ကယ်တင်ခြင်း၊ သတ်ဖြတ်ခြင်း၊ ကာကွယ်ခြင်း
Vol. 93 Ch. 1298
ကပ်ဘေးမှာ မည်သည့် သဲလွန်စမှ မပြပဲ ရေခဲကျောက်စိမ်းဂြိုဟ် တစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့ပြီ ဖြစ်သည်။ မရေမတွက်နိုင်သည့် လူများမှာ သူတို့၏ အသက်များ၊ ချစ်မြတ်နိုးရသူများနှင့် နေအိမ်များကို ဆုံးရှုံး ခဲ့ရသည်။ တစ်ခါတုန်းက မရေမတွက်နိုင်သည့် အင်အားစုများ မနာလို အားကျရလောက်အောင် လှပသော ဂြိုဟ်ကြီးမှာ ယခုတွင်တော့ အပျက်အစီးနှင့် ရေခဲများ ပြည့်နှက်နေသည့် သုသာန် တစ်စနှယ် ပြောင်းလဲ သွားခဲ့ရပြီ ဖြစ်သည်။
အော်ဟစ် ငိုကြွေးသံများမှာ ကမ္ဘာလောက၏ နေရာတိုင်းတွင် ပဲ့တင်ထပ် နေခဲ့လေ၏။ သူတို့မှာ အသက်ရှင်သန် ကျန်ရစ်သူများ ဖြစ်ကြသော်လည်း ပူဆွေးသောကများနှင့် ပြည့်နှက် နေခဲ့ကြလေသည်။
“နားငြီးလိုက်တာကွာ...”
စိတ်အနှောက်အယှက် ဖြစ်သည့် အသံတစ်ခုနှင့် အတူ ငွေရောင် အလင်းတန်း တစ်ခု အဖြစ် ရေခဲကျောက်စိမ်း မြို့တော်ထက်တွင် ထွက်ပေါ်လာခဲ့သည်။ တစ်ခါက စည်ကားခဲ့သော မြို့တော်မှာ ယခုတွင်တော့ အဆုံးမဲ့ အပျက်အစီး၊ ရေခဲများနှင့် ပြည့်နှက် နေခဲ့ပြီ ဖြစ်သည်။
ပုံရိပ်မှာ အသက်အရွယ် ကြီးရင့်နေသည့် အကြီးအကဲ တစ်ဦး ဖြစ်ကာ ရေစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ၏ ခြေတစ်လှမ်းချင်းစီက နေရာတိုင်းတွင် လှိုင်းများကို ဖန်တီးနေခဲ့ကာ ပင်လယ် သမုဒ္ဒရာကြီး အတွင်း ကျဆင်းလာသည့် ရေတစ်ပေါက် ကဲ့သို့ ခံစားချက်ကို ဖြစ်ပေါ်စေသည်။ သို့သော်လည်း ထိုရေတစ်ပေါက် အတွင်းတွင် ဆူနာမီလှိုင်း တစ်ခု ကဲ့သို့ ကြမ်းတမ် ခက်ထန်ကာ အကြောက်အရွံ့ ကင်းမဲ့သည့် စွမ်းအားများ ပါဝင်နေ၏။
သူက ဟယ်ကလန်၏ မြေကြီး ရှန့်ထို ဟယ်ပို့ကျွင်းပင် ဖြစ်လေသည်။
အကယ်၍ ပင်းကလန်ရှိ ကျင့်ကြံသူများသာ မြေကြီး ရှန့်ထို တစ်ယောက် ရေခဲကျောက်စိမ်းဂြိုဟ်ထက်သို့ ရောက်ရှိလာသည်ကို တွေ့ရှိရပါက ကျိန်းသေပင် အံ့အားသင့် သွားလိမ့်မည် ဖြစ်သည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၊ နိုဘယ် ကလန်များ အကြားတွင် မြေကြီးရှန့်ထိုများ ခွင့်ပြုချက် မရပဲ မကျုးကျော်နိုင်သည့် လျှို့ဝှက် ကျိန်စာများ ရှိပေသည်။ ကံကောင်းထောက်မစွာပင်... လျှို့ဝှက် ကျိန်စာများတွင် ဂရုမစိုက် ကျော်လွန်လို့ ရနိုင်သည့် ယိုပေါက်များ ရှိပေသည်။
အကယ်၍ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အတွင်းရှိ နယ်မြေ တစ်ခုမှာ ရန်သူ၏ ကျူးကျော်ခြင်းကို ခံရလျှင်... ကြယ်တာရာ နယ်မြေ အတွင်းရှိ မြေကြီး ရှန့်ထိုများ အနေဖြင့် ဝင်ရောက် စူးစမ်းရန် အခွင့်အလမ်း ရှိပေသည်။
“ငါ့ရဲ့ ရေခဲပန်းပွင့်လေးရေ... ငါ အခု လာတာ မင်းအတွက်နော်”
ဟယ်ပို့ကျွင်း၏ ရည်ရွယ်ချက်မှာ ပင်းကလန်နှင့် ပင်းထျန်းတို့ထံမှ အဆုံးမဲ့ ကျေးဇူးတရားများကို ရရှိရန် ဖြစ်သည်။ အသက်ကို ညင်သာစွာ ရှိုက်လိုက်ရင်း သူက လက်ဝါးကို ရှေ့သို့ ဖိလိုက်၏။
သူက မည်သူနည်း။ သူက အစစ်အမှန် မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သည်။ နိုးထခြင်း အဆင့် လျှို့ဝှက် ရည်ရွယ်ချက်နှင့် အထွတ်အထိပ် အဆင့် အသွင်ပြောင်းခြင်းရေ ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ၏ စွမ်းအားဖြင့် ဂြိုဟ်တစ်ခုလုံးထံသို့ လွယ်လွယ်ကူကူ ဖြန့်ကျက်နိုင်စွမ်း ရှိပေသည်။
လျှို့ဝှက် စွမ်းအင် အနည်းငယ်ကို ထုတ်လွှတ်လိုက်ရုံဖြင့်ပင် ဟယ်ပို့ကျွင်းမှာ ဂြိုဟ်ပေါ်ရှိ ဘီလျံပေါင်း များစွာသော အသက်များနှင့် ချိတ်ဆက်မိသွားခဲ့၏။ အသွင်ပြောင်းလဲခြင်းရေ ရည်ရွယ်ချက်မှာ ကမ္ဘာ တစ်ခုလုံးကို လွှမ်းခြုံသွားကာ ပင်းဟန်ကျူးကြောင့် ဖြစ်ပေါ်လာသည့် အေးခဲခြင်း စွမ်းအားမှာ သိမ်မွေ့ ညင်သာသည့် ရေစွမ်းအင်များ အဖြစ် အရည်ပျော်သွားခဲ့သည်။
အပြင်းအထန် ဒဏ်ရာ ရရှိနေသူများ၊ အသက်ရှူနိုင်ရုံမျှသာ ကျန်ရှိနေသည့် လူများမှာ တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ရေလှိုင်းများက သူတို့ကို အန္တရာယ် ကင်းသည့်နေရာများထံသို့ ခေါ်ဆောင် သွားခဲ့၏။
“ဒီဂြိုဟ်ရဲ့ ကျင့်ကြံခြင်း အဆင့်အတန်းက အတော်လေး နိမ့်တာ ကံကောင်းတာပဲ...”
ဟယ်ပို့ကျွင်းက မှတ်ချက်ချရင်း လက်ဖဝါးထက်၌ သင်္ကေ တစ်ခုကို ဖွဲ့စည်း လိုက်သည်။
လျှို့ဝှက် အချိန် သင်္ကေတ...
သေခြင်းတရားမှ လွတ်မြောက်လာကြသူတိုင်းမှာ ဂြိုဟ်၏ ကောင်းကင်ယံထက်တွင် အလွန် လှပသော သက်တံ့များ ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ကြရ၏။ ၎င်းက အလွန်ပင် မျက်စိ ပဒါသ ဖြစ်လွန်းလှသည်။
“ဒါက နတ်ဘုရားတွေ ဖန်ဆင်းတဲ့ မှော်အစွမ်းလား”
ရေများ ရွှဲစိုနေသည့် မိခင် တစ်ဦးမှာ သူမ၏ သားငယ်လေးကို တင်းကြပ်စွာ ဖက်ထားခဲ့၏။ သူမ၏ မျက်နှာထက်ရှိ စီးကြောင်းများက ရေများလား၊ မျက်ရည်များလား ခွဲခြားရန် ခက်ခဲလှသည်။ ကောင်ငယ်လေးမှာ ပန်းသီး ကဲ့သို့ သစ်သီးလေး တစ်လုံးကို ကိုင်ဆောင်ထားခဲ့၏။ သို့သော်လည်း သူကား အသက် မရှိတော့လေပြီ။ အဆုံးမဲ့ အေးခဲခြင်း စွမ်းအားမှာ ဖြန့်ကျက်လာသည့် တဒင်္ဂ အတွင်းမှာပင် ကလေးငယ်လေး၏ အသက်ကို ယူဆောင် သွားခဲ့ခြင်း ဖြစ်လေသည်။
မိခင်ဖြစ်သူကတော့ သူမ၏ ကောင်းကင် အုပ်စိုးသူ အဆင့် ကျင့်ကြံခြင်း အခြေခံဖြင့် စက္ကန့် အနည်းငယ်ကြာ ခုခံနိုင်ခဲ့သည်။ သူမ သေအံ့ဆဲဆဲ အချိန်မှာပင် ဟယ်ပို့ကျွင်း ရောက်ရှိလာကာ သူမ အသက်ကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်။
“ငါ့သားလေး... ငါ့သားလေ...”
သူမမှာ သားလေး၏ ဖြူရော်၊ အသက်မဲ့နေသော မျက်နှာကို စိုက်ကြည့် နေခဲ့၏။ သူက သူမ၏ တစ်ဦးတည်းသော ကလေး ဖြစ်ပေသည်။
“နင့် အဖေက ငါ့ကို ထားသွားခဲ့ပြီ... အခု... သားလေးကလည်း... သား... အမေ့ကို ထားမသွားပါနဲ့”
သူမက အသည်းအသန် အော်ဟစ်လိုက်၏။ ထိုအခိုက်တွင်ပင် မီးခိုးရောင် အလင်းတန်း တစ်ခုမှာ ဂြိုဟ်တစ်ခုလုံးကို အံ့သြဖွယ် ကောင်းလှသည့် လျှင်မြန်မှုနှုန်းနှင့် လွှမ်းခြုံ သွားခဲ့သည်။
“မေမေ... မေမေ... နာတယ်”
မိခင်ဖြစ်သူ၏ တင်းကြပ်စွာ ပွေ့ဖက်ထားမှု အောက်တွင် ကောင်လေးမှာ နာကျင်စွာ အော်ဟစ် လိုက်၏။ မိခင်ဖြစ်သူ၏ မျက်လုံးများမှာ အံ့သြ ထိတ်လန့်မှုနှင့် ပြူးကျယ်သွားကာ သားလေးကို စစ်ဆေး လိုက်သည်။ သူ့ သားလေး ပြန်လည် အသက်ရှင်လာခဲ့ပြီ ဖြစ်သည်။ ထို့နောက်... သူမ လုပ်နိုင်ခဲ့သည့်၊ လုပ်ရန် သတိရခဲ့သည့် တစ်ခုတည်းသော အရာက ငိုကြွေးခြင်းပင် ဖြစ်လေသည်။
“မေမေ...”
ကောင်လေးမှာ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း နားမလည်နိုင်ပါချေ။ သို့သော်လည်း မိခင်ဖြစ်သူထံမှ အဆုံးမဲ့ ပျော်ရွှင်မှုများ၊ နာကျင်မှုများကို ခံစားလိုက်ရလေရာ သူ ကိုယ်တိုင်ပါ လိုက်လံ ငိုကြွေး မိလေတော့၏။
...
အချိန် နောက်ပြန်ဆုတ်ခြင်း စွမ်းအားနှင့် အတူ ရေခဲကျောက်စိမ်းထက်ရှိ မရေမတွက်နိုင်သော အသက်များမှာ ပြန်လည် ရှင်သန်လာခဲ့ပြီ ဖြစ်သည်။ မရဏတိုင်းပြည်ကို ရောက်လုနီးနီး အခြေအနေမှ သူတို့မှာ ဘဝကို ပြန်လည် စတင်ရန် နောက်တစ်ကြိမ် အခွင့်အရေး ရရှိသွားခဲ့ပြီ ဖြစ်သည်။ သေမျိုးများနှင့် နှိုင်းယှဉ်ရပါက... မြေကြီးရှန့်ထိုများမှာ နတ်ဘုရားများနှင့် နှိုင်းယှဉ်နိုင်သည့် စွမ်းအားများကို ပိုင်ဆိုင်ထားသည် ဆိုခြင်းမှာ ချဲ့ကား ပြောဆိုခြင်း မဟုတ်ပါချေ။
“ငါ့ရဲ့ အဖိုးတန် လျှို့ဝှက် စွမ်းအားလေးတွေ...”
ဟယ်ပို့ကျွင်းက နှမြောတသဖြစ်စွာဖြင့် ရေရွတ်လိုက်၏။ သို့သော်လည်း လောကီ အမျိုးအစား လျှို့ဝှက် သင်္ကေတကို ပိုင်ဆိုင်ထားသည့် မြေကြီး ရှန့်ထို တစ်ယောက် အနေဖြင့် အဆင့်နိမ့် သေမျိုးလေးများကို ပြန်လည် အသက်သွင်းရသည်မှာ ဟယ်ပို့ကျွင်း အတွက် အလွန် လွယ်ကူသော အလုပ် ဖြစ်သည်။ လျှို့ဝှက် စွမ်းအင် အနည်းငယ်မှ အပ အခြား မည်သည့် ကုန်ကျမှုမှ မရှိပါချေ။ မည်သို့ပင် ဆိုစေ... ထိုလျှို့ဝှက် စွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန် သူ ရင်းမြစ် တစ်ချို့ကို သုံးရတော့မည် ဖြစ်သည်။
ဟယ်ပို့ကျွင်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ထိုအရာ အားလုံးမှာ ပင်းထျန်း အတွက် ဖြစ်သည်။ သို့ဖြစ်လေရာ ဆုံးရှုံးမှုကို သူ သည်းခံရပေမည်။
“အခု သူ့အလှည့်ပဲ...”
ဟယ်ပို့ကျွင်း၏ မျက်လုံးများက ငွေရောင် အလင်းတန်းများနှင့် တောက်ပသွားခဲ့၏။ ထို့နောက် သူ မူလ နေရာမှ ပျောက်ကွယ်သွားကာ ပင်းထျန်း သေဆုံးသွားသည့် နေရာတွင် ပြန်လည် ပေါ်လာခဲ့သည်။ သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်ကို ပြန်လည် ခေါ်ဆောင်ရသည်ကတော့ အလွန်ပင် အကုန်အကျများသည့် လုပ်ငန်းစဉ် တစ်ခု ဖြစ်သည်။ သို့သော်လည်း... ပင်းထျန်းမှာ ထိုအတွက် သူ့ကို ပြန်လည် ပေးဆပ်ပေလိမ့်မည်။ ထိုအတွေးက ဟယ်ပို့ကျွင်းကို စိတ်လှုပ်ရှားစေ၏။
ရာစုနှစ် တစ်ခုလောက် နှစ်ကိုယ်တူ ကျင့်ကြံလိုက်ရုံဖြင့် သူ ကုန်ကျထားသမျှကို ပြန်လည် ရရှိနိုင်ပေသည်။ နောက်ထပ် နှစ်များကတော့ သူ့အတွက် အမြတ်များသာ ဖြစ်ပေသည်။ ဟယ်ပို့ကျွင်း၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေ၏။ ပင်းထျန်းမှာ ပစ်ပျိုးမှဲ့မထင် အပျိုစင် သေမျိုးတစ်ပိုင်း အရှင်အဆင့်လေး ဖြစ်သည်။ ထို့အပြင် သူမက ကျင့်ကြံခြင်း ရှာမှရှား ရေခဲ အလှကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ အချိန် နောက်ပြန်ဆုတ်ခြင်း စွမ်းအားက သူမကို မှဲ့တစ်ပေါက် မစွန်းစေပဲ ပြန်လည်ခေါ်ဆောင်နိုင်စေဖို့ သူ ဂရုစိုက် လုပ်ဆောင်ရပေမည်။
အမှန်တကယ်အားဖြင့် ပင်းထျန်း ပြန်လည် ရောက်ရှိလာစဉ် ကတည်းက သူ ရေခဲ ကျောက်စိမ်းဂြိုဟ်ကို စောင့်ကြည့် နေခဲ့ခြင်း ဖြစ်သည်။ ပင်းကျားလွင်က ပင်းထျန်းအား ခုတ်ထစ်ခဲ့သည်ကို သူ မြင်ခဲ့သည်။ သူ့ မျက်လုံးထဲ၌ အရာအားလုံးမှာ အလွန် နှေးကွေးစွာ ဖြစ်ပျက်နေခဲ့ခြင်း ဖြစ်သည်။ မြေကြီး ရှန့်ထို တစ်ယောက် အနေဖြင့် သူ့ထံတွင် အချိန်မှီ ဝင်ရောက် တားဆီးနိုင်စွမ်း ရှိခဲ့သည်။ သို့သော်လည်း သူ စောင့်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့သည်။ သူမ ရင်ဆိုင်ရသည့် အခြေအနေက ပိုမို၍ ဆိုးရွားလေလေ... သူ ရရှိနိုင်မည့် အကျိုးအမြတ်က ပိုမို များပြားလေလေ မဟုတ်ပါလား။
“ဒီမှာ...”
အေးခဲနေသည့် ပင်းထျန်း၏ ခန္ဓာကိုယ် အကြွင်းအကျန်ကို တွေ့လိုက်ရသော အခိုက်၌ ဟယ်ပို့ကျွင်းမှာ ပိုမို၍ စိတ်လှုပ်ရှား လာခဲ့သည်။ သူမ အတွက် သူက သူရဲကောင်း တစ်ယောက် ဖြစ်လာလိမ့်မည်။ ထို့အပြင်... ရေခဲကျောက်စိမ်းဂြိုဟ် တစ်ခုလုံး အတွက် သူက ကိုးကွယ်ရာ နတ်ဘုရား တစ်ပါး ဖြစ်လာပေလိမ့်မည်။
ဟယ်ပို့ကျွင်း စိတ်ထဲမှ ရယ်မောလိုက်ရင်း အချိန် နောက်ပြန်ဆုတ်ခြင်း စွမ်းအားကို အသုံးပြုလိုက်၏။ ပင်းထျန်း၏ အရိုးများ၊ အသွေးအသားများ၊ အရည်ပြားများမှာ ပြန်လည်၍ စုဝေးလာခဲ့၏။ တစ်စက္ကန့်မျှ အတွင်းမှာပင် သူမ၏ လှပသော ခန္ဓာကိုယ်က ပြန်လည်၍ ဖွဲ့စည်းသွားသည်။ ကောက်ကြောင်းများမှာ နောက်တစ်ကြိမ် ပြန်လည် ပေါ်လွင်လာခဲ့၏။
"..."
"..."
ဟယ်ပို့ကျွင်း မျက်မှောင်ကြုတ် လိုက်၏။ ယခုတစ်ကြိမ် အချိန် နောက်ပြန်ဆုတ်ခြင်းမှာ မျှော်လင့်ထားသည်ထက် အနည်းငယ် ပိုမို ကုန်ကျခဲ့သည်။ ထို့အပြင် လွဲချော်မှု တစ်ခု ရှိနေခဲ့၏။
ပင်းထျန်း၏ ခန္ဓာကိုယ်မှာ ပြန်လည် အသက်ရှင် လာခဲ့ပြီ ဖြစ်သည်။ ဝင်သက်ထွက်သက်မှာလည်း ပြန်လည် ရှူရှိုက် နေခဲ့၏။ သူမ၏ အသက်အင်အားမှာလည်း တည်ငြိမ် နေခဲ့လေပြီ။ သို့သော်လည်း...
ဟယ်ပို့ကျွင်း ဝိညာဉ်အာရုံကို ဆန့်ထုတ်ကာ စစ်ဆေးကြည့်လိုက်၏။ ထို့နောက်တွင်တော့ သူ့ မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွားခဲ့လေသည်။
ပင်းထျန်း၏ အသိစိတ် ပင်လယ်၊ လျှို့ဝှက် ဝိညာဉ်၊ လျှို့ဝှက် အမြုတေနှင့် မူလယင်တို့ အားလုံး ပျောက်ကွယ် နေခဲ့သောကြောင့်ပင်။
ဟယ်ပို့ကျွင်း၏ စိတ်ပျက်အားငယ်မှုက အနက်ရှိုင်းဆုံး ချောက်တစ်ခုထဲသို့ ပြုတ်ကျသွားခဲ့၏။ သူ အရှေ့ရှိ ပင်းထျန်း၏ ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ သူမက ယခင်ကလို လှပနေဆဲ ဖြစ်သည့်တိုင် သူ့ အမြင်တွင်တော့ သွေးနှင့် ကြွက်သားများပြည့်နှက်နေသော အိတ်အခွံ တစ်လုံးနှင့် ခြားနားခြင်း မရှိတော့ချေ။ အသုံးမဝင်ချေ။ ဘာဆိုဘာမှ သောက်သုံး မဝင်ချေ။
“သူ ဘယ်မှာလဲ...”
ဟယ်ပို့ကျွင်း ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ ထို့နောက် သူက အပေါ်သို့ မော့ကာ ကြည့်လိုက်သည်။
ပင်းကလန်၏ သစ္စာဖောက် ပင်းကျားလွင်...
“ငါ မင်းကို သတ်မယ်...”
ဘုန်း...
ချက်ချင်း ဆိုသလိုပင် ဟယ်ပို့ကျွင်း၏ ခန္ဓာကိုယ်က ငွေရောင် အလင်းတန်း အဖြစ် ပေါက်ကွဲကာ ပုံသေ ဟင်းလင်းပြင် အတွင်း တိုးဝင် သွားခဲ့လေတော့၏။
***