← Chapters

အခန်း (၃၂)

Vol. 3 Ch. 32

အခန်း (၃၂)

Vol. 3 Ch. 32

မွေးဖြူကြွက်သည် တိုက်ခိုက်မှုကို ပွတ်ကာသီကာလေး ရှောင်တိမ်းနိုင်ခဲ့ပြီး မကျေမနပ်မျက်လုံးလေးများဖြင့် လှည့်၍ရန်တွေ့သည်။ "အနံ့ဆိုးတဲ့ကျောက်တုံးကောင် မင်းကလူယုတ်မာကောင်ပဲ"

အခြားမျိုးနွယ်စုခေါင်းဆောင်များမှာ မသိမသာ ကြိတ်ရယ်မိလိုက်ကြ၏။ ထို့နောက် မွေးဖြူကြွက်ကို ပြေးပေါက်ပိတ်စေရန် မသေရုံတမယ် ထိခိုက်ဒဏ်ရာရစေမည့် တိုက်ကွက်များကို ထုတ်လွှတ်ပိတ်ဆို့ဖို့ ပြင်ဆင်လာကြတော့သည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း~

ဆက်တိုက်ထွက်လာသော အသံများနှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားသည်။ နတ်ဘုရားအိုကြီးတစ်ပါး ယမ်းပုံမီးကျ ဒေါသထွက်နေသည့်အလား။

ခန္ဓာပေါင်းစည်းခြင်း အထွဋ်အထိပ်အဆင့် ကျင့်ကြံသူခြောက်ဦးထံမှ အသည်းအသန်လိုက်လံဖမ်းဆီးခံနေရသော ဝိဉာဥ်အဆင့်တက်ခြင်းမွေးဖြူကြွက်တစ်ကောင်အနေဖြင့် ဤမျှအထိလွတ်မြောက်အောင်ပြေးနိုင်ခြင်းမှာ အတော်လေးရှားပါးသည့်ဖြစ်ရပ်ပါပေ။

သို့သော် အခုတော့ အရာအားလုံး ပြီးဆုံးသွားလေပြီ!

ဘန်း!

မွေးဖြူကြွက်သည် လျှပ်စီးတစ်ချက်ဖြင့် ပစ်ခံလိုက်ရပြီး ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ လွင့်ထွက်သွားကာ မိုးထိမြင့်မားသော ဧရာမသစ်ပင်ကြီးကို တိုက်မိပြီးမှ ရပ်တန့်သွားသည်။

မွေးဖြူကြွက်၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့လို့နေရှာ၏။

"ပြေးလေ! ဘာလို့ မပြေးတော့တာလဲ ဟားဟားဟား!" ငှက်မွေးမျိုးနွယ်စုခေါင်းဆောင်က အောင်နိုင်သူတစ်ဦးကဲ့သို့ လှောင်ပြောင်လာလေသည်။

"သေခါနီးကြွက်ကများ တာ့လော အမတသီးကို စားရဲသေးတယ် ဒါ ဘယ်လောက်တန်ဖိုးရှိလဲ သိရဲ့လား? မင်းရဲ့ အဆင့်အတန်းနဲ့ ဒါကို ခံစားချင်ရအောင် မင်းမှာဘာအရည်အချင်းတွေများ ရှိနေလို့လဲ?" အကြေးခွံမျိုးနွယ်စု၏ ဘိုးဘေးက ဒေါသတကြီး ပြောဆိုသည်။

မဟာလောထျန်း လျှို့ဝှက်နယ်မြေတွင် ရှေးတစ်ချိန်ကတည်းက ဒဏ္ဍာရီတစ်ခု ရှိခဲ့လေသည်။

လျှို့ဝှက်နယ်မြေတစ်ခုလုံးကို ထောက်ပံ့ပေးထားသော တာ့လော အမတသစ်ပင်သည် တစ်နေ့တွင် တာ့လော အမတသီးကို မွေးထုတ်ပေးလိမ့်မည်။ ထိုအသီးကိုစားသုံးပါက မည်သူမဆို ခွင်းလွင်လောက၏ မသေမျိုးခန္ဓာအဆင့်သတ်မှတ်ချက်တွင် ပြိုင်ဘက်ကင်း ပထမအဆင့်ဟု သတ်မှတ်နိုင်သော ရတနာခန္ဓာတစ်ခုကို ပိုင်ဆိုင်ရရှိပေမည်။

အချိန်ကြာမြင့်စွာ ကုန်လွန်ခဲ့ပြီးနောက် ဘိုးဘေးမျိုးဆက်ပေါင်း ရာနှင့်ချီ သေဆုံးလွန်မြောက်ခဲ့ကြပြီး ယခုအခါတွင်တော့ မျိုးဆက်တစ်ခုလုံး၏ လိုအင်ဆန္ဒကြီး ပြည့်ဝကာ တာ့လော အမတသီး ထွက်ပေါ်လာမည့်အရိပ်အယောင်ကို သူတို့မြင်တွေ့နိုင်ခဲ့လေသည်။

လက်ရှိ မျိုးနွယ်စု ခြောက်ခု၏ ခေါင်းဆောင်များသည် ၎င်းကို တစ်ဦးတည်းလုယူစားသုံးဖို့ စိတ်မကူးဘဲ အချင်းချင်း မျှတစွာ ခွဲဝေလိုကြသည်။ စားသုံးပြီးချိန်တွင် မဟာလော ရတနာခန္ဓာမှာ သူတို့ခန္ဓာကိုယ်ထဲတွင် ပေါက်ဖွားလာမည်ဖြစ်ပြီး မျိုးရိုးစဥ်ဆက် အနာဂတ်ကျင့်ကြံရေးအတွက် အထောက်အကူပြုနိုင်မည်မလွဲပေ။

ထိုသို့ သက်တမ်းအလီလီ‌စောင့်ဆိုင်းမျှော်လင့်ခဲ့ရပါသော ရတာနသစ်သီးကို မွေးဖြူကြွက်တစ်ကောင်က ဦးအောင်ခိုးယူသွားလိမ့်မည်ဟု မည်သူ ထင်ထားခဲ့ပါမည်နည်း?

"အသီးမှာ မင်းတို့နာမည်တွေ ထိုးထားတာမှ မဟုတ်တာ၊ ဘာလို့ ကြွက်ခူးစားလို့ မရရမှာလဲ? အခုမှ ကြွက်ကို လာအပြစ်တင်နေတာ၊ ကြွက်ရင်ထဲမှာ အရမ်းခါးသီးနေရပြီ!"

မွေးဖြူကြွက်သည် မျက်ရည်များဝဲနေသော မျက်လုံးများဖြင့် ခေါင်းဆောင်ခြောက်ဦးအားပြူးကြည့်ကာ မကျေမနပ်ခံစားချက်များဖြင့် ရန်တွေ့လို့မဆုံးနိုင်ပေ။

"သေခါနီးမှ လာရစ်နေရဲသေးတယ်!"

"ငါ မင်းကို အရေခွံခွာပြီး အကြောတွေကို ဆွဲထုတ်ပစ်မယ် မွေးဖွားလာခဲ့တာကို နောင်တရစေမယ်!"

ကျောက်တုံးမျိုးနွယ်စုခေါင်းဆောင်၏ အသံသည် ခေါင်းလောင်းသံကဲ့သို့ ဆူညံစွာထွက်ပေါ်လာပြီး ၎င်း၏ လက်ကြီးကို ဆန့်ထုတ်ကာ မွေးဖြူကြွက်ဆီသို့ ရိုက်ချလိုက်တော့သည်။

တစ်ဖက်လူ၏ ရုန့်ရင်းကြမ်းတမ်းသော သတ်ဖြတ်လိုစိတ်ကို အာရုံခံမိလိုက်သောအခါ မွေးဖြူကြွက်သည်လည်း အမွေးများကျွတ်ကျတော့မတတ် ကြောက်ဒူးတုန်သွားရပြီး ၎င်း၏ ခန္ဓာကိုယ်မှာ ကြောက်စိတ်ဖြင့် အေးစက်သွားကာ ပြူးကျယ်သော မျက်လုံးနီနီတို့မှာလည်း ကူကယ်ရာမဲ့လျက် စိတ်ပျက်အားငယ်မှုအပြည့်ဖြင့်ပင်။

"ဘယ်လိုလုပ်မလဲ၊ ကြွက် သေရတော့မယ်..."

အကူအညီမဲ့စွာ သေဆုံးရမည့်ဘဝကို ကြွက်လွန်စွာနာကျည်းရ၏။ ကြွက်မှာ ထိုသစ်ပင်ဘေးမှ လမ်းကြုံ ဖြတ်သွားရုံမျှသာဖြစ်ပြီး သစ်ပင်တွင်သီးနေသောအသီးကို မြင်သောအခါ ဆာဆာဖြင့် တစ်ခါတည်း အကုန်စားပစ်လိုက်လေသည်။ အကျိုးဆက်အနေဖြင့် မျိုးနွယ်စု ခြောက်ခုမှ ခေါင်းဆောင်များ၏ ဒေါသတကြီးလိုက်လံဖမ်းဆီးခြင်းကိုခံရလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပါပေ။

ဘုန်း!!!!

ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု လွှမ်းခြုံသွားသည်။

"ဘယ်သူလဲ?!" ကျောက်တုံးမျိုးနွယ်စုခေါင်းဆောင်သည် စွမ်းအားအဟုန်ကြောင့် ကြောက်လန့်တကြား နောက်ဆုတ်ကာ သံသယဖြစ်စွာဖြင့် အော်မေးလိုက်သည်။

အခြားမျိုးနွယ်စုများ၏ ခေါင်းဆောင်များသည်လည်း မျက်လုံးများလက်ခနဲဖြစ်သွားကာ အားလုံး သတိအနေအထားသို့ ရောက်ရှိသွားကြသည်။

သူတို့မျက်စိရှေ့တွင် လေညင်းသွဲ့သွဲ့ကြား နွဲ့ပျောက်ယိမ်းခါလျက်ရှိသော ခါးလယ်အထိရှည်လျားပါသည့် ငွေဖြူရောင်ဆံပင်များဖြင့် အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့် ကျောက်စိမ်းသစ်ပင်ကဲ့သို့ ပျိုမျစ်နုနယ်သော လူငယ်လေးတစ်ယောက်သည် လက်နှစ်ဖက်ကို အနောက်တွင်ပစ်ကာ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာလေသည်။

"စနစ်၊ မင်းပြောတဲ့ စွမ်းအင်လှိုင်းက အဲဒီ မွေးဖြူကြွက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတာလား?"

ယဲ့ကျွင်းလင်၏ မျက်နှာအမူအရာမှာ ထူးဆန်းနေသည့်ဟန်ပင်။

【တင်၊ ဟုတ်ပါတယ်ရှင်၊ ဒီကြွက်က တာ့လော အမတသီးကို အခုလေးတင် မျိုချစားသုံးလိုက်တာဖြစ်တဲ့အတွက် တာ့လော အမတခန္ဓာက သူ့ခန္ဓာကိုယ်ထဲမှာ ရောက်ရှိပြီးသားဖြစ်နေပါတယ် ကျင့်ကြံဖို့အတွက် အလွန်အားကောင်းတဲ့ အလားအလာရှိပါတယ်!】

【တင်၊ တပည့်ခံယူခြင်း တာဝန်ကို အခုပဲထုတ်ပြန်လိုက်ပါတယ် မွေးဖြူကြွက်ကို တပည့်အဖြစ် အောင်မြင်စွာ လက်ခံနိုင်မယ်ဆိုရင် အလွန်ကောင်းမွန်တဲ့ ဆုလာဘ်ကြီးတစ်ခုကို ရရှိပါလိမ့်မယ်ရှင့်!】

စနစ်၏ သတိပေးသံ ထွက်ပေါ်လာလေသည်။

ယဲ့ကျွင်းလင် မေးစေ့ကို ပွတ်သပ်လိုက်ပြီး "တာ့လော အမတခန္ဓာ ဟုတ်လား? စိတ်ဝင်စားစရာပဲ" ဟု ရေရွတ်လိုက်သည်။

ဟုန်ချန်ယဲ့ဆိုသော ထိုဈေးပေါပေါ တပည့်လေးတစ်ကောင်ကို ခေါ်မွေးပြီးကတည်းက အလုပ်ကြမ်းနှင့် ညစ်ညစ်ပတ်ပတ်အလုပ်မှန်သမျှကို သူ့ကို လွှဲထားလို့ရပြီးသားဖြစ်၏။ ထိုအချိန်မှစ၍ ဘဝက တကယ်ကို သက်တောင့်သက်သာရှိလာပေသည့် တစ်ခုခု လိုအပ်နေသလို အမြဲခံစားနေရသည် အမှန်ပင်။

ခေတ္တမျှစဉ်းစားပြီးနောက် ယဲ့ကျွင်းလင်သည် အပျင်းပြေ အိမ်မွေးတိရစ္ဆာန်တစ်ကောင် မွေးမြူသင့်သည်ဟု ခံစားလိုက်ရ၏။

ပျင်းနေတာနဲ့ကွက်တိပဲ။ ဒီမွေးဖြူကြွက်က အိမ်မွေးတိရိစ္ဆာန်လုပ်ဖို့ အရမ်းကိုမှ သင့်တော်ပေတယ်!

"သတိထား၊ ဒီလူက ပြင်ပကကျူးကျော်သူပဲ!" ငှက်မွေးမျိုးနွယ်စုခေါင်းဆောင်က လေးနက်သောအသံဖြင့် သတိပေးလိုက်သည်။

"အဲ့ဘက်က စွမ်းအားရှင်လည်း တာ့လော အမတခန္ဓာကို လုယူဖို့ ရောက်လာတာပါလား?" အကြေးခွံမျိုးနွယ်စုခေါင်းဆောင် မကြိုဆိုသောလေသံဖြင့် ခပ်ဆတ်ဆတ်မေးလိုက်သည်။

ယဲ့ကျွင်းလင်သည် ၎င်းတို့ကို တစ်ချက်ဝေ့ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ဒီကြွက်က ငါ့ဟာ၊ မင်းတို့ ထွက်သွားကြတော့"

"ဟာသပဲ! မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ?!"

ခေါင်းဆောင်အချို့က ဒေါသတကြီး ဆူညံလာကြလေသည်။

ယဲ့ကျွင်းလင်၏စကားကြောင့် မျိုးနွယ်စု ခြောက်ခု၏ ခေါင်းဆောင်အားလုံး ဒေါသထွက်သွားကြသည်ပင်။

ပြင်ပကျူးကျော်သူတစ်ယောက်ဖြစ်နေပြီး အပြောအဆိုက လွန်စွာအထက်စီးဆန်လှကာ သူတို့ကိုပင် အလေးမထားစွာ ဆက်ဆံရဲသည်တဲ့လေ!

အကယ်၍ အထွဋ်အထိပ်သို့တက်ရောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ရောက်ရှိလာပါက သူတို့လည်း ရင်မဆိုင်ခင် သေချာလေး စဉ်းစားရပေမည်။

သို့သော် ပြဿနာမှာ အခြားတစ်ဖက်လူ၏ ကျင့်ကြံမှုအဆင့်သည် သူတို့နှင့် အဆင့်တူသာရှိပြီး အားလုံးသည် ခန္ဓာပေါင်းစည်းခြင်း အထွဋ်အထိပ်အဆင့် ကျင့်ကြံသူများပင်။ ဤကဲ့သို့သော အခြေအနေတွင် ထိုသို့စကားမျိုးကိုထုတ်ပြောရဲသည့်သတ္တိက သြချလောက်ပါပေသည်။

"ကြွက်ကို စားချင်တဲ့ နောက်ထပ် လူဆိုးတစ်ယောက်လာပြန်ပြီ..." မွေးဖြူကြွက်မှာ အားနည်းပြီး အကူအညီမဲ့လျက်ရှိလေသည်။ သူ့ကိုယ်သူ ဤမျှ လူကြိုက်များလိမ့်မည်ဟု ဘယ်သောအခါကမှ မထင်ထားခဲ့ဖူးပေ။

All Chapters