သိန်းချီသော လျှို့ဝှက်နယ်မြေသားများ ဒူးထောက်ခစားလေပြီ
Vol. 3 Ch. 39
"ဒီကောင်တွေပြောတဲ့ ကောင်းကင်ဘုံအရှင်ယဲ့ဆိုတာ မင်းလား? မင်းကဒီနေရာရဲ့ အင်အားအကြီးဆုံးသူပေါ့?!" ငွေရောင်အတောင်ပံပါ သတ္တဝါတစ်ကောင်က ရန်လိုသော မျက်နှာထားဖြင့် မေးလာသည်။
ဘုန်း!
ကောင်းကင်ဘုံအရှင်ယဲ့ဆိုသူသည် စကားတစ်ခွန်းမျှ ပြန်မပြောဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ၏ ပြီးပြည့်စုံသော ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံဆင့်အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
ထိုလုပ်ရပ်မှာ ခြွင်းချက်မရှိစွာပင် ဤဂြိုလ်သားမျိုးနွယ်စုကို အမှန်တကယ် ခြိမ်းခြောက်နိုင်ခဲ့သည်။
ပြည့်စုံသော ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံဆင့်ဆိုသည်မှာ လော့ထျန်းလျှို့ဝှက်နယ်မြေရှိ ကျင့်ကြံသူအားလုံးအတွက် အမြင့်ဆုံးအဆင့်ဖြစ်လေ၏။
"ဘာကို ကြောက်နေကြတာလဲ? သူတို့ဘက်မှာ အဲ့တစ်ယောက်တည်းရှိတာပဲ!"
ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံဆင့်မှ သတ္တဝါတစ်ကောင်က အော်ဟစ်လှုံ့ဆော်လိုက်သည်။
"ဟုတ်တယ် ဟုတ်တယ်!"
ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံဆင့်ရှိ သတ္တဝါအရေအတွက် ခြောက်ဆယ်ကျော်သည် ရှေ့သို့ တိုးထွက်လာကြကာ အင်အားကြီးမားသော ဖိအားတစ်ခုကို ပူးပေါင်းထုတ်လွှတ်လိုက်တော့သည်။
"ကောင်းကင်ဘုံအရှင်များ!"
မရေမတွက်နိုင်သော လူသားကျင့်ကြံသူအများအပြားသည် အဟုန်ဖြင့်လွတ်ထွက်လာသော ဖိအာကြီးကြောင့် ကြောက်လန့်တကြားဖြင့် တဆတ်ဆတ်တုန်ယင်လျက် မြေပေါ်တွင် ဒူးထောက်ချလိုက်မိကြသည်။
ထိုဖိအားမုန်တိုင်းကြီး၏ ဦးတည်ရာဗဟိုချက်ဖြစ်သော ကောင်းကင်ဘုံအရှင်ယဲ့သည်လည်း နှုတ်ခမ်းနည်းနည်းတွန့်သွားရ၏။
ကောင်းပြီလေ၊ ဒီနည်းက အလုပ်မဖြစ်ဘူးပဲ။
သို့သော် စိတ်ဝင်စားစရာကောင်းသည်မှာ ပြီးပြည့်စုံသော ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံဆင့်မှ အားကောင်းသောသူတစ်ဦးရှိကြောင်း တွေ့ရှိလိုက်ရသောအခါ ဤဂြိုလ်သားသတ္တဝါအုပ်စုသည် အပြုအမူကို အနည်းငယ်ထိန်းကွပ်ထားလိုက်ကြသည်ပင်။ သူတို့ဘက်က မည်မျှပင် အရေအတွက်ပိုနေပါစေ၊ စိုးတထိတ်ထိတ် ခံစားချက်ကတော့ ရှိနေဆဲဖြစ်သည်။
သို့သော် ဤအခြေအနေအတိုင်း ကြာကြာထားလိုက်ပါက မကြာမီအချိန်တွင်း သူတို့တစ်ခုခုလှုပ်ရှားလာကြပေလိမ့်မည်။
ယဲ့ကျွင်းလင်တစ်ယောက် ခေါင်းကိုက်နေစဉ် ပုရှောင်ရှီး၏ ခန္ဓာကိုယ်တွင် ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
ဘုန်း!
ပုရှောင်ရှီး၏ ခန္ဓာကိုယ်မှ ရှေးကျပြီး သန့်ရှင်းစင်ကြယ်သော အရှိန်အဝါကြီးတစ်ခုက ဟိန်းသံတစ်ချက်ပေးလျက် ပေါက်ထွက်လာသည်။ ၎င်း၏ မူရင်းပတ္တမြားရောင် မျက်လုံးများမှာ တောက်ပသော ရွှေရောင်မျက်ဆံများအဖြစ် ပြောင်းလဲသွားသည်။ နဖူးထက်တွင် ရှေးဟောင်းဆန်ဆန် အမှတ်အသားတစ်ခု ပေါ်လာကာ ထိုအမှတ်အသားမှသည် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်လျက်ရှိလေသည်။
"ရှောင်ရှီး၊ မင်း?"
ယဲ့ကျွင်းလင်တောင် အံ့သြသွားရသည်အထိ။
"ဒီကြွက်က ဘယ်လိုလုပ်ပြီး..." ဟုန်ချန်ယဲ့လည်း အကြီးအကျယ်အံ့သြထိတ်လန့်သွားဟန်ပင်။
ချက်ချင်းဆိုသလိုပင် အံ့သြတကြီးကြည့်ရှုနေသော မျက်လုံးပေါင်းများစွာအလယ်တွင် မွေးဖြူကြွက်လေး၏ ခန္ဓာကိုယ်သည် လေထဲတွင် ဝဲပျံလို့သွားကာ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရွှေရောင်နေမင်းကြီးတစ်စင်း၏ အရောင်အဝါဖြင့် ဖုံးလွှမ်းထားသကဲ့သို့ မျက်စိကျိန်းစပ်လောက်အောင် ထွန်းလင်းတောက်ပလို့နေလေသည်။
"ဒါ၊ ဒါက တာ့လောအမတသစ်ပင်ရဲ့ အရှိန်အဝါပဲ!!!" လောထျန်းနယ်မြေမှ ဂြိုလ်သားမျိုးနွယ်စုများ တစ်ယောက်ပြီးတစ်ယောက် အလန့်တကြား တုံ့ပြန်လာကြပြီး ၎င်းတို့၏ မျက်လုံးများမှာလည်း နက်ရှိုင်းသော ကြောက်ရွံ့စိတ်ဖြင့် ဖုံးလွှမ်းလို့လာကြ၏။
သိထားရမှာတစ်ခုကတော့ လောထျန်းလျှို့ဝှက်နယ်မြေတွင် မည်သူတစ်ဦးတစ်လေမှ မထိရဲသော အရာတစ်ခုမှာ လျှို့ဝှက်နယ်မြေတစ်ခုလုံးကို ထိန်းသိမ်းထောက်ပံ့ပေးထားသော တာ့လောအမတသစ်ပင်ဖြစ်သည်။ မျိုးနွယ်စုအားလုံး၏ နှလုံးသားထဲတွင် ထိုသစ်ပင်မှာ ကောင်းကင်ဘုံနှင့်မခြားပေ!
သူတို့အားလုံးသည် လျှို့ဝှက်နယ်မြေတစ်ခုလုံး ပြိုကွဲသွားသည်နှင့်အမျှ တာ့လောအမတသစ်ပင်လည်း ပျက်စီးသွားလိမ့်မည်ဟု မူလက ထင်ခဲ့ကြသည်။ ဤမွေးဖြူကြွက်ထံတွင် ထိုရင်းနှီးပြီး နွေးထွေးသော တာ့လောအရှိန်အဝါကို နောက်တစ်ကြိမ် ပြန်ခံစားရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ကြပေ!
အနှီးပတ်ထားသော နို့စို့အရွယ်ကလေးငယ်သည် စွန့်ပစ်ခံရပြီအထင်နှင့် ကူကယ်ရာမဲ့စွာ တဝါးဝါးအော်ငိုနေချိန်တွင်မှ မိခင်၏ရင်ငွေ့ကို ပြန်လည်ခိုလှုံလိုက်ရသကဲ့သို့။
"ဝူးဝူး၊ တာ့လောအမတသစ်ပင်က ငါတို့ကို မစွန့်ပစ်သေးဘူး!"
"တာ့လောအမတသစ်ပင်ကို ကျွန်တော်မျိုးနွယ်စုအား လမ်းညွှန်ပေးဖို့ တောင်းဆိုပါရစေ နောင်လာမယ့် အနာဂတ်လမ်းကို ဘယ်လိုများဆက်လျှောက်လှမ်းရမလဲခင်ဗျာ?"
"ကျွန်တော်တို့က ကာကွယ်စောင့်ရှောက်ပေးဖို့ တောင်းဆိုအပ်ပါတယ် အမတသစ်ပင်ကြီးခင်ဗျာ!!"
...
အော်ဟစ်ကြွေးကြော်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။
သိန်းချီသော ဂြိုလ်သားမျိုးနွယ်စုတို့သည် မြေပြင်ထက်ပြားပြားဝပ်ကာ ရှိခိုးပူဇော်လာကြပြီး ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံဆင့်မှ အကြီးအကဲများပါမကျန် အားလုံးသည် ပုရှောင်ရှီး၏ ခြေရင်းတွင် ဒူးထောက်ခစားကုန်ကြ၏။
၎င်းတို့သည် အလွန်စိတ်လှုပ်ရှားလို့နေပြီး မျက်လုံးများတွင်လည်း ပူနွေးသော မျက်ရည်များဖြင့် ပြည့်နှက်အိုင်ထွန်းလို့နေရှာသည်။
"သောက်ကျိုးနည်း!"
ရှယိုနျန်နှင့် အခြားကျင့်ကြံသူများလည်း အံ့သြတကြီးအာမေဋိတ်ပြုလိုက်ကာ မျက်စိရှေ့မှမြင်ကွင်းကို အထူးတဆန်းငေးကြည့်နေကြပြီး အိပ်မက်မက်နေသည်လားဟုပင် သံသယဝင်မိကြကုန်သည်။
ဆရာတူညီလေးယဲ့ အသစ်ခန့်အပ်ထားသော တပည့်သည် အမှန်တကယ်ပင် ဤမျှကြီးမားသော နောက်ခံသမိုင်းကြောင်းတစ်ခု ရှိနေသည်တဲ့လား?!
အရာရာကို သိမြင်တတ်ကျွမ်းပြီး အတွေ့အကြုံများလှသော ဟုန်ချန်ယဲ့သည်ပင်ပင် ဤမြင်ကွင်းကြောင့် အံ့အားသင့်သွားသည်။ ဤမွေးဖြူကြွက်သည်လည်း ကြီးမားသော အခွင့်အလမ်းတစ်ခုခုကို အရယူမိထားကြောင်း သူသိလိုက်သည်။
ထို့နောက် ဟန်မပျက်တည်ငြိမ်လျက်သာရှိသော ယဲ့ကျွင်းလင်ထံသို့ လျှပ်တစ်ပြက်ကြည့်လိုက်မိပြီး စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ "ထင်ထားတဲ့အတိုင်း အရာအားလုံးကိုကြိုတင်စီစဥ်ထားတာပဲ ဒင်းလက်ထဲကဘာမှကိုပြေးမလွတ်ပါလား.."
ထိုအချိန်တွင် ယဲ့ကျွင်းလင်မှာလည်း အကြီးအကျယ် ရင်တုန်ပန်းတုန်ဖြစ်နေရသည်ပင်။
ယခင်က ပုရှောင်ရှီးထံတွင် သူသတိပြုမိခဲ့သော ထူးဆန်းမှုကို ပြန်လည်အမှတ်ရလိုက်သောအခါ စိတ်ထဲမှ အမျိုးမျိုးသော ခန့်မှန်းချက်များ ချက်ချင်း ပေါ်ပေါက်လာသည်။
"တာ့လောအမတသစ်ပင်ကနေ သီးပွင့်ဖွံ့ဖြိုးလာတဲ့ တာ့လောအမတသစ်သီးဟာ ခန္ဓာကိုယ်တစ်ခုကနေ တစ်ဆင့်ပြန်လည်ရှင်သန်ဖို့အတွက် မျိုးစေ့တစ်ခုများလား? ပုရှောင်ရှီးက အဲ့ဒါကို စားလိုက်တော့ သစ်ပင်က သူ့ခန္ဓာကိုယ်ထဲမှာပြန်လည်ရှင်သန်လာပြီး မူရင်းဝိဉာဥ်အကြွင်းအကျန်လည်း ပါနေလောက်မလား?"
"အခု တာ့လောအမတသစ်ပင်ရဲ့ ဝိဉာဥ်က နိုးထလာပြီဆိုတော့ ပုရှောင်ရှီးရဲ့ခန္ဓာကိုယ်ကို အစားထိုးယူတော့မှာများလား?"
ယဲ့ကျွင်းလင် အတွေးဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
ရိုးရိုးသားသားပြောရလျှင် ဤမွေးဖြူကြွက်လေးသည် အတော်လေး ချစ်စရာကောင်းသည်။ သူ့တပည့်အလိမ္မာလေးကို အခြားဝိဉာဥ်တစ်ခုက အစားထိုးနေရာယူလိုက်ပါက ထိုသူသည် ပုရှောင်ရှီးမဟုတ်တော့ပေ။
"ရှောင်ရှီး၊ မင်း အဆင်ပြေရဲ့လား? ငါ့ကို အမြန်ဆုံး ပြန်ပြောစမ်း!" ယဲ့ကျွင်းလင် စိုးရိမ်တကြီးဖြင့် အသံကို မှော်စွမ်းအင်ဖြင့် တိတ်တဆိတ် ပို့လွှတ်လိုက်သည်။
လေထဲတွင် ဝဲပျံနေသော ပုရှောင်ရှီးမှာ အေးစက်ပြီး ခံစားချက်မဲ့သော မျက်လုံးများ ရှိနေသော်လည်း ဆရာသခင်ဖြစ်သူ၏ စိုးရိမ်တကြီးအသံက စွမ်းအင်မှတစ်ဆင့် စိတ်ထဲသို့ ပဲ့တင်ထပ်ရောက်ရှိလာသောအခါ ခန္ဓာပိုင်ရှင်၏ တိမ်မြုပ်ခါနီး မူရင်းစိတ်ဓာတ်ကို ပြင်းထန်စွာနှိုးဆွလိုက်သည့်နှယ်။
"ဆရာသခင်က ကြွက်ကိုခေါ်နေတယ် ကြွက်အိပ်ပျော်သွားလို့မရဘူး!"
ပုရှောင်ရှီးသည် သတိလွတ်မသွားအောင် မျက်လုံးကိုပြူးကျယ်နေသည်အထိဖွင့်ထားကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါနေသည်အထိ ရုန်းကန်တင်းခံထားရလေသည်။
နောက်ဆုံးတွင် ထိုမျက်လုံးများသည် တဖြည်းဖြည်း ပြန်လည်အသက်ဝင်လာပြီး ၎င်း၏ ဦးနှောက်သည်လည်း မူလအသိဉာဏ်သို့ ပြန်လည်ရောက်ရှိသွားသည်။
"ဆရာသခင်!"
ပုရှောင်ရှီးသည် ယဲ့ကျွင်းလင်၏ ဘေးတွင် လိမ္မာပါးနပ်စွာ ဆင်းသက်လာပြီး ယဉ်ကျေးသိမ်မွေ့စွာ အရိုအသေပြုလိုက်သည်။
"မင်း အဆင်ပြေလို့ တော်ပါသေးတယ်" ယဲ့ကျွင်းလင်၏ မျက်လုံးများထဲတွင် စိုးရိမ်စိတ်များ ပပျောက်ကာ စိတ်သက်သာရာရသွားပြီး သူသည် လက်ကိုဆန့်ကာ ကြွက်၏ဦးခေါင်းကို ညင်သာစွာ ထိလိုက်သည်။
"ဘာ? တာ့လောအမတသစ်ပင်က အဲ့ဒီလူသားမျိုးနွယ်ကို သူ့ဆရာသခင်အဖြစ် အသိအမှတ်ပြုလိုက်တာပဲ!!"
တစ်သိန်းသော လော့ထျန်းဇာတိသားတို့သည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး အတွေးအခေါ်များလည်း ပြောင်းပြန်လန်ကုန်ကြရလေသည်။
"ဟမ်?"
ဤပြောင်းလဲမှုကို သတိပြုမိသောအခါ ယဲ့ကျွင်းလင် အကြံတစ်ခုရလာပြီး ပုရှောင်ရှီးထံ တိတ်တဆိတ် အသံပို့လိုက်သည်။
"ရှောင်ရှီး၊ အခု မင်းဆရာပြောတဲ့အတိုင်း လိုက်လုပ်..."
ပုရှောင်ရှီးသည်လည်း နားလည်ဟန်ဖြင့် နားစိုက်ထောင်လာသည်။
ခဏအကြာတွင် ပုရှောင်ရှီးသည် အကြိမ်အနည်းငယ် ချောင်းဟန့်ကာ ဂြိုလ်သားမျိုးနွယ်စုများအား ဦးတည်လျက် နက်ရှိုင်း၍သြဇာပါသောအသံဖြင့် ပြောလိုက်သည်။
"ဒီလျှို့ဝှက်နယ်မြေ ပြိုကွဲသွားတာဟာ ကောင်းကင်ဘုံရဲ့ ဆန္ဒအလျောက်ပဲ ဒါပေမဲ့ အားလုံး မထိတ်လန့်ကြပါနဲ့ မင်းတို့အားလုံးဟာ ငါ့လူတွေပဲ ငါ မင်းတို့ကို ဘယ်တော့မှ စွန့်ပစ်လိုက်မှာ မဟုတ်ဘူး"
ထိုစကားကို ကြားသော်
ဂြိုလ်သားမျိုးနွယ်စုများမှာ အလွန်ထိရှသွားဟန်ရှိကြပြီး နောက်ဆုံးတော့ အားကိုးရာကို ရှာတွေ့နိုင်ခဲ့သည့်အလားပင်။
ထိုအချိန်တွင် ယဲ့ကျွင်းလင်က ပေါ့ပေါ့ပါးပါးဟန်ဖြင့် ပြောလိုက်သည်။ "ကောင်းကင်ဘုံက မင်းတို့အားလုံးရဲ့အသက်ကို တန်ဖိုးထားချစ်ခင်တဲ့အတွက် လွတ်မြောက်ခွင့်ပေးလိုက်တာပဲ ဒီလိုဆိုမှတော့ အားလုံးပဲ ငါတို့ရွှယ်ထျန်းဂိုဏ်းထဲကိုဝင်ပြီး လုံလုံခြုံခြုံ စည်းစည်းလုံးလုံး အတူနေကြပါစို့"
ပုရှောင်ရှီးသည် လက်သီးဆုပ်အရိုအသေပြုကာ ဦးညွှတ်လိုက်ပြီး "ကျေးဇူးတင်ပါတယ် ဆရာသခင်!" ဟု ဆိုလေသည်။
"အမတသစ်ပင် ဒါ ဒါက..." ငွေရောင်အတောင်ပံပါသော သတ္တဝါသည် ဤကဲ့သို့သောအခြေအနေကို ကြိုတွေးထားခြင်းမရှိသောကြောင့် တအံ့တသြဖြင့် အသံထွက်လာသည်။
"မင်း ငါ့ကို မေးခွန်းပြန်ထုတ်နေတာလား?"
ပုရှောင်ရှီးသည် လက်နှစ်ဖက်ကို နောက်တွင်ထားကာ ၎င်း၏ ရွှေရောင်မျက်လုံးများဖြင့် တစ်ဖက်လူကို အေးစက်စွာစိုက်ကြည့်လိုက်လေ၏။
မူလက မာနကြီး၍ဝင့်ကြွားလှသော ငွေရောင်အတောင်ပံပါသတ္တဝါသည်လည်း ရုတ်တရက် ဦးခေါင်းထက်မှ ရေခဲရေလောင်းချခံရသကဲ့သို့ ကျောရိုးတစ်လျှောက် စိမ့်တက်သွားရပြီး ကြောက်လန့်တကြားဖြင့် ခေါင်းကိုငုံ့လိုက်ကာ "ဒီငယ်ကျွန် မဝံ့ရဲပါဘူး" ဟုသာ ပြန်လျှောက်တင်လိုက်သည်။
အခြားဂြိုလ်သားမျိုးနွယ်စုများသည်လည်း တိတ်ဆိတ်သွားကြရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လော့ထျန်းလျှို့ဝှက်နယ်မြေတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ကြပြီး တာ့လောအမတသစ်ပင်ကို လက်အောက်ခံများအဖြစ် ရိုသေပူဇော်ခဲ့သည့် အလေ့အကျင့်မှာ အရိုးထဲတိုင် စွဲမြဲနေခဲ့ကြသောကြောင့်ပင်။
သူတို့မျိုးနွယ်စုများအားလုံးအတွက် ကောင်းကင်တမျှဖြစ်တည်မှုဖြစ်သော တာ့လောအမတသစ်ပင်ကိုယ်တိုင်က ထိုသူ၏အမိန့်ကို နာခံရန် ဆန္ဒရှိနေသောကြောင့် သူတို့အတွက်လည်း မေးခွန်းထုတ်ဖို့လိုအပ်လှသည်မထင်ပေ။
ဤသို့ဖြင့် အဓိကရုဏ်းဖြစ်ခါနီး အခြေအနေကို အချိန်မီ တားဆီးနိုင်ခဲ့ပေသည်။