← Chapters

သုံးပွင့်ဆိုင်

Vol. 93 Ch. 1299

သုံးပွင့်ဆိုင်

Vol. 93 Ch. 1299

“သူက တို့နောက်ကို လိုက်နေပြီ...”

ရှောင်ပင်းက ထိတ်လန့် တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်၏။ ပင်းကျားလွင်မှာ သူတို့နောက်ကို အလောတကြီး လိုက်နေခဲ့ပြီ ဖြစ်သည်။ သူက သူမတို့ နှစ်ယောက်ကို သတ်ဖြတ်ဖို့ ရည်ရွယ်ထားတာ ရှင်းလင်းပေသည်။ ရှောင်ပင်း စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ရင်း စဉ်းစားဖို့ ကြိုးစားလိုက်၏။ အကာအကွယ် သင်္ကေတ၏ စွမ်းအားမှာ သူမကို အချိန် အနည်းငယ်တော့ ကာကွယ်ပေးလိမ့်မည် ဖြစ်သည်။

ရှောင်ပင်း လက်ရှိ သင်္ကေတကို ကြည့်လိုက်၏။ ၎င်းထံတွင် ပုံသေ စွမ်းရည် တစ်ခုတည်းသာ ရှိသည် မဟုတ်ချေ။ တစ်ခါတုန်းက နာ့ရှင်းရီမှာ အလားတူ သင်္ကေတကို သုံးကာ အမှောင်ယင် နန်းတော်ကို လွှမ်းမိုးခဲ့ဖူးသည်။ သို့ဖြစ်လေရာ သူမထံတွင်လည်း အလားတူ အခွင့်အရေးမျိုး ရှိပေသည်။ ဝိညာဉ် အင်အားကို ထည့်သွင်းလိုက်သော အခိုက်၌ အကာအကွယ် စွမ်းအားက အဆင့်အနည်းငယ် မြင့်တက်သွားသည်ကို သူမ သတိထားလိုက်မိ၏။

ရှောင်ပင်းမှာ ဆုံးဖြတ်ချက် ပြတ်သားသူ ဖြစ်သည်။ သူမက ထိုစွမ်းအင် တစ်စိတ်တစ်ပိုင်းကို အသုံးချကာ ပင်းလီယကို ဆက်သွယ် လိုက်သည်။ ထို့နောက် အကာအကွယ် စွမ်းအင်များနှင့် ဝန်းရံကာ ဆန့်ကျင်ဘက် အရပ်ဆီသို့ ပစ်လွှတ်လိုက်လေသည်။ ချက်ချင်းပင် ပင်းလီယ၏ ခန္ဓာကိုယ်က အမှောင် ဟင်းလင်းပြင် အတွင်း ဥက္ကာပျံ တစ်ခုလို ခရီးနှင် သွားခဲ့၏။

ရှောင်ပင်း နောက်ကို လှည့်ကြည့်လိုက်သည်။ ထိုအခါ ပင်းကျားလွင်မှာ သူမ နောက်ကိုသာ လိုက်နေကြောင်း သတိထားမိလိက်၏။

“သူ့ ပစ်မှတ်က ငါလား...”

ရှောင်ပင်း အံ့သြသွားခဲ့သည်။ ပထမ၌ ပင်းလီယမှာ ပင်းကျားလွင်၏ ပစ်မှတ်ဖြစ်လိမ့်မည်ဟု သူမ တွေးထင် နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် အကာအကွယ် သင်္ကေတ၏ စွမ်းအင် အများစုဖြင့် ဝန်းရံကာ သူမကို ဆန့်ကျင်ဘက် အရပ်ထံ ပစ်လွှတ်လိုက်ခြင်းဖြစ်သည်။

ပင်းကျားလွင်မှာ သေမျိုးတစ်ပိုင်း အရှင် အဆင့် နှစ်ယောက်နှင့် တိုက်ခိုက်ခဲ့ကာ ဆက်လက် အသက်ရှင်သန် နေသည်ကို ထောက်ချင့်ရပါက သူ၏ ခွန်အားက ပုံမှန် မဟုတ်သည်မှာ ထင်ရှားလှသည်။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်နှင့် တိုက်ခိုက်ရန် သူမ မဝံ့ရဲပါသေးချေ။

“သူ ဖမ်းတာကို ငါ မခံနိုင်ဘူး”

ရှောင်ပင်း စိတ်ထဲမှ ဆုံးဖြတ်ချက် ချလိုက်ရင်း အမြင့်ဆုံးသော အမြန်နှုန်းကို မြှင့်တင်လိုက်၏။ သို့သော်လည်း... ပင်းကျားလွင်မှာ နောက်မှ ကပ်ကာ လိုက်လာနေဆဲ ဖြစ်သည်။ သူက ဧရာမဓားကြီးကို မြှောက် လိုက်၏။

ဘုန်း...

ဓားတစ်ချက် မြှောက်လိုက်ရုံဖြင့်ပင် လောကကြီး တစ်ခုလုံးက အလွန် ပြင်းထန်သော ဖိအားများနှင့်ပြည့်နှက်သွားကာ အကာအကွယ် အစီအရင်မှာ လဲပြိုလုနီးပါး ဖြစ်သွားခဲ့၏။

"သူက ငါ့ကို သတ်ဖို့ ကြိုးစားနေတာလား...”

ရှောင်ပင်း၏ စိတ်မှာ ထိတ်လန့် တုန်လှုပ်ခြင်းများနှင့် ပြည့်နှက်သွား၏။ သူမလို ထာဝရ ရေခဲ အမတေ ခန္ဓာကိုယ် ပိုင်ဆိုင်ထားသူ တစ်ယောက်ကိုပင် ထိုပင်းကျားလွင်က သတ်ဖြတ်ချင်နေသည်လား...။

ဘုန်း...

သူမ စဉ်းစားလို့ မပြီးသေးခင်မှာပင် ရိုးရာ ဆန့်ကျင် နတ်ဘုရားဓားမှာ ပြင်းထန်သည့် အရှိန်အဟုန်နှင့် အကာအကွယ် အလွှာပေါ် ကျရောက်လာခဲ့လေ၏။

...

လွန်ခဲ့သည့် စက္ကန့် အနည်းငယ်ခန့်က

“ပျင်းစရာ ကောင်းလိုက်တာ...”

ယွင်ချွဲ စိတ်ထဲမှ အော်ဟစ်လိုက်မိ၏။ ရှောင်ပင်းထံတွင် အကာအကွယ် သင်္ကေတ တစ်ခု ရှိနေသည်။ ၎င်းမှာ အလွန်ပင် အစွမ်းထက်ကာ သူမကို ဆက်လက် ပြေးလွှားနိုင်အောင် ထောက်ပံ့ပေးထားခဲ့သည်။

ပင်းလီယ လွတ်မြောက်သွားသည့် အဖြစ်ကို သူ ဂရုမစိုက်ပါချေ။ သူမ တစ်ယောက်တည်း ဆိုလျှင် သူ နောက်ပင် လိုက်ခဲ့လိမ့်မည် မဟုတ်ချေ။ သူ၏ အစစ်အမှန် ပစ်မှတ်က ရှောင်ပင်းသာ ဖြစ်သည်။

သူ၏ ရိုးရာဆန့်ကျင် နတ်ဘုရားဓားမှာ ‌ရှောင်ပင်း၏ အသိစိတ် ပင်လယ်၊ မူလယင်၊ ကြယ်တာရာ ဝိညာဉ်၊ ကြယ်တာရာ အမြုတေနှင့် ထာဝရ ရေခဲ ရင်းမြစ် သွေးကြောတို့ကို စုပ်ယူနိုင်စွမ်း ရှိပေသည်။ သူ ပြင်ပ ရင်းမြစ်များကို ထပ်ပေါင်း အသုံးပြုကာ ၎င်းတို့ကို လျှို့ဝှက် အဆင့်ထိ ‌ရောက်အောင် မြှင့်တင်နိုင်ပေလိမ့်မည်။ ထိုအခါ သူ့ဘဝ တစ်လျှောက်လုံး ယင်မီးဖို တစ်ခုကို ထာဝရ ပိုင်ဆိုင်နိုင်လိမ့်မည် ဖြစ်သည်။

“ဟမ်...”

သူ၏ မျက်လုံးများက ပြူးကျယ်သွားကာ နောက်ကို လှည့်ကြည့်လိုက်၏။ ရေခဲကျောက်စိမ်းဂြိုဟ်ထက်မှ အပြောင်းအလဲများကို သူ ချက်ချင်း သတိထားလိုက်မိသည်။

“မြေကြီးရှန့်ထို တစ်ယောက် လှုပ်ရှားနေပြီ... -ီးပဲ...”

ယွင်ချွဲ စိတ်ထဲမှ ကျိန်ဆဲ လိုက်မိ၏။ ထိုအရာက သူ ကိုယ်တိုင် မျှော်လင့်မထားသည့် ဖြစ်ရပ် ဖြစ်သည်။ ထိုမြေကြီး ရှန့်ထိုက မည်သည့် နေရာမှ လာသနည်း။ လွန်ခဲ့သည့် တစ်ပတ် အတွင်း သူ အစစ်အမှန် အေးခဲခြင်း နယ်မြေကို အကြိမ်ကြိမ် စစ်ဆေးခဲ့ပြီး ဖြစ်သည်။ မည်သည့် မြေကြီး ရှန့်ထိုမှ ရှိမနေပါချေ။ သူက မည်ကဲ့သို့ လျှင်မြန်စွာ တုန့်ပြန်နိုင်ရသနည်း။

"..."

စဉ်းစားရန် အချိန် များများစားစား မရှိတော့ချေ။ ယွင်ချွဲ ရိုးရာ ဆန့်ကျင် နတ်ဘုရားဓားကို ထုတ်ယူကာ ၎င်း၏ ပြိုင်စံရှား ဖိနှိပ်နိုင်မှု စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် ခက်ထန်စွာပင် ရှောင်ပင်းထံ ခုတ်ပိုင်း လိုက်တော့၏။

ဓားတစ်ချက်တည်း...။

သို့သော်လည်း ၎င်းမှာ ရိုးရာ ဆန့်ကျင် နတ်ဘုရားဓားထံမှ ထွက်ပေါ်လာသည့် ဓားချက် ဖြစ်ပေသည်။ မျက်တောင် တစ်ခပ်စာမျှအချိန် အတွင်းမှာပင် တိုက်တန်အရွယ်အစား ဂြိုဟ်တစ်စင်း၏ အလေးချိန်မှာ ‌ရှောင်ပင်း အပေါ် ပြိုကျလာခဲ့လေ၏။

ဘုန်း...

...

ရုတ်တရက် ရှောင်ပင်းမှာ သူမ ခန္ဓာကိုယ်ကို နွေးထွေးမှု တစ်ခုက ဝန်းရံသွားသလို ခံစာလိုက်ရ၏။ ထိုအရာက သေဆုံးခြင်းလော။ သူမ မသေခြင်သေးပေ။ ယခုလို အဖြစ်ဆိုးမျိုးဖြင့် သူမ မသေလိုသေးချေ။ သူမ သူ့ကိုပင် ပြန်မတွေ့ရသေးချေ။

ဒိတ်... ဒိတ်... ဒိတ်...

ရုတ်တရက် အလွန် ကျယ်လောင်သည့် နှလုံးခုန်သံများကို သူမ ကြားလိုက်ရ၏။ ရှောင်ပင်းအံ့သြသွားကာ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ ထိုအခါ မီးခိုးရောင် အကြေးခွံများ၊ ခိုင်မာ တောင့်တင်းသည့် ကြွက်သားများနှင့် ရင်ဘတ် တစ်ခုကို တွေ့လိုက်ရလေသည်။

“...”

ရှောင်ပင်း အံ့သြသွားခဲ့၏။ သူမ အသက်ရှင်နေသေးသည်လား။ ရုတ်တရက်... သန်မာသည့် လက်တစ်စုံက သူမ၏ ခါးကို ဖက်၍ ကိုင်ထားကြောင်း သတိထားလိုက်မိသည်။ ဆက်တိုက်ဆိုသလိုပင် သူမ အသက်ရှူ နေ‌ကြောင်း သူ သတိပြုမိသွား၏။

“ငါ အသက်ရှင်ပြီ...”

ရှောင်ပင်း တစ်ယောက် အတည်ပြုလိုက်ရင်း သတ္တိများကို စုစည်းကာ ကယ်တင်သူကို မော့ကြည့် လိုက်သည်။ ထိုအခါ မျက်နှာဖုံး တစ်ခုနှင့် ဝေဝေဝါးဝါး ရုပ်သွင်ကိုသာ တွေ့လိုက်ရ၏။ သို့သော်လည်း... သူမ၏ နှလုံးသားကတော့ ကယ်တင်သူက မည်သူ ဖြစ်ကြောင်း သိရှိလိုက်ချေပြီ ဖြစ်လေသည်။

“တကယ်ပဲ ရှင်ပဲလား...”

ထိုအခိုက်၌ ရှောင်ပင်း၏ ပုံမှန် အေးစက်စက် လေသံမှာ စိတ်ခံစားချက်များနှင့် တုန်ရီ နေခဲ့တော့သည်။ သူမ၏ မျက်လုံးများက မျှော်လင့်ချက် အရိပ်အယောင်များနှင့် တလက်လက် တောက်ပနေခဲ့သည်။

ကယ်တင်သူမှာ မျက်နှာဖုံးတပ်ထားသည့်တိုင် ဝေ့ဝူယင် တစ်ယောက်တည်းသာ အချိန်မှီ ရောက်လာလိမ့်မည်ဟု သူမ ပြင်းထန်စွာ ခံစားရသည်။ စကားလုံးများဖြင့် ရှင်းပြ၍ မရနိုင်သော်လည်း ထိုအရာကို သူမ စိတ်ထဲမှ ကျိန်းသေ သိရှိထားပေသည်။

“ကျွန်မတို့...”

ရှောင်ပင်းက သူမ၏ အတွေးများကို အတည်ပြုဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း... သူမ၏ မျက်တောင်များမှာ ကော့စင်းသွားကာ ပတ်ဝန်းကျင် အပေါ် သတိထားမှုများမှာ တဖြည်းဖြည်း လျော့ကျသွားသည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ပျော့ခွေကာ အိပ်မောကျ သွားခဲ့တော့၏။ ဝေ့ဝူယင် ရှောင်ပင်း၏ ခန္ဓာကိုယ်ကို သယ်ဆောင်လိုက်ရင်း သူမ၏ ခေါင်းကို သူ့ ပခုံးထက်၌ သက်တောင့်သက်သာ ဖြစ်အောင် နေရာချပေးလိုက်သည်။

ထိုအခိုက်၌ ဝေ့ဝူယင်မှာ အစစ်အမှန် နဂါး အသွင်ပြောင်းခြင်းကို အပြည့်အဝ ထုတ်ဖော် ထားခဲ့၏။ သူ၏ ဝတ်စုံက ညအလား နက်မှောင်နေကာ ငွေရောင် အကြေးခွံများနှင့် အစစ်အမှန် နဂါးတစ်ကောင်၏ အသွင်ကို ချယ်မှုန်းထားခဲ့သည်။ ထိုအခိုက်၌ ဝေ့ဝူယင်၏ အသွင်မှာ ပေါ့ပေါ့ပါးပါးမှသည် လွှမ်းမိုးနိုင်စွမ်း ရှိသည့် အာဏာရှင် တစ်ဦး၏ အသွင် ကဲ့သို့ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင် သူ၏ အဆုံးမဲ့ ဟင်းလင်းပြင် တောင်ပံများမှာ တစ်ဖက်လျှင် ကိုးမီတာစီခန့် ထုတ်ဖော်ထားကာ နဂါး တစ်‌ကောင် အလား ဒေါင်လိုက် မီးခိုးရောင် မျက်လုံးများနှင့် အတူ ပတ်ဝန်းကျင်ကို တိတ်တဆိတ်ပင် လေ့လာနေခဲ့၏။

“ဘယ်လို စွမ်းအားမျိုးလဲ...”

အံ့အားသင့်နေသည့် အသံ တစ်ခုမှာ ဝေ့ဝူယင်နှင့် မိုင်ပေါင်း အနည်းငယ်ခန့် အကွာအဝေးတွင် ထွက်ပေါ်လာခဲ့၏။ သူက ရေစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ မြေကြီး ရှန့်ထို တစ်ဦး၏ အရှိန်အဝါ အော်ရာကို ထုတ်ဖော်ထားပေသည်။

တစ်ချိန်တည်း၌... ထိုအသံ၏ နောက်ဖက် မိုင်ဒါဇင် အနည်းငယ် အကွာတွင် ပုံရိပ် တစ်ခုမှာ တိတ်တဆိတ် ထွက်ပေါ်လာခဲ့သည်။ သူက ပင်းမျိုးနွယ်၏ ဝတ်စုံကို ဝတ်ဆင်ထားကာ ဧရာမ ဓားကြီး တစ်စင်းကို စွဲကိုင်ထား၏။ ထိုလက်နက်မှာ ပင်းကလန် ကျင့်ကြံသည့် ရေခဲ ကျင့်စဉ်များနှင့် လုံးဝ သက်ဆိုင်မှု မရှိပါချေ။ ထို့အပြင်.. သူ၏ ခန္ဓာကိုယ် အော်ရာမှာ ရေခဲ အခြေပြု စွမ်းအင်များကို သဘာဝ ကျစွာ ထုတ်လွှတ်နေသည့်တိုင် လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက်၏ လျှို့ဝှက် အော်ရာလိုမျိုး အပျက်အစီး မန်နာ အပေါ် သက်ရောက်မှု မရှိသည်ကို တွေ့ရှိလိုက်ရ၏။

‘ဟန်ဆောင်ထားတာ...’

ဝေ့ဝူယင် ချက်ချင်းပင် ထိုအချက်ကို သတိပြုမိလိုက်၏။ ထို့အပြင်... စောစောက အသံပိုင်ရှင်ကိုလည်း သူ ရင်းနှီးပေသည်။

‘ဟယ်ပို့ကျွင်းနဲ့ မိစ္ဆာ ကောင်းချီးခံ...’

တစ်ခဏ အတွင်းမှာပင် ဝေ့ဝူယင် မှတ်ချက်ချလိုက်နိုင်၏။ ရေစိမ်းရောင် ဝတ်စုံနှင့် လူအိုကြီးကို မဟာ စက်ဝန်း ရှန့်ထို ညီလာခံမှာတည်းက သူ တစ်ကြိမ် မြင်ဖူးပေသည်။ ထို့အပြင်... ဝေ့ဝူယင်၏ အပြစ်သား သွေးမျိုးဆက် အာရုံခံနိုင်စွမ်းမှာ ထိပ်တန်း အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်လေရာ မိစ္ဆာ ကောင်းချီးခံကို ချက်ချင်းပင် မှတ်မိလိုက်သည်။ မျက်နှာဖုံးပင်လျှင် ထိုခံစားမှုကို ဖုံးကွယ်နိုင်စွမ်း မရှိပါချေ။

ဝေ့ဝူယင် ရှောင်ပင်းအား ဖမ်းဆုပ်ကာ ယင်ချွဲ၏ ရိုးရာ ဆန့်ကျင် နတ်ဘုရား ခုတ်ပိုင်း တိုက်ခိုက်မှုကို ခုခံရန် ဟန်ပြင်လိုက်စဉ်မှာပင် ဟယ်ပို့ကျွင်းမှာ သူတို့ အကြားသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူက လက်ဝါး တစ်ချက်ဖြင့်ပင် ယွင်ချွဲ၏ တိုက်ခိုက်မှု အလုံးစုံကို ပျက်သုဉ်းစေခဲ့သည်။

သို့သော်... ဟယ်ပိုကျွင်း ကိုယ်တိုင်လည်း သက်သာခဲ့သည် မဟုတ်။ သူ၏ ရှည်လျားသော အင်္ကျီလက်မှာ လက်မောင်းရင်းထိ ပြဲစုတ်သွားခဲ့ကာ လက်တစ်ခုလုံးမှာလည်း ဓားရှရာများနှင့် ပြည့်နှက် သွားခဲ့သည်။ ထို့ကြောင့်ပင် “ဘယ်လို စွမ်းအားမျိုးလဲ” ဟု သူ အံ့သြစွာ ရေရွတ်ခဲ့မိခြင်း ဖြစ်သည်။ သွေးမထွက်သော်လည်း... လျှို့ဝှက် စွမ်းအင်များမှာ သူ့ခန္ဓာကိုယ်ထဲမှ တဖြည်းဖြည်း စိမ့်ထွက်လာနေခဲ့ကာ ဒဏ်ရာကို လျှင်မြန်စွာ ပြန်လည် ကုသနေခဲ့၏။

ဟယ်ပို့ကျွင်း၏ မျက်လုံးများက ပင်းကျားလွင်ကို စိုက်ကြည့်ကာ လေ့လာ နေခဲ့သည်။ သူ၏ စိတ်က များစွာသော သံသယများနှင့် ပြည့်လျှံနေခဲ့သည်။

“နယ်ခြားသား နှစ်ယောက်လား...”

ဟယ်ပို့ကျွင်းက ဝေ့ဝူယင်ဘက်ကိုပါ လှည့်ကြည့်လိုက်ကာ ထူးဆန်းသော အသွင်အပြင်ကို သတိပြုလိုက်၏။ သူ့ မျက်လုံးများ အတွင်း၌ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်က လျော့ကျမသွားပဲ နေရာယူနေဆဲ ဖြစ်သည်။

‘ -ီးပဲ...”

ယွင်ချွဲ စိတ်ထဲမှ ကျိန်ဆဲ လိုက်မိ၏။ ဝေ့ဝူယင်နှင့် ယွင်ချွဲတို့ နှစ်ယောက်စလုံး၏ အမူအရာများက နက်မှောင် နေသည်။ သူတို့၏ မျက်လုံးများမှာ ဟယ်ပို့ကျွင်းကို စိုက်ကြည့် နေကြ၏။ ထိုအခိုက်၌ သူတို့ နှစ်ယောက်စလုံးမှာ ပြင်ပ လောကနှင့် လုံးဝ အဆက်အသွယ် ပြတ်ကာ ဟယ်ပို့ကျွင်း၏ လောက အကျဉ်းထောင် အတွင်း ရောက်ရှိနေပြီ ဖြစ်ကြောင်း သတိပြုမိနေကြပြီ ဖြစ်လေသည်။

***

All Chapters