← Chapters

ကောင်းချီးခံ နှစ်ဦး

Vol. 93 Ch. 1300

ကောင်းချီးခံ နှစ်ဦး

Vol. 93 Ch. 1300

လောက အကျဉ်းထောင်...

လောကအကျဉ်းထောင်မှာ အာကာသ အကျဉ်းထောင်၏ အဆင့်မြင့် ပုံစံ တစ်မျိုး ဖြစ်သည်။ ၎င်းမှာ အာကာသ အမျိုးအစား လမ်းစဉ်ကို နားလည်ထားသည့် မြေကြီး ရှန့်ထိုများ အသုံးပြုနိုင်သည့် စွမ်းအား တစ်ရပ် ဖြစ်ကာ သေမျိုးတစ်ပိုင်းအရှင် အဆင့်များကို လွတ်မြောက်မသွားအောင် ပိတ်လှောင်တားဆီးနိုင်စွမ်း ရှိပေသည်။

တစ်ခါတုန်းက ထာဝရ သူရဲကောင်းများမှာ ဝူယုနှင့် တိုက်ခိုက်ရာတွင် လောက အကျဉ်းထောင်ကို သုံးခဲ့ဖူးသည်။ သို့သော်လည်း သူတို့ထံတွင် အာကာသ လမ်းစဉ် အပေါ် နက်ရှိုင်းသည့် နားလည်မှုများ မရှိလေရာ ချို့ယွင်းချက် များစွာ ရှိခဲ့သည်။ သို့သော်လည်း... ဟယ်ပို့ကျွင်း၏ လောကအကျဉ်းထောင်တွင် ချို့ယွင်းချက် မရှိပါချေ။

ဝေ့ဝူယင်နှင့် ယွင်ချွဲတို့ နှစ်ယောက်စလုံးမှာ ဟယ်ပို့ကျွင်း၏ အော်ရာကို အကဲဖြတ် လိုက်နိုင်ကြ၏။

‘လမ်းစဉ် သုံးခု မြေကြီး ရှန့်ထို...’

သူတို့ နှစ်ယောက်စလုံး ပြိုင်တူပင် မှတ်ချက်ချ လိုက်ကြသည်။ အချိန်သခင် တစ်ယောက်သာ ဖြစ်သည့်တိုင် လျှို့ဝှက်လမ်းစဉ်များ အပေါ် ဝေ့ဝူယင်၏ ထိုးဖောက် မြင်နိုင်စွမ်းမှာ ယွင်ချွဲထက်ပင် ပိုမို သာလွန် နေခဲ့ပြီ ဖြစ်သည်။ မည်သို့ပင် ဆိုစေ... သူက မြေကြီး ရှန့်ထို အဆင့် ဝတ်စုံနက် ဝေ့ဝူယင်၏ မှတ်ဉာဏ်များကို ပိုင်ဆိုင် ထားခဲ့သည် မဟုတ်ပါလား။

‘အာကာသ၊ အချိန်နဲ့ သမုဒ္ဒရာ...”

ဟယ်ပို့ကျွင်း၏ လမ်းစဉ် သုံးခုကို ကြည့်ကာ ဝေ့ဝူယင် အနည်းငယ် အံ့သြသွားခဲ့၏။ ပထမမြောက် လမ်းစဉ်၊ ဒုတိယမြောက် လမ်းစဉ်နှင့် တတိယမြောက် လမ်းစဉ်တို့တွင် မန်နာ အမျိုးအစား သင်္ကေတကို မဆုပ်ကိုင်နိုင်သည့် မြေကြီး ရှန့်ထို အလွန် ရှားပါးပေသည်။ သို့သော်လည်း... ချွင်းချက်များမှာ အမြဲတမ်း ရှိတတ်သည် မဟုတ်ပါလား။

ဟယ်ပို့ကျွင်း၏ မျက်လုံးများမှာ ဝေ့ဝူယင် လက်ထဲရှိ ရှောင်ပင်းထံသို့ ကျရောက် သွားခဲ့သည်။ အပြုအမူ တစ်ခုချင်းစီကို ကျွမ်းကျင်စွာ ဖုံးကွယ်ထားသည့်တိုင် ဟယ်ပို့ကျွင်းထံမှ စိတ်သက်သာရာရမှုနှင့် စိတ်ကျေနပ်မှု လှိုင်းများကို ဝေ့ဝူယင် ခံစားလိုက်ရ၏။ ကမ္မတန်ဖိုး ဖြတ်‌တောက်မှုကို ဝေ့ဝူယင် ပြန်လည် သတိရလိုက်၏။ အကယ်၍ သူ ဝင်ရောက် မလာလျှင်ပင် ဟယ်ပို့ကျွင်းမှာ ထိုတိုက်ခိုက်မှုကို ဝင်ခံလိမ့်မည် ဖြစ်သည်။ ကောင်းကင် တာအိုမှာ ကောင်းချီးခံ တစ်ယောက်၏ တိုက်ခိုက်မှုမှ ရှောင်ပင်းကို ကယ်တင်ရန် ကမ္မ တန်ဖိုး ဖြတ်တောက်မှုကို ပြုလုပ်ခဲ့သည်လား...။

သို့သော်လည်း ထိုအရာက အဓိပ္ပာယ်တော့ သိပ်မရှိလှချေ။ ဟယ်ပို့ကျွင်းမှာ ရှောင်ပင်းကို အခြား ရည်ရွယ်ချက် တစ်ခု အတွက် ကယ်တင်ဖို့ ကြိုးပမ်းနေခြင်း ဖြစ်သည်။ သူမက ကပ်ဘေးမှ လွတ်လွတ်ကင်းကင်း လွတ်မြောက်သွားလိမ့်မည် မဟုတ်ချေ။

အခြေအနေက အတော်လေး ရှုပ်ထွေးကာ ခန့်မှန်း၍ ခက်လှ၏။ သို့ဖြစ်လေရာ... သူ့အနေဖြင့် သတိထား၍ တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ လှမ်းသင့်ပေသည်။

ဟယ်ပို့ကျွင်း၏ ဝိညာဉ် အာရံမှာ စက်ဝိုင်း သဏ္ဌာန် လောက အကျဉ်းထောင်၏ အကန့်အသတ်ထိ ရောက်အောင် ဖြန့်ကျက်ထားပြီး ဖြစ်သည်။ ၎င်းမှာ မိုင်ပေါင်း သုံးရာခန့် ရှိလိမ့်မည် ဖြစ်သည်။ မိုင်ပေါင်း သုံးရာ ဆိုသည်မှာ လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက် မျက်တောင် တစ်ခပ်စာ အကွာအဝေး ဖြစ်သော်လည်း အထဲရှိ လူများကိုတော့ ကောင်းစွာ ထိန်းသိမ်းထားရန် လုံလောက်ပေသည်။

“ကိစ္စ မရှိဘူး...”

ဟယ်ပို့ကျွင်းက သူ့ အတွေးများကို အဆုံးသတ်လိုက်၏။

“မင်းတို့ နှစ်ယောက်စလုံးကို ဖမ်းမယ်...”

ရိုးရာ ဆန့်ကျင် နတ်ဘုရားဓားကို ဆုပ်ကိုင်ထားသည့် ယွင်ချွဲ၏ လက်များမှာ ပိုမို တင်းကြပ် သွား၏။ ဝေ့ဝူယင်၏ အဆုံးမဲ့ ဟင်းလင်းပြင် တောင်ပံက အနည်းငယ် တုန်ရီသွားသည်။

မိုင်ပေါင်း ဒါဇင် အနည်းငယ် အကွားအဝေးရှိ နေရာ နှစ်ခုတွင် ကောင်းချီးခံ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့ နှစ်ယောက်စလုံးမှာ သာမန် ‌ကောင်းချီးခံများ မဟုတ်ကြချေ။ တစ်ယောက်မှာ ကောင်းချီးခံမှ အပြစ်သား တစ်ယောက် အဖြစ် ပြောင်းလဲ သွားခဲ့သူ ဖြစ်ကာ အခြား တစ်ယောက်မှာ မိစ္ဆာ လမ်းစဉ်ကို ရဲရင့်စွာ လျှောက်လှမ်းနေသည့် ကောင်းချီးခံ ဖြစ်သည်။ အကြည့်တစ်ချက်ဖြင့်ပင် သူတို့ နှစ်ဦး အကြား၌ နားလည်မှု တစ်ခု ဆန်းကြယ်စွာ ဖွဲ့စည်းလာခဲ့၏။ ဟယ်ပို့ကျွင်းမှာ သူတို့ နှစ်ယောက်စလုံး၏ ရန်သူ ဖြစ်ပေသည်။

“အိုး...”

ဟယ်ပို့ကျွင်းက အော်ရာအရ ပိုမို အစွမ်းထက်ပုံ ရသည့် ယွင်ချွဲဘက်ကို လှည့်လိုက်၏။ ထို့နောက် သူ့ မျက်လုံးများက တောက်ပသွားခဲ့သည်။ ပင်းကျားလွင်၏ နောက်၌ မြောလွင့်နေသည့် အရာ ဝတ္ထု တစ်ခုကို မြင်လိုက်သော အခိုက်၌ သူ့ လျှို့ဝှက် ဝိညာဉ်က အနည်းငယ် တုန်ခါသွားခဲ့၏။ တပ်မက်မှု တစ်ခုက သူ့ စိတ်၊ နှလုံးသားနှင့် ဝိညာဉ် သုံးခုစလုံးထံတွင် ရောဂါ တစ်ခုလို စွဲကပ်သွားသည်။ တဒင်္ဂ အတွင်းမှာပင် သူ ထိုအရာကို မည်သည့် နည်းလမ်းနှင့် မဆို ရယူဖို့ ဆုံးဖြတ်လိုက်၏။

တပ်မက်မှု၊ လောဘတို့နှင့် အတူ အစိမ်း‌ရောင် အလင်းတန်း တစ်ခုမှာ ဟယ်ပို့ကျွင်း၏ မျက်လုံးများ အတွင်း၌ ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။

ဝှစ်...

သူ လှုပ်ရှားမှု ကျင့်စဉ် တစ်ခုကို သုံးလိုက်ည်။ ချက်ချင်းပင် သူ့ ခန္ဓာကိုယ်မှာ အဆုံးမဲ့ ရေလှိုင်းများနှင့် ဝန်းရံသွားကာ ပတ်ဝန်းကျင် မိုင်ပေါင်း သုံးရာ အကန့်အသတ်မှာ ထိုသက်ရောက်မှုဒဏ်ကို ခံလိုက်ရ၏။

“ချီးပဲ...”

ယွင်ချွဲ၏ မျက်လုံးများက ကျဉ်းမြောင်း သွားခဲ့၏။ ရေလှိုင်းများက ပတ်ဝန်းကျင် တစ်ခုလုံးကို ပိတ်ဆို့ထားကာ သူ့ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ဖိအားပေးထားသည်။ သို့သော်လည်း... ၎င်းက သူ ရင်ဆိုင်နေရသည့် အပြင်းထန်ဆုံး ပြဿနာ မဟုတ်ပါချေ။

ယွင်ချွဲ ပြင်းထန်စွာ ဟိန်းဟောက်လိုက်ရင်း ရိုးရှာ ဆန့်ကျင် နတ်ဘုရားဓားကို ဝှေ့ယမ်းကာ လျှို့ဝှက် အကာအကွယ် တစ်ခုကို ဆင့်ခေါ်လိုက်၏။ ဆိုးယုတ်မှုနှင့် လောဘတရားကို ကိုယ်စားပြုသည့် အော်ရာများက သူ့ ပတ်ဝန်းကျင်တွင် အသက်ဝင်လာကာ မည်သည့် တိုက်ခိုက်မှုကို မဆို ကာကွယ်ဖို့ အသင့်ပြင်လိုက်သည်။

ဟူး...

လူအိုကြီး၏ လက်တစ်စုံမှာ ယွင်ချွဲနှင့် နှစ်ပေခန့် အကွာအဝေးကို အကာအကွယ် အလွှာကို ဂြိုဟ်တစ်စင်း၏ ပြင်းထန်မှုများဖြင့် တိုက်ခိုက်လိုက်၏။ ကြောက်မက်ဖွယ် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာကာ ယွင်ချွဲ၏ လျှို့ဝှက် အကာအကွယ်မှာ အလွန် ပြင်းထန်စွာ တုန်ခါ သွားခဲ့သည်။ သို့သော်လည်း... သူက မူလ နေရာတွင်ပင် မြဲမြံစွာ ဆက်လက် ရပ်တည်နိုင်ဆဲ ဖြစ်သည်။

ဟယ်ပို့ကျွင်းမှာ ယွင်ချွဲ၏ ရှေ့တွင် ရပ်နေခဲ့ကာ သူ့ လက်ဖဝါး တိုက်ခိုက်မှုကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်သည်ကို ကြည့်ရင်း အံ့သြသွားခဲ့၏။ အော်ရာ အရဆိုလျှင် ထိုပင်းကလန်၏ သစ္စာဖောက်မှာ လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက်သာ ဖြစ်သည်။ သူက မည်မျှ ကြောက်စရာ ကောင်းလိုက်သနည်း။ သို့တည်းမဟုတ်... သူ ထိုကဲ့သို့ ခုခံနိုင်ခြင်းမှာ ရတနာ တစ်ခုကြောင့်လော။

အခြားတစ်ဖက်၌ ဟယ်ပို့ကျွင်း စတင် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ဝေ့ဝူယင်က သူ၏ အဆုံးမဲ့ ဟင်းလင်းပြင် တောင်ပံများကို ခတ်လိုက်၏။ ထို့နောက် အလွန် ကြောက်မက်ဖွယ် ကောင်းသည့် အမြန်နှုန်းနှင့် အတူ ယွင်ချွဲတို့ တိုက်ခိုက်နေသည့် နေရာနှင့် ဆန့်ကျင်ဘက် နံရံများဆီ ပျံသန်း သွားခဲ့သည်။

“ဘာလဲ...”

ယွင်ချွဲ၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့၏။ စောနလေးကပင် သူတို့ နှစ်ယောက် အကြည့်ချင်း ဖလှယ်ခဲ့ကာ ထူးဆန်းသည့် သဘောတူညီချက် တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ သို့သော်လည်း... ထိုမျက်နှာဖုံးတပ် ပုဂ္ဂိုလ်မှာ ပထမဆုံးသော အခွင့်အရေးတွင်ပင် ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။ ဘယ်လောက် ဗရမ်းပတာ ဆန်လိုက်သနည်း။

“မင်းလည်း နေရဦးမယ်...”

ဟယ်ပို့ကျွင်းက ပြုံးလိုက်၏။ သူ၏ အခြားလက်တစ်ဖက်က ဝေ့ဝူယင်ထံသို့ ဆန့်တန်းသွားကာ ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ မြေကြီးရှန့်ထို တစ်ယောက်၏ စွမ်းအားမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ ရိုးရှင်းသည့် လုပ်ဆောင်ချက် တစ်ခုတည်းဖြင့်ပင် တစ်လောကလုံးရှိ ဝိညာဉ် အင်အားများမှာ ဝေ့ဝူယင်ထံ အရှိန်အဟုန်နှင့် စီးဆင်း သွားခဲ့ပြီ ဖြစ်သည်။

ဝှစ်...

ဝေ့ဝူယင်မှာလည်း တုန့်ဆိုင်းခြင်း မပြုပါချေ။ သူက ဝိညာဉ် အင်အားများနှင့် ကိုယ့်ကိုယ်ကို လွှမ်းခြုံကာ အခွံ တစ်ခုကို ဖန်တီးလိုက်၏။ အကာအကွယ် နံရံများဆီ ပျံသန်းနေသည့် သူ့ အမြန်နှုန်းက နည်းနည်းလေးမျှ လျော့ကျသွားခြင်း မရှိပါချေ။

ဘုန်း... ဘုန်း...

ဟယ်ပို့ကျွင်းထံမှ ဝိညာဉ် အင်အားများမှာ ဝေ့ဝူယင်ထံ ရိုက်ခတ် လာသော်လည်း ၎င်းတို့မှာ သံနံရံ တစ်ခုကို ရိုက်ခတ်ဖို့ ကြိုးပမ်းနေသည့် လှိုင်းများ သဖွယ် ဖြစ်သည်။ ကြယ်တာရာ ဝိညာဉ် လေးခု၏ ထောက်ပံ့မှုနှင့် အတူ ဝေ့ဝူယင်၏ စွမ်းအားများမှာ မခန့်မှန်းနိုင်လောက်အောင် သန်မာ နေခဲ့ပြီ ဖြစ်သည်။ သူက သူ၏ ရည်မှန်းချက် ဖြစ်သည့် လောကအကျယ်းထောင် နံရံများထံ မယိမ်းမယိုင် ဆက်လက် ပျံသန်းနေဆဲ ဖြစ်၏။

ဟယ်ပို့ကျွင်း၏ မျက်လုံးများမှာ အံ့သြမှုနှင့် ပြူးကျယ်သွား၏။

“အချိန်ကျပြီ...”

ယွင်ချွဲက ထိုအခွင့်အရေးကို ယူကာ သူ၏ ရိုးရာဆန့်ကျင် နတ်ဘုရားဓားကို ဒုတိယ အကြိမ်မြောက် ခုတ်ပိုင်း လိုက်လေ၏။ တိုက်တန် အရွယ်အစားဂြိုဟ် တစ်လုံးနှင့် ဆင်တူသည့် ဖိနှိပ်ခြင်း စွမ်းအားမှာ နောက်တစ်ကြိမ် ဆင့်‌ခေါ် ခံလိုက်ရပြန်ပြီ ဖြစ်လေသည်။

ဘုန်း...

***

All Chapters