အခန်း (၃၆)
Vol. 3 Ch. 36
ယဲ့ကျွင်းလင်သည် မွေးဖြူကြွက်လေး၏ အမြီးကို ဆွဲယူကာ ကျောက်တုံးဘေးတွင် ပေါ့ပေါ့ဆဆ ပစ်ချလိုက်တော့သည်။
နာရီဝက်အကြာတွင်...
မွေးဖြူကြွက်၏ နှာခေါင်းဖျားလေးမှာ ရှုံ့ပွရှုံ့ပွဖြစ်လာကာ ဒယိမ်းဒယိုင်ဖြင့် နိုးထလာသည်။
"အရမ်းမွှေးတာပဲ"
လေထဲတွင်ပျံ့လွင့်နေသော မွှေးရနံ့ကြောင့် မွေးဖြူကြွက်၏အသိစိတ်လည်း ချက်ချင်းနိုးကြားလာလေသည်။
"ကြွက် မသေသေးဘူးလား?"
မွေးဖြူကြွက်သည် ခေါင်းကိုဟိုဟိုသည်သည်ငဲ့၍ စူးစမ်းလိုစိတ်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုမိလိုက်သည်။
ထိုခေါင်းလေးမှာ တစ်နေရာသို့ကြည့်မိရာတွင် ရပ်တန့်လို့သွား၏!
မလှမ်းမကမ်းတွင် ရွှေခြည်ရွှေစင်များဖြင့် ခြယ်သအလှဆင်ထားသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ငယ်ငယ်ချောချောလူတစ်ယောက် ထိုင်နေပြီး ၎င်း၏ ငွေရောင်ဆံပင်ရှည်များသည် ကျောပြင်ထက်သို့ လျှောကျနေကာ ဆံပင်တစ်မျှင်ချင်းစီမှာ နှင်းဖြူရောင်လဲ့လဲ့ အလင်းတန်းဖြင့် တောက်ပလို့နေသည်။
သူသည် မီးပုံတစ်ပုံကိုဖိုလျက် ကျွမ်းကျင်စွာ အသားကင်နေပြီး အသားသည် ရွှေရောင်သမ်းနှင့် ကြွပ်ရွသော အသွင်အပြင်ဖြင့် သွားရည်ယိုလောက်စေသည့် မွှေးရနံ့များ ထွက်ပေါ်နေသည်။
ဘေးတွင်လည်း အိုးကြီးတစ်လုံးချထားပြီး အိုးထဲတွင် မွှေးကြိုင်ပြီး အရသာရှိသော တစ်စုံတစ်ခုကို ချက်ပြုတ်နေပုံရလေသည်။
"မဟုတ်မှလွဲရော..."
မွေးဖြူကြွက်လေးသည် အလွန်အမင်း ကြောက်လန့်တကြားဖြစ်သွားရကာ ခေါင်းကိုအမြန်ငုံ့လျက် ၎င်း၏လက်သေးသေးလေးနှစ်ဖက်ဖြင့် ခန္ဓာကိုယ်အနှံ့ စမ်းသပ်ကြည့်နေပြီး ထိုအသားကင်သည် ကြွက်သားမဟုတ်ပါကြောင်း အတည်ပြုပြီးမှသာ သက်ပြင်းချနိုင်ခဲ့ရှာသည်။
တစ်ဖက်လူမှ အသားကင်ခြင်းကိုသာ အာရုံစိုက်နေသည်ကို မြင်သောအခါ မွေးဖြူကြွက်သည် ရုတ်တရက် ထွက်ပြေးရန် အကြံပေါ်လာ၏။
ခြေသံတိတ်တိတ်ဖြင့် လျှောထွက်သွားရန် ကြံစည်နေစဉ်မှာပင်။
"လိမ်လိမ်မာမာနဲ့ ဒီနားလာခဲ့တော့ ငါ့ကို ထပ်ပြီး လိုက်ဖမ်းခိုင်းဖို့မစဥ်းစားနဲ့"
တည်ငြိမ်သော အသံတစ်ခုသည် ညင်သာစွာ ထွက်ပေါ်လာသည်။
အသံမှာ မကျယ်လောင်သော်လည်း မွေးဖြူကြွက်၏ နားထဲတွင်တော့ မိုးခြိမ်းသံကဲ့သို့ပင်။
"ဆရာကြီး..." မွေးဖြူကြွက်သည် စိုးရိမ်တကြီးဖြင့် တွန့်ဆုတ်လှစွာ ယဲ့ကျွင်းလင်၏ ဘေးသို့ ဖြည်းဖြည်းချင်း ချဥ်းကပ်လာသည်။
၎င်း၏အကြည့်မှာတော့ အသားဆီသို့ တိတ်တဆိတ် ရွေ့လျားသွားကာ ပါးစပ်ထောင့်မှ တံတွေးများ စီးကျလာပြီး ဗိုက်ထဲမှလည်း ဂွီဂွီဂွမ်ဂွမ်မြည်သံများ ထွက်လို့လာသည်။
ယဲ့ကျွင်းလင်သည် စိတ်ပျက်လက်ပျက်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးဆိုသည်။ "မင်းအခြေအနေကိုလည်း ပြန်ကြည့်ဦး ဒီမှာ ဒါ မင်းအတွက်!"
ယဲ့ကျွင်းလင်က ကြွပ်ကြွပ်ရွရွကင်ထားသော အသားတုံးတစ်ခုကို ပစ်ပေးလိုက်ရာ မွေးဖြူကြွက်လည်း မဆိုင်းမတွပင် လက်နှစ်ဖက်ဖြင့် အမြန်ဖမ်းယူကာ ချက်ချင်းပင် စတင်စားသောက်လေသည်။
အသားကအပေါ်ယံတွင် ကြွပ်ရွနေကာ အတွင်းပိုင်းမှာနူးညံ့လျက် လတ်ဆတ်ပြီး အရည်ရွှမ်းသည်။
အစားအသောက်ကောင်းကြောင့် မွေးဖြူကြွက်လေး၏ မျက်လုံးများမှာ ကြယ်ပွင့်များပမာ တောက်ပလို့လာပြီး ၎င်း၏နှလုံးသားသည် ပျော်ရွှင်မှုဖြင့် အရည်ပျော်ကျသွားရကာ တင်ပါးနောက်က အမြီးသည် ကောင်းကင်သို့ ထောင်တတ်တော့မလိုပင်။
"ဒါ ဘာအသားလဲဟင်? ကြွက်အရင်က မစားဖူးဘူး!"
ယဲ့ကျွင်းလင်က တိုးတိုးလေးပြောသည်။ "ကြွက်သား။"
မွေးဖြူကြွက်: "!!!!"
ပါးစပ်အဟောင်းသားဖြင့် ဆွံ့အသွားသော မွေးဖြူကြွက်ကို ကြည့်ရင်း ယဲ့ကျွင်းလင်သည် ရယ်မောလိုက်ပြီး ၎င်း၏နဖူးကို တစ်ချက်တောက်လိုက်ကာ ပြောသည်။ "တုံးလိုက်တာ သူများပြောသမျှ အကုန်ယုံရောလား ဒါ ယုန်သားကွ!"
"ဪ ဒါဆို ယုန်သားပေါ့"
မွေးဖြူကြွက်လေးသည် အခုမှစိတ်သက်သာရာရသွားဟန်ဖြင့် နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး ပြောသည်။ "ယုန်လေးကိုတော့သနားပေမယ့် အရမ်းအရသာရှိတာပဲနော် ဟီး"
ထို့နောက် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် တုံ့ဆိုင်းစွာ မေးလို့လာသည်။ "ဆရာကြီး ခင်ဗျား တကယ်ပဲ ကြွက်ကို မစားဘူးလား?"
မွေးဖြူကြွက်သည် ယဲ့ကျွင်းလင်၏ ရည်ရွယ်ချက်များကို အခုထိ သံသယဝင်နေဆဲပင်။
ယဲ့ကျွင်းလင်က အူးမြူးစွာရယ်မောလျက် ဆိုလာသည်။ "ငါ ဘာလို့ မင်းကို စားရမှာလဲ? ပြီးတော့ ငါသာတကယ်စားချင်ရင် အခုချိန် မင်း ဟိုအိုးထဲမှာ ပြုတ်ပြီးသား ဖြစ်နေလောက်ပြီ"
ပွက်ပွက်ဆူနေသောအိုးကြီးကို လက်ညှိုးထိုးပြပြီး ဟင်းရည်များထက် ပေါလောပေါ်ကာအငွေ့တထောင်းထောင်းထနေသော ကြွပ်ရွသောအသားများကို ကြွက်မြင်အောင်ပြလိုက်သည်။
ကြွက်တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက်....
တံတွေးမျိုချလိုက်မိသည်။ ရင်ထဲမှအလုံးကြီးလည်း အခုမှမြေပေါ်သို့လိမ့်ကျသွားဟန်ပင်။
"ဆရာကြီး၊ ကြွက် ခင်ဗျားကို ယုံကြည်ပါပြီ!"
"အဲ့ဒါကြောင့် ကြွက်ကို နောက်ထပ် အသားတစ်ကိုက်လောက် ပေးစားလို့ရမလား?"
ယဲ့ကျွင်းလင် ထိုစကားကိုကြားသော် ပြုံးလိုက်ပြီး အခွင့်အရေးယူလိုက်သည်။ "ရတယ်၊ ဒါပေမဲ့ ငါ့တပည့်ဖြစ်ဖို့ကို အရင်ဆုံးသဘောတူရမယ် ဘယ်လိုလဲ?"
မွေးဖြူကြွက် အံ့အားသင့်သွားရသည်။
တပည့်အဖြစ်လက်ခံမည်တဲ့လား? သူ့ကိုစားမယ်ဆိုရင်တောင် ဒီလောက်အံ့သြမိမည်မထင်။
"ဆရာကြီး ခင်ဗျားရဲ့ တပည့်လုပ်ရင် အရမ်းအန္တရာယ်များမှာလား?" မွေးဖြူကြွက်လေးသည် ခပ်ရှက်ရှက်ဖြင့်ပင် မေးခွန်းထုတ်လာ၏။
သူကတော့ တစ်ဘဝလုံး တောတောင်ထဲမှာသာကျင်လည်ပြီး လွတ်လွတ်လပ်လပ် နေထိုင်ဖို့ကိုသာ ဆန္ဒရှိခဲ့ဖူးသူပင်။
ယဲ့ကျွင်းလင် ချောင်းဟန့်ကာ လေးလေးနက်နက် ပြောလာသည်။ "ငါ့တပည့်ဖြစ်ရင် မင်း စားချင်တာ စားလို့ရတယ်၊ အန္တရာယ်ရှိလာရင် မင်းဆရာသခင်က မင်းဘက်က ရပ်ပေးမယ်! ဒီလောက်ကောင်းတဲ့ဘဝမျိုးကို မင်း တကယ်ပဲ မလိုချင်ဘူးလား?"
နွေးထွေးသောစကားလုံးများကိုကြားတော့ မွေးဖြူကြွက်လေးမှာလည်း လွန်စွာထိရှခံစားသွားရပုံပင်။
"ဟုတ် ဟုတ် ဟုတ်ကဲ့! ကြွက် ဆရာကြီးရဲ့ တပည့်ဖြစ်ချင်ပါတယ်!"
ကြွက်သည် လက်သေးသေးလေးကို အားရပါးရမြှောက်ကာ စိတ်လှုပ်ရှားစွာ သဘောတူလိုက်သည်။
"ဒါဆို မင်းရဲ့ဆရာသခင်ကို အမြန်ဆုံး ဦးညွှတ်ပူဇော်လိုက်ပါလား?" တည်ကြည်သောမျက်နှာထားဖြင့် ယဲ့ကျွင်းလင်ဆိုလိုက်သည်။
"တပည့် ပုရှောင်ရှီး၊ ဆရာသခင်ကို ဦးညွှတ်ပါတယ်!"
မွေးဖြူကြွက်လေးသည် လူကဲ့သို့ မြေပေါ်သို့ ဒူးတုပ်ဦးညွှတ်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ကောင်းပြီ၊ ထတော့"
ယဲ့ကျွင်းလင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် စနစ်၏ သတိပေးချက် ထွက်ပေါ်လာတော့သည်။【တင်၊ ပိုင်ရှင်ဟာ တပည့်ခံယူခြင်းတာဝန်ကို ပြီးမြောက်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်ရှင် ဆုလာဘ်ကတော့...】