← Chapters

ပူးပေါင်းခြင်း

Vol. 93 Ch. 1301

ပူးပေါင်းခြင်း

Vol. 93 Ch. 1301

ဟယ်ပို့ကျွင်းမှာ ဝေ့ဝူယင်၏ အားစိုက်ထုတ်စရာ မလိုခဲ့သည့် ခုခံမှုကို ကြည့်ကာ တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံမျှ မှင်သက်သွားခဲ့၏။ ထိုအခိုက်တွင်ပင် အလွန် ပြင်းထန်သည့် အန္တရာယ် အငွေ့အသက်များက သူ့စိတ်အတွင်း တိုးဝင်လာခဲ့သည်။ သူ လက်သီးကို ဆုပ်ကာ အချိန်စွမ်းအင်ဖြင့် ဝန်းရံလိုက်၏။ ထို့နောက် တုန့်ဆိုင်းခြင်း မပြုပါပဲ ယွင်ချွဲထံသို့ ဦးတည်၍ ထိုးနှက်လိုက်တော့သည်။

ဘုန်း...

ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဟယ်ပို့ကျွင်း၏ ခန္ဓာကိုယ်မှာ ငွေရောင် အလင်းများနှင့် ဝန်းရံလာကာ ပျောက်ကွယ်သွားခဲ့တော့သည်။

ရိုးရာ ဆန့်ကျင် နတ်ဘုရားဓား၏ အလစ်အငိုက် တိုက်ခိုက်မှုကို ခံခဲ့ရသည့်တိုင် အလွယ်တကူ ရှောင်ထွက်သွားနိုင်သည့် ဟယ်ပို့ကျွင်းကို ကြည့်ကာ ယွင်ချွဲ စိတ်ထဲမှ ဟိန်းဟောက် လိုက်မိ၏။ ထို့ကြောင့်ပင် မြေကြီးရှန့်ထိုများကို နတ်ဘုရားများ အဖြစ် တင်စားခြင်း ဖြစ်ပေလိမ့်မည်။ ထိုအရာက သူ့ဘဝ တစ်လျှောက် မြေကြီး ရှန့်ထိုများနှင့် ထိပ်တိုက် တွေ့ဆုံခြင်း မရှိအောင် ရှောင်ရှားခဲ့ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။

အခြားတစ်ဖက်၌ ဝေ့ဝူယင်မှာ လောကအကျဉ်းထောင်၏ အစွန်းအနားသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

“မင်း နေရဦးမယ်လို့ ငါ ပြောထားတယ် မလား...”

အသံတစ်ခုမှာ ဝေ့ဝူယင် နောက်မှ ထွက်ပေါ်လာခဲ့၏။ သို့သော်လည်း ဝေ့ဝူယင်က သူ့ကို လုံးဝ လျစ်လျူထားသည်။

ဝှစ်...

သူက ရှောင်ပင်း၏ ခန္ဓာကိုယ်ကိုသာ နံရံများ အတွင်း လှမ်းပစ်ချလိုက်၏။ မိန်းကလေးမှာ လောကအကျဉ်းထောင်ကို အတားအဆီး ကင်းမဲ့စွာ ဖြတ်ကျော်သွားခဲ့သည်။ ထူထဲသော နံရံများကို ဖြတ်ကျော်သွားပြီး ‌နောက်တွင်တော့ သူမ၏ ခန္ဓာကိုယ်မှာ အာကာသ စွမ်းအင် အလွှာ တစ်ခုနှင့် ဝန်းရံလာကာ ခြေရာမဲ့ ပျောက်ကွယ်သွားခဲ့တော့၏။

“ဘာလဲ...”

ရှောင်ပင်း၏ လွတ်မြောက်သွားမှုကို ကြည့်ကာ ဟယ်ပို့ကျွင်း တစ်ယောက် အံ့သြသွားခဲ့၏။ သို့သော်လည်း သူက သူ၏ တိုက်ခိုက်မှုကို ဝေ့ဝူယင်ထံကိုသာ ဆက်လက် ဦးတည်လိုက်သည်။

ဘုန်း...

လက်သီးချက်၏ အောက်တွင် ဝေ့ဝူယင်၏ ဝိညာဉ် အကာအကွယ်မှာ ချက်ချင်း ပြိုကွဲသွား၏။ သူ အဆုံးမဲ့ ဟင်းလင်းပြင် အတောင်ပံများကို ယှက်လိုက်ရင်း ဆက်လက် တိုးဝင်လာသည့် အင်အားကို ခုခံလိုက်သည်။

ဘုန်း...

ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ နံရံများနှင့် အဝေးဆီသို့ လွင့်စဉ် သွားခဲ့၏။ ဟယ်ပို့ကျွင်းမှာ ဝေ့ဝူယင် ရှောင်ပင်းလို လွတ်မြောက်သွားမှာ ခွင့်မပြုနိုင်ပါချေ။

ဝေ့ဝူယင်မှာ လောက အကျဉ်းထောင် အတွင်း လွင့်ပျံသွားကာ ယွင်ချွဲနှင့် သုံးမိုင်ခန့် အတွင်း ရောက်ရှိသွားခဲ့၏။ သူက အဆုံးမဲ့ ဟင်းလင်းပြင် တောင်ပံများကို ဖြန့်ကျက်ရင်း အရှိန်ကို ရပ်တန့် လိုက်သည်။ ထို့နောက် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။

မန်နာ လွှမ်းမိုးမှု..

ချက်ချင်းပင် ယွင်ချွဲ၏ နောက်ရှိ ကောင်းကင် လောက အမြုတေကို ဝန်းရံထားသည့် အရိပ်မြူနှင်းမှာ သူ့ထံသို့ စတင် လွင့်စဉ်လာ၏။ မီးခိုးရောင် အလင်းများ၏ ဝန်းရံမှုနှင့် အတူ ၎င်းမှာ ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် ပြေးလွှားနေပေသည်။

မိစ္ဆာ ကောင်းချီးခံနှင့် မြေကြီး ရှန့်ထိုတို့ နှစ်ယောက်စလုံး အံ့အားသင့် သွားကြသည်။

“မဟုတ်ဘူး...”

ယွင်ချွဲက အော်ဟစ်လိုက်၏။ သူ၏ အော်ရာက စတင်၍ ပြောင်းလဲလာကာ မျက်လုံးများမှာ ရူးသွပ်မှုများနှင့် ပြည့်နှက်လာခဲ့သည်။ ရုတ်တရက်ပင်... သူ၏ လျှို့ဝှက် ဝိညာဉ် အဆင့် အကာအကွယ်မှာ ပြောင်းလဲသွားကာ မျက်နှာဖုံး၏ အကာအကွယ်မှာ စတင်မှာ မှိန်ဖျော့လာခဲ့တော့သည်။ သူက ပြင်းထန်စွာ ဟိန်းဟောက်ရင်း ‌ကောင်းကင် လောက အမြုတေထံသို့ လက်ကို လှမ်းလိုက်၏။

ခရက်...

သွေးနီရောင် အလင်းတန်း တစ်ခု ပေါ်လာကာ ကောင်းကင် လောက အမြုတေကို ချည်နှောင် လိုက်၏။ အမြုတေမှာ လမ်းခုလတ်တွင်ပင် ရပ်တန့် သွားခဲ့သည်။

“ငါ ထင်ထားတဲ့ အတိုင်းပဲ...”

ဝေ့ဝူယင်က မိစ္ဆာ ကောင်းချီးခံ၏ အော်ရာကို ကြည့်ကာ တည်ငြိမ်စွာ မှတ်ချက်ချလိုက်၏။ သူက လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက် မဟုတ်ချေ။ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက် ဖြစ်နေခဲ့သည် မဟုတ်ပါလား။

“အိုး...”

အခြားတစ်ဖက်၌ ယွင်ချွဲ၏ ပေါက်ကြားလာသည့် အော်ရာကို ကြည့်ရင်း ဟယ်ပို့ကျွင်း၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားခဲ့သည်။

‌သို့သော်လည်း... ထိုသေမျိုးတစ်ပိုင်းအရှင် အဆင့် အော်ရာက အတော်လေး လတ်ဆတ်ကာ သန့်စင်ခြင်း မရှိလှချေ။ မကြာသေးခင်ကမှ သေမျိုးတစ်ပိုင်းအရှင် အဆင့်ကို ချိုးဖျက်ခဲ့ဟန် ရှိသည်။

ဟယ်ပို့ကျွင်း၏ ခန့်မှန်းချက် မှန်ကန်ပေသည်။ ယွင်ချွဲမှာ သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို လွန်ခဲ့သည့် လပိုင်းလောက်ကမှ ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူက ကျင့်ကြံခြင်း အခြေခံ အသစ်ကိုပင် အခြေကျအောင် မစုစည်းနိုင်သေးချေ။ ပုံမှန်အားဖြင့် သေမျိုးတစ်ပိုင်း အရှင် အဆင့် အသစ် တစ်ယောက် အတွက် သူတို့၏ ကျင့်ကြံခြင်း အခြေခံကို သိပ်သည်းအောင် လုပ်ရန် အချိန်အတိုင်းအတာ တစ်ခု လိုအပ်ပေသည်။ ပြင်ပ အကူအညီ ဖြစ်သည့် အဂ္ဂိရတ် ထုတ်ကုန်များ၊ လျှို့ဝှက် ကျောက်တုံးများ မသုံးဘူး ဆိုလျှင် အကြမ်းဖျဉ်းအားဖြင့် နှစ်ပေါင်း ရှစ်ဆယ်မှ တစ်ရာ အထိ ကြာမြင့်တတ်ပေသည်။

“အတော်လေး ထူးဆန်းတဲ့ ဖုံးကွယ်ရေး ရတနာပဲ...”

ဝေ့ဝူယင်က ခပ်တိုးတိုး မှတ်ချက်ချလိုက်၏။ ကောင်းကင်ဘုံ နတ်မျက်လုံးများဖြင့်ပင် သူ ယွင်ချွဲ၏ ပုံသဏ္ဌာန် အစစ်အမှန်ကို ရှင်းရှင်းလင်းလင်း ဖြတ်သန်း မြင်နိုင်စွမ်း မရှိခဲ့ချေ။ သူက မည်ကဲ့သို့သော ရတနာများကို သုံးထားသနည်း။

“သဘောတူတယ်...”

ဟယ်ပို့ကျွင်းက ရွှင်မြူးသည့် အပြုံးတစ်ခုနှင့် အတူ ဝေ့ဝူယင်၏ စကားကို သံယောင်လိုက် လိုက်၏။ ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လျှို့ဝှက် ရေစွမ်းအင် အလင်းတန်းများမှာ သူ့ လက်ချောင်းများ ကြားတွင် လှပစွာ စီးဆင်းလာခဲ့သည်။

သူ၏ မျက်လုံးများက ကောင်းကင် လောက အမြုတေအား လုယူနေသည့် ဝေ့ဝူယင်နှင့် ယွင်ချွဲတို့ကို စိုက်ကြည့် နေခဲ့၏။ ယွင်ချွဲမှာ အနီရင့်ရောင် အလင်းတန်းကို သုံး၍ အမြုတေကို ကြမ်းတမ်း ခက်ထန်စွာ ဆွဲယူ နေခဲ့သည်။ သို့သော်လည်း... ဝေ့ဝူယင်၏ အမူအရာကတော့ သက်တောင်သက်သာ ရှိလှ၏။ မသိပါက... ကောင်းကင် လောက အမြုတေမှာ ကိုယ်ပိုင် ဆန္ဒနှင့် ဝေ့ဝူယင်ထံသို့ ပျံသန်းသွားနေသလိုပင် ဖြစ်သည်။

ဘုန်း...

ဟယ်ပို့ကျွင်းက အမှောင် ဟင်းလင်းပြင်ကို တစ်ချက် ကန်လိုက်၏။ မျက်တောင်တစ်ခပ်စာမျှ အချိန် အတါင်းမှာပင် သူ ယွင်ချွဲ နံဘေးကို ရောက်ရှိသွားသည်။ ထို့နောက် သူက ယွင်ချွဲ၏ ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်လေတော့၏။

“ချီးပဲ...”

ယွင်ချွဲ၏ အမူအရာက ခက်ထန်သွားသည်။ ရိုးရာဆန့်ကျင် နတ်ဘုရားဓားမှာ သူ့ဆန္ဒနှင့် အတူ လှုပ်ရှားလာကာ ရင်ဘတ်ရှေ့တွင် ကာကွယ်လိုက်၏။ ဟယ်ပို့ကျွင်း၏ လက်ဖဝါးမှာ ဓားကြီး ဧရာမ ကိုယ်ထည်ထက်သို့ ကျဆင်း သွားသည်။

ဘုန်း...

ကမ္ဘာတစ်ခုလုံးမှာ ငလျင်လှုပ် သကဲ့သို့ တုန်ရီသွား၏။ ယွင်ချွဲ အံကို တင်းတင်းကြိတ် လိုက်သည်။ ဟယ်ပို့ကျွင်း၏ အမူအရာမှာ ပြောင်းလဲ သွား၏။ သူက အသက်ကို ပြင်းပြင်း ရှူလိုက်ရင်း လက်ဖဝါးကို နောက်တစ်ကြိမ် ရိုက်ချလိုက်သည်။

ယွင်ချွဲမှာ ကောင်းကင် လောက အမြုတေကို ပြန်လည် ဆွဲယူရန် အသုံးပြုနေသည့် လျှို့ဝှက် အင်အားကို ပြန်လည် ရုတ်သိမ်းလိုက်ရင်း ရိုးရာဆန့်ကျင် နတ်ဘုရားဓားနှင့် အတူ ခုခံရန်သာ တတ်နိုင်ခဲ့လေ၏။

ဘုန်း...

တိုက်ခိုက်မှုက လောက အကျဉ်းထောင် တစ်ခုလုံးကို ငလျင်လှုပ် သကဲ့သို့ တုန်ရီသွားစေခဲ့ပြန်သည်။

“သူ လျှို့ဝှက် စွမ်းအားကို မသုံးထားဘူး...”

ဟယ်ပို့ကျွင်မှာ လျှို့ဝှက် စွမ်းအင်ကို မသုံးပဲ ခန္ဓာကိုယ် စွမ်းအားသက်သက်ကိုသာ အသုံးပြု၍ တိုက်ခိုက် နေခြင်း ဖြစ်ကြောင်း ယွင်ချွဲ ချက်ချင်းပင် သတိထားလိုက်မိ၏။ မြေကြီးရှန့်ထိုများမှာ တတ်နိုင်လျှင် လျှို့ဝှက် စွမ်းအင်ကို သုံးဖို့ ရှောင်ရှားလေ့ ရှိကြပေသည်။ သို့သော်လည်း... ခန္ဓာကိုယ် စွမ်းအင် သက်သက်ကပင် အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းနေခဲ့ပြီ ဖြစ်သည်။

ဟိုးယခင်တုန်းက ဝိညာဉ်အိုကြီး ပြောကြားခဲ့သည့် သတိပေးစကားကို ယွင်ချွဲ ပြန်လည် ကြားယောင် လာမိ၏။

“အဆင့်ကျော် တိုက်ခိုက်နိုင်တယ် ဆိုပြီး ကိုယ့်ကိုယ်ကို ဘယ်တော့မှ အထင်မကြီးလေနဲ့ ယွင်ချွဲ... တစ်ခါတုန်းက မြေကြီး ရှန့်ထို တစ်ယောက်ဟာ တစ်ကိုယ်တော် အစွမ်းနဲ့ အမှောင် ကြယ်တာရာခေတ်ကို လွှမ်းမိုးခဲ့ပြီး အားလုံးကို ဦးညွှတ်စေခဲ့တယ် ဆိုတာ သတိရပါ”

ယခင်က ယွင်ချွဲ ထိုစကားကို သိပ်အလေးမထားမိခဲ့ချေ။ အဘယ်ကြောင့်နည်း။ ထိုမြေကြီး ရှန့်ထိုက အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ ဖြစ်နေသောကြောင့်ပင်။ တစ်လောကလုံး၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူ ဖြစ်နေခဲ့သောကြောင့်ပင်။ သို့သော်လည်း... ယခုလက်တွေ့ ရင်ဆိုင်ရချိန်တွင်တော့ မြေကြီး ရှန့်ထို တစ်ယောက် မည်မျှ အစွမ်းထက်ကြောင်း သူ နားလည်ခဲ့ပြီ ဖြစ်သည်။ သာမန် သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်နှင့် မြေကြီးရှန့်ထို အဆင့် တစ်ယောက် အကြားရှိ ခွန်အားမှာ သေမျိုးတစ်ယောက်နှင့် နတ်ဘုရား တစ်ပါးလို ကွာခြားလှပေသည်။

အကယ်၍ ဝေ့ဝူယင်သာ ယွင်ချွဲ၏ အတွေးများကို ရိပ်မိပါက သူ သဘောကျစွာ ရယ်မောမိလိမ့်မည် ဖြစ်သည်။ မည်သို့ပင် ဆိုစေ... သူက လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်နှင့် တိုက်ခိုက်နေသည့် သေမျိုးတစ်ယောက် ဖြစ်နေခဲ့သည် မဟုတ်ပါလား။

***

All Chapters