← Chapters

အခန်း (၃၄)

Vol. 3 Ch. 34

အခန်း (၃၄)

Vol. 3 Ch. 34

“ကောင်းပြီ၊ လတ်လတ်လောလောရထားတဲ့ဆုလေးကို စမ်းကြည့်လိုက်ရင် ကောင်းမယ်”

စိတ်ပိုင်းဖြတ်ပြီးနောက် ယဲ့ကျွင်းလင်သည် မျက်လုံးများကို အနည်းငယ် မှေးမှိတ်လိုက်သော် လူတစ်ကိုယ်လုံး၏ အရှိန်အဝါသည် ချက်ချင်း ပြောင်းလဲသွားကာ ပြန်လည်ပွင့်ဟလာသော မျက်လုံးထဲမှ ဘုန်းတန်ခိုးအငွေ့အသက်များအား ခံစားသိရှိနိုင်ပေ၏။

ဘုန်း!!!!

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု သူ့ခန္ဓာကိုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

ချက်ချင်းဆိုသလို ၎င်း၏ နောက်ကျောမှ ဧရာမအရိပ်ကြီးတစ်ခု ပေါ်လာပြီး ထိုအရိပ်ကြီး၏ ကျဉ်းမြောင်းစူးရှသော ရွှေရောင်အဆင်းရှိ မီးတောက်တော့မတတ် မျက်လုံးများသည် အရာအားလုံးကို လျစ်လျူရှုထားဟန်ရှိကာ အေးစက်မှုမှာ ကျောစိမ့်ဖွယ်ပင်။ ပုဝါတစ်ထည်ကဲ့သို့ ရှည်လျားထူထဲသော ဆံပင်များသည် ကြယ်အစုအဝေးတစ်ခုကဲ့သို့ တောက်ပစွာတွဲလောင်းကျနေကာ ဧကရာဇ်ဝတ်ရုံထက်ရှိ ကောင်းကင်နှင့် ကြယ်သဏ္ဍာန် ရေးဆွဲခြယ်သမှုများနှင့် ရောယှက်လွှမ်းခြုံထားလေသည်။

၎င်းသည် ရှေးယခင်ကဧကရာဇ်များဆောင်းလေ့ရှိသော ဦးသျှောင်သရဖူတစ်မျိုးကို ဦးခေါင်းထက်ဆောင်းထား၏။ ဦးခေါင်းအနောက်တွင် တည်ရှိသော အဖြူရောင်အလင်းစက်ဝန်းသည် ကမ္ဘာကို လင်းထိန်စေပြီး အဆုံးမရှိသော မှောင်မိုက်ခြင်းကို ဖယ်ရှားသုတ်သင်ပစ်နိုင်ပုံရသည်။

ဤသည်မှာ ကောင်းကင်ဘုံဧကရာဇ်၏ ဓမ္မရုပ်တုတော်ပါပေ!!

"ဒါ၊ ဒါကြီးက…"

မျိုးနွယ်စုခေါင်းဆောင် ခြောက်ဦး၏ မျက်နှာများမှာ ကြောက်ရွံ့မှုများ ပြည့်နှက်သွားပြီး သူတို့၏ ခန္ဓာကိုယ်များမှာ အဆုံးမရှိသော ချောက်နက်ကြီးတစ်ခုထဲကို ကျရောက်သွားသကဲ့သို့ အေးစက်နေကာ သူတို့ မည်မျှသေးငယ်သော သတ္တဝါလေးများဖြစ်သည့်အကြောင်း ခံစားမိနေရလေသည်။ ကြီးမားကျယ်ပြန့်သော အရိပ်ကြီး၏ အေးစက်စက်အကြည့်အောက်တွင် လက်နက်ချအရှုံးပေးလိုသည့်ခံစားချက်သာ ဝင်လာမိလေသည်။

ဧရာမ ကောင်းကင်ဘုံဧကရာဇ် ဓမ္မရုပ်တုကြီး၏ ပေါ်ပေါက်မှုမှ ကြောက်မက်ဖွယ် ဖိအားသည် လှိုင်းလုံးကဲ့သို့ ရိုက်ခတ်ပျံ့နှံ့သွားလေ၏။

နေရာနှင့် အချိန်ပင် ရပ်တန့်သွားတော့မည့်ပုံရသည်။ ရှေးဟောင်းတောအုပ်ကြီးအတွင်းရှိ သတ္တဝါများစွာသည် အလွန်ကြောက်လန့်တကြားဖြစ်ကာ နာခံလိုသော မျက်နှာထားများဖြင့် မြေပြင်ပေါ်တွင် ဝပ်တွားလျက်သာ ရှိကြသည်။

ဤပြောင်းလဲမှုသည် စူးစမ်းလေ့လာနေဆဲဖြစ်သော ဟွမ်ကျိုးပြည်နယ်မှ ကျင့်ကြံသူများ၏ အာရုံကို မဆွဲဆောင်မိဘဲ မနေပါ။

"ဘုရားရေ၊ ဒါ ဘာကြီးလဲ?!"

ဧရာမအရိပ်ကြီးကိုကြည့်ပြီး သူတို့အားလုံး တံတွေးမျိုချလိုက်ရကာ ကြောက်စိတ်ကြောင့် ခန္ဓာအတွင်းရှိ အသည်းကျောက်ကပ်များပင် ကွဲကြေစုတ်ပြဲတော့မလို ခံစားနေရလေသည်။

"ဒါက ဓမ္မရုပ်တု နတ်ဘုရားစွမ်းအားပဲ! ကြီးမြတ်တဲ့ နတ်ဘုရားစွမ်းအားကြီးပဲ!"

ထိုစကားကိုကြားသော် ဖုန့်အိုးယန်သည် အလွန်အံ့အားသင့်သွားသဖြင့် မျက်လုံးများပင် ပြူးထွက်တော့မတတ်ဖြစ်ကာ "ဘယ်သူသုံးတာလဲ? ယဲ့ကျွင်လင်များလား…" ဟု တီးတိုးရေရွတ်မိသွားသည်။

မနီးမဝေးမှ ဟုန်ချန်ယဲ့လည်း အံ့အားသင့်သွားရသည်ပင်။

ထိုထင်ရှားသော ဖီးနစ်မျက်လုံးများမှ တအံ့တသြအကြည့်မှာ ဓမ္မရုပ်တုကြီးထံဦးတည်နေလေသည်။

"ဟိုကောင့်ရဲ့ နောက်ကျင့်စဥ်တစ်ခုများလား?"

သူသည် အသိပညာဗဟုသုတ လွန်စွာကြွယ်ဝသော်ငြား ဤကဲ့သို့သော ဓမ္မရုပ်တုမျိုးကိုတော့ မမြင်ဖူးပေ!

ယှဉ်ကြည့်လျှင် အစောကဘုန်းတော်ကြီး၏ ဓမ္မရုပ်တုမှာ ခွေးချေးပုံသက်သက်သာပင်။

သူသည် အလယ်ပိုင်းစီရင်စုတွင် ကျင်လည်ခဲ့စဥ်က ကျွမ်းကျင်သူများစွာက သူတို့၏ ဓမ္မရုပ်တုများ ထုတ်ဖော်ပြသသည်ကို မကြာမကြာ မြင်ဖူးခဲ့ပါသည်။

သို့သော် ဤဓမ္မရုပ်တု၏ ရှေ့တွင် ထိုသူတို့အားလုံးသည်လည်း တုယှဥ်ဖို့မစွမ်းသာစွာ ထုတ်ပြဖို့မရဲဝံ့စွာ လက်နက်ချအရှုံးပေးရုံသာ ရှိတော့မည်ပင်။

ကောင်းကင်နှင့် မြေကြီးပင် အရောင်မှိန်သွားသည်အထိ!

ထိုအချိန်တွင်....

ကောင်းကင်ဘုံဧကရာဇ် ဓမ္မရုပ်တုကို ထုတ်ဖောက်ထားသော ယဲ့ကျွင်းလင်သည် သူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပေါ်နေသော ကြီးမားသော ပြောင်းလဲမှုများကို ခံစားမိပြီး လွန်စွာမှ နှစ်ထောင်းအားရဖြစ်လျက်ရှိ၏။

ထို့နောက် ကြောက်လန့်တကြားဖြစ်နေသော မျိုးနွယ်စုခေါင်းဆောင် ခြောက်ဦးဆီသို့ လှည့်ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

"ဟမ့်!"

ယဲ့ကျွင်းလင်က ဝတ်ရုံလက်ကို တစ်ချက်မျှ ပြင်းထန်စွာ ခါယမ်းလိုက်ရာ မြေပြင်မှ ခန့်ညားထည်ဝါသော လေပြင်းတစ်ချက်က တိုက်ခတ်လာသည်။

ဝှစ်ခနဲအသံဖြင့် ငှက်မွေးမျိုးနွယ်စုခေါင်းဆောင်သည် အမြင့်သို့ လွင့်စင်သွားပြီး လွတ်မြောက်ရန် ရုန်းကန်နေသော်ငြား မကြာမီပင် ကြောက်မက်ဖွယ် အင်အားတစ်ခုက သူ၏ တစ်ကိုယ်လုံးကို ချုပ်ကိုင်ထားသည့်အကြောင်း သဘောပေါက်သွားရသည်။

"ကယ်ပါဦး! ကယ်ကြပါဦး၊ အား အား အား!"

ဘုန်းဟူသော အသံနှင့်အတူ ငှက်မွေးမျိုးနွယ်စုခေါင်းဆောင်သည် မမြင်နိုင်သော လက်ကြီးတစ်ခုဖြင့် ဖိညှစ်ခံလိုက်ရသကဲ့သို့ ကြေမွသွားပြီး သွေးစက်များက နေရာအနှံ့ လွင့်စင်ထွက်ကျသွားသည်။

ကျန်ရှိသော မျိုးနွယ်စုခေါင်းဆောင်များလည်း တုန်လှုပ်စွာဖြင့် အံ့အားသင့်သွားကြလေသည်။ ရောင်းရင်းကြီးဟာ ဒီလိုပဲ သေဆုံးသွားခဲ့တယ်တဲ့လား?

"မကောင်းတော့ဘူး!" သားရဲမျိုးနွယ်စုခေါင်းဆောင်သည် နှလုံးသားထဲတွင် ကြောက်စိတ်ဖြင့် တစ်ချက်အေးစိမ့်သွားသည်ကို ခံစားလိုက်ရသည်။ ယဲ့ကျွင်းလင်၏ ညှာတာစိတ်မရှိသော မျက်လုံးများ သူ့ဆီသို့ လှည့်ကြည့်နေသည်ကို မြင်သောအခါ ရုတ်တရက် ကြီးမားသော ဘေးအန္တရာယ်တစ်ခု ကျရောက်လာတော့မည်ဟု ခံစားလိုက်ရသည်။

"မင်းလည်း သေတော့!"

ယဲ့ကျွင်းလင်က လက်သီးဖြင့်တစ်ချက် ထိုးလိုက်ရာ ဖြာထွက်လာသော ရွှေရောင်အလင်းသည် ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်းသွားသည်အထိ။

"အား…"

သားရဲမျိုးနွယ်စုခေါင်းဆောင်သည် ခေါင်းမာစွာ ခုခံရန် ကြိုးစားနေသော်လည်း တစ်ချက်တည်းနှင့် သွေးမှုန်များအဖြစ်သို့ကွဲထွက်သည်အထိ ရိုက်နှက်သတ်ဖြတ်ခံလိုက်ရပြီး အစအနပင်မကျန်တော့အောင် လေထဲတွင်ပြန့်ကျဲထွက်သွားလေ၏။

"ထွက်ပြေး! ထွက်ပြေးကြ!!!"

ကျန်ရှိသော မျိုးနွယ်စုခေါင်းဆောင် လေးဦးသည် မျက်မြင်တွေ့လိုက်ရသောရက်စက်မှုတွင် ဝိဉာဥ်လွင့်မတတ် ကြောက်လန့်သွားခဲ့ကြလေသည်။ သူတို့သည် လျှို့ဝှက်နည်းစနစ်များကို တစ်ခုပြီးတစ်ခု အသုံးပြုကာ သူတို့၏ခန္ဓာများကိုပင် လောင်ကျွမ်းပျောက်ကွယ်စေပြီး ဤနေရာမှ အမြန်ဆုံး လွတ်မြောက်ဖို့သာ ကြိုးစားကုန်ကြတော့သည်။

"ထွက်ပြေးချင်သေးတာလား?"

"မင်းတို့အားလုံး သေကွာ!!"

ကောင်းကင်ဘုံဧကရာဇ် ဓမ္မရုပ်တု၏ အရှင်သခင် ယဲ့ကျွင်းလင်သည် ကောင်းကင်နှင့် မြေကြီးကို လက်ပေါ်တင်ကစားနိုင်စွမ်းရှိသည်။ သူလက်ဖဝါးကို ပြင်းထန်စွာတစ်ချက်ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် စုပ်ယူအားတစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာသည်။

"ဘာကြီးလဲ?!"

မျိုးနွယ်စုခေါင်းဆောင်များမှာ စိတ်ပျက်အားငယ်စွာဖြင့်ပင် ငြိမ်ကျသွားရှာကာ ထွက်ပြေးနောက်ဆုတ်ရန်လည်း မတတ်သာတော့ပေ။

"အားလုံးပဲ သူ့ကို တိုက်ခိုက်ကြ!!"

ကျောက်တုံးမျိုးနွယ်စုခေါင်းဆောင်သည် ခန့်ညားထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်ကာ အနက်ရောင်ဝတ်ရုံဝတ်ထားသော ပုံရိပ်ဆီသို့ အရူးအမူး ပြေးဝင်သွားသည်။

"ဟေ့ ပုပ်စော်နံတဲ့ကျောက်တုံး ဒီထဲမှာ မင်းက အမာဆုံးပဲသိလား"

ယဲ့ကျွင်းလင်က တစ်ချက်လှောင်ပြောင်ပြီး အဝေးမှ လက်ညှိုးဖြင့်တစ်ချက်လှမ်းထိုးလိုက်သည်။

ဘုန်း!

ရွှေရောင်လက်ညှိုးထံမှ အလင်းတန်းသည် လေဟာနယ်ကို ချိုးဖျက်ကာ ကျယ်ပြော၍ အဆုံးမရှိသောစွမ်းအားကို ဖြန့်ကျက်လိုက်တော့၏။

ကောင်းကင်ဘုံဧကရာဇ် ဓမ္မရုပ်တု၏ ပူးတွဲပါ နတ်ဘုရားစွမ်းအားတစ်ခုဖြစ်သော ကောင်းကင်ပိတ်ဆို့ လက်ညှိုး!

"မဖြစ်ဘူး…" ကျောက်တုံးမျိုးနွယ်စုခေါင်းဆောင်မှာ အာခေါင်ခြစ်အော်ဟစ်လိုက်သော်ငြား သူ့ခန္ဓာကိုယ်မှာတော့ ရွှေရောင်လက်ညှိုးအလင်းတန်း၏ ပြင်းစွာသောအာဏာစက်ဖြင့် ကြေမွသွားပြီး ခန္ဓာပြန်လည်ဖွဲ့စည်းဖို့ပင် မဖြစ်နိုင်လောက်သည်အထိပင်။ မြူမှုန်များအဖြစ် ပြောင်းလဲသွားကာ ပြန်လည်ရှင်သန်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။

"ခွင့်လွှတ်ပေးပါ ဆရာကြီးခင်ဗျာ ခွင့်လွှတ်ပေးပါဦး!!"

ဤအချင်းအရာကို မြင်လိုက်ရသောအခါ အကြေးခွံမျိုးနွယ်စုခေါင်းဆောင်၊ ဦးချိုမျိုးနွယ်စုခေါင်းဆောင်နှင့် သစ်သားမျိုးနွယ်စုခေါင်းဆောင်တို့သည် ခုခံရန်အတွေးတစ်စမျှ မရှိတော့ဘဲ ကြောက်လန့်တကြား တောင်းပန်တိုးလျိုးလာကြတော့သည်။

ယဲ့ကျွင်းလင်ကတော့ စကားပြောနေရမှာပျင်းသည့်အတွက် သူတို့ကို တိုက်ရိုက်ပင် လက်ဝါးဖြင့် ရိုက်သတ်လိုက်တော့၏။

အကုန်ရှင်းလင်းပြီး အသံဗလံများ တိတ်ဆိတ်သွားသောအခါ....

ယဲ့ကျွင်းလင်သည် ကောင်းကင်ဘုံဧကရာဇ် ဓမ္မရုပ်တုကို သိမ်းဆည်းလိုက်ပြီး သူ၏ မှော်စွမ်းအင် ၈၀% ကုန်ဆုံးသွားသည်ကို ခံစားမိကာ မကျေမနပ်ဖြင့် လျှာကို တစ်ချက်ခေါက်လိုက်သည် "ဒီအရာက သုံးရတာတော့မိုက်ပေမယ့် မှော်စွမ်းအင် အကုန်အကျများလွန်းတယ်!"

နောက်တော့ အလုပ်စဖို့ အချိန်ရောက်ပေပြီ။

ယဲ့ကျွင်းလင် ပတ်ဝန်းကျင်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။ "ဟင်? အဲ့ဒီ ကြွက်ရော ဘယ်ရောက်သွားတာလဲ?"

မူလက ဒဏ်ရာရပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော မွေးဖြူကြွက်သည် ဘယ်အချိန်တုန်းကရယ်မသိ ပျောက်ကွယ်သွားကြောင်းကို တွေ့လိုက်ရလေသည်။

All Chapters