လက်စားချေခြင်း
Vol. 93 Ch. 1295
ဟင်းလင်းပြင် တံခါးမှ ထွက်ထွက်ချင်းပင် အမဖြစ်သူ ကိုယ်တိုင် လာကြိုနေသည်ကို ကြည့်ကာ ပင်းထျန်း တစ်ယောက် အနည်းငယ် အံ့သြသွားခဲ့၏။ သို့သော်လည်း... စိုးရိမ် ပူပန်နေသည့် ခံစားချက်က အဆက်မပြတ် တိုးလာနေလေရာ သူမ မျက်မှောင်ကြုတ်လိုက်မိသည်။
“ပြန်လည်ကြိုဆိုပါတယ်... မဟာ အကြီးအကဲ ရေခဲခြင်းလေ...”
ညီအမများ ဖြစ်ကြသည့်တိုင် ပင်းကျင်းရုမှာ ပင်းထျန်းကို ပုံမှန်လိုပင် နှုတ်ဆက်လိုက်၏။ ပင်းထျန်း၏ မျက်လုံးများက လာရောက် ကြိုဆိုနေကြသူများကို အကဲခတ်လိုက်ရင်း ရှောင်ပင်းထံ၌ ရပ်တန့် သွားသည်။ သူမ အနည်းငယ် အံ့အားသင့်သွား၏။
မိန်းကလေး၏ အဖြူရောင် ဆံပင်က ပင်းမျိုးနွယ်၏ ထိပ်တန်း ကျင့်စဉ် တစ်ခု ဖြစ်သော အစစ်အမှန် အေးခဲခြင်း ရေခဲချီ နည်းလမ်းကို ကျင့်ကြံထားကြောင်း ဖော်ပြနေသည်။ ၎င်းမှာ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းနှင့် ဆင်တူ၏။ ပိုမို နက်နဲခြင်း မရှိလျှင်ပင် အားနည်းသည်ဟုလည်း မဆိုနိုင်ပါချေ။ ကံဆိုးတာ တစ်ခုက... ထန်ကလန်၏ ကျင့်ကြံခြင်း နည်းလမ်းလိုပင် သေမျိုး တစ်ပိုင်း အရှင် အဆင့် အထိ ရောက်ရှိပြီးလျှင် ဆက်လက် ကျင့်ကြံဖို့ အခက်အခဲ ရှိခြင်း ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ... ထိုကျင့်စဉ်မှာ ရေခဲစွမ်းအင်၏ အခမ်းနားဆုံးသော အင်အားကို ချီးမြှင့်နိုင်စွမ်း ရှိပေသည်။
ထိုကောင်မလေး ရှောင်ပင်းမှာ ရေခဲလမ်းစဉ်တွင် အလွန် ပါရမီ မြင့်မားသူ တစ်ယောက် ဖြစ်သည်။ သူ ထိုမိန်းကလေးကို ငွေအဆင့် အင်အားစု တစ်ခုတွင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး တူတော်မောင် အတွက် လက်ဆောင် တစ်ခု ဖြစ်လာစေဖို့ ရည်ရွယ်ခဲ့သည်။ သို့သော်လည်း ထိုကလေးမှာ ဝေ့ဝူယင်နှင့် ပတ်သက် နေလိမ့်မည်ဟု သူမ မည်ကဲ့သို့ ထင်မှတ်ခဲ့မည်နည်း။
ရှောင်ပင်းနှင့် ပြန်လည် သင့်မြတ်ရေး စကားဆိုဖို့ ပင်းထျန်း ဟန်ပြင်လိုက်စဉ်မှာပင်၊ တစ်ချိန်တည်း၌ ပင်းလီယက အကြီးအကဲ ကျားလွင် အကြောင်း ပင်းထျန်းထံ တိုင်ကြားဖို့ အစပျိုးလိုက် စဉ်မှာပင်...
ဝမ်...
ပင်းထျန်း၏ လက်စွပ်မှာ ရောင်စုံအလင်းတန်းများနှင့် လင်းလက် တောက်ပလာခဲ့လေ၏။ ထိုမြင်ကွင်းက ဆန်းကြယ်လွန်းလှရာ အခြားလူများမှာ အံ့သြ မှင်သက် သွားကြလေသည်။
ပင်းထျန်း ဝိညာဉ်အာရုံကို အသုံးပြုကာ အလျှင်အမြန်ပင် လက်စွပ်ကို စစ်ဆေးလိုက်၏။ သူမ တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် သိုလှောင် လက်စွပ် အတွင်းရှိ ကောင်းကင် လောက အမြုတေအား ထည့်သွင်းထားသော သေတ္တာမှာ အရှိန်အဟုန်နှင့် ပေါက်ကွဲ သွားခဲ့သည်။ သူမ၏ လက်စွပ်မှာ အတွင်းပိုင်း လောကဖြင့် ပြုလုပ်ထားသည့် ရှန့်ထို လက်စွပ် မဟုတ်လေရာ ကောင်းကင် လောက အမြုတေကို ဆက်လက် သိုလှောင်နိုင်စွမ်း မရှိတော့ချေ။
ဘုန်း...
လက်စွပ်ပါ ပေါက်ကွဲသွားခဲ့၏။ လက်စွပ် စွပ်ထားသည့် သူမ၏ လက်ချောင်းတွင် ပြင်းထန်သော ဒဏ်ရာဒဏ်ချက်များ ပေါ်လာခဲ့သည်။ တဒင်္ဂ အတွင်းမှာပင် ပင်းထျန်း၏ လက်စွပ် အတွင်း ရှိနေသည့် အရာအားလုံး ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။ ကျန်ရှိခဲ့သည့် တစ်ခုတည်းသော အရာက ကောင်းကင် လောက အမြုတေပင်။
ဘုန်း... ဘုန်း...
ပေါက်ကွဲမှုက လှိုင်းများ အဖြစ် လွင့်စဉ်လာလေရာ ရှောင်ပင်းနှင့် ပင်းလီယတို့ နှစ်ယောက်မှာ နောက်သို့ လွင့်စဉ် သွားခဲ့ကြ၏။ အခြားလူများကတော့ လျှို့ဝှက် အာဏာရှင် အဆင့်များ ဖြစ်ကြလေရာ သူတို့၏ သန့်စင်သော ခန္ဓာကိုယ်များဖြင့် ပေါက်ကွဲမှုများကို အလွယ်တတူ ခုခံနိုင်လိုက်ကြပေသည်။
ပင်းထျန်း တစ်ယောက် ဆွံ့အသွားခဲ့၏။ သို့သော်လည်း သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက် အနေဖြင့် သူမ စိုးရိမ်နေသည့် ကပ်ဘေးက ကျဆင်းလာပြီ ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်ပေသည်။ သူမ လှုပ်ရှားဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း အလွန်တရာ လေးလံကာ ရင်းနှီးလှသည့် တည်ရှိမှု တစ်ခုက သူမကို မလှုပ်ရှားနိုင်အောင် တားဆီးထား၏။ အဆုံးမဲ့ မေးခွန်းများမှာ ပင်းထျန်း၏ စိတ်အတွင်း နိုးထလာခဲ့သော်လည်း သူမ၏ ဦးရေပြားမှာ ရုတ်တရက် ထုံကျင်သွားခဲ့၏။
ရွှစ်...
သတ္တုတစ်ခု အသား အတွင်း ရက်စက်စွာ ထိုးခွဲ ဝင်ရောက်သွားသည့် အသံတစ်ခု ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့သည်။
“အင့်...”
ပင်းထျန်း၏ မျက်လုံးများမှာ အကန့်အသတ် ရောက်သည် အထိ ပြူးကျယ် သွားခဲ့၏။ သူမ မျက်လုံးများကို ပြန်မမှိတ်နိုင်ခင်မှာပင် ဓားတစ်စင်းက သူမ၏ ရင်ဘတ်မှ ထုတ်ချင်းဖောက်ထွက်လာသည်ကို တွေ့ရှိ လိုက်ရသည်။ ဓား၏ ပင့်တင်မှုနှင့် အတူ သူမ၏ ခြေထောက်များမှာ မြေပြင်မှ ကြွတက်လာခဲ့၏။ ထို့နောက် သူမ၏ ခန္ဓာကိုယ်က နောက်သို့ လန်သွားကာ ကောင်းကင်ကို မျက်နှာချင်းဆိုင် လိုက်ရသည်။
တောက်... တောက်...
ရေခဲသွေးများမှာ ဓား၏ ကြီးမားသော ထုထည် တစ်လျှောက် စီးကျသွားခဲ့၏။ ပင်းထျန်း တစ်ယောက် ရုန်းကန်ရန် ကြိုးပမ်းလိုက်သော်လည်း မည်သည့် ခွန်အားကိုမှ စုစည်းနိုင်ခဲ့ခြင်း မရှိပါချေ။ သူမ၏လျှို့ဝှက် အမြုတေနှင့် လျှို့ဝှက် ဝိညာဉ်တို့က ပျက်စီးသွားခဲ့ပြီ ဖြစ်လေတော့သည်။
ဝှစ်...
အရိပ် မြူနှင်းများကြားမှ လက်တစ်ဖက် ထွက်ပေါ်လာကာ ကောင်းကင်လောက အမြုတေကို ဆုပ်ကိုင်လိုက်၏။ ထို့နောက်... တွေဝေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။
“တစ်ခုတည်းလား...”
မြန်လွန်းသည်။ အရမ်း မြန်လွန်းသည်။ ပုံမဖော်နိုင်လောက်အောင် မြန်လွန်းသည်။ ညီမဖြစ်သူ ရက်ရက်စက်စက် သေဆုံးသွားသည့် မြင်ကွင်းကို ကြည့်ရင်း ပင်းကျင်းရု၏ မျက်လုံးများမှာ မယုံကြည်နိုင်စွာ ပြူးကျယ် နေ၏။ သူမ ဘဝ တစ်လျှောက်... ပင်းကလန်၏ ပိုင်နက် အတွင်း ညီမ ဖြစ်သူ ယခုလို အသတ်ခံရလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့် မထားခဲ့ချေ။
“ပင်းကျားလွင်...”
သူမက ဒေါသတကြီး အော်ဟစ်လိုက်၏။ လျှို့ဝှက် အော်ရာက အရှိန်အဟုန် ပြင်းစွာဖြင့် ပေါက်ကွဲ ထွက်ပေါ် လာခဲ့သည်။ ကမ္ဘာမြေကြီးမှာ ပြင်းထန်စွာ တုန်လှုပ်သွားကာ ကောင်းကင်ရှိ တိမ်များ ပင်လျှင် အရှိန်အဟုန်နှင့် လွင့်စဉ် သွားခဲ့၏။
ပင်းကျားလွင်၏ ချောမောသော မျက်နှာက လုံးဝ တည်ငြိမ်နေ၏။ သူ၏ လက်တစ်ဖက်က ဧရာမ ဓားကြီးကို ပေါ့ပေါ့ပါးပါး အားစိုက်ထုတ်စရာ မလိုပဲ ကိုင်ဆောင်ထားသည်။ ဓားသွားထက်တွင်တော့ ပင်းထျန်းမှာ လွတ်မြောက်ရန် ရုန်းကန်နေဆဲ ဖြစ်သည်။ အလွန်အမင်း နာကျင်မှု၏ လက္ခဏာ အဖြစ် သွေးမျက်ရည်များမှာ သူမ၏ မျက်လုံးများမှ စီးကျနေခဲ့၏။
“အခြားနှစ်ခု ဘယ်မှာလဲ...”
ပင်းကျားလွင်က ပင်းထျန်းကိုကို ကြည့်ကာ အေးစက်စွာ မေးလိုက်၏။ သူက ပင်းကျန်းရုကို နည်းနည်းလေးမှ ဂရုစိုက်ခြင်း မရှိပါချေ။
"အဟွတ်... အဟွတ်...”
ပင်းထျန်း၏ ပါးစပ်မှာ သွေးများဖြင့် ပြည့်နှက် နေခဲ့၏။ သူမ စကားမပြောနိုင်ပါချေ။ အဆုပ်နှင့် နှလုံးတို့မှာ သွေးများနှင့် ပြည့်လျှံနေခဲ့ပြီ ဖြစ်သည်။ အကယ်၍ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်သာ မဟုတ်ပါက သူမ သေဆုံးနေလောက်ပြီ ဖြစ်သည်။
"ကျုပ် သဘောပေါက်ပြီ...”
ပင်ကျားလွင်က ဓားရိုးကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။
“အဲဒီတုန်းက ကျုပ်ရဲ့ ကမ်းလှမ်းမှုကို ခင်ဗျားတို့ လက်ခံလိုက်သင့်တာ”
သူက ခပ်တိုးတိုး ပြောလိုက်ရင်း ဝိညာဉ် အင်အားကို ဓားအတွင်း ပို့လွှတ် လိုက်သည်။ ပင်းထျန်း၏ မျက်လုံးများမှာ နောက်တစ်ကြိမ် ပြူးကျယ်သွား၏။ ၎င်းတို့က ပထမ တစ်ကြိမ် အကန့်အသတ်ထက် ကျော်လွန်သွားကာ အတွင်းရှိ သွေးကြောများမှာ အချိန်မရွေး ပေါက်ထွက်သွားတော့မယောင် ထင်ရသည်။
ဂျစ်... ဂျစ်...
ထူးဆန်းသော အသံများ ထွက်ပေါ်လာကာ နှစ်ထောင်ပေါင်းများစွာ ထိန်းသိမ်းလာသည့် ပင်းထျန်း၏ မူလယင် အပါအဝင် အသိစိတ် ပင်လယ်၊ အသက် အင်အား၊ စိတ်မျက်လုံးနှင့် ဝိညာဉ်တို့ အားလုံးမှာ ဧရာမ ဓားကြီး အတွင်း စုပ်ယူခံလိုက်ရ၏။ သူမ၏ အသားအရေက ချက်ချင်းပင် ခမ်းခြောက်သွားကာ နုပျိုလှပမှုများ အားလုံးမှာ တဒင်္ဂ အတွင်း ခမ်းခြောက်သွားလေသည်။
ပင်းကျားလွင်က ပင်ကျင်းရုကို တစ်ချက် လှမ်းကြည့်လိုက်၏။ ပင်းကလန်၏ လျှို့ဝှက် အာဏာရှင် အဆင့် အားလုံးမှာ သူတို့ ခေါင်းဆောင် နံဘေးတွင် စုဝေး နေကြပြီး ဖြစ်သည်။ ပင်းကျင်းရု မည်သည့် အစီအရင်၊ ကျင့်စဉ်ကို ဖော်ထုတ်စေချင်ကာမူ ဘေးမှ ပံ့ပိုးပေးရန် အဆင်သင့် ဖြစ်နေကြ၏။
“ရော့...”
ပင်းကျားလွင်က ဂရုမစိုက်ဟန်ဖြင့် သူ့ဓားကို မြှောက်လိုက်၏။ ပင်းထျန်း၏ အလောင်းက ကျွတ်ထွက်သွားကာ ပင်းကလန် ကျင့်ကြံသူများထံ တိုးဝင်သွားသည်။
ပင်းကျင်းရု၏ မျက်လုံးများက လင်းလက်သွားသော်လည်း သူမမှာ လှုပ်ရှားခြင်း မပြုချေ။ သူ့ဘေးရှိ လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက်ကသာ လှုပ်ရှားလာကာ သိမ်မွေ့သော ရေစွမ်းအင်ကို သုံး၍ ပင်းထျန်းကို လက်ခံ လိုက်သည်။ ထို့နောက် သူမက သန့်စင်ရေးနှင့် ကုသရေး စွမ်းအင်များကို သူမ ခန္ဓာကိုယ်ထဲ ထည့်သွင်းပေးလိုက်၏။ အကယ်၍ သူမ ခန္ဓာကိုယ်ထဲတွင် ထောက်ချောက် တစ်ခုခု ပါလာပါက ၎င်းက ဖယ်ရှား ပေးလိမ့်မည် ဖြစ်သည်။
လူအများစု ပင်းထျန်း၏ ခန္ဓာကိုယ်နှင့် သစ္စာဖောက် ပင်းကျားလွင်ကို အာရုံစိုက် နေကြချိန်တွင် သူတို့ အကြားရှိ လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက်၏ ခန္ဓာကိုယ်က စတင် တုန်ရီလာနေသည်ကို မည်သူမှ သတိမထားမိခဲ့ကြပါချေ။ လှုပ်ရှားမှုများ လုံးဝ ပုံမှန် မဟုတ်တော့သော အခါတွင်မှ ပင်းကျင်းရု၏ ဝိညာဉ် အာရုံမှာ ထိုကျင့်ကြံသူကို သတိထားမိသွားခဲ့၏။
“ပင်းဟန်ကျူး...”
ပင်းကျင်းရု၏ မျက်လုံးမျာမှာ ကျဉ်းမြောင်းသွားခဲ့၏။ တစ်ချိန်တည်း၌... ဘေးနားရှိ အမျိုးသမီး အကြီးအကဲ တစ်ယောက်မှာလည်း ပင်းဟန်ကျူး၏ ခန္ဓာကိုယ်က အန္တရာယ် အော်ရာများနှင့် ပြည့်နှက်လာသည်ကို သတိထားမိလိုက်သည်။ တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံမျှ အချိန် အတွင်းမှာပင် သေခြင်းတရား၏ အကြပ်အတည်း တစ်ခုကို သူမ ခံစားလိုက်ရ၏။ ထို့နောက်တွင်တော့...
ဘုန်း...
“အား...”
ပင်းဟန်ကျူးဟု ခေါ်သည့် လျှို့ဝှက် ကြယ်တာရာ အဆင့် အကြီးအကဲမှာ ကိုယ့်ကိုယ်ကို ဖောက်ခွဲ ဖျက်ဆီး ပစ်လိုက်ပြီ ဖြစ်သေလည်။ လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက်၏ ပေါက်ကွဲမှုမှာ လျှို့ဝှက် အဆင့် စူပါနိုဗာ တစ်ခု ပေါက်ကွဲမှုနှင့် ညီမျှပေသည်။ ဂြိုဟ်တစ်ခုလုံးမှာ သက်ရောက်ခံလိုက်ရလေ၏။
ရှောင်ပင်းထံတွင် တစ်စုံတစ်ရာ တုန့်ပြန်နိုင်စွမ်း မရှိခဲ့ချေ။ သူမမှာ အဆင့်တူများထဲတွင် အစွမ်းထက်သည့် ကျင့်ကြံသူ တစ်ယောက် ဆိုသော်လည်း သေမျိုး အဆင့်တွင်သာ ရှိသေးသူ ဖြစ်သည်။ သူမ၏ အာရုံ ခြောက်ပါးမှာ လျှို့ဝှက် အဆင့်၌ ရှိနေသည့် မည်သည့် စွမ်းအင်၊ အမတေ အမျိုးအစားကိုမှ ထိတွေ့နိုင်ခြင်း မရှိပါသေးချေ။ သူမ မြင်တွေ့နိုင်သည့် တစ်ခုတည်းသော အရာက ဂြိုဟ်တစ်ခုလုံးကို တဒင်္ဂ အတွင်း ဖုံးလွှမ်းသွားသည့် အနက်ရောင် လေပြင်းမုန်တိုင်း တစ်ခုသာ ဖြစ်သည်။
ဝမ်... ဝမ်...
ချက်ချင်းပင် သူမ၏ ညာဘက်လက်ရှိ ကောင်းကင် အင်ပါယာ အော်ရာ ထည့်သွင်းထားသော သင်္ကေတမှာ တောက်ပလာခဲ့၏။ အသိစိတ်ဖြင့် ထိန်းချုပ်နိုင်စွမ်း မရှိခင်မှာပင် လျှို့ဝှက် အကာအကွယ် တစ်ခု ဖြစ်ပေါ်လာကာ သူမ၏ ခန္ဓာကိုယ်ကို ချိပ်ပိတ် လိုက်လေသည်။ ၎င်းမှာ ထိပ်သီး မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သည့် ဝူယု ကိုယ်တိုင် ဖန်တီးထားသည့် အကာအကွယ် ဖြစ်လေရာ မြေရုံတန်ရုံ မြေကြီး ရှန့်ထိုများ၏ တိုက်ခိုက်မှုများကိုပင် ကာကွယ်ပေးနိုင်စွမ်း ရှိပေသည်။
ကံကောင်း ထောက်မစွာပင် ဝူယုမှာ အစီအရင်ကို ဖန်တီးရာ၌ မဟာမိတ်များကိုပါ ကာကွယ်နိုင်အောင် ဖန်တီးထားခဲ့လေရာ ဘေးနားရှိ ပင်းလီယမှာလည်း လုံခြုံခဲ့ပေသည်။ မိန်းကလေး နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် ဖက်ရင်း ပေါက်ကွဲမှု၏ တွန်းကန်အား အတိုင်း အရှိန်အဟုန်နှင့် လွင့်စဉ်သွားခဲ့ကြ၏။
ပင်းကျင်းရုမှာ ပေါက်ကွဲမှုက သူမ၏ အာရုံ အတွင်း ဖြည်းညင်းစွာ ကျယ်ပြန့်လာနေသည်ကို မြင်တွေ့ရ၏။ သေမျိုးတစ်ပိုင်း အရှင် အဆင့် အနေဖြင့် သူမမှာ လျှို့ဝှက် ကြယ်တာရာ ပေါက်ကွဲမှုကို ဖိနှိပ်ကာ ရေခဲ ကျောက်စိမ်းဂြိုဟ်ကို ကယ်တင်နိုင်မည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။ မြက်ခင်းပြင် အတွင်း၌ အကာအကွယ် ဝင်္ကပါ တစ်ခု ရှိသည့်တိုင် ၎င်းမှာ အသေးစား ကလေးသာ ဖြစ်သည်။ လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက်၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲ တိုက်ခိုက်မှုကို ကာကွယ်နိုင်စွမ်း မရှိပါချေ။
ယခု သူမတွင် လုက်စရာ နှစ်ခု ရှိပေသည်။ အသက်များကို ကာကွယ်ရန်နှင့် ဂြိုဟ်ဝင်္ကပါကို အသက်သွင်းရန် ဖြစ်သည်။
ပင်းကျင်းရု ချက်ချင်းပင် ထာဝရ ရေခဲ စွမ်းအားကို ထုတ်ဖော်ကာ သူမ၏ အမြင်အာရုံ၌ တဖြည်းဖြည်းချင်း ကြီးမားလာနေသည့်ပေါက်ကွဲမှုကို လွှမ်းခြုံလိုက်သည်။ တစ်ချိန်တည်း၌ သူမက သိုလှောင် လက်စွပ်ကို ထိတွေ့ကာ မြေကြီး ရှန့်ထို တစ်ယောက်ကိုပင် တဒင်္ဂမျှ တားဆီးနိုင်သည့် ဂြိုဟ်အကာအကွယ် အစီအရင်ကို အသက်သွင်းလိုက်လေ၏။
“နှေးလွန်းတယ်...”
ရုတ်တရက် အသံ တစ်ခုက ပင်းကျင်းရု၏ နားအတွင်း နတ်ဆိုး တစ်ယောက်၏ တီးတိုး ပြောဆိုသံလိုမျိုး ဝင်ရောက်လာခဲ့လေသည်။
***