အခန်း (၄၂)
Vol. 3 Ch. 42
ဟွမ်ကျိုးပြည်နယ်ရှိ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်သည် ယခင်က ပါးလွှာသောကြောင့် သည်နေရာရှိ ကျင့်ကြံသူများ၏ အဆင့်သည် ယေဘုယျအားဖြင့် နိမ့်ကျခဲ့သည်။ ရွှေအမြုတေအဆင့်အထိ ကျင့်ကြံနိုင်ခြင်းသည်ပင် ရှားပါးလှပြီး ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတစ်ဦးတစ်လေကို တွေ့ချင်လျှင်တော့ မြေလှန်ရှာသင့် ရှာရပေမည်။
သို့ပေမဲ့ သည်ဖြစ်ရပ်သည် ကျင့်ကြံရေးလောကကို လှုပ်ခတ်စေမည့် အပြောင်းအလဲများကို တစ်ပါတည်းဆောင်ယူလာခဲ့တော့၏။
ရွှယ်ထျန်းဂိုဏ်းတွင်...
ဂိုဏ်းထဲသို့ ဂြိုလ်သားသတ္တဝါ တစ်သိန်းကို စုစည်းခေါ်ဆောင်လာပြီးကတည်းက ဂိုဏ်း၏အင်အားထုမှာ သိသာထင်ရှားစွာ အဆမတန် မြင့်တက်လာခဲ့သည်။ အာဟာရချို့တဲ့သူတစ်ယောက် ရုတ်တရက် ဝလင်သည့်အထိ ပွဲတော်တည်လိုက်ရသလိုမျိုးပင်။
သို့သော် ပြင်ပလောကမှ သတင်းများကို ကြားသိလိုက်ရပြီးနောက် ရွှယ်ထျန်းဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲများအားလုံး မျက်နှာမကောင်းကြရှာတော့ပေ။
ငါတို့ကို မီးဖိုထဲထိုးထည့်ပြီးတော့သာ ကင်စားလိုက်ကြပါတော့လား!!
"ရက်အနည်းငယ်အတွင်းမှာ ယွီဟွားဂိုဏ်းက လာတိုက်ခိုက်တော့မယ်၊ လေပေါ်ကျောင်းတော်က ကတုံးကြီးတွေရန်ကလည်း ရှိသေးတယ်၊ ဒင်းတို့ကများငါတို့ကို နတ်ဆိုးလမ်းစဥ်လိုက်တယ်လို့ စွပ်စွဲရဲသေးတယ်တဲ့ ကတုံးကိုပိတ်ရိုက်ခံချင်နေတာနဲ့တူတယ်!"
"ထူးဆန်းတယ်၊ ဂိုဏ်းချုပ်နဲ့ တောင်ထိပ်သခင်တွေကို မတွေ့ရတာကြာလှပြီရော သူတို့ ဘယ်သွားနေကြတာလဲ?"
"သူတို့ သီးသန့်ကျင့်ကြံနေကြတယ်ဆိုလားပဲ!"
"အို... တောင်ထိပ်သခင်ယဲ့ရဲ့ အင်အားက အခုတောင် အရမ်းသန်မာနေပြီ၊ ဒါပေမဲ့ သူက ဒီလောက်တောင် ကြိုးကြိုးစားစား ကျင့်ကြံနေတုန်းပဲ ဒါတွေအားလုံးက ငါတို့ရဲ့ ရွှယ်ထျန်းဂိုဏ်းအတွက်ပဲမဟုတ်လား!"
"ငါတို့ရွှယ်ထျန်းဂိုဏ်းက တောင်ထိပ်သခင်ယဲ့ကို ပိုင်ဆိုင်ထားရတာ အရမ်းကံကောင်းတယ်!"
ဂိုဏ်းသားအပေါင်း စိတ်အေးလှစွာ သက်ပြင်းမောချမိလိုက်ကြလေသည်။
မြူခိုးတောင်ထိပ်တွင်....
အနက်ရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက်မှာ ပျင်းရိပျင်းတွဲနှင့် ခုံရှည်တစ်ခုပေါ်တွင် ထိုင်လျက်ရှိသည်။ သူ၏ ငွေရောင်ဖြူဖျော့ဖျော့ ဆံပင်တွေက ခါးလယ်အထိ ပြန့်ကျဲကျဆင်းလို့နေပြီး နေကာမျက်မှန်တစ်လက်ကို တပ်ထားသေးတာကြောင့် ခေတ်သစ်နှင့် ရှေးခေတ်ရဲ့ ပေါင်းစပ်မှုတစ်ခုလို ထူးဆန်းတဲ့ ခံစားချက်မျိုး ပေးစွမ်းနေပေသည်။
ထို ဟိုမရောက်ဒီမရောက်လူက မျက်လုံးတွေကို မှိတ်ပြီး အနားယူရင်း နေရောင်ခြည်ကို တိတ်တဆိတ် ခံစားနေခြင်းဖြစ်လေ၏။
သူ့နောက်က အလုပ်ခုံပေါ်တွင် ငါးပေလောက်အမြင့်ရှိ ဆံဖြူကြွက်တစ်ကောင်က တစ်ခုခုကို စိတ်လှုပ်ရှားစွာနှင့် ကိုင်တွယ်နေပေသည်။ ပြီးသွားတော့ နှာခေါင်းလေးနှင့် နမ်းကြည့်လိုက်ကာ ကျေနပ်သည့် အပြုံးလေး ပေါ်ပေါက်လာသည်။
"ဆရာသခင်၊ ရှုရှု (ကြွက်) အောင်မြင်သွားပြီ! ဆရာသခင်သောက်ချင်တဲ့ ပြိုင်ဘက်ကင်း ရှယ်မစ်တီးနို့လက်ဖက်ရည်ရပါပြီရှင့်!" ပုရှောင်ရှီးက လက်ထဲတွင် နို့လက်ဖက်ရည်ခွက်ကို ဆုပ်ကိုင်ပြီး စိတ်လှုပ်ရှားစွာဖြင့် ခြေထောက်တိုတိုလေးများနှင့် အပြေးရောက်လာလေသည်။
ယဲ့ကျွင်းလင်လည်း စိတ်လှုပ်ရှားသွားဟန်ပင်။ "မြန်မြန်၊ မြန်မြန် ပိုက်ထိုးထည့်လိုက်!"
"ဒီမှာ!"
ပုရှောင်ရှီးက ပိုက်ထိုးထည့်ပြီး လက်ထဲထည့်ပေးလိုက်သည်။
ယဲ့ကျွင်းလင်က နို့လက်ဖက်ရည်ကို တစ်ငုံသောက်ပြီး ကျေနပ်သွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ "မိုက်တယ်! လုံးဝ လိုချင်တဲ့အရသာပဲ!"
မကြာသေးခင်က သူသည် စနစ်ထဲသို့ နေ့စဉ်ဝင်ရောက်ခြင်းတာဝန်ကို ပြီးမြောက်ခဲ့သည့်အတွက် နို့လက်ဖက်ရည်ပြုလုပ်နည်း အစုံအလင်ကို လက်ဆောင်ရရှိခဲ့ပေသည်။
နို့လက်ဖက်ရည် အမျိုးအစားပေါင်းစုံအတွက် ပြုလုပ်နည်းပေါင်း ၉၉,၉၉၉ ခုတောင် ရှိတာနော်!
သူ့ရဲ့ အရင်ဘဝမှာသာဆိုလျှင် လုံးဝ ထိပ်တန်းစီးပွားရေး လျှို့ဝှက်ချက်တစ်ခုဖြစ်မှာ ဧကန်ပဲ!
ကမ္ဘာ့အဆင့်မီ နို့လက်ဖက်ရည် အမှတ်တံဆိပ်ကို ခဏလေးနှင့် ဖန်တီးနိုင်မှာဖြစ်ပြီး နှင်းဘုရင်ရွှယ်ဝမ် (နာမည်ကြီးနို့လက်ဖက်ရည်တံဆိပ်) ကတောင် သူ့ကိုတပည့်ခံလို့ ဆေးလိပ်မီးညှိပေးလာလိမ့်မည်။
ထိုအတွေးဖြင့် ယဲ့ကျွင်းလင် အလွန်ပျော်မြူးသွားပြီး သူ့ရဲ့ ဒုတိယတပည့်လေး ပုရှောင်ရှီးကို အမြန်ဆုံး လက်တွေ့လုပ်ဆောင်ဖို့ ညွှန်းကြားလိုက်လေသည်။
ပုရှောင်ရှီးလည်း ကစားနည်းအသစ်အဆန်းတွေ့သကဲ့သို့ တက်ကြွစွာဖြင့် ချက်နည်းထဲက ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ပြီး အဆင့်တွေအတိုင်း လုပ်ဆောင်ရင်း နောက်ဆုံးတွင်တော့ စစ်မှန်သည့် နို့လက်ဖက်ရည်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပေသည်။
ယခုလုပ်ပေးထားသော အကောင်းဆုံး ပြိုင်ဘက်ကင်း ဘိုဘာတီးနို့လက်ဖက်ရည်က ပိုခက်ခဲသည့် အမျိုးအစားတွေထဲက တစ်ခုပင်။
ယဲ့ကျွင်းလင်က နို့လက်ဖက်ရည်ကို ပိုက်ဖြင့်စုပ်ကာ ဆက်သောက်ရင်း "ရှောင်ရှီး၊ ကောင်းတယ်! ဒီဆရာသခင် မင်းကို နောက်ထပ် အရသာသစ် ငါးဆယ်ခွက် လုပ်ခွင့်ပေးတယ်၊ ဒါပေမဲ့ ဒီတစ်ခါ မင်းကိုယ်မင်းဆုချဖို့အတွက် ဘယ်ခွက်ကိုမဆို ရွေးချယ်ခွင့်ရှိတယ်!"
"တကယ်လား? ရှုရှု ဆရာသခင့်ကို ကျေးဇူးတင်ပါတယ်!" ပုရှောင်ရှီးမှာ အလွန်စိတ်လှုပ်ရှားသွားရပြီး ခုန်ပေါက်ရင်း နို့လက်ဖက်ရည်ဖျော်ဖို့ အပြေးလှည့်သွားလေတောသည်။
"ကျစ်"
ဟုန်ချန်ယဲ့တစ်ယောက် ဘေးမှထိုင်ကြည့်ရင်း ထိုဆရာတပည့်ကို ထိုင်ပြီးအထင်သေးလျက်ရှိ၏။
ဒီကြွက်ကလည်း ဒီလောက်တောင်တုံးရလား။ တစ်နေ့ ရောင်းစားခံရရင်တောင် သူ့ကို ရောင်းစားလိုက်တဲ့ ပိုက်ဆံကိုတောင် ကူရေပေးနေဦးမယ်ထင်တယ်!
"ရှောင်ဟုန်၊ ရှောင်ရှီး ဘယ်လောက် လုံ့လဝီရိယရှိလဲ ကြည့်စမ်း! မင်းက ကြွက်တစ်ကောင်လောက်တောင် မတက်ကြွဘူး!"
ယဲ့ကျွင်းလင်က အသံပြဲနှင့်အော်လိုက်သည်: "ငါ့ရဲ့ ရေဘဝဲအစပ်ကင်ရော ဘယ်မှာလဲ? ဘာလို့ အခုထိ မရသေးတာလဲ?"
ဟုန်ချန်ယဲ့ရဲ့ မျက်လုံးထဲတွင် မကျေနပ်သည့် အရိပ်အယောင်တစ်ခု ပေါ်လာပေမယ့် ချက်ချင်းပင် အပြုံးတစ်ခုနှင့် အစားထိုးလိုက်သည်။ "ဒီတပည့် ချက်ချင်း ယူလာခဲ့ပါ့မယ် ဆရာသခင်!"
ထို့နောက် ရေဘဝဲအစပ်ကင်ပန်းကန်လုံးကို ကိုင်ပြီး ယဲ့ကျွင်းလင်ရဲ့ ဘေးကို ရောက်လာကာ မြေပေါ်တွင် ဒူးတစ်ဝက်ထောက်လျက် ထိုသကောင့်သားကို ဆက်သလိုက်ရသည်။ "ဆရာသခင် သုံးဆောင်တော်မူပါ!"
"ဟုတ်ပြီ"
ယဲ့ကျွင်းလင်က ပျင်းရိပျင်းတွဲနှင့် အကင်ချောင်းတစ်ခုကို ကောက်ယူပြီး ပါးစပ်ထဲသို့ထည့်စားသည်မှာ တပြက်ပြက်အသံများပင်ထွက်လာလျက်။
ထိုသူ၏ စားသောက်ပုံကို ကြည့်ပြီး ဟုန်ချန်ယဲ့စိတ်ထဲတွင် အဆုံးမရှိအောင် ကဲ့ရဲ့ရှုတ်ချလို့နေသည်။
သို့သော် မျက်နှာတွင်တော့ အပြုံးကို ဆက်ထိန်းထားလျက်ပင်။
"ဆရာသခင် စားရတာအဆင်ပြေရဲ့လား? အစပ်လျှော့ပေးဖို့ လိုသေးလား?"
ယဲ့ကျွင်းလင်က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။ "ရတယ် ဒီတိုင်းပဲဆက်လုပ်"
"ဟုတ်ကဲ့ ဆရာသခင်!"
ထို့နောက် တစ်ခုခုကို စဉ်းစားမိလိုက်ပြီး ဟုန်ချန်ယဲ့က တိုးတိုးတိတ်တိတ်နှင့် ဆက်ပြောသည်။ "ဆရာသခင်၊ ဒီတပည့်ကို နှစ်တစ်ရာနေနာရီလောကထဲမှာ ကျင့်ကြံခွင့်ပေးနိုင်မလားဟင်? ကျွန်တော် တကယ်ကို အရမ်းကို ကျင့်ကြ့ဆင့်တိုးတက်ချင်နေလို့ပါ။"
ဒီတစ်ခေါက်နှင့်ဆို ငါးကြိမ်မြောက်တောင်းဆိုမှုပင်။
နှစ်တစ်ရာနေနာရီ၏ အစွမ်းထက်သည့် လုပ်ဆောင်ချက်အကြောင်းနှင့် ဂိုဏ်းချုပ်နှင့် တခြားသူတွေ အားလုံး နှစ်တစ်ရာနေနာရီ၏ အတွင်းပိုင်းလောကသို့ ကျင့်ကြံဖို့ သွားကြတယ်ဆိုတာကို သိလိုက်ရကတည်းက သူ့စိတ်ထဲတွင် သွားချင်စိတ်က မြက်ပင်လိုအဆက်မပြတ်ပွားများနေကာ နေမထိထိုင်မသာဖြင့် ကျင့်ကြ့ဆင့်တိုးတက်ဖို့ အသည်းအသန်ဖြစ်လို့နေပေသည်။
သို့သော် တဖက်လူက သူ၏တောင်းဆိုမှုကို ထပ်ခါထပ်ခါ ငြင်းပယ်ခဲ့ပေ၏။
ဟုန်ချန်ယဲ့မှာ ဒေါသထွက်ပြီး ရူးမတတ်အခြေအနေပါပေ!
ထိုသူကို မနိုင်လောက်စရာ အကြောင်းပြချက်သာ မရှိလျှင် ဟုန်ချန်ယဲ့က ထိုအမြင်ကပ်စရာမျက်နှာကို ဆုတ်ဖြဲကာ နှစ်တစ်ရာနေနာရီကို သေချာပေါက် လုယူရပေမည်။ သို့ပေမယ့် ကံမကောင်းစွာဖြင့်ပင် စိတ်ကူးထဲတွင်သာ မျက်နှာကိုတက်ဖြဲနိုင်ဆဲဖြစ်ပေရာ လက်တွေ့ဘဝတွင်တကယ်လုပ်ဖို့အတွက်တော့ အများကြီးလိုပေသေး၏။
အကြီးဆုံးတပည့်၏ နှိမ့်ချသည့် တောင်းဆိုမှုကို ရင်ဆိုင်ရသည့်အခါ ယဲ့ကျွင်းလင်က နို့လက်ဖက်ရည်ကို တစ်ငုံ စုပ်သောက်ပြီး မပျော်မရွှင်လေသံဖြင့် ပြန်ပြောလိုက်သည်။ "ကြည့်စမ်း မင်းထပ်ပြီး စိတ်မရှည်ပြန်ဘူးပဲ! ဒီလို စိတ်မရှည်ပုံနဲ့ ဘဝမှာ ဝေးဝေးကို ရောက်နိုင်မှာမဟုတ်ဘူးနော် အေ့"
စာစဉ်ပြီး၏