လော့ထျန်းလျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခြင်း
Vol. 3 Ch. 29
ရက်စက်ကြမ်းကြုတ်ပြီး အရှိန်အဝါပြင်းထန်သော ထိုကျင့်ကြံသူမှ ထိုစိန်ခေါ်စကားကို ပြောထွက်လာသောအခါ နယ်ခြားကျင့်ကြံသူများသည်လည်း ကြောက်လန့်တကြားဖြင့် ပျာယာခတ်ကာ အသိစိတ်လွတ်သွားမတတ် တုန်လှုပ်ချောက်ချားကုန်ကြလေ၏။
အမေရေ သားကြောက်တယ်ဗျို့!
"တောင်ထိပ်သခင်ယဲ့က အရမ်းတန်ခိုးကြီးလွန်းတယ် တောင်ထိပ်သခင်ယဲ့ကို ဘယ်သူမှ မယှဉ်နိုင်ဘူး!"ရွှယ်ထျန်းဂိုဏ်း၏ တပည့်များမှာ ဝမ်းသာအားရ အော်ဟစ်ခုန်ပေါက်လို့မဆုံးနိုင်ကြတော့ပေ။
ရှယိုနျန်သည်လည်း အလွန်စိတ်လှုပ်ရှားနေသဖြင့် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ "ကောင်းလေစွ! တော်လိုက်တဲ့ကလေး!" ဟု ထပ်ခါထပ်ခါ ပြောလို့နေသည်။
ဓားဝှက်တောင်ထိပ်သခင်ကမူ နဝေတိမ်တောင်ဖြင့် ရေရွတ်လာသည်။ "ဘုရားရေ ငါအိပ်မက်မက်နေတာများလား"
ဖတ်!
သူပါးချခံလိုက်ရလေပြီ။
ဓားဝှက်တောင်ထိပ်သခင်သည် သနားကမားဟန်လေးဖြင့် မျက်နှာကို အုပ်ကာ အံ့အားသင့်စွာမေးလာသည် "ဆရာတူညီမလေး ဘာလို့ ငါ့ကို ရိုက်ရတာလဲဟာ?"
"ရိုက်တော့နာလား?"
ထျန်းရှန့်တောင်ထိပ်သခင်မက စိုးရိမ်တကြီးဟန်ဖြင့် ပြန်မေးလိုက်သည်။
"ဘာလားဟ နာတာပေါ့"
"ဒါဆို အိပ်မက်မဟုတ်ဘူးပေါ့"
ဓားဝှက်တောင်ထိပ်သခင်: "…"
ထိုအချိန်တွင် ဟွမ်ကျိုးပြည်နယ် ကျင့်ကြံသူအားလုံးသည် မယုံနိုင်လျက်ပင် ဂုဏ်ယူဝမ်းမြောက်စွာ အော်ဟစ်အောင်ပွဲခံကြပြီး သူတို့၏ မျက်လုံးများမှာ ယဲ့ကျွင်းလင်အား နတ်ဘုရားတစ်ပါးကို မော်ဖူးနေသကဲ့သို့ လေးစားချစ်ခင်စွာ ငေးမောကြည့်နေကြလေသည်။
တောင်ဖြိုဂိုဏ်း၏ ဘိုးဘေးကြီး ဖုန့်အိုးယန်မှာလည်း မျက်ရည်များတသွင်သွင် ကျဆင်းနေပြီး ချက်ချင်း ဒူးထောက်ကာ အော်ဟစ်ပူဇော်တော့လေ၏။ "ကောင်းကင်ဘုံအရှင်ယဲ့ဟာ တန်ခိုးကြီးမားလှပါပေတယ်!!"
အော်ဟစ်သံများကား လှိုင်းတံပိုးများကဲ့သို့ ကောင်းကင်ရှိ နေမင်းကိုပင် ရိုက်ခတ်ချိုးဖျက်တော့မည့်အလား။
"ဒါ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ…" ရွှယ်ထျန်းယိသည် သူ့တစ်ကိုယ်လုံး ရေခဲခန်းထဲ ကျရောက်သွားသကဲ့သို့ ခံစားနေရပြီး သွေးရူးသွေးတမ်း ရေရွတ်နေလေသည်။
သူ့ကိုယ်သူ နေရာမှားသို့ ရောက်လာသည်လားဟုပင် သံသယဝင်မိလုနီးပါး ဖြစ်ရသည်။
ဒါတကယ်ပဲ ဟွမ်ကျိုးပြည်နယ်ဟုတ်ရဲ့လား?
အရှေ့ပိုင်းစီရင်စုတွင် အင်အားအကြီးဆုံး မသေမျိုးဂိုဏ်း၏ ကိုယ်စားပြုအဖွဲ့သည် သတ်ဖြတ်ရှင်းလင်းခြင်းခံရပြီး ထိတ်လန့်တကြား နောက်ကျခြေထောက်သစ္စာဖောက်ဆိုသကဲ့သို့ ထွက်ပြေးသွားရသည်။
မြင့်မြတ်သန့်စင်သော နယ်မြေဟု လူသိများသော လေပေါ်ဘုရားကျောင်းမှ ရဟန်းအားလုံးသည်လည်း ဘာကြီးမှန်းမသိရသော ထိုခေါင်းတလားကြီးထဲတွင် မြှုပ်နှံခံခဲ့ရသည်။
သူတို့အားလုံးမှာ ဒေါသအမျက်ကြီးကာ မညှာတာတတ်သော နတ်ဘုရားကြီးတစ်ပါးအား ရန်သွားစမိလိုက်သကဲ့သို့ အပြစ်ပေးခံခဲ့ရ၏။
ထိုအချိန်တွင်...
တုန်လှုပ်ချောက်ချားစရာ တုန်ခါမှုတစ်ခုသည် ဟွမ်ကျိုးပြည်နယ်၏ မြေပြင်ထက်မှ ကောင်းကင်ယံတစ်ခုလုံးထံသို့ ပျံ့နှံ့သွားလေသည်။
တောက်ပ၍ မရေမတွက်နိုင်လောက်အောင်များပြားသော အလင်းတန်းများသည် ကောင်းကင်ထက်သို့ ဦးတည်မြင့်တက်သွားပြီး ကျယ်ပြောသော တိမ်စိုင်များကို တိုက်ရိုက် ထိုးဖောက်သွားသော မြင်ကွင်းမှာ အလွန်ခမ်းနားထည်ဝါပြီး ရင်သပ်ရှုမောဖွယ်ကောင်းလှပေသည်။
"လျှို့ဝှက်နယ်မြေ ပွင့်ပြီဟေ့!!"
အာမေဋိတ်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
လော့ထျန်းလျှို့ဝှက်နယ်မြေသည် တရားဝင်ဖွင့်လှစ်ခဲ့လေပြီ။ ထိုဖွင့်လှစ်ခြင်း၏နောက်တွင် ကြီးမားသော အခွင့်အရေးတစ်ခုကား တွဲလျက်ပါလာလိမ့်မည်ဖြစ်၏။
အင်အားစုအားလုံးမှ ကျင့်ကြံသူများမှာ ပူပြင်းလှုပ်ခုန်နေသော နှလုံးသားအစုံကို ရင်ဝယ်ပိုက်ကာ အမြန်ပြေးသွားရန် တာစူနေကြသော်ငြား တစ်စုံတစ်ခုကို တွေးတောမိသောအခါ ရှေ့သို့ တစ်လှမ်းမှ မရွေ့ရဲကြတော့ပေ။
မရေမတွက်နိုင်သော လူများသည် ယဲ့ကျွင်းလင်၏ သဘောထားကို စောင့်ဆိုင်းနေသကဲ့သို့ စိတ်အားထက်သန်စွာ ငေးမျှော်ကြည့်လာကြသည်။
"ကောင်းပြီ အထဲကိုဝင်လိုက်ရင် စနစ်ပေးတဲ့တာဝန်ကျေရောပေါ့"
ယဲ့ကျွင်းလင် သူ့ဘာသာသူ တွေးနေလိုက်သည်။
သူ့ပတ်ဝန်းကျင်ရှိ ငြိမ်သက်နေသော လေထုကို ခံစားမိသောအခါ အတွေးတစ်ခု သူ့စိတ်ထဲတွင် လျှပ်တစ်ပြက် ပေါ်လာပြီး မေးခွန်းထပ်မထုတ်ဝံ့သော အမိန့်သံတစ်ခုက ဟိန်းထွက်လာသည်။
"ဟွမ်ကျိုးပြည်နယ်က ကျင့်ကြံသူအားလုံး ဝင်ခွင့်ရှိတယ်"
"မသက်ဆိုင်တဲ့သူတွေကတော့ ထွက်သွား!"
လှိုင်းထောင်ပေါင်းများစွာကို လှုပ်ခတ်စေသော ကျောက်တုံးတစ်ခုကို ပစ်ပေါက်လိုက်လေပြီ။
ဟွမ်ကျိုးပြည်နယ်မှ ကျင့်ကြံသူများသည် ဝမ်းသာအားရ အော်ဟစ်လိုက်ကြကာ ကောင်းကင်ဘုံသခင်ယဲ့ဟာ ပညာရှိလှပါပေတယ်ဟု ဝိုင်းဝန်းကြွေးကြော်ကြလေတော့၏။
သူတို့တစ်သက်တွင် ဤမျှကာလကြာရှည်စွာ စောင့်မျှော်ခဲ့ကြရပြီးနောက် နောက်ဆုံးတွင်တော့ ပြိုင်ဘက်ကင်းဟု ဆိုနိုင်လောက်သော အင်အားကြီးမားသူတစ်ဦး မွေးဖွားလာပြီး ဟွမ်ကျိုး၏ကျင့်ကြံသူအပေါင်းကို မျက်နှာငယ်ရခြင်းမရှိစေရအောင် ကူညီကယ်တင်ပေးခဲ့လေပြီ။
"ဒါဆို…"
နယ်ခြားကျင့်ကြံသူများမှာတော့ မပျော်မရွှင်ဖြစ်နေကြဟန် ရှိသော်လည်း ယခု ဖြစ်ပျက်ခဲ့သည်များကို မျက်မြင်တွေ့ခဲ့ရပြီးနောက် မည်သူကခေါင်းမာကာ ထိုသူကိုအာခံရဲမည်နည်း?
ရွှယ်ထျန်းယိ၏ မျက်နှာမှာ မည်းမှောင်လို့နေပြီး ဒေါသထွက်လွန်းသဖြင့် ဒွာရပေါက်ခုနစ်ပေါက်မှပင် မီးခိုးများ အူထွက်လာတော့သည်။
"သခင်လေး၊ သွားကြရအောင်" ခေါင်းဆောင်အစောင့်အရှောက်က သက်ပြင်းချလျက်ပြောလိုက်သည်။
"သူ့ကို ကိုင်တွယ်ဖို့ တကယ်နည်းလမ်းမရှိတော့ဘူးလား?" ရွှယ်ထျန်းယိမှာ အလွန်အလိုမကျဖြစ်နေသည့်နှယ်။
အစောင့်အရှောက်ခေါင်းဆောင်က ဖျောင်းဖျလိုက်သည်။ "သခင်လေး ဒီလူက လက်ရဲဇက်ရဲနိုင်ပြီး မဆင်မခြင်လုပ်တတ်တယ် ယွီဟွားနဲ့ လေပေါ်ဘုရားကျောင်းကို တစ်ခုပြီးတစ်ခု ဆက်တိုက်စော်ကားခြင်းဟာ ကြီးလေးတဲ့ ပြစ်မှုပါ မကြုံစဖူးရက်စက်တဲ့ လက်စားချေမှုကြီးက သူ့ကို စောင့်ကြိုနေမှာပါပဲ"
"သူ အခုတော့ ဂုဏ်ယူဝင့်ကြွားနေပေမယ့် နောက်ပိုင်း ဘယ်လောက်တောင် ဒုက္ခရောက်မလဲဆိုတာကို ကျွန်တော်တို့ ခန့်မှန်းလို့တောင်မရနိုင်ဘူး ဒီလို သေခါနီးလူကို ကျွန်တော်တို့ ရန်မလုပ်သင့်ပါဘူး!"
ခေါင်းဆောင်၏ အလျှောက်ကောင်းမှုကြောင့် ရွှယ်ထျန်းယိတစ်ယောက် မျက်လုံးများ တောက်ပသွားပြီး သူက ခပ်လှောင်လှောင်ရယ်လိုက်ကာ အားရပါးရထောက်ခံလာသည်။ "မင်းပြောတာ မှန်တယ် ရန်သူကိုဖျက်ဆီးဖို့ဆိုရင် စိတ်လွတ်လက်လွတ်ရူးသည်အထိ လွှတ်ပေးထားရမှာပေါ့ ဒီလူက အရမ်း အာဏာရှင်ဆန်လွန်းတော့ သက်ဆိုးမရှည်နိုင်ပါဘူး!"
"ဆုတ်ခွာကြမယ်! လင်ကျိုးကို ပြန်စို့!"
"ဟုတ်ကဲ့၊ သခင်လေး!"
ထို့နောက် ရွှယ်မိသားစုအဖွဲ့ လှည့်ထွက်သွားတော့သည်။
အင်အားအကြီးဆုံး ရွှယ်မိသားစုပင် ဤအချိန်တွင် အရှုံးပေးလိုက်ရသည်ကို မြင်သောအခါ တာအိုပြည်နယ်များမှလာသော အခြားကျင့်ကြံရေးအင်အားစုများလည်း လက်လျှော့အရှုံးပေးလိုက်ကာ တစ်ဦးပြီးတစ်ဦး နေရပ်သို့ ပြန်ဖို့သာ ရှိပေတော့သည်။
နောက်ပြီး ဤသတင်းကို သူတို့၏ သက်ဆိုင်ရာ နေရပ်များထံ အမြန်ပြန်ဖြန့်လိုကြသည်ပင်။
အရှေ့ပိုင်းစီရင်စုတစ်ခုလုံး မည်မျှ ထိတ်လန့်တုန်လှုပ်သွားကြမည်ကို မှန်းဆကြည့်နိုင်ပေသည်။
မကြာမီ ကွင်းပြင်ထဲတွင် ဟွမ်ကျိုးပြည်နယ်ကျင့်ကြံသူများသာ ကျန်ရှိတော့၏။
မူလက အထက်စီးဆန်ဆန်ဝင်ရောက်လာကြသော ထိုနယ်ခြားအုပ်စုများ ယခု အရှက်တကွဲ ပြန်ပြေးသွားသည်ကို မြင်သောအခါ ဟွမ်ကျိုးကျင့်ကြံသူများမှာ အူမြူးတက်ကြွကာ အလွန်ပျော်ရွှင်သွားကြတော့သည်။
သူတို့သည် ချက်ချင်း ဝင်ရောက်ဖို့ စိတ်မလောကြသေးဘဲ အလွန်သိတတ်စွာဖြင့် ရွှယ်ထျန်းဂိုဏ်းနောက်တွင် တန်းစီရပ်ကြကာ အကျန်အကြွင်းလေးစုဆောင်းရလျှင်ကိုပဲ ကျေနပ်အားရကြတော့မည်ဟန်ဖြင့်။
"သွားကြစို့"
ယဲ့ကျွင်းလင်သည် ကျင့်ကြံသူအားလုံးကို ဦးဆောင်ကာ ခမ်းနားထည်ဝါစွာဖြင့် လော့ထျန်းလျှို့ဝှက်နယ်မြေသို့ ဝင်ရောက်သွားလေသည်။
သူတို့၏ မျက်လုံးများရှေ့တွင် အလင်းရောင်တစ်ချက်လင်းလက်သွားပြီး မြင်ကွင်းသည်လည်း ချက်ချင်း ပြောင်းလဲသွား၏။
အတွင်းပိုင်းမှာ အလုံးစုံ ကွဲပြားခြားနားသော ကမ္ဘာသစ်ကြီးတစ်ခု ဖြစ်လို့နေပြီး သမိုင်းမှတ်ကျောက်များမတင်မီ ဟိုးရှေးရှေးခေတ်က တောအုပ်ကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွားသည့် ခံစားချက်မျိုး ပေးစွမ်းလေသည်။
ထောင်ပေါင်းများစွာသော မီတာအမြင့်ရှိ ထွားကျိုင်းလှသည့် သစ်ပင်များမှာ စိမ်းလန်းစိုပြည်သော အကိုင်းအခက်များနှင့် အရွက်များကို ပိုင်ဆိုင်ထားကာ လူတစ်ရာလောက်ပင် ပွေ့ဖက်ခိုစီးထားနိုင်လောက်အောင် ထူထဲသော နွယ်ပင်များ တွဲလောင်းကျလျက်ရှိသည်။
အဓိကအချက်မှာ ဝိညာဉ်စွမ်းအင်သည် အထူးတလည်ကိုကြွယ်ဝလှပြီး ဟွမ်ကျိုးပြည်နယ်ထက် များစွာ အားကောင်းလှသည်ပင်!
"ဒီပတ်ဝန်းကျင်အနေအထားက တော်တော်လေးကောင်းတာပဲ"
ယဲ့ကျွင်းလင်က အံ့အားသင့်စွာ ရေရွတ်လာသည်။
【တင် တာဝန်ပေးအပ်ရာ လျှို့ဝှက်နယ်မြေကို ရောက်ရှိနေကြောင်း သိရှိရပါတယ်ရှင် ဒီအတွက် ဆုလာဘ်လက်ခံလိုပါသလား?】
စနစ်၏ ခပ်မြူးမြူးအသံလေးက စိတ်ထဲမှထွက်ပေါ်လာလေသည်။
"လက်ခံမယ်"
【တင်၊ တာဝန်ကိုကျေပွန်တဲ့အတွက် ပိုင်ရှင်ကို ကောင်းကင်ဘုံဧကရာဇ် ဓမ္မရုပ်တုချီးမြှင့်ပါတယ် ဂုဏ်ပြုပါတယ်ရှင့်။】
【ကောင်းကင်ဘုံဧကရာဇ် ဓမ္မရုပ်တု】: ကျင့်ကြံသူသည် ဓမ္မရုပ်တုကို တိုက်ရိုက် ယဇ်ပူဇော်နိုင်သည် ဤသို့ဖြင့် သူတို့၏ ကိုယ်ပိုင်အင်အားသည် များစွာ တိုးတက်လာမည်ဖြစ်ပြီး ပူးတွဲပါ မှော်စွမ်းအားအချို့ကိုလည်း အသုံးပြုနိုင်ပေသည်။
"အင်း ဒါ မဆိုးဘူးပဲ!"
ယဲ့ကျွင်းလင် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ဆရာတော်ကျင်းချန်၏ ဗုဒ္ဓရုပ်ပွားတော်ကို သူမြင်ခဲ့ဖူးပြီး ၎င်းသည် အလွန်အားကောင်းသော အားဖြည့်အကျိုးသက်ရောက်မှုကို အမှန်တကယ် ပေးစွမ်းနိုင်ကြောင်း သိရှိခဲ့ရသည်။ သူ့ဘက်ကသာ ကောင်းကင်သင်္ချိုင်းခေါင်းတလားကို အသုံးမပြုခဲ့ပါက ပြင်းထန်သော တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရနိုင်ဖွယ်ရှိသည်ပင်။
စနစ်တာဝန်လည်း ကျေပွန်ပြီးသွားသောကြောင့် ယဲ့ကျွင်းလင်အိမ်တန်းပြန်ရုံသာရှိတော့သည်ပင်။
သို့သော် ဤလော့ထျန်းလျှို့ဝှက်နယ်မြေရှိ အမျိုးမျိုးသော ဆန်းကြယ်သည့်မြင်ကွင်းများသည် သူ့အား ဆက်လက်စူးစမ်းလေ့လာချင်အောင် စိတ်ဝင်စားမှုကို နှိုးဆွနေခဲ့လေသည်။
"ကောင်းပြီလေ ဘာတွေရှိလဲ သွားစပ်စုကြည့်ရတာပေါ့"