ပြန်လည် ရောက်ရှိလာခြင်း
Vol. 93 Ch. 1294
“အိုး... မင်းတို့ နှစ်ယောက် ဒီရောက်နေတာလား...”
အသံနှင့် အတူ ချောမောသော အကြီးအကဲ တစ်ဦးမှာ သူတို့ထံ ပျံသန်းလာခဲ့၏။ သူ၏ အော်ရာက လျှို့ဝှက် ဝိညာဉ်အဆင့်တစ်ယောက် ဖြစ်ကြောင်း ဖော်ပြနေသည်။
"အကြီးအကဲ ကျားလွင်...”
ပင်းလီယက လေးစားစွာပင် ဂါရဝ ပြုရင်း နှုတ်ဆက်လိုက်၏။ သူက ပင်းမျိုးနွယ် အတွင်း လေးစားခံရသည့် ထိပ်သီး ကျင့်ကြံသူ တစ်ယောက် ဖြစ်ကာ မကြာသေးခင်ကမှ ပြင်ပတာဝန် တစ်ခုမှ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။
"မင်းရဲ့ အဘွားလေး ပြန်လာနေပြီဆို...”
ပင်းကျားလွင်က ရှောင်ပင်းကို တစ်ချက် လှမ်ကြည့်ရင်း ပင်းလီယကို မေးလိုက်သည်။ သူ့ မျက်လုံးများ အတွင်း၌ လျှို့ဝှက်စွာ ဖုံးကွယ်ထားသည့် ဆန္ဒ တစ်ခု ရှိနေခဲ့၏။ ထာဝရ ရေခဲ အမတေ ခန္ဓာကိုယ်မှာ ရေခဲ ကျင့်ကြံသူများ အတွက် အလွန် အသုံးဝင်သည့် ခန္ဓာကိုယ် တစ်ခု ဖြစ်သည်။ သူမနှင့် နှစ်ကိုယ်တူ ကျင့်ကြံခြင်းအားဖြင့် အသန့်စင်ဆုံးထာဝရ ရေခဲ အမတေများကို ရရှိနိုင်ပေသည်။ လျှို့ဝှက် အာဏာရှင် အဆင့်များပင် ၎င်းမှ အကျိုးအမြတ် ရရှိနိုင်ပေသည်။
"ဟုတ်တယ်... သူ မကြာခင် ပြန်ရောက်တော့မယ်”
ပင်းလီယက မျက်မှောင်ကြုတ်ရင်း အဖြေပေးလိုက်၏။ ပင်းကျားလွင်မှာ လွန်ခဲ့သည့် ရက်သတ္တပတ်များ အတွင်း သူမကို ဆယ့်ရှစ်ယောက်မြောက် ဇနီးအဖြစ် သိမ်းသွင်းဖို့ ပေါ်တင်ပင် ကြိုးပမ်းနေခဲ့သည်။ သူက သူမ နောက်ကို ဤနေရာ အထိ လိုက်လာခဲ့ခြင်း ဖြစ်သည်။
"ဒါဆိုလည်း ကောင်းတာပေါ့... သူနဲ့ တွေ့ပြီး အဲဒီခေါင်းစဉ်ကို ဆွေးနွေးရမယ်”
ပင်းကျားလွင်က ဆိုလိုက်၏။ ထိုအကြီးအကဲမှာ ပင်းလီယ မည်ကဲ့သို့ တုန့်ပြန်မည်ကို သိလိုသောကြောင့် ထိုစကားကို ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း ရှောင်ပင်း သိပေသည်။ သူက လက်ထပ်ပွဲ အကြောင်းကို ပင်းထျန်းနှင့် ဆွေးနွေးရဲလိမ့်မည် မဟုတ်ချေ။ အကယ်၍ လုပ်ရဲလျှင်ပင် ပင်းထျန်းက သူ့ကို ရိုက်လွှတ်လိမ့်မည် ဖြစ်သည်။
ပင်းလီယမှာလည်း ထိုအရာကို သဘောပေါက်ပေသည်။ ချက်ချင်းပင် ထိုယင်ကောင်ထံမှ လွတ်မြောက်နိုင်မည့် အခွင့်အရေး တစ်ခုကို သူမ မြင်လိုက်၏။
“ဒါပေါ့... ကျွန်မ အဘွားလေးကို ရှင် နောက်က လိုက်နေတဲ့ အကြောင်း ပြောပြီးပြီ... ခုလေးတင် ရှင့်ကို ဆက်သွယ်တော့မလို့ပဲ”
“ဘာ... ဘာကြီး...”
ပင်းကျားလွင်၏ အမူအရာက အကြီးအကျယ်ပင် ပြောင်းလဲ သွားခဲ့၏။
“သူကလည်း အကြီးအကဲ ကျားလွင်ကို တွေ့ချင်နေတာ... သူ မကြာခင် ရောက်လာတော့မှာ... ဆက်ပြီး စောင့်လိုက်ပါလား...”
ပင်းလီယက ချိုသာစွာ ပြုံးလိုက်၏။
"..."
ရှောင်ပင်း စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ သို့သော်လည်း... ပင်းလီယ၏ ဆွဲထားမှုနှင့် အတူ သူတို့ သုံးယောက်မှာ မကြာခင် ရောက်ရှိလာတော့မည့် ပင်းထျန်းအား တွေ့ဆုံရန် စတင် ထွက်ခွာလိုက်ကြတော့သည်။
...
ဝေ့ဝူယင်မှာ ရွှေရောင် အသက်နန်းတော် ဖန်တီးထားသည့် ကုန်သွယ်ရေး အခြေပြု ဟင်းလင်းပြင် ဂိတ်တံခါးနှင့် အတူ ရေခဲကျောက်စိမ်းဂြိုဟ်ထက်သို့ ရောက်ရှိလာခဲ့သည်။ သူ မည်သူမှ သတိမထားမိအောင် ကိုယ့်ကိုယ်ကို အာကာသ ပေါင်းစပ်ခြင်းနှင့် ဖုံးကွယ်ရင်း ပင်းကလန်နားသို့ ရောက်ရှိလာခဲ့၏။
“ခြေရာခံ သင်္ကေတ အရဆိုရင် သူက ဒီနေရာမှာ ရှိနေတာ သေချာတယ်”
...
ပင်းမျိုးနွယ်၏ အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူ တစ်ခုမှာ မြက်ခင်းတိုများနှင့် ပန်းပွင့်များ ပြန့်ကျဲနေသည့် ကွင်းပြင် တစ်ခုထဲတွင် ရပ်နေခဲ့၏။ ထိုနေရာမှာ ပင်းမျိုးနွယ်၏ သီးသန့် ဟင်းလင်းပြင် ဂိတ်တံခါး တည်ရှိနေရာ နေရာပင် ဖြစ်လေသည်။
ထိုအခိုက်၌ ရောက်ရှိနေသည့် ကျင့်ကြံသူ အများစုမှာ လေးစားသည့် အမူအရာများကို ဆင်မြန်းထားကြသည်။ သူတို့ တစ်ယောက်ချင်းစီမှာ လျှို့ဝှက် အာဏာရှင် အဆင့်များ ဖြစ်ကြကာ အများစုမှာ လျှို့ဝှက် ကြယ်တာရာ အဆင်များ ဖြစ်ကြ၏။
ထိုအုပ်စုအား ဦးဆောင်နေခဲ့သူကတော့ ရင့်ကျက်စွာ လှပသည့် အသက်လတ် အရွယ် မိန်းမကြီး တစ်ဦး ဖြစ်သည်။ သူမက အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ခါးထက်တွင်တော့ လက်ဖက်စိမ်းရောင် ခါးပတ် တစ်ခုကို ချည်နှောင်ထား၏။
သူမက အခြားလူ မဟုတ်...။ ပင်းကလန်၏ ခေါင်းဆောင် တဖြစ်လည်း ဘိုးဘေးကြီး ပင်းကျင်းရုပင် ဖြစ်လေသည်။ သူမက သေမျိုးတစ်ပိုင်း အရှင် အဆင့် ကျင့်ကြံခြင်း အခြေခံကို ထုတ်ဖော်ပြထား၏။
မကြာသေးခင်ကပင် ပင်းထျန်းမှာ ပင်းကလန်ကို ပြန်လာရန် အတွက် ဟင်းလင်းပြင် ဂိတ်တံခါးကို အသုံးပြုခွင့်ပေးဖို့ အကြောင်းကြားလာခဲ့သည်။ သူမမှာ မလိုလားအပ်သည့် ပြဿနာများကို ရှောင်ရှားရန် အတွက် အခြား နယ်မြေများကို ရှောင်တိမ်းလိုဟန် ရသည်။ လေးစားမှုကို ပြသသည့် အနေဖြင့် ပင်းကျင်းရုမှာ ပင်းထျန်းကို ကိုယ်တိုင် လာကြိုဖို့ ဆုံးဖြတ်ခဲ့သည်။ သူမ ပင်းထျန်းကို မတွေ့ခဲ့ရသည်မှာ အတော့်ကို ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဝူယုနောက်ကို အမဲလိုက်ဖို့ ကြိုးပမ်းရင်း နယ်မြေကျူးကျော်ခဲ့မှု အတွက် ပင်းထျန်းမှာ ဟယ်ကလန်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
နယ်မြေ ကျူးကျော်သူများကို ဖမ်းဆီးနိုင်သည့် အခွင့် အာဏာအရ အင်ပါယာ ကလန်ပင် ဟယ်ကလန်၏ အခွင့်အရေးကို တားဆီးနိုင်စွမ်း မရှိခဲ့ချေ။ ဟယ်ကလန်၏ မြေကြီးရှန့်ထို ဟယ်ပိုကျွင်းမှာ ပင်းထျန်းကို သူ၏ ကိုယ်လုပ်တော် တစ်ယောက် အနေဖြင့် သိမ်းပိုက်ဖို့ ကြိုးပမ်းနေသည့် အစီအစဉ်ကိုသာ ဟန့်တားနိုင်ခဲ့သည်။ ဤသို့နှင့်... ဟယ်ကလန်မှ ပြန်လည် လွတ်မြောက်လာခဲ့ပြီး နောက်တွင် ပင်းထျန်းမှာ စန်းယွန်းလီနှင့် အတူ အပျက်အစီး နိုဗာ ကိစ္စတွင် ပါဝင်ခဲ့သည်။
ပင်းကျန်းရု တစ်ယောက် ပင်းထျန်းကို မမြင်ခဲ့ရသည်မှာ ဆယ်စုနှစ် နှစ်ခုနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဝိညာဥ် ဆက်သွယ်မှုများ ပင်လျှင် မရရှိသလောက် ဖြစ်သည်။ အကယ်၍ အသက်အဆောင်ကြောင့်သာ မဟုတ်ပါက... သူက သေဆုံးသွားလောက်ပြီဟုပင် မှတ်ချက်ချနေလောက်ပြီ ဖြစ်သည်။
ကံကောင်းထောက်မစွာပင် ယနေ့၌ ပင်းထျန်း တစ်ယောက် ပြန်လာခဲ့ပြီ ဖြစ်သည်။
“အဘွား...”
အသံတစ်ခုမှာ အဝေးမှ ထွက်ပေါ်လာခဲ့၏။ အားလုံး လှည့်ကြည့်လိုက်ကြလေရာ ပုံရိပ်သုံးခု ပျံသန်းလာသည်ကို တွေ့လိုက်ရလေသည်။ ရှောင်ပင်းကို တွေ့လိုက်ရသော အခိုက်၌ သူတို့ အားလုံး၏ အမူအရာများက ပြောင်းလဲ သွားကြ၏။
ရှောင်ပင်း၏ အကြောင်းကို ပင်းကလန် အတွင်း မသိသူ မရှိသလောက် ဖြစ်သည်။ သူမ ပိုင်ဆိုင်ထားသည့် ထာဝရ ရေခဲ အမတေ ခန္ဓာကိုယ်မှာ ရေခဲ ကျင့်ကြံသူများ အတွက် အလွန် အဖိုးတန်သည့် ရတနာ တစ်ပါး ဖြစ်သည်။ ထို့ကြောင့်ပင် ပင်းမျိုးနွယ်မှာ သူမကို သိမ်းသွင်းခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ပင်းထျန်းက ရှောင်ပင်းကို မျိုးနွယ် သခင်လေးနှင့် လက်ထပ်ပေးဖို့ စီစဉ်ခဲ့သည်။ နောက်ပိုင်းတွင်တော့ အားလုံး သိထားခဲ့သည့် အတိုင်း ပြဿနာ များစွာ ဖြစ်ပေါ်ခဲ့ကာ ထိုအစီအစဉ်မှာလည်း ပျက်သွားခဲ့သည်။
မကြာခင်မှာပင် ရှောင်ပင်းမှာ ဝေ့ဝူယင်၏ ချစ်သူ ဖြစ်ကြောင်း သူတို့ ရှာဖွေ တွေ့ရှိလာခဲ့သည်။ ၎င်းနှင့် အတူ ရှောင်ပင်း၏ ကံကြမ္မာမှာလည်း ယင်မီးဖို ဘဝ ရောက်လုနီးပါးမှ အဓိက တပည့် တစ်ဦး အဖြစ် ပြောင်းလဲ သွားခဲ့သည်။ အဓိက တပည့် ဆိုသော်လည်း တကယ်တမ်း၌ သူမ ရရှိသည့် အကျိုးအမြတ်များမှာ အခြား အဓိက တပည့် ဆိုသူများထက် အဆပေါင်းများစွာ ပိုမို ပေသည်။
အတူတကွ ရောက်ရှိလာသည့် သုံးယောက်ကို ကြည့်ရင်း ပင်းကျင်းရု အနည်းငယ် မျက်မှောင်ကြုတ် သွားခဲ့၏။
အကြီးအကဲ ကျားလွင်...
သူ့ကို ပင်းလီယတို့နှင့် အတူတူ ပါလာလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့် မထားခဲ့ချေ။ ကျားလွင်မှာ များသော အားဖြင့် ကျင့်ကြံခြင်း အကျိုးအမြတ်များ အတွက် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အပြင်ဘက်တွင်သာ ကျက်စားလေ့ ရှိသူ ဖြစ်သည်။ လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်ခန့်က သူ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သတင်းကြားခဲ့ရသော်လည်း... ဤနေရာတွင် တွေ့ရသည်က အနည်းငယ် ထူးဆန်း နေပေသည်။ မည်သို့ပင် ဆိုစေ... သူ့ နေအိမ်မှာ ရေခဲကျောက်စိမ်းဂြိုဟ်တွင် မဟုတ်ပဲ ရေခဲကောင်းကင်ဂြိုဟ်တွင် ရှိနေသည် မဟုတ်ပါလား။
သို့သော်လည်း... ပင်းလီယနှင့် ရှောင်ပင်းတို့ပါ ရောက်ရှိလာလေရာ ပင်းကျင်းရုမှာ မျက်မှောင်ကြုတ်ထားတာကို ပြနလည် ရုတ်သိမ်းကာ အပြုံးတစ်ခုကို ဆင်မြန်းလိုက်၏။ အထူးသဖြင့်... ရှောင်ပင်းမှာ ဝေ့ဝူယင်နှင့် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းရာတွင် အလွန် အရေးကြီးသူ တစ်ယောက် ဖြစ်သည်။ အနာဂတ်၌ သူမ၏ တည်ရှိမှုနှင့် အတူ ပင်းမျိုးနွယ် အတွက် အကျိုးအမြတ်များ ရရှိနိုင်ပေသည်။
ပင်းလီယက အကြီးအကဲ ကျားလွင် အကြောင်း ပင်းကျင်းရုထံ တိုင်တန်းရန် ဟန်ပြင်လိုက်စဉ်မှာပင် ဟင်းလင်းပြင် တံခါးမှာ စတင်ကာ အသက်ဝင်လာခဲ့၏။ အားလုံးမှာ ပြန်လည် တိတ်ဆိတ်သွားကာ တံခါး ရှိရာထံကိုသာ ပြန်လည် အာရုံစိုက်လိုက်ကြသည်။ မကြာခင်မှာပင် ပုံရိပ် တစ်ခုမှာ လမ်းလျှောက်ကာ ထွက်လာခဲ့၏။
ပင်းထျန်း...
***