ကြွက်ကိုမစားပါနဲ့
Vol. 3 Ch. 35
ယဲ့ကျွင်းလင် ကြောင်အသွားချိန်တွင်....
တစ်နေရာတွင် အဖြူရောင်အရိပ်တစ်ခုသည် အလွန်လျင်မြန်စွာ ဖြတ်ပြေးသွားသည်။ ပြေးနေသည့်အရှိန်မှာမြန်လွန်းလှသဖြင့် ဘေးနှစ်ဖက်ရှိပတ်ဝန်းကျင်ရှုခင်းမှာ တရိပ်ရိပ်ဖြင့် လျင်မြန်စွာ ပြောင်းလဲလို့နေသည်။
"ကြောက်စရာကောင်းလိုက်တာ၊ အဲ့ဒီခြေနှစ်ချောင်းသားရဲကောင်က အရမ်းကြောက်ဖို့ကောင်းတာပဲ!"
အစောက သူကိုယ်တွေ့မြင်ခဲ့ရသော သွေးထွက်သံယိုမြင်ကွင်းကို ပြန်လည်အမှတ်ရမိလိုက်သောအခါ၊ မွေးဖြူကြွက်မှာ စိတ်နှလုံးအနက်ရှိုင်းဆုံးမှ စိမ့်တက်လာသော ကြောက်ရွံ့မှုကို လျစ်လျူမရှုနိုင်တော့ပါချေ။
သူ့အမြင်တွင် လျှို့ဝှက်နယ်မြေရှိ အစာကွင်းဆက်စက်ဝန်းထဲမှ အင်အားအကြီးဆုံး အဆင့်အမြင့်ဆုံးဖြစ်သော ထိုမျိုးနွယ်စုခေါင်းဆောင်ခြောက်ဦးမှာ လူသားပြိုင်ဘက်၏လက်ချက်ဖြင့် အလွယ်တကူ သေဆုံးသွားခဲ့ရလေသည်။
သူသာ အငိုက်ဖမ်းပြီး ထွက်မပြေးပါက အကျိုးဆက်များမှာ ပို၍ပင်ဆိုးရွားလာပေမည်!
ထူးတော့ ထူးဆန်းသည်။ သူ့ခန္ဓာကိုယ်တွင် စောစောကမှ ဒဏ်ရာများ သေချာပေါက်ရရှိထားသော်ငြား ခဏအကြာတွင် ပြန်လည်ကောင်းမွန်သွားခဲ့သည်။ ဘာတွေဖြစ်နေတာလဲ?
အဲ့ဒီအသီးကို စားလိုက်လို့များလား?
အိုကေပါ။ ကောင်းရင်ကောင်းတယ်မှတ်လိုက်တာပေါ့၊ အခုအရေးကြီးနေတဲ့ ကိစ္စကတော့ အဲ့ဒီခြေနှစ်ချောင်းသားရဲလက်ကနေ လွတ်အောင်ရှောင်ရှားဖို့ပါပဲ!
မွေးဖြူကြွက်သည် တစ်လမ်းလုံး ပုန်းအောင်းပြေးလွှားနေရပြီး မျက်လုံးများက ကျီးကန်းတောင်းမှောက် ဟိုဟိုဒီဒီ ကြည့်ရှုစစ်ဆေးနေရကာ နှာခေါင်းဖျားလေးမှာလည်း တုန်ယင်နေလျက် ပတ်ဝန်းကျင်ရှိအနံ့များကို မလွတ်စတမ်း ရှူရှိုက်နေရ၏။
ရုတ်တရက်ဆိုသလို တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရပြီး ရင်းနှီးသောအနံ့တစ်ခု လျင်မြန်စွာ ချဉ်းကပ်လာသည်ကို သူသိလိုက်သည်။
"မကောင်းဘူး၊ အဲ့ဒီခြေနှစ်ချောင်းသားရဲက ငါ့ကို လာဖမ်းတော့မယ်!"
မွေးဖြူကြွက်သည် အလွန်အမင်းမြင့်တက်လာသောကြောက်စိတ်ကြောင့် အမွေးများထောင်ထလာပြီး လက်ခြေတို့ကို ရူးသလိုလို နှမ်းသလိုလို ပျာယာခတ်ခါယမ်းနေမိ၏။ ကို့ရိုးကားရားဖြင့် ပြေးထွက်သွားပုံမှာ တောအုပ်ထဲတွင် အဖြူရောင်လေဆင်နှာမောင်းအသေးစားတစ်ခု တဝှစ်ဝှစ်လည်နေသည့်နှယ်။
ဝှစ်!
အသံနှင့်တူ လေဟာနယ်ပြင်တွင် ဘေးနှစ်ဖက်သို့ဟကာ စုတ်ပြဲသွားသည့် လှိုင်းဂယက်တွန့်များ ပေါ်လာသည်။
ယဲ့ကျွင်းလင်သည် လေဟာနယ်ကျင့်စဥ်ကို အသုံးပြုကာ လေဟာနယ်ကို ဖြတ်သန်း၍ သူရောက်လိုသောနေရာသို့ လျင်မြန်စွာ ချဉ်းကပ်လာလေသည်။
"စနစ်၊ အဲ့ဒီကြွက်က ရှေ့မှာလား?"
【တင်၊ ဟုတ်ပါတယ် ပိုင်ရှင်၊ ရှေ့ကိုသာဆက်သွားပါ၊ မကြာခင် ဖမ်းမိတော့မှာပါရှင့်!】
စနစ်၏ ခပ်ချိုချိုသတိပေးသံလေး ထွက်ပေါ်လာသည်။
"ဒီကြွက်က ထွက်ပြေးတဲ့နေရာမှာတော့ တော်သားပဲ ငါ့မှာ စနစ်မရှိရင် သူ့ဆီမှာလှည့်စားခံရလောက်တယ်။"
ယဲ့ကျွင်းလင်သည် တိတ်တဆိတ် ထွက်ပြေးသွားသော ဤမွေးဖြူကြွက်လေးမှာ အတော်ပင် စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ထင်မြင်မိသည်။ ရုတ်တရက် ပြေးတမ်းလိုက်တမ်းကစားရသကဲ့သို့ အူမြူးလို့လာပြီး ဖမ်းပြီးစနောက်ရလျှင် မည်မျှကောင်းလိုက်မည်နည်းဟု တွေးမိနေသည်။
"သွားပြီ ငါ့ကိုမီနေပြီး ဘာလို့ သူက ဒီထိလိုက်နိုင်နေသေးတာလဲ? ဒီခြေနှစ်ချောင်းသားရဲက ကြွက်ဘယ်မှာ ပုန်းနေလဲဆိုတာကို ဘယ်လိုသိတာလဲ?"
မွေးဖြူကြွက်မှာ ရင်တုန်လွန်း၍ ရူးသွားတော့မည်။
သူ့ဘဝလေးမှာ တကယ်ကို ကံဆိုးလှသည်ဟု ခံစားရ၏။ သူ့ခရီးသူသွားရင်း လမ်းကြုံ အသီးတစ်လုံးကို စားမိလိုက်ရုံဖြင့် သေစေနိုင်သော နောက်ဆက်တွဲများက မပြီးနိုင်မစီးနိုင် လိုက်ပါလာတော့လေသည်။
"ကြွက်က အေးအေးချမ်းချမ်း နေချင်ရုံလေးပါ၊ ဘာလို့ အားလုံးက ကြွက်ကို ဒုက္ခပေးချင်နေကြတာလဲ?" မွေးဖြူကြွက်မှာ စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူမိလေသည်။
ထို့နောက် အသံကျယ်ကြီးတစ်ခုကိုပေးလျက် သူ့ခေါင်းပေါ်မှ ပြင်းထန်သော လှိုင်းတစ်ခု စီးမိုးလာလေသည်။
ကြီးမားသော ဖိအားသည် ချက်ချင်းပင် သူ့ကို လွှမ်းခြုံသွားပြီး ခန္ဓာကိုယ်ပေါ်တွင် တောင်ကြီးတစ်လုံးတက်ဖိထားသကဲ့သို့ လေးလံတင်းကျပ်သောခံစားချက်ကို ခံစားလိုက်ရ၏။
အလွန်လေးလံသောကြောင့် လှုပ်မလှုပ်နိုင်တော့ဘဲ ရင်ဘတ်ထဲတွင် အသက်ပင်မရှူနိုင်လောက်အောင် တင်းကျပ်လာသကဲ့သို့ပင်။
"ကျွီကျွီ!!"
မွေးဖြူကြွက်လေးသည် အသံတအီအီထွက်သည်အထိ ရုန်းကန်နေပြီး နောက်ဆုံးတွင်တော့ ၎င်း၏လက်ခြေများသည် မြေပြင်မှ လွတ်မြောက်ကာ လေထဲသို့ လွင့်မျောသွားလေသည်။ သို့သော် ထိုလွတ်မြောက်ခြင်းမှာ တင်ပါးနောက်က အမြီးကို မှော်စွမ်းအားဖြင့် ဖန်တီးထားသော လက်တစ်ဖက်ဖြင့် ဆွဲယူခြင်းခံလိုက်ရခြင်းကြောင့် ဖြစ်ကြောင်း သိလိုက်ရသည်။
ဝှစ်။
ယဲ့ကျွင်းလင်သည် အမြှီးတန်းလန်းဆွဲကထားရသော မွေးဖြူကြွက်၏ရှေ့တွင် ဆင်းသက်လာပြီး စိတ်ဝင်တစား စိုက်ကြည့်နေသည်။
ထိုငွေရောင်ဆံပင်ရှိသော လူငယ်၏ စူးစိုက်ကြည့်ရှုခြင်းကြောင့် မွေးဖြူကြွက်လေး၏ နောက်ကျောတစ်ပြင်လုံးမှာ အေးစိမ့်တောင့်ခဲသွားရပြီး ဤခြေနှစ်ချောင်းသားရဲသည် ၎င်းကို စားဖို့အတွက်စစ်ဆေးနေခြင်းဟုသာ မှတ်ယူလိုက်တော့၏။
အစားခံရသည့်ဘေးမှ လွတ်လိုလွတ်ငြား မွေးဖြူကြွက် ချက်ချင်း တောင်းပန်လိုက်သည်၊ "ကြွက်သားက ချဉ်ပါတယ်ခင်ဗျာ ချဥ်စုတ်နေတာ၊ အရမ်းအရမ်းဆိုးလွန်းလို့ ဘယ်သူမှကိုမစားနိုင်တာ! ကြွက်လေးကို လွှတ်ပေးပါနော်!"
"မင်းအသားက ချဉ်တယ်ပေါ့?" ယဲ့ကျွင်းလင်သည် မျက်ခုံးပင့်လိုက်သည်။
"ဟုတ်တယ်၊ ကြွက်ပြောတာကို ယုံပါနော် ကြွက်သားက အရမ်းဆိုးရွားတယ်၊ စားပြီးရင်လည်း အနံ့ချဥ်စုတ်စုတ်နဲ့အီးတွေ တစ်လုံးပြီးတစ်လုံးပေါက်နေလိမ့်ယ်!" တစ်ဖက်လူက ယုံလောက်မည့်ပုံပေါ်တာကြောင့် ကြွက်လည်းအားတက်သရောနှင့် တတ်သမျှမှတ်သမျှ ပြောရှာလေသည်။
ယဲ့ကျွင်းလင်က မေးစေ့ကို ပွတ်သပ်ကာ စဥ်းစားကြည့်ပြီးနောက် လူယုတ်မာပြုံးတစ်ခုဖြင့် ဆိုသည်။ "ဟဲဟဲဟဲဟဲ၊ မင်းပြောတာကို နားထောင်ပြီးတော့မှ ပိုပြီးမြည်းကြည့်ချင်လာတယ်ကွာ"
ထို့နောက်သူသည် နေရာတွင်ပင် အစိမ်းလိုက်ကိုက်စားတော့မည့် အမူအရာဖြင့် တဖြည်းဖြည်း ချဉ်းကပ်လာသည်။
"ကျွိ!!!!"
ကြွက်အော်သံကျွိခနဲထွက်လာပြီး မွေးဖြူကြွက်လေး၏ မျက်လုံးများသည် ကြောက်စိတ်ဖြင့်ပြူးကျယ်သွားသည်။ နောက်ဆုံးတွင် မျက်ဆံနက်က တဖြည်းဖြည်း အပေါ်တက်လို့သွားကာ ခေါင်းတစ်ချက်စောင်းသွားပြီး ပါးစပ်မှ အဖြူရောင်အမြှုပ်တစီစီဖြင့် သတိလစ်သွားရှာတော့၏။
"အဲ့လောက်လေးနဲ့ သတိလစ်သွားတာလား?"
ယဲ့ကျွင်းလင်အံ့သြသွားပြီး ၎င်း၏မျက်နှာကို လက်ညှိုးဖြင့် ညင်သာစွာ ထိုးကြည့်လိုက်ရာ မည်သည့်တုံ့ပြန်မှုမှ မရှိသည်ကို တွေ့ရှိသော် ပိုလို့ပင် အံ့သြသွားရလေသည်။
စနစ်၏အပြောအရ ဤမွေးဖြူကြွက်လေးသည် တာ့လောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ထိုခန္ဓာသည် မသေမျိုးရတနာခန္ဓာအမျိုးအစားများထဲတွင် အတောင့်တင်းဆုံး အကြံ့ခိုင်ဆုံး အသုံးအဝင်ဆုံး ဖြစ်သည်ဟူ၍။
အဲ့လိုခန္ဓာပိုင်ရှင်က ဒီလောက်တောင်စိတ်ငယ်တတ်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ? ဖြဲခြောက်တိုင်း ကြောက်ရတယ်လို့။
"ထားလိုက်ပါတော့ ဒီလောက်အသုံးမကျတာ အိမ်မွေးကြွက်အဖြစ်ပဲ ထားလိုက်တော့မယ်။"