ကောင်းကင်ဘုံဧကရာဇ် ဓမ္မရုပ်တု၏ အင်အားပြခန်း
Vol. 3 Ch. 33
“ဒီကောင်လေးကို အဖက်လုပ်စကားရှည်မနေကြနဲ့တော့ သူ့ကြည့်ရတာလည်း နူးညံ့ပြီးပျော့ပျောင်းနေမယ့်ပုံပဲကို သတ်ပြီးသာစားလိုက်ကြတာပေ့ါ!” သားရဲမျိုးနွယ်စုခေါင်းဆောင်က သွေးဆာနေသောမျက်နှာကြီးဖြင့် ရက်စက်စွာဆိုလေသည်။
“အိုး အဲ့လိုလား?”
ယဲ့ကျွင်းလင် မဲ့ပြုံးပြုံးလိုက်ပြီး ၎င်း၏ ပုံရိပ်မှာမူ ချက်ချင်းပင် ထိုနေရာမှ ပျောက်ကွယ်သွားသည်။
ဝှစ်!
ယဲ့ကျွင်းလင်က ပြင်းထန်သော လက်သီးချက်တစ်ခု ပစ်လွှတ်လိုက်သော် လေဟာနယ်ကို ထိုးဖောက်ပစ်ဝင်ကာ လေထုထဲတွင် ရိုက်ခတ်သွားသည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။
“မင်း!” လက်သီးချက်၏ ဦးတည်ရာဖြစ်သော သားရဲမျိုးနွယ်စုခေါင်းဆောင်သည် ရုတ်တရတ် အံ့သြထိတ်လန့်သွားရပြီးနောက် ဒေါသထွက်ကာ လက်ထဲရှိ ဝံပုလွေသွားတူကို ပြင်းထန်စွာ လွှဲယမ်းလိုက်ပြီး နှင်းတောင်ကြီးပြိုကျသကဲ့သို့ တောင့်ခံနိုင်ရန်မစွမ်းသာသောအင်အားကို ထုတ်လွှတ်လိုက်တော့သည်။
ဘုန်း!
သားရဲမျိုးနွယ်စုခေါင်းဆောင်သည် ကိုက်ရာနှင့်ချီသည်အထိ အနောက်သို့ လွင့်စင်သွားရကာ ဝံပုလွေသွားတူကို ဆုပ်ကိုင်ထားသော လက်ကြီးမှာလည်း တဆတ်ဆတ်တုန်ခါနေတော့၏။ မျက်နှာထက်တွင် အတော်လေးနာကျင်ခံစားနေရဟန်ပေါ်ပြီး နောက်ဆုံးတွင်မခံနိုင်တော့ဘဲ ပါးစပ်အပြည့် သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
ထိုခေါင်းဆောင်၏ မျက်လုံးများမှာ နက်ရှိုင်းစွာ အံ့သြထိတ်လန့်သွားရသည့် ခံစားချက်များကို သိသိသာသာကြီး တွေ့မြင်နေရပေသည်။
တစ်ဖက်လူ၏ ရိုးရှင်းသော လက်သီးချက်တစ်ချက်က သူ့ကိုဒီလောက်ထိ ပြင်းထန်စွာ ဒဏ်ရာရစေခဲ့တာလား?
လျှို့ဝှက်နယ်မြေရှိ တော်ဝင်မျိုးနွယ်စု ခြောက်ခုမှ တစ်ခုဖြစ်သော သားရဲမျိုးနွယ်စုအနေဖြင့် ၎င်းတို့သည် အင်အားအကြီးဆုံးအဖြစ် သတ်မှတ်ခံထားခဲ့ရပေသည်။
ရလဒ်အနေဖြင့် ယခု လူသားတစ်ယောက်နှင့် အင်အားချင်းယှဥ်ရာတွင် ကျရှုံးခဲ့ရလေသည်။
“လူသား၊ မင်းကသေဖို့ကို တောင်းဆိုနေတာပါလား!”
သားရဲမျိုးနွယ်စုခေါင်းဆောင်သည် သားရဲတစ်ကောင်ပမာ ဒေါသကြီးသည်။ လက်သီးချက်ဖြင့် နောက်သို့ လွင့်စင်သွားရပြီးနောက် မခံချင်စိတ်ကြောင့် ပွက်ထလာသောဒေါသများဖြင့် သူကြိမ်းဝါးအော်ဟစ်လိုက်တော့၏။ ထို့နောက် ရှေးဟောင်းသင်္ကေတများက ၎င်း၏ ခန္ဓာကိုယ်ကို ချက်ချင်း ဝန်းရံလို့လာပြီး မြင့်တက်လာသော ရက်စက်ကြမ်းကြုတ်မှု၏ အရှိန်အဝါကို အတားအဆီးမရှိ ထုတ်လွှတ်လိုက်တော့၏။
ထို့နောက် သားရဲကြီးသည် မည်သည့်အရာနှင့်မျှ တားဆီးနိုင်ခြင်းမရှိသော အရှိန်အဟုန်ဖြင့် ပြေးထွက်သွားလေသည်။
“အားလုံးပဲ အတူတကွ တိုက်ခိုက်ပြီး သူ့ကို သတ်ပစ်ကြ!”
အခြားမျိုးနွယ်စုများခေါင်းဆောင်များ၏ မျက်နှာထက်တွင် ရန်လိုသွေးဆာသော အကြည့်များ ရှိနေကာ ၎င်းတို့၏ မွေးရာပါ နတ်ဘုရားစွမ်းရည်များ သို့မဟုတ် ဘိုးဘွားပိုင် မှော်လက်နက်များကို ထုတ်ယူအသုံးပြုကာ တိုက်ခိုက်ကုန်ကြတော့၏။
ဘုန်း၊ ဘုန်း၊ ဘုန်း~!
ထိုတစ်ခဏတွင်...
လွှမ်းမိုးနိုင်စွမ်းကြီးသော စွမ်းအင်လှိုင်းများက ဘေးပတ်ဝန်းကျင်သို့ ရိုက်ခတ်လာပြီး မိုင်ထောင်ပေါင်းများစွာအတွင်းရှိ တောင်များနှင့် တောအုပ်ကြီးများပါ တုန်ခါယိမ်းယိုင်သွားရသည်အထိ။
ထိုအချိန်တွင် ယဲ့ကျွင်းလင်သည် မျိုးနွယ်ခေါင်းဆောင်ခြောက်ဦးနှင့် တစ်ပြိုင်တည်း ပြင်းထန်စွာ တိုက်ပွဲဝင်နေခဲ့သည်။
၎င်းတို့အထဲမှ တစ်ဦးဖြစ်သော ငှက်မွေးမျိုးနွယ်စုခေါင်းဆောင်၏ မျက်လုံးများသည် အေးစက်ခဲသက်လို့နေပြီး တစ်ကိုယ်လုံးရှိ ငွေရောင်အမွေးများမှာ မဖျက်ဆီးနိုင်သော နတ်ဘုရားလက်စွဲ လက်နက်များကဲ့သို့ ပြိုးပြိုးပြက်ပြက် တောက်ပလင်းဖြာလျက်ရှိလေသည်။
၎င်း၏ ပုံရိပ်သည် လေထဲတွင် ဝှစ်ခနဲ ဝှစ်ခနဲမြည်ရုံမျှအပ သေချာမမြင်နိုင်သည်အထိ လျင်မြန်ပြီး ချွန်ထက်သောအတောင်များကို လွှဲယမ်းကာ ယဲ့ကျွင်းလင်ကို နှစ်ပိုင်းဖြတ်ပစ်ရန် ကြိုးစားလို့နေသည်။
ချလင်~
သတ္တုချင်း ထိခတ်သံသည် နားကွဲလုနီးပါး ကျယ်လောင်လှ၏။
ယဲ့ကျွင်းလင်၏ မျက်နှာအမူအရာကတော့ မပြောင်းမလဲပင်။ ထိုသူသည် လက်ဝါးကို မြှောက်ကာ လွှဲယမ်းလိုက်ပြီး အဆုံးမရှိသော စွမ်းအင်ပမာဏဖြင့် ငှက်မွေးမျိုးနွယ်စုခေါင်းဆောင်ကို နောက်သို့ တွန်းလှန်ချလိုက်သည်။
ထို့နောက် လက်သီးကို မြှောက်ကာ လျင်မြန်စွာ ထိုးချလိုက်သည်။ လက်သီး၏ အလင်းရောင်တွင် တက်ကြွသက်ဝင်နေသော မှော်စွမ်းအားနှင့် စစ်မှန်သော စွမ်းအင်အနှစ်သာရများ ပါဝင်နေသောကြောင့် မျိုးနွယ်စုများခေါင်းဆောင်များကို အသက်ရှူရန်ပင် ခက်ခဲစေသည်အထိ။
“ဒီအဘိုးကြီးက မင်းကိုပညာပေးပြမယ်ကွ!”
ကျောက်တုံးမျိုးနွယ်စုခေါင်းဆောင်က အော်ဟစ်လိုက်သည်။
ထို့နောက် ၎င်း၏ ခန္ဓာကိုယ်တွင် နက်မှောင်သော အလင်းစက်ဝန်းတစ်ခု တောက်ပလို့လာပြီး မျက်စိဖြင့်မြင်နိုင်သော စက်ဝိုင်းသဏ္ဍာန်လှိုင်းတွ့န်များ ထွက်ပေါ်လာလေသည်။
ဘုန်း!
ကျောက်တုံးမျိုးနွယ်စု၏ အကြီးအကဲမှာ တစ်ချက် ညည်းညူလိုက်ရပြီး ၎င်း၏ မျက်လုံးများတွင် နာကျင်မှု၏ အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။
“ဟဲဟဲ မင်းက တော်တော်တော့အရိုက်ခံနိုင်သားပဲ” ယဲ့ကျွင်းလင်က တစ်ချက်လှောင်လိုက်သည်။ အင်အားကို လုံးဝမထိန်းချုပ်ထားသော လက်သီးချက်ထိမှန်ရာတွင် တစ်ချက်မျှသာညည်းညူမိလိုက်ခြင်းကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူ၏ခံနိုင်ရည်အား ခန့်မှန်းနိုင်ပေသည်။
သူ့နေရာတွင် အကြီးအကဲယန်သာဆိုလို့ကတော့ တစ်ချက်တည်းဖြင့် ပေါက်ကွဲထွက်သွားလိမ့်မည်!
“အားလုံးပဲ မလန့်ကြပါနဲ့ ငါတို့သာ ကောင်းကောင်းဆက်လက်ပူးပေါင်းနိုင်မယ်ဆိုရင် ဒီလူသားကို သိပ်မကြာခင်အသေသတ်နိုင်တော့မှာပါ!”
သစ်သားမျိုးနွယ်စု၏ အကြီးအကဲက တိုးတိုးလေး အားပေးလိုက်သည်။ ထို့နောက် ထူထပ်သော နွယ်ပင်များသည် လေဟာပြင်ထဲမှ ဖောက်ထွက်လို့လာပြီး မှော်သင်္ကေတများရောယှက်လျက် အချင်းချင်းရစ်ပတ်နွယ်တက်လာတော့၏။ နွယ်ပင်တစ်ခုစီသည် တတိယအဆင့် ဝိညာဉ်လက်နက်နှင့် နှိုင်းယှဉ်နိုင်ပြီး အလွန်အားကောင်းသည့် အမျိုးအစားထဲကပင်။
“မင်းတို့က အဲ့လိုပေါ့လေ?”
နောက်တစ်စက္ကန့်အကြာတွင်...
ယဲ့ကျွင်းလင်ဘက်က ကောင်းကင်ရိုင်းအကျဥ်းချလက်ချောင်းကို ထုတ်သုံးလိုက်လေပြီ။ ဧရာမမလက်ညှိုးကြီးလေးချောင်းက ပွတ်တိုက်ကာ ထိုးထွက်လာပြီး လက်ညှိုးထိပ်တစ်ခုစီသည် ရွှေရောင်တောက်ပကာ အဆုံးမရှိသော အင်အားဗလနှင့် ပြည့်စုံခိုင်မာလှသည်။
“အု၊ အား…”
ထောင်ပေါင်းများစွာသော နွယ်ပင်များမှာ နာကျင်စွာသောအော်သံများဖြင့် တစ်ခုပြီးတစ်ခု ပြိုလဲကျသွားခဲ့ကြပြီး သစ်မျိုးနွယ်စုခေါင်းဆောင်သည်လည်း လျှပ်စီးတစ်ချက် အမိခံလိုက်ရ၏။
ကံကောင်းစွာဖြင့် နောက်ဆက်တွဲတိုက်ကွက်များကို ကျောက်တုံးမျိုးနွယ်စုခေါင်းဆောင်က ဝင်ရောက်ပိတ်ဆို့ပေးလိုက်သောကြောင့် လဲတော့ကျမသွားခဲ့ပေ။
ထို့နောက် ယဲ့ကျွင်းလင်သည် ပိုင်ဆိုင်သမျှစွမ်းအားများကို အဆုံးစွန်အထိ မကြာမကြာထုတ်သုံးခြင်းဖြင့် မျိုးနွယ်စုခေါင်းဆောင်များအား အတုံးအရုန်း ဒဏ်ရာပြင်းစွာရစေခဲ့လေသည်။
“ဒီလူက အရမ်း အင်အားကြီးတာပဲ”
ငှက်မွေးမျိုးနွယ်စုခေါင်းဆောင်၏ နဖူးမှ ချွေးများ စီးကျလာပြီး ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ ပြဲထွက်နေသော ဒဏ်ရာများမှလည်း သွေးများ စီးဆင်းနေလေသည်။
ရုတ်တရက်ပင်...
ကုသမှုအလင်းရောင်သည် ခေါင်းဆောင်များအပေါ်သို့ ကျရောက်လာပြီး ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည်လည်း လျင်မြန်စွာ သက်သာပျောက်ကင်းသွားတော့သည်။
“ငါတို့ မျိုးနွယ်စု ခြောက်ခုကို လျှော့တွက်မိတဲ့တန်ကြေး မင်းကိုယ်တိုင်ပြန်ပေးဆပ်ရလိမ့်မယ်!”
ချိုမျိုးနွယ်စုခေါင်းဆောင်သည် ကြံ့သားရဲကြီးတစ်ကောင်နှင့်တူပြီး ၎င်း၏ ဦးခေါင်းထိပ်တွင် ချွန်ထက်သော ချိုတစ်ချောင်းက ပါရှိသေး၏။ ချိုပေါ်တွင် ရွှေရောင်တောက်ကာ သန့်ရှင်းသော အလင်းရောင်တစ်သွယ် တောက်ပနေပြီး တည်ငြိမ်အေးချမ်းသော အရှိန်အဝါကို ထုတ်လွှတ်နေပေသည်။
ဝူး၊ ဝူး၊ ဝူး~
မကြာမီတွင် မျိုးနွယ်စုခေါင်းဆောင်အားလုံးသည် အလင်းရောင်အောက်တွင် သန့်စင်ကုသခြင်းခံလိုက်ရကာ သူတို့၏ ဒဏ်ရာများအားလုံး သက်သာပျောက်ကင်းရုံသာမက စွမ်းအင်များလည်း ပိုမိုတက်ကြွအားကောင်းလာကြသည်ပင်။
“ဟေ့၊ မင်းတို့ဘက်က သူနာပြုဆရာမတောင် ခေါ်လာသေးတာလား?”
ယဲ့ကျွင်းလင် အနည်းငယ် အံ့အားသင့်သွားသည်။
ဤမျိုးနွယ်စု ခြောက်ခု၏ ခေါင်းဆောင်များသည် လောထျန်းလျှို့ဝှက်နယ်မြေ၏ ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားရှင်များဖြစ်ပြီး ၎င်းတို့၏ ခန္ဓာကိုယ်တွင် ရှေးယခင်အဆက်ဆက်က မျိုးရိုးများ၏ အမွေအနှစ်များအပြင် ၎င်းတို့ အသက်ရှင်ရပ်တည်ရန် အားကိုးအားထားပြုရသော မွေးရာပါ အဖိုးထိုက်နည်းပညာများလည်း ပါရှိလေသည်။
ပူးပေါင်းတိုက်ခိုက်သည့် ပွဲများတွင် သူတို့အားလုံးသည် တစ်ဦးနှင့်တစ်ဦး အားသာချက်များကို ဖြည့်ဆည်းပေးကာ အားနည်းချက်များကို ဖုံးကွယ်ပေးနိုင်သည်ဟု ဆိုရပေမည်။ တိုက်ခိုက်မှုသည် ပြည့်စုံကုံလုံပြီး ချို့ယွင်းချက် မရှိသလောက်ပင်။
အထွဋ်အထိပ်သို့တက်ရောက်ခြင်း ကျင့်ကြံသူတစ်ဦးသည်ပင် ဤသို့အခြေအနေကို ရင်ဆိုင်ရသောအခါ အနည်းငယ် ခက်ခဲသည်ဟု ခံစားရပေမည်။
ထိုခေါင်းဆောင်ခြောက်ဦး လွန်စွာယုံကြည်ချက်မြင့်မားပြီး လေလုံးထွားနေရသည့်အကြောင်းရင်းမှာ ထိုသို့ခိုင်မြဲသောစည်းလုံးမှုကြောင့် ဖြစ်နိုင်ပေသည်။
“မင်း မြင်ရဲ့လား? မင်းငါတို့ကို အနိုင်မယူနိုင်ဘူး ဆက်ကြိုးစားမနေဘဲ နာနာခံခံလေး အသေခံလိုက်တော့!” သားရဲမျိုးနွယ်စုခေါင်းဆောင်က တစ်ချက်မဲ့ပြုံးပြုံးလိုက်ပြီး ယဲ့ကျွင်းလင်၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို ချိုးဖျက်ရန် ကြိုးစားလိုက်သည်။
အကယ်၍ သူ့နေရာတွင် အခြား ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံသူတစ်ဦးဖြစ်ပါက ဤခက်ခဲသောအခြေအနေတွင် အမှန်ပင် ထိတ်လန့်တုန်လှုပ်သွားပေမည်။
ဝမ်းနည်းစရာကောင်းသည်ကတော့ ယဲ့ကျွင်းလင်၏မျက်နှာထက်တွင် ထိုသူတို့ရှာဖွေလိုသော ဝမ်းနည်းအားပျက်သည့်အရိပ်အယောင် တစ်ခုမှပေါ်မလာခဲ့ပါချေ။
ထိုသူ၏ နှုတ်ခမ်းထောင့်တွင်ပင် စနောက်လိုသော အပြုံးတစ်ခုပင် ရှိနေသည်။