ပူးပေါင်းခြင်း
Vol. 93 Ch. 1302
ဝှစ်...
ယွင်ချွဲ၏ နှောက်ယှက်မှု မရှိတော့လေရာ ကောင်းကင်လောက အမြုမှော အမှောင် ဟင်းလင်းပြင် တစ်လျှောက် အလင်းတန်း တစ်ခုလို ဖြတ်သန်း သွားခဲ့၏။ ဝေ့ဝူယင် ၎င်းကို ဟင်းလင်းပြင် ပုံဆောင်ခဲကာ သိမ်းဆည်းဖို့ ပြင်လိုက်သည်။ သို့သော်လည်း... သူ့ အမူအရာက ရုတ်တရက် ပြောင်းလဲ သွား၏။
ဘုန်း...
တစ်ချိန်တည်း၌ ဟယ်ပို့ကျွင်းက တတိယမြောက် တိုက်ခိုက်မှုကို ဖော်ထုတ်လိုက်၏။ သို့သော်လည်း မျှော်လင့် မထားစွာပင် သူ့ ခန္ဓာကိုယ်က ပျောက်ကွယ်သွား၏။
ဝေ့ဝူယင် ချက်ချင်းပင် နဂါး အသွင်ပြောင်းခြင်း နည်းလမ်း၏ ကျင့်စဉ် တစ်ခု ဖြစ်သည့် အစစ်အမှန် နဂါး သံချပ်ကာကို ထုတ်ဖော် လိုက်သည်။ ချက်ချင်းပင် နဂါး အင်အားမှာ သူ့ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံ သွား၏။
ဝေ့ဝူယင် ထိုကျင့်စဉ်ကို တိမ်ပြာတို့နှင့် တိုက်ခိုက်စဉ်၌ တစ်ကြိမ် သုံးခဲ့ဖူးသည်။ ၎င်းမှာ နဂါး အကြေးခွံများ၏ ခုခံရေး စွမ်းအားကို ဆယ့်ရှစ်ဆ အထိ မြှင်တင်ပေးနိုင်စွမ်း ရှိသည်။ သို့သော်လည်း... ခန္ဓာကိုယ် အသစ်အား ပြန်လည် တည်ဆောက်ပြီးနောက်တွင် ထိုစွမ်းအားမှာ ဆယ့်ရှစ်မှ အဆခြောက်ရာ အထိ တိုးမြင့်လာခဲ့သည်။
အဆခြောက်ရာ... မှန်၏။
ဟယ်ပို့ကျွင်းမှာ ရေတစ္ဆေ တစ်ကောင် အလား အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ဝေ့ဝူယင်ထံသို့ ရောက်ရှိလာကာ ရင်ဘတ်ထံ ပြင်းထန်သည့် လက်ဝါးတစ်ချက် ဆန့်ထုတ် လိုက်သည်။ လက်ဝါး တစ်ချက်တည်းသာ ဖြစ်သော်လည်း ၎င်းမှာ ဂြိုဟ်တစ်ခုလုံးကိုပင် ပြိုလဲစေနိုင်ကြောင်း သံသယ ရှိစရာ မလိုပါချေ။
လက်ဖဝါးကို ရင်ဆိုင်လိုက်မိသော အခိုက်တွင်ပင် ယွင်ချွဲ ရင်ဆိုင်ခဲ့ရသည့် စွမ်းအားက မည်မျှ ကြောက်စရာ ကောင်းကြောင်း ဝေ့ဝူယင် နားလည်သွားခဲ့ပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာပင် မြေကြီးရှန့်ထိုများကို သူ ဘယ်တုန်းကမှ အထင်မသေးခဲ့ချေ။
ဝေ့ဝူယင် နောက်ဆုတ်ခြင်း မပြုချေ။ သူက ခန္ဓာကိုယ် တစ်ခုလုံးရှိ အင်အားများကို အသုံးပြုကာ လက်သီးတစ်ချက်ကို ဆန့်ထုတ်လိုက်၏။ အစစ်အမှန် နဂါး သံချပ်ကာ၊ အသစ် ဖန်တီးထားသည့် ခန္ဓာကိုယ် အသစ်တို့၏ စွမ်းအားများနှင့် အတူ သူ၏ လက်သီးမှာ လက်ဝါးထံသို့ တန်းတန်းမတ်မတ်ပင် တိုးဝင် သွားခဲ့လေ၏။
ဘုန်း...
ပေါက်ကွဲမှုမှာ အပျက်အစီး မန်နာများကို အရပ် မျက်နှာ အနှံ့ လွင့်စဉ် သွားခဲ့စေ၏။ သို့သော်လည်း... မီးခိုးရောင် မျက်နှာဖုံးတပ် လူငယ်နှင့် ရေစိမ်းရောင်ဝတ် လူအိုကြီးတို့ကတော့ တစ်စက်ကလေးမျှ ရွေ့လျားခြင်း မပြုပဲ မူလ နေရာများတွင် ဆက်လက် ရပ်တည်နေကြဆဲ ဖြစ်သည်။
ဟယ်ပို့ကျွင်း၏ မျက်လုံးများမှာ အံ့သြ ထိတ်လန့်မှုနှင့် ပြူးကျယ်လာ၏။
“မင်း...”
သူ စကားပြောဖို့ ဟန်ပြင်လိုက်စဉ်မှာပင် ဝေ့ဝူယင်၏ နောက်ဆက်တွဲ တိုက်ခိုက်မှုမှာ အလင်းတစ်စ အလား အလွန်ပင် လျှင်မြန်လှ၏။ သူ၏ လက်သီးက ဟယ်ပို့ကျွင်း၏ ညာဘက် ရင်အုံကို ကြောက်မက်ဖွယ် တိကျမှုမျိုးဖြင့် ထိမှတ်သွားခဲ့သည်။
ဘုန်း...
ဝေ့ဝူယင်မှာ မလိုအပ်ပဲ ဘယ်တုန်းကမှ စကား အများကြီး မပြောခဲ့ချေ။ ထို့အပြင် သူ ရင်ဆိုင်နေရသည့် လူက အစစ်အမှန် မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်လေရာ သူ့ထံတွင် ဖြုန်းစရာ အချိန် မရှိချေ။
ဘုန်း... ဘုန်း... ဘုန်း...
မျက်တောင် တစ်ခပ်စာမျှ အချိန်အတွင်းမှာပင် ဝေ့ဝူယင်၏ လက်သီးများမှာ ဟယ်ပို့ကျွင်း၏ မျက်နှာကို နှစ်ချက်၊ ရင်ဘတ်ကို တစ်ချက် ထိမှန်သွားခဲ့၏။
ဝှစ်...
မြေကြီး ရှန့်ထို၏ ခန္ဓာကိုယ်မှာ ကြယ်ပျံတစ်ခု အလား နောက်သို့ လွင့်စဉ် သွားကာ လောက အကျဉ်းထောင်နှင့် အရှိန်အဟုန် ပြင်းထန်စွာ ဝင်တိုက်သွားခဲ့သည်။ ၎င်း၏ မျက်နှာထက်တွင် မရေမတွက်နိုင်သည့် လှိုင်းတွန့်များနှင့် အက်ကြောင်းများ ပေါ်လာခဲ့၏။
“မိုက်တယ်...”
ခရာတိုက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ရင်း ဝေ့ဝူယင်ထံ ခွန်အားများကို ထပ်မံ ဆက်သွယ် ပို့ဆောင် ပေးလိုက်၏။
ယွင်ချွဲမှာ ဝေ့ဝူယင် အားနည်းလိမ့်မည် မဟုတ်ကြောင်း မျှော်လင့်ထားပြီး ဖြစ်သည်။ ထို့ကြောင့်ပင် သူ အံ့အားသင့်သွားခြင်း မရှိပါချေ။ ထို့အပြင် သူက တုန့်ဆိုင်းခြင်း မရှိချေ။ သူ၏ ခန္ဓာကိုယ်မှာ ဟယ်ပို့ကျွင်း၏ တိုက်ခိုက်မှု အောက်တွင် လွင့်စဉ်သွားသည့် ကောင်းကင် လောက အမြုတေဆီ အလွန် လျှင်မြန်စွာ ရွေ့လျား သွားခဲ့၏။
သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ လက်ဖဝါးထက်တွင် ထူးဆန်းသည့် သင်္ကေတ တစ်ခု ပေါ်လာခဲ့သည်။
ကောင်းကင်လောက အမြုတေ၏ ပတ်လည်ရှိ အရိပ် မြူနှင်းမှာ ချက်ချင်းပင် တောက်ပစွာ လင်းလက်လာကာ ယွင်ချွဲထံ အလွန် လျှင်မြန်စွာ ပြန်လည် တိုးဝင် သွားခဲ့၏။ ထိုအမြန်နှုန်က ဝေ့ဝူယင်၏ မန်နာ ထိန်ချုပ်နိုင်စွမ်းထက်ပင် မြန်ဆန်လွန်းလှသည်။ မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် ယွင်ချွဲမှာ အမြုတေကို ပြန်လည် ဆုပ်ကိုင်နိုင်ခဲ့ပြီး ဖြစ်သည်။
သူ နောက်ကို ပြန်လှည့်ကာ လွတ်မြောက်ရာလမ်းကြောင်းကို ရှာဖွေ လိုက်၏။ အခြေအနေက အလွန်ပင် အလျင်လိုကြောင်း သူ သိပေသည်။
“မန်နာ လွှမ်းမိုးနိုင်စွမ်း...”
ဝေ့ဝူယင်မှာ ယွင်ချွဲ၏ သင်္ကေတထံမှ ထွက်ပေါ်လာသည့် စွမ်းအားကို ချက်ချင်းပင် အာရုံခံလိုက်နိုင်၏။ ထိုမန်နာ လွှမ်းမိုးနိုင်စွမ်းမှာ သူ့ထက်ပင် သာလွန်နေပေသည်။ အဘယ်ကြောင့်နည်း။ ၎င်းမှာ လျှို့ဝှက် တာအို အဆင့်တွင် ရှိနေသောကြောင့် ဖြစ်သည်။
ဝေ့ဝူယင်မှာ ယခုမှ သေမျိုး အဆင့်တွင်သာ ရှိသေးသူ ဖြစ်သည်။ မူလ မိုးကုပ်စက်ဝိုင်း အဆင့်သို့ ရောက်ရှိနေစေကာမူ သူ၏ မန်နာ ထိန်းချုပ်နိုင်စွမ်းမှာ သေမျိုးတာအို အဆင့်အတွင်းမှာပင် ရှိနေသေးဆဲ ဖြစ်သည်။ ခန့်မှန်းကြည့်ရလျှင် မိစ္ဆာ ကောင်းချီးခံ အသုံးပြုခဲ့သည့် သင်္ကေတမှာ ကောင်းကင်ရှန့်ထို တစ်ယောက် ချန်ရစ်ထားခဲ့တာ ဖြစ်နိုင်ပေသည်။
ယွင်ချွဲမှာ အလွန် လျှင်မြန်စွာပင် ပျံသန်း နေခဲ့၏။ သူက လမ်းကြောင်း တစ်ခု ဖန်တီးကာ လွတ်မြောက်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“မင်းရော ဘယ်ကို သွားမလို့လဲ... နေဦး... ငါ့မှာ မင်းကို မေးစရာတွေ ရှိသေးတယ်”
ရုတ်တရက် သရဲတစ္ဆေ ကဲ့သိ့ အသံတစ်ခု ထွက်ပေါ်လာရာ ယွင်ချွဲ၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့၏။ ဟယ်ပို့ကျွင်း၏ ပုံရိပ်က တဒင်္ဂ အတွင်းမှာပင် သူ့နံဘေးသို့ ရောက်ရှိလာခဲ့သည်။ သူ့မျက်လုံးများမှာ ဝိညာဉ် အလင်းများနှင့် တောက်ပနေခဲ့၏။
"ချီးပဲ..."
ယွင်ချွဲ လျှို့ဝှက် အကာအကွယ် တစ်ခုကို ဖန်တီးလိုက်ရင်း ရိုးရာ ဆန့်ကျင် နတ်ဘုရားဓားကို အရှေ့တွင် ထား၍ ကာဆီးလိုက်သည်။ သို့သော်လည်း... သူ ကောင်းကင်လောက အမြုတေကို ကာကွယ်ဖို့ မေ့သွားခဲ့၏။ ဟယ်ပို့ကျွင်းက လက်ဖဝါးကို ဆန့်ထုတ်ကာ ကောင်းကင် လောက အမြုတေကို ဖမ်းဆုပ်လိုက်သည်။
ဘုန်း...
ထိုအခိုက်တွင်ပင် ဝေ့ဝူယင်မှာ သူတို့ နံဘေးသို့ ရောက်ရှိလာကာ ဟယ်ပို့ကျွင်း၏ နံရိုးများထံ ကန်ကျောက် လိုက်၏။ သူ ကန်မိသည့် အရာက ဟယ်ပို့ကျွင်း၏ လျှို့ဝှက် အကာအကွယ်သာ ဖြစ်သည်။ ထိုအခိုက်တွင်ပင် ကောင်းကင် လောက အမြုတေကို ရှန့်ထို လက်စွပ် အတွင်း ထည့်သွင်း၍ မရနိုင်ကြောင်း သဘောပေါက် လိုက်လေရာ ဝေ့ဝူယင်၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွား၏။
ဝေ့ဝူယင်၏ ကန်ချက်မှာ ဟယ်ပို့ကျွင်းကို မိုင်ပေါင်း အနည်းငယ် လွင့်စဉ်သွားစေခဲ့၏။ အမြုတေမှာ နောက်တွင် ကျန်ရစ်ခဲ့ပေသည်။ ဝေ့ဝူယင် ကောင်းကင် လောက အမြုတေထံသို့ လက်လှမ်းလိုက်၏။ ၎င်းက ကောင်းကင် လောက အမြုတေ အပြည့်အစုံ ဖြစ်သည်။ နဂါးငွေ့တန်း ကြယ်ကွင်းပြင်တွင် သူ ရရှိခဲ့သည့် အပိုင်းအစနှင့် များစွာ ခြားနားပေသည်။
ဝှစ်...
ဓားတစ်စင်းမှာ လက်မောင်းကို ဖြတ်တောက်လိုသည့် ရည်ရွယ်ချက်ဖြင့် ဝေ့ဝူယင်၏ လမ်းကြောင်းကို ဖြတ်ပိုင်းလာ၏။ မတုန့်မဆိုင်းပင် ဝေ့ဝူယင် လက်ကို နောက်ပြန်ဆုတ်လိုက်သည်။ ရိုးရာ ဆန့်ကျင် နတ်ဘုရားဓားမှာ ဝေ့ဝူယင်၏ မျက်နှာရှေ့ လက်မ အနည်းငယ်ခန့် အကွာအဝေးမှ ဖြတ်ပိုင်းသွားသည်။ သူ့ မျက်နှာဖုံးပင်လျှင် တုန်ရီသွားခဲ့၏။
ယွင်ချွဲမှာ သူ့ လျှို့ဝှက် အော်ရာကို ပြင်းထန်စွာပင် ထုတ်ဖော်ထားသည်။ သူ၏ ထိုတိုက်ခိုက်မှုမှာ ဝေ့ဝူယင် နောက်ကို ပြန်ဆုတ်သွားစေရန် ရည်ရွယ်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင်မှာ နောက်မဆုတ်ချေ။ သူက ယွင်ချွဲ၏ ဗိုက်ထံသို့ ဦးတည်ကာ ကန်ကျောက်လိုက်လေ၏။ ချက်ချင်းပင် ရိုးရာ ဆန့်ကျင် နတ်ဘုရားဓားမှာ ပြန်လည် ရွေ့လျားလာကာ ထိုကန်ချက်ကို ပိတ်ဆို့လိုက်၏။
“အလိုအလျောက် အကာအကွယ် ရတနာလား...”
ဝေ့ဝူယင် အနည်းငယ် အံ့သြသွားခဲ့၏။ ဟယ်ပို့ကျွင်းနှင့် တိုက်ခိုက်စဉ်တုန်းကလည်း ထိုဧရာမဓားကြီးမှာ အလိုအလျောက် ရွေ့လျားကာ ကာကွယ်ခဲ့သည်ကို သူ တွေ့မြင်ခဲ့ရပေသည်။ ထိုကဲ့သို့ ရတနာမျိုး ဝေ့ဝူယင် တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပါချေ။
ရုတ်တရက် သူတို့ နှစ်ယောက်စလုံး တစ်စုံတစ်ရာကို ခံစားမိလိုက်ကြရာ ခေါင်းမော့ ကြည့်လိုက်ကြ၏။ ထိုအခါ ဟယ်ပို့ကျွင်မှာ သူ့ လက်နှစ်ဖက်ကို ဆန့်တန်းရင်း အရှိန်အဟုန်နှင့် တိုးဝင်လာနေသည်ကို တွေ့လိုက်ရသည်။
ဝေ့ဝူယင် ယွင်ချွဲ၏ ဓားကို ကန်လိုက်၏။ ယွင်ချွဲက ဝေ့ဝူယင်၏ ခြေထောက်ကို တွန်းလွှတ်လိုက်သည်။ သူတို့ နှစ်ယောက်မှာ တစ်ယောက်အားကို တစ်ယောက်ယူကာ ဆန့်ကျင်ဘက် အရပ်များသို့ ပျံသန်း လိုက်ကြရင်း ဟယ်ပို့ကျွင်း၏ တိုက်ခိုက်မှုကို ရှောင်တိမ်း လိုက်ကြလေသည်။
ဟယ်ပို့ကျွင်းမှာ ကောင်းကင်လောက အမြုတေကို ဆုပ်ကိုင်လိုက်ရင်း ရှေ့သို့ ဆက်လက် လွင့်မြောသွား၏။ လောက အကျဉ်းထောင်၏ နံရံများ အနားသို့ ရောက်မှသာ သူက အရှိန်သတ်လိုက်ရင်း နောက်ကို ပြန်လှည့် ကြည့်လိုက်သည်။ ဝေ့ဝူယင်နှင့် ယွင်ချွဲ နှစ်ယောက်စလုံးမှာ သူနှင့် အတော်လေး အလှမ်းကွာဝေး နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူတို့ နှစ်ယောက်မှာ လောကအကျဉ်းထောင်ကို တဒင်္ဂ အတွင်း ထိုးဖောက်နိုင်ဦးမည် မဟုတ်ပါချေ။
ဟယ်ပို့ကျွင်း လက်ထဲရှိ အမြုတေကို ငုံ့ကြည့်လိုက်၏။
“ကောင်းကင်ဓာတ်တော်...”
သူ၏ မျက်လုံးများမှာ လောဘ အလင်းတန်းများနှင့် လောင်ကျွမ်းနေသည်။ ကောင်းကင်ဓာတ်တော်မှာ ပင်းထျန်းထက်ပင် ပိုမို၍ အဖိုးတန်သည်။ ၎င်းကို ရလျှင်ပင် သူ၏ ခရီးစဉ်က ထိုက်တန် နေချေပြီ ဖြစ်သည်။
ယွင်ချွဲနှင့် ဝေ့ဝူယင်တို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။
“ငါ အစစ်အမှန် ခွန်အားကို မသုံးခဲ့ရတဲ့ အကြောင်းရင်းက မင်းတို့ကို အသက်ရှင်လျက် ဖမ်းဆီးဖို့ လိုအပ်လို့... နောက်ပြီး ဒါကို မထိခိုက်စေချင်လို့ပဲ... ဒါပေမဲ့ အခု ဒါက...”
ဟယ်ပို့ကျွင်းမှာ ဝတ္ထုထဲမှ ဗီလိန် တစ်ယောက်ကို အမှာတမ်းချွေဖို့ ဟန်ပြင်လိုက်သော်လည်း လမ်းခုလတ်တွင်ပင် ရပ်တန့်သွားခဲ့ရ၏။
ကောင်းချီးခံ နှစ်ယောက်မှာ အလွန်ပင် လျှင်မြန်လွန်းလှသည်။ တစ်ချိန်တည်းတွင်ပင် သူတို့ နှစ်ယောက်မှာ ဟယ်ပို့ကျွင်း၏ ဘယ်နှင့်ညာ နှစ်ဖက်ကို ရောက်ရှိလာခဲ့၏။ ဟယ်ပို့ကျွင်း၏ မျက်လုံးများမှာ တုန်လှုပ်ခြင်းများနှင့် ပြည့်နှက်သွား၏။
ဝေ့ဝူယင်၏ ညာဘက်လက်မှာ ရှေ့သို့ ဆန့်ထွက်လာ၏။ သူ၏ လက်သည်းများက သုံးလက်မခန့် ရှည်လျားလာကာ အကြေးခွံများနှင့်လက်မှာ ဓားတစ်စင်း အလား ထင်ရသည်။ သူက ဟယ်ပို့ကျွင်း၏ လည်ပင်းကို လှီးဖြတ်လိုက်လေတော့၏။
တစ်ချိန်တည်း၌ ယွင်ချွဲ၏ ရိုးရာ ဆန့်ကျင် နတ်ဘုရားဓားမှာ လျှို့ဝှက် ဝိညာဉ် အဆင့် အကန့်အသတ်ကို ကျော်လွန် သွား၏။ သေမျိုးတစ်ပိုင်း အရှင် အဆင့်၏ စွမ်းအားနှင့် အတူ သူက ခုတ်ပိုင်း လိုက်သည်။
“...”
ဟယ်ပို့ကျွင်း၏ လက်နှစ်ဖက်မှာ လှုပ်ရှားလိုက်၏။
ဘုန်း...
***