဝါကြီးမှာ ဟင်းလင်းပြင် ပေါ်တယ်များကို အနံ့ခံနိုင်သည်။ သို့သော်လည်း... ဟင်းလင်းပြင် ပေါ်တယ်မှာ အကာသ ပေါ်တယ်နှင့် ခြားနားလှပေသည်။ ဟင်းလင်းပြင်ကို ဖြတ်သန်း ခရီးနှင်သည့် ဟင်းလင်းပြင် ပေါ်တယ်များနှင့် ခြားနားစွာပင် အာကာသ ပေါ်တယ်မှာ အာကာသ ဥမင်ကို သုံးကာ ခရီးနှင်သည့် သယ်ယူ ပို့ဆောင်ရေး နည်းစနစ် တစ်ခု ဖြစ်သည်။ ဟင်းလင်းပြင်နှင့် ချိတ်ဆက်မှုကို ရှောင်ရှားနေသရွေ့ ၎င်း၏ အာရုံခံမှုအောက်မှ လွတ်မြောက်နိုင်ပေသည်။
အာကာသ ဥပဒေသကိုလည်း နက်ရှိုင်းစွာ ဆုပ်ကိုင်ထားနိုင်သူ တစ်ယောက် အနေဖြင့် ဟင်းလင်းပြင် အမှတ်တစ်ခုကို သုံးကာ အာကာသ ပေါ်တယ် တစ်ခု ဖန်တီးဖို့ ဝေ့ဝူယင်အတွက် အခက်အခဲ မရှိလှပါချေ။ သူ တုန့်ဆိုင်းခြင်း မပြုပဲ ဟင်းလင်းပြင် အမှတ်၏ ဗဟိုထံ လျှောက်သွားလိုက်၏။ မကြာခင်မှာပင် ရောင်စုံ အလင်းတန်းများ တောက်ပလာကာ သူ့ ခန္ဓာကိုယ်ကို လွှမ်းခြုံ သွားသည်။
ထို့နောက် သူ ပျောက်ကွယ် သွားခဲ့လေတော့၏။
...
မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း၌...
အစစ်အမှန် မွေးဖွားခြင်း၏ ဂိုဏ်းသစ် တစ်ခု တည်ဆောက်မှု၊ အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်၏ အစစ်အမှန် ခွန်အားကို ထုတ်ဖော်ပြသလာမှု၊ ထျန်းရီဝူ၏ ပြန်လည် ရောက်ရှိလာမှု... အဆိုပါ သတင်းများမှာ အရှိန်အဟုန်နှင့် ဆက်လက် ပျံ့နှံ့နေဆဲ ဖြစ်သည်။ များစွာသော အပြောင်းအလဲများကြောင့်ပင် လူပေါင်းများစွာမှာ ခေတ်သစ် တစ်ခု စတင်နေပြီ ဖြစ်ကြောင်း စတင် ပြောဆိုလာကြသည်။ ဤသို့နှင့် ကျင့်ကြံခြင်း လောက အတွင်းရှိ ကျောင်းတော်သားများ၊ ထိပ်သီး ကျင့်ကြံသူများ အကြားတွင် ဆွေးနွေးဝိုင်းများ စတင် ဖြစ်ပေါ်လာခဲ့တော့သည်။
အကယ်၍ ခေတ်သစ် တစ်ခု စတင်နေပြီ ဆိုလျှင် ၎င်း၏ နာမည်က မည်သို့ ဖြစ်သင့်သနည်း။
ရှေးဟောင်း ကျောင်းတော်သားများက ၎င်းကို အာရုဏ်ဦးခေတ်ဟု ခေါ်သင့်ကြောင်း အကြံပေးကြသည်။ အာရုဏ်ဦး နေမီးတောက် ဆေးလုံးအား စတင် တီထွင်ခဲ့သည်မှ အစ၊ မဟာစက်ဝန်း ရှန့်ထို ညီလာခံအား စိုးမိုးခဲ့ခြင်း အလယ်၊ တွယ်ရာမဲ့ နှလုံးသားဂိုဏ်းအား နှိမ်နင်းခဲ့သည် အဆုံး ခေတ်သစ် တစ်ခု၏ အစပျိုးမှုတွင် ဝေ့ဝူယင်၏ ပါဝင်ပတ်သက်ခဲ့မှုက ထင်ရှားလွန်းလှသည်။
သို့သော်လည်း... အခြားလူများက ထိုအဆိုကို ဆန့်ကျင်ကြသည်။ လက်ရှိ အချိန်အထိ အဆုံးမဲ့ ကောင်းကင်၏ အာဏာမှာ ဆက်လက် တည်တံ့နေဆဲ ဖြစ်သည်။ တစ်ခေတ်တစ်ခါတုန်းက ထာဝရ ဧကရာဇ်သည်လည်း ဝေ့ဝူယင် ကဲ့သို့ပင် အလားတူ သက်ရောက်မှုများကို ယူဆောင်လာ ရောက်ရှိလာခဲ့ဖူးသည်။ သူတို့ နှစ်ယောက် စလုံးမှာ ခေတ်တစ်ခေတ်၏ အကောင်းဆုံး ထုတ်ကုန်များသာ ဖြစ်သည်။ ခေတ်တစ်ခေတ်ကို စိုးမိုးခဲ့သူများ မဟုတ်ကြချေ။
ထို့အပြင်... အင်ပါယာ ထျန်းမျိုးနွယ်မှာ လွယ်လွယ်နှင့် ကျဆင်းသွားမည့်ပုံ မရချေ။ လက်ရှိ ပိုင်ဆိုင်ထားသည့် မြေကြီး ရှန့်ထို အရေအတွက်၊ ထွန်းတောက်လာနိုင်မည့် ပါရမီရှင်များ၊ အထူးသဖြင့် ထျန်းရီဝူ၏ တည်ရှိမှုက သူတို့၏ အနာဂတ်ကို ပိုမို၍ ခိုင်မာစေသည်။ ဝေ့ဝူယင်မှာ မြေကြီး အဆင့် အဂ္ဂိရတ် ရှန့်ထို တစ်ယောက်ပင် ဖြစ်မလာသေးချေ။ ထို့အပြင် သူ၏ အချိန်သခင် အဆင့် ကျင့်ကြံခြင်း အခြေခံမှာလည်း ခေတ်ကြီး တစ်ခုကို ကိုယ်စားပြုဖို့ မလုံလောက်ပါသေးချေ။
မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း၌ ငြင်းခုန်မှုများမှာ အဆက်မပြတ်ပင် ဆက်လက် ဖြစ်ပွားနေခဲ့၏။ သို့သော်လည်း... နောက်ထပ် သိသာ ထင်ရှားသည့် အပြောင်းအလဲများ ဖြစ်ပေါ်မလာပဲ အဖြေထွက်ပေါ် မလာနိုင်တာကတော့ အသေအချာပင် ဖြစ်လေသည်။
....
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၊ အစစ်အမှန် အေးခဲခြင်း နယ်မြေ...
ထိုနယ်မြေမှာ နိုဘယ်ကလန် ရှစ်ခုအနက် တစ်ခု အပါအဝင် ဖစ်သည့် ပင်းကလန်၏ အိမ်ပင် ဖြစ်လေသည်။ အစစ်အမှန် အေးခဲခြင်း နယ်မြေကို ကြားကြားချင်း ပထမဆုံး ဖြစ်ပေါ်လာနိုင်သည့် အတွေးမှာ အလွန်အမင်း အေးခဲလှသည့် အပူချိန်နှင့် နေရာတကာ ရေခဲများ ဖုံးလွှမ်းနေနိုင်သည့် နေရာတစ်ခု ဖြစ်သည်။ ၎င်းမှာ ရေခဲ အခြေပြု ကျင့်ကြံသူများ အတွက် အလွန်ပင် သင့်တော်ပေလိမ့်မည်။
သို့သော်လည်း... အကယ်၍ သင်သာ ထိုနေရာကို ရောက်ရှိသွားကာ လုံးဝ မျှော်လင့်မထားသည့် မြင်ကွင်းတစ်ခုကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
အစစ်အမှန် အေးခဲခြင်း နယ်မြေမှာ လုံးဝကို သာမန်ဖြစ်သည်။ ၎င်းထံတွင် ဂြိုဟ်လေးလုံးနှင့် လတစ်စင်း ပါဝင်နေ၏။ ဂြိုဟ်လေးလုံးမှာ ရေခဲကျောက်စိမ်း၊ ရေခဲကုန်းမြေ၊ ရေခဲရေကန်နှင့် ရေခဲကောင်းကင်တို့ ဖြစ်ကာ လကိုတော့ အမှောင်အေးခဲခြင်းဟု ခေါ်သည်။
ဂြိုဟ်တစ်ခုချင်းစီမှာ ဆားငန်ရေ သမုဒ္ဒရာများ၊ တောအုပ်များ၊ ရေချိုမြစ်များ၊ ရေကန်များ၊ အေးခဲ ဝင်ရိုးစွန်း ဒေသများနှင့် တောင်တန်းများကို ပိုင်ဆိုင်ထားပေသည်။ ၎င်းတို့ တစ်ခုချင်းစီမှာ ပုံမှန် စံနှုန်းများ အားဖြင့် လှပပြီး ကောင်းစွာ ထိန်းသိမ်းထားသော ဂြိုဟ်များ ဖြစ်ကြသည်။
ဂြိုဟ်များမှာ လှပလှသော်လည်း ၎င်းတို့၏ ဝင်ရိုးစွန်း ဒေသများတော့ အလွန်အမင်း အေးစက်လှကာ အကြွင်းမဲ့ သုည အခြေအနေများတွင် ရှိကြပေသည်။ လျှို့ဝှက် နယ်မြေများ၊ လောက နယ်မြေများ နည်းတူပင် ထိုဝင်ရိုးစွန်း ဒေသများမှာ ပင်းကလန်၏ အဓိက အခြေစိုက် စခန်းများ ဖြစ်ကြပေသည်။ ဂြိုဟ်လေးလုံး၏ အခြား အစိတ်အပိုင်းများကတော့ အလည်အပတ် လာရောက်သူများ၊ ဒေသခံများ၊ ရေခဲ အခြေပြု နည်းလမ်းများအား ကျင့်ကြံခြင်း မပြုသည့် အခြားလူများ အတွက် ဖြစ်ပေသည်။ ဂြိုဟ်များ၏ လှပပြီး အေးချမ်းသာယာသည့် အခြေအနေများကြောင့်ပင် ထိုနေရာများ၌ လာရောက် အခြေချသည့် ကျင့်ကြံသူများ အလွန်ပင် များပြားလှပေသည်။
ရေခဲကျောက်စိမ်းဂြိုဟ် မျက်နှာပြင်ထက်ရှိ ရေကန် တစ်ခု အနားတွင် ဆံပင်အဖြူရောင်နှင့် မိန်းမငယ်လေး တစ်ဦးမှာ တိတ်တဆိတ် ထိုင်ကာ ရေထဲရှိ သူမ၏ ပုံရိပ်ကို ကြည့်နေခဲ့လေသည်။ သူမမှာ ပင်းကလန်၏ ရေခဲပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ လှပသော အပြာရောင် မျက်ဝန်းများမှာ ရေကန်၏ အရိပ်ထဲတွင် တဖိတ်ဖိတ် တောက်ပနေခဲ့လေသည်။
သူမကတော့ အခြားလူ မဟုတ်...။ ရှောင်ပင်းပင် ဖြစ်လေတော့သည်။
“ညီမလေးရှောင်...”
လှပ သေးသွယ်သည့် မိန်းကလေး တစ်ယောက်မှာ အေးခဲနေသည့် လေပွေတစ်ခု၏ သယ်ဆောင်မှုနှင့် အတူ ရှောင်ပင်းထံသို့ ပျံသန်း ရောက်ရှိလာခဲ့သည်။ ထို့နောက် သူမက ရှောင်ပင်း၏ နံဘေးတွင် ဆင်းသက်လိုက်၏။ သူမ၏ မျက်နှာထက်၌ ပျော်ရွှင် စိတ်လှုပ်ရှားသည့် အပြုံးတစ်ခု ရှိနေခဲ့သည်။
“အမ လီယ... ဘာလို့လဲ”
ရှောင်ပင်းက မေးလိုက်၏။ ပင်းလီယက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“အဘွားလေး ပြန်လာပြီ...”
ပင်းလီယ၏ အဘွားလေးမှာ ပင်းကလန် အတွင်း ထင်ရှားသည့် သေမျိုးတစ်ပိုင်း အရှင် တစ်ယောက် ဖြစ်သည်။ သူမအား အေးခဲခြင်းလေ ပင်းထျန်း အဖြစ် လူသိများကြ၏။ ပင်းထျန်း တစ်ယောက် ပင်းကလန်ထဲမှ ပျောက်ကွယ်နေခဲ့သည်မှာ ဆယ်စုနှစ် တစ်ခု နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူမ မည်သည့် နေရာသို့ ရောက်ရှိနေသည်ကို ပင်းလီယ ပင်လျှင် သိရှိခြင်း မရှိချေ။
“...”
ရှောင်ပင်း၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွား၏။ ပင်းထျန်းမှ တစ်ခါတုန်းက သူမကို ပင်းကလန်၏ သခင်လေးနှင့် လက်ဆက်ပေးဖို့ စီစဉ်ခဲ့သေးသည်။ ထိုကာလ အတွင်း သူတို့က သူမကို ထွက်မပြေးနိုင်အောင် ပိတ်လှောင်၍ပင် ထားခဲ့သေးသည်။
သို့သော်လည်း... ထိုသခင်လေး ဆိုသူမှာ ဝူယု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထိုစဉ်အခါက ပင်းထျန်းမှာ ဝူယုကို နယ်မြေများစွာကိုပင် ဖြတ်သန်း၍ အမဲလိုက်ခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း... နောက်ပိုင်း၌ ဝူယုမှာ အာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်း ဆိုသော ဘွဲ့နာမည်ဖြင့် မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်လာခဲ့သည်။
ဝေ့ဝူယင်၏ ဂုဏ်သတင်းမှာလည်း တဟုန်ထိုး မြင့်မားလာလေရာ ပင်းကလန်၏ လေသံက ပြောင်းလဲ သွားခဲ့သည်။ သူတို့က ရှောင်ပင်းကို ကလန်၏ အဓိက အဖွဲ့ဝင် ရာထူးကို တိုးမြှင့်ပေးခဲ့သည်။ သူမ၏ ကျင့်ကြံခြင်းကို ထိပ်သီး ကျင့်ကြံသူများနှင့် အတူ စောင့်ရှောက်ပေးခဲ့သည်။
သို့သော်လည်း... အစောပိုင်း နှစ်များ အတွင်း သူတို့၏ သူမ အပေါ် ဆက်ဆံမှုများကတော့ အတော်လေး ဆိုးရွားခဲ့ပေသည်။ ဝေ့ဝူယင် ပေးအပ်ခဲ့သည့် အာကာသ လက်စွပ်ကိုပင် သူတို့က အတင်းအကြပ် သိမ်းဆည်း ထားခဲ့သည်များ ရှိခဲ့သည်။
ရှောင်ပင်း၏ အမူအရာ ပြောင်းလဲသွားသည်ကို ကြည့်ကာ ပင်းလီယ၏ မျက်လုံးများမှာ နူးညံ့သွား၏။
“ညီမလေးရှောင်... အဘွားလေးက အဲဒီတုန်းက အမှားလုပ်ခဲ့တာ မှန်ပါတယ်... အဲဒီအတွက် သူ ညီမလေးကို တောင်းပန်မှာပါ”
ရှောင်ပင်းမှာ ငြိမ်သက်နေ၏။ သူမ မည်သည့် အရာများ တွေးတောနေကြောင်း ခန့်မှန်းရန်မှာ ခက်ခဲလှပေသည်။
“ဘာမဖြစ်ဘူးနော်... မမ ကတိပေးတယ်...”
ပင်းလီယက ရှောင်ပင်းကို ထပ်မံ နှစ်သိမ့်ဖို့ ကြိုးပမ်းလိုက်၏။ ထိုအချိန်တွင်ပင် သူတို့ နောက်နားမှ အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
“အိုး... မင်းတို့ နှစ်ယောက် ဒီရောက်နေတာလား...”
***