← Chapters

လျှို့ဝှက်နယ်မြေ ပြိုကွဲလေပြီ

Vol. 3 Ch. 37

လျှို့ဝှက်နယ်မြေ ပြိုကွဲလေပြီ

Vol. 3 Ch. 37

【တင်၊ တပည့်ခံယူခြင်းတာဝန်ကို ပြီးမြောက်သွားတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်၊ ဆုလာဘ်အနေနဲ့ အမြင့်မြတ်ဆုံးသော နတ်ဘုရားတန်ခိုးစွမ်းအားတစ်ခုကို ချီးမြှင့်ပါမယ်- အဆုံးမရှိ အတုမရှိသော ဖျက်ဆီးခြင်းအတတ်ပညာ!】

【အဆုံးမရှိ အတုမရှိသော ဖျက်ဆီးခြင်းအတတ်ပညာ】: အရာအားလုံးကို ဖျက်ဆီးနိုင်သည်၊ အရာအားလုံးကို ချိုးဖျက်နိုင်သည်၊ အလွန်ကြီးမားကျယ်ပြန့်သော ဖျက်ဆီးချေမှုန်းပွဲကြီးတစ်ခုကို လက်တစ်ချက်အဝှေ့တွင် ပုံဖော်နိုင်သည်!

"နောက်ထပ် သတ်ဖြတ်နည်းတစ်ခုတိုးလာပြန်ပြီ မဆိုးဘူး၊ တော်တော်လေးကို မဆိုးဘူး"

ယဲ့ကျွင်းလင်သည် စိတ်ကျေနပ်စွာဖြင့် ခေါင်းတဆတ်ဆတ်ညိတ်လျက်ရေရွတ်နေသည်။ ပညာဆိုသည်မှာ များများရလေ ကောင်းလေမဟုတ်လော!

စနစ်၏ အသိပေးသံက ဆက်လက်ထွက်ပေါ်နေသည်။

【တင်၊ တပည့်သစ်ရဲ့ အရည်အချင်းကို စစ်ဆေးတွေ့ရှိရတဲ့အတွက် ဒီစနစ်က တာ့လော တာအိုကျမ်းစာကို ထပ်မံချီးမြှင့်လိုက်ပါတယ်!】

【တင်၊ ဆုလာဘ်အားလုံးကို ပေးအပ်ပြီးသွားပါပြီရှင့် ပိုင်ရှင်နဲ့ တပည့်သစ်လေးတို့ ဆက်ဆံရေးကောင်းမွန်ကြပါစေ! ကျေးဇူးပြုပြီး တိရစ္ဆာန်ငယ်လေးများကို မညှဉ်းဆဲဖို့ သတိပေးလိုက်ရပါတယ်ရှင်!】

ဝမ်နင်ပေးခံလိုက်ရသော ယဲ့ကျွင်းလင်လည်း မပျော်မရွှင်ဖြင့် ပြန်ပြောလိုက်သည်။ "စနစ်ရေ မင်းက တကယ်ကို သူများတကာကိစ္စမှာ အကုန်လိုက်ဝင်ပါနေတာပဲ ငါ့ရဲ့ မြင့်မြတ်တဲ့ စိတ်ထားလေးနဲ့ ဘယ်လိုလုပ် အဲ့လိုရက်စက်တဲ့အရာမျိုးကို လုပ်နိုင်မှာလဲ!"

စနစ်: "......"

"ဆရာသခင် ကြွက်ကိုစကားပြောနေတာလား?" ပုရှောင်ရှီးခေါင်းမော့ကာ တအံ့တသြဖြင့် မေးလိုက်သည်။

ယဲ့ကျွင်းလင် မသိချင်ယောင်ဆောင်ကာ နှာခေါင်းကို ပွတ်လိုက်ပြီး ဆုံးမစကားနည်းနည်းဆိုလိုက်သည်။ "အဟမ်း အခု ဆရာမင်းကို ကျင့်ကြံနည်းတစ်ခု သင်ပေးမယ် မင်း တန်ဖိုးထားပြီး ကြိုးစားလေ့ကျင့်ရမယ်နော် ဆရာသခင်အတွက် အစေခံကောင်းတစ်ယောက် အိုး မှားလို့ တပည့်ကောင်းတစ်ယောက် ဖြစ်အောင်ကြိုးစားရမယ် ကြားလား"

သူသည် လက်ကိုဆန့်ကာ ကြွက်၏ခေါင်းထက်သို့ ညင်သာစွာ ထိလိုက်ရာ အလင်းတန်းတစ်ခုက ပုရှောင်ရှီး၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်ကူးစက်သွားလေ၏။

ဘုန်း!

ပုရှောင်ရှီး၏ မျက်လုံးများ ပြူးထွက်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ လျှပ်စီးလက်ခံလိုက်ရသကဲ့သို့ တောင့်ခနဲဖြစ်သွားသည်။

ဤ တာ့လော တာအိုကျမ်းစာသည် အသိပညာ အတတ်ပညာအားလုံးကို စေ့စပ်စွာထည့်သွင်းထားပြီး လက်လှမ်းမမီနိုင်လောက်အောင် နက်နဲလှ၏။ ကြွက်၏အသိစိတ်အား ဉာဏ်အလင်းရောင်ခြည်တစ်ခုဖြင့် ထွန်းလင်းလမ်းပြပေးလိုက်ပြီး ယနေ့မှစ၍ ပါလာသောဦးနှောက်လေးကို ကောင်းကောင်းအသုံးချဖို့ သတိပေးလိုက်သကဲ့သို့ပင်။

ထိုအခါမှသာ ပုရှောင်ရှီးသည် ဤပုဂ္ဂိုလ်၏တပည့်အဖြစ် ခံယူလိုက်ခြင်းမှာ ကံကောင်းခြင်းလက်ဆောင်တစ်ထုပ်ကို ကောက်ရခဲ့ခြင်းဖြစ်ပါကြောင်း နားလည်လိုက်ရလေသည်။

"ကြွက်ကို ဒီဉာဏ်အလင်းပွင့်စေတဲ့ရတနာ ချီးမြှင့်ပေးတဲ့အတွက် ဆရာသခင့်ကို ကျေးဇူးတင်ပါတယ်!" ပုရှောင်ရှီးသည် စိတ်လှုပ်ရှားစွာဖြင့် မြေပေါ်တွင်ဝပ်လျက် ဦးညွှတ်လိုက်သည်။ ယခုတစ်ကြိမ်တွင်တော့ ယခင်ကထက် ပို၍ စိတ်ရင်းမှန်ကန်လှလေသည်။

"အသားတွေ နူးနေပြီကွ မြန်မြန်စားတော့"

တပည့်သစ်လေး၏သိတတ်မှုကြောင့် ယဲ့ကျွင်းလင် စိတ်လိုလက်ရပြုံးကာ မွေးဖြူကြွက်လေးအတွက် အသားစွပ်ပြုတ် တစ်ပန်းကန် ခပ်ပေးလိုက်သည်။

"ဝိုး ရှူး.."

ပုရှောင်ရှီးသည် လက်ကိုဆန့်ကာ ပန်းကန်လုံးကိုယူလိုက်ပြီး နှာခေါင်းဖြင့် တရှူးရှူးအနံ့ခံကြည့်ပြီးနောက် ချက်ချင်းမြည်းစမ်းလိုက်ရန် မစောင့်နိုင်တော့ပေ။

"အရမ်းအရသာရှိတာပဲ~"

ယုန်သားစွပ်ပြုတ်သောက်ပြီးနောက် ပုရှောင်ရှီးသည် တစ်ကိုယ်လုံး နွေးထွေးလို့သွားပြီး ကျေနပ်သော အပြုံးတစ်ခု မျက်နှာထက်တွင် ပေါ်လာသည်။

သူသည် တောထဲတွင် တစ်ယောက်တည်းကျင်လည်နေရသည်မှာ ကြာလှပြီဖြစ်ပြီး ထိုနေရာတစ်ခုမှာ အန္တရာယ်များဖြင့်သာ ပြည့်နှက်သိပ်သည်းနေသောကြောင့် ယခုကဲ့သို့ သက်တောင့်သက်သာရှိပြီး ဗိုက်ဝဝဖြင့်အပန်းဖြေရသော အခိုက်အတန့်ဆိုသည်မှာ လွန်စွာရှားပါးလှသည်ပင်။

"ဆရာသခင်က ကြွက်အပေါ်ကို အရမ်းကောင်းပေးတာပဲ ဆရာသခင်ရဲ့ တပည့်ဖြစ်ရတာ ကြွက်အရမ်းပျော်မိတယ် နောင်တစ်ချိန်မှာ ဆရာသခင့်ကို ကြွက်ကောင်းကောင်း ကျေးဇူးဆပ်ရမယ်!" ပုရှောင်ရှီးသည် စိတ်ထဲမှ တိတ်တဆိတ် ကတိပြုလိုက်မိ၏။

ထိုအချိန်တွင် ရုတ်တရက်ဆိုသလိုပင်....

လော့ထျန်းလျှို့ဝှက်နယ်မြေတစ်ခုလုံး တုန်ခါသွားလေသည်။

အထက်မှ အစစ်အမှန်မဟုတ်သော လျှို့ဝှက်နယ်မြေ၏ အပြာရောင်ကောင်းကင်မှာ အပိုင်းနှစ်ပိုင်းအဖြစ်သို့ ရုတ်ချည်းပြိုကွဲသွားတော့သည်။

"ဘာတွေဖြစ်နေတာလဲ!?"

ယဲ့ကျွင်းလင် အံ့သြတကြီးဖြင့် အမြန်ထရပ်လိုက်သည်။

【တင်၊ တာ့လောရဲ့ မသေမျိုးသစ်ပင်မှာ သက်တမ်းကုန်ဆုံးသွားကြောင်းကို စစ်ဆေးတွေ့ရှိရပါတယ် လျှို့ဝှက်နယ်မြေရဲ့ လည်ပတ်မှုကို သူဆက်လက်မထိန်းသိမ်းနိုင်တော့ပါဘူး အခု လျှို့ဝှက်နယ်မြေစတင်ပြိုကွဲနေပါပြီ ကျေးဇူးပြုပြီး အမြန်ဆုံး ထွက်ခွာပါရှင်!】

"ဆရာသခင် ကြွက်ငိုချင်လာတယ်"

ပုရှောင်ရှီးလည်း အံ့သြသွားသည်။ သူသည် ထူးထူးဆန်းဆန်းပင် ထိတ်လန့်ခြင်းကိုမခံစားရဘဲ နှလုံးသားထဲမှ နက်ရှိုင်းသောဝမ်းနည်းမှုကိုသာ ခံစားလာရကာ မျက်လုံးနီနီလေးတစ်စုံမှမှ မျက်ရည်နှစ်ကြောင်း စီးကျလာတော့၏။

ယဲ့ကျွင်းလင်လည်း မျက်မှောင်ကြုတ်ကာ စစ်ဆေးကြည့်လိုက်ပြီး ပုရှောင်ရှီး၏ အပြုအမူသည် အနည်းငယ် ပုံမှန်မဟုတ်ဟု ခံစားလိုက်ရသည်။

သို့သော် အခုချိန် အရေးအကြီးဆုံးအရာမှာ အမြန်ထွက်သွားရန်ပင်!

"သွားကြစို့!"

ဝှစ်!

ယဲ့ကျွင်းလင်သည် ပုရှောင်ရှီးကိုပါ အတူဆွဲခေါ်လျက် လေဟာနယ်ကို ခွဲထွက်ကာ လျှို့ဝှက်နယ်မြေ၏ ထွက်ပေါက်ဆီသို့ အလျင်အမြန် ပြေးသွားလိုက်သည်။

လမ်းတစ်လျှောက်လုံးရှိ ရှုခင်းများသည် အလွန်လျင်မြန်စွာ ပြောင်းလဲသွားပြီး တောင်ကြီးများ တအုန်းအုန်းပြိုကျပျက်ဆီးကာ မိုးထိအောင် မြင့်မားသော သစ်ပင်များလည်း တဝုန်းဝုန်း ပြိုလဲကျကုန်သည်ကို မြင်တွေ့နိုင်သည်။

မြေပြင်ကြီးမှာ အဝတ်စတစ်စကဲ့သို့ ကြမ်းတမ်းစွာ စုတ်ပြဲသွားရပြီး ကောင်းကင်ယံမှာ ကွဲကြေနေသော မှန်တစ်ချပ်နှင့်တူ၏။

မည်မျှကြာမြင့်စွာ ထိန်းသိမ်းထားသည်ကို မသိနိုင်သော ဤရှေးဟောင်းလျှို့ဝှက်နယ်မြေကြီးသည် ယနေ့တွင်တော့ ကံကြမ္မာ၏ အဆုံးသတ်သို့ ရောက်ရှိခဲ့လေပြီ။

"ဝေါ~!!"

အရပ်မျက်နှာအနှံ့တွင် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးများ၏ ဟိန်းဟောက်အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။

ဤနေရာမှ ဒေသခံ နယ်မြေသားများက အထိခိုက်ဆုံးဖြစ်ရသည်မလွဲပေ။

"ပြေး! မြန်မြန်ပြေးကြ!!"

မရေမတွက်နိုင်သော ကျင့်ကြံသူမြောက်အများသည် ထိတ်လန့်တကြားဖြင့် နယ်မြေထွက်ပေါက်ဆီသို့ ထွက်ပြေးကြသည်။

သားရဲများနှင့်လူများ အသည်းအသန် ကြိတ်ကြိတ်တိုးထွက်ပြေးနေကြသည့်မြင်ကွင်းမှာ ကမ္ဘာပျက်နေသည့်အလားပင်။

"ဂိုဏ်းချုပ်ရေ ဒီနေရာမှ ကမ္ဘာပျက်သလိုမျိုး ဖြစ်တတ်လိမ့်မယ်လို့ ကျုပ်မထင်ထားခဲ့ဘူး!" ဓားဝှက်တောင်ထိပ်သခင်က မျက်နှာပျက်ပျက်ဖြင့်ဆိုလာသည်။

ရှယိုနျန်က လေးနက်စွာစီစဥ်ညွှန်ကြားလာသည်။ "အခုငါတို့ ဦးစားပေးရမှာကတော့ ရွှယ်ထျန်ဂိုဏ်းသားတွေကို အမြန်ဆုံး ခေါ်ထုတ်ပြီး အသေအပျောက်အနည်းဆုံးဖြစ်အောင် လုပ်ဖို့ပဲ!"

"ဆရာတူမောင်လေးယဲ့ရော ဘယ်မှာလဲမသိ?"

ကောင်းကင်မွှေးရနံ့တောင်ထိပ်သခင်မက စိုးရိမ်တကြီးဖြင့် ပြောလာသည်။

သူစကားဆုံးသည်နှင့် ယဲ့ကျွင်းလင်သည် လေဟာနယ်ကျင့်စဥ်ကို အသုံးပြုကာ လှစ်ခနဲပေါ်လာပြီး လေးနက်စွာပြောလိုက်သည်။ "အားလုံးပဲ အခြေအနေက အရမ်းဆိုးနေပြီ မြန်မြန်ထွက်ကြစို့!"

"ဆရာတူညီလေးယဲ့!"

သူ့ကိုမြင်လိုက်ရမှ အကုန်စိတ်လက်ပေါ့ပါးသွားရလေသည်။

"ဟေ့ ဒါဘယ်က ကြွက်ကြီးလဲ..." ဓားဝှက်တောင်ထိပ်သခင်က အံ့သြစွာ မေးခွန်းထုတ်လာသည်။

ယဲ့ကျွင်းလင်၏ လက်ထဲတွင် မျက်လုံးနီနီဖြင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိနေသော မွေးဖြူကြွက်လေးကို သူတို့တွေ့လိုက်ရလေသည်။

"ဒါ ကျွန်တော်အသစ်ခန့်အပ်ထားတဲ့ တပည့်ပဲ။"

ယဲ့ကျွင်းလင်က မိတ်ဆက်ပေးသည်။

"တပည့်လား?!"

သူတို့အားလုံး အလွန်အံ့သြသွားကြရ၏။

ဆရာတူညီလေးယဲ့ရဲ့အမြင်က ဘယ်အချိန်ကစပြီး ဒီလိုအူကြောင်ကြောင်နိုင်သွားရတာလဲဟ?

ယခင်တပည့်မှာ ဒေါသကြီးပြီး သွေးဆူလွယ်သော်ငြား နတ်သမီးလေးကဲ့သို့ လှပကာ ထူးခြားသော အရည်အချင်းများလည်း ရှိလေသည်။ ယခုပါလာသော မွေးဖြူကြွက်ကတော့ အတော်လေးကိုသာမန်ဆန်ပြီး ရုပ်ကလည်း အူကြောင်ကြောင်နိုင်လှသည်။ မြူခိုးတောင်ထိပ်သခင်၏ တန်ဖိုးထားခံ ထိပ်တန်းတပည့်တစ်ဦးဖြစ်လာဖို့ ဘယ်လိုအရည်အချင်းများ ရှိနေသနည်း?

"ဟုတ်ပြီ အခုတော့ပြေးကြရအောင်"

ရှယိုနျန်လည်း ခေါင်းထဲမှာရှုပ်ထွေးနေသည့်မေးခွန်းများကို ချုပ်တည်းလိုက်ကာ ကြောင်အနေသောဂိုဏ်းသားများကို လေးနက်စွာသတိ‌ပေးလိုက်တော့၏။

ထိုအချိန်တွင် လျှို့ဝှက်နယ်မြေမှ ဒေသခံများအပါအဝင် ဟွမ်ကျိုးပြည်နယ်မှ ကျင့်ကြံသူအများအပြားသည်လည်း အမြန်ဆုံး ပြေးလွှားထွက်ခွာလို့ နေကြပြီဖြစ်သည်။ ခေါင်းဆောင်ပျောက်ရပြီဖြစ်သော ဒေသခံများမှာ ပြင်းပြသောရှင်သန်လိုစိတ်ဖြင့် အပျက်အစီးများကို အားတင်းကျော်ဖြတ်ကာ မျိုးနွယ်စုအကြီးအကဲများ၏ လမ်းညွှန်မှုအောက်တွင် ထွက်ပေါက်ဆီသို့ အချိန်မီ ပြေးထွက်နိုင်ခဲ့ကြပါသည်။

တအုန်းအုန်းမြည်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။

ကောင်းကင်နှင့် မြေကြီး ကွဲအက်သွားလေပြီ၊ ကမ္ဘာပျက်သုဥ်းတော့မည့်ပေလား?

လျှို့ဝှက်နယ်မြေမှ အောင်မြင်စွာ ထွက်ခွာလာခဲ့ပြီးနောက် ကံကောင်းစွာ အသက်ရှင်ကျန်ရစ်ခဲ့ကြသော ကျင့်ကြံသူများသည် ကြုံတွေ့ခဲ့ရသောအဖြစ်အပျက်တွင် အံ့အားသင့်နေကြရဆဲပင်။

"ချီးပဲကွာ ကံဆိုးချက်ကြီးကတော့!"

ဟုန်ချန်ယဲ့သည် ထင်ရှားမြင်သာသော အနီရောင်ဝတ်ရုံဖြင့် လေထဲတွင် ပျံဝဲလို့နေပြီး လက်နှစ်ဖက်ကို အနောက်သို့ပစ်ထားကာ အတော်လေးစိတ်လက်မကြည်သာနေပုံပေါ်၏။

ကံကောင်းထောက်မစွာဖြင့် သူသည် အနာဂတ်တွင် ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်တိုက်ခိုက်နိုင်ရန်အထိ လုံလောက်သော ရတနာအချို့ကို ရှာဖွေတွေ့ရှိခဲ့လေသည်။ ဘယ်လိုပဲ အားမရမိပေသည့် ပါလာသမျှကိုသာ အမြတ်အစွန်းဟု သတ်မှတ်ရမည်ပင်။

လွတ်မြောက်လာသူအဖွဲ့ထဲတွင် ဖုန့်အိုးယန်တစ်ယောက်ကတော့ အလွန်တက်ကြွလျက်ရှိသည်။ သူသည် လျှို့ဝှက်နယ်မြေတွင်း၌ အခွင့်အရေးတစ်ခုကို အမိဖမ်းနိုင်လိုက်ကာ အမြတ်အစွန်းများစွာ ရရှိခဲ့သည်။ ယခုမှ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ပြန်ရောက်သွားခြင်းပင် ခံစားနေရလေသည်။

"ကံကောင်းထောက်မလို့ ဘုရားသခင်က ငါ့ကို ကောင်းချီးပေးခဲ့တာပဲ ငါဟာ ဇဗ္ဗူဒိပ်နိမိတ်ထွန်းသလို ကံကောင်းတဲ့သူပဲ!"

ဖုန့်အိုးယန်သည် မုတ်ဆိတ်ကို ပွတ်သပ်ကာ စဥ်းစားရင်း ကျေနပ်နေသောမျက်နှာဖြင့် အခုမှသက်မ,ချနိုင်တော့သည်ဟု တွေးမိနေသည်။

ထိုအချိန်တွင် သူသည် တောက်ပသော အနီရောင်ပုံရိပ်လေးကို လှမ်းမြင်လိုက်ရပြီး ထိုသူလေး၏ ရန်သူနှင့်ရင်ဆိုင်ရချိန်တွင် ထွက်ပေါ်လာတတ်သော ရက်စက်ကြမ်းတမ်းသည့် အမူအရာကို ပြန်လည်အမှတ်ရလိုက်မိ၏။ ရုတ်တရက် သူသည် အရှိန်အဝါတစ်ခု၏လွှမ်းမိုးမှုတွင် ဖမ်းစားခံလိုက်ရသည့်နှယ်။

နှလုံးသားထဲက အပူမီးကို အသာမြိုသိပ်ရင်း ဖုန့်အိုးယန်သည် နှစ်တစ်ထောင်သက်တမ်းရှိသော ဝိညာဉ်သစ်သားဖြင့် ပြုလုပ်ထားသည့် ဘီးတစ်ချောင်းကို ဝတ်ရုံလက်ထဲမှ ထုတ်ကာ ဆံပင်ကို ဂရုတစိုက် ဖြီးသင်လိုက်သည်။

ထို့နောက် သူသည် တည်ငြိမ်ဟန်ဆောင်ကာ လက်အုပ်ချီလျက် လေးလေးစားစား နှုတ်ဆက်လိုက်သည်။ "နတ်သမီးလေး ကျွန်တော်က တောင်ဖြိုဂိုဏ်းရဲ့ ဘိုးဘေး ဖုန့်အိုးယန်ပါ..."

"ထွက်သွား!!"

ဟုန်ချန်ယဲ့က အေးစက်စွာ ဖြတ်ပြောလိုက်သည်။

ဒီအချိန်က သူစိတ်ကောင်းဝင်နေချိန်ဟုဆိုရပေမည်။ အလယ်ပိုင်းစီရင်စုတုန်းကဆိုလျှင် မသမာသော ရည်ရွယ်ချက်ဖြင့် သူ့အနားကပ်ရန် ကြိုးစားသူတိုင်းကို မဆိုင်းမတွ သတ်ပစ်တတ်သည့် အကျင့်ရှိလေသည်။

"အာ" ဖုန့်အိုးယန်သည်လည်း အလွန်ရှက်ရွံ့သွားပြီး စိတ်ပျက်လက်ပျက်ဖြင့် ဆုတ်ခွာခဲ့ရတော့သည်။

ဝှစ်~

လျှို့ဝှက်နယ်မြေအပြင်ဘက်တွင် အုပ်စုတစ်စု ပျံသန်းပေါ်ပေါက်လာသည်။

"ကောင်းကင်ဘုံအရှင်ယဲ့ ထွက်လာပြီဟေ့!"

"ကောင်းကင်ဘုံအရှင်ယဲ့!"

အားပေးသံများ ဆူညံသွားသည်။

ဟုန်ချန်ယဲ့သည် လိမ္မာပါးနပ်စွာ ရှေ့သို့ တက်လာကာ လက်အုပ်ချီလျက် "ဆရာသခင်!" ဟု နှုတ်ခွန်းဆက်လိုက်သည်။

ယဲ့ကျွင်းလင် ခေါင်းညိတ်ကာ ပုရှောင်ရှီးကို ကောက်ယူ၍ ပစ်ပေးလိုက်ပြီး ဆိုသည်။ "ဒါ ငါ့ရဲ့ အသစ်ခန့်အပ်ထားတဲ့ တပည့်ပဲ နောင်မှာ မင်းတို့ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာရမယ် ဖေးမစောင့်ရှောက်ရမယ် နားလည်လား?"

"ဘာရယ်?!"

သူ့ရှေ့က မွေးဖြူကြွက်ကို ကြည့်ရင်း ဟုန်ချန်ယဲ့သည် အံ့သြလန့်ဖျပ်သွားရကာ ပင်ကိုစရိုက်အရ ငြင်းပယ်ရန်စကားများက နှုတ်ခမ်းဝသို့တက်လာတော့၏။

သို့သော် အချိန်အခါကိုကြည့်၍ ဟုန်ချန်ယဲ့စိတ်တင်းကာ ပြောလိုက်သည်။ "ဟုတ်ကဲ့၊ ဆရာသခင်!"

"ကြွက် ဘယ်ရောက်နေတာလဲဟင်?"

ပုရှောင်ရှီးသည် မျက်လုံးပြူးကာ ပတ်ဝန်းကျင်ကို စူးစမ်းသလိုကြည့်သည်။ ပတ်ဝန်းကျင်အသစ်တွင် စိမ်းသက်သောခံစားချက်နှင့်အတူ အနည်းငယ်လည်း ကြောက်ရွံ့မိရလေသည်။

ထို့နောက် တစ်ခုခုကို ဖျတ်ခနဲတွေးမိလိုက်ကာ အနောက်သို့လှည့်ကြည့်ပြီး ဝမ်းနည်းပမ်းနည်းဖြင့်ဆိုလေသည်။ "ကြွက်ရဲ့အိမ်မရှိတော့ဘူး ပျောက်သွားပြီ"

ဘုန်း!

ထိုအချိန်တွင် ထူးဆန်းသော ပုံသဏ္ဌာန်ရှိ သတ္တဝါများစွာသည် လျှို့ဝှက်နယ်မြေမှ ထွက်ပေါ်လာကြပြီး ၎င်းတို့၏ အားကောင်းသော အရှိန်အဝါမှာ လေပြင်းမုန်တိုင်းကဲ့သို့ ရိုက်ခတ်လာကာ ဟွမ်ကျိုးပြည်နယ်မှ ကျင့်ကြံသူများလည်း မျက်နှာပျက်သွားကြရ၏။

ဦးခေါင်းထက်တွင် ဦးချိုတစ်ချောင်းပါသော သတ္တဝါတစ်ကောင်က အသံတိုးတိုးဖြင့်မေးလိုက်သည်။ "ရှေးခေတ်တုန်းက ကောလဟာလတွေအရဆိုရင် ဒီနေရာက လျှို့ဝှက်နယ်မြေရဲ့ အပြင်ဘက်ကမ္ဘာများလား?"

မြွေသတ္တဝါတစ်ကောင်က မထီမဲ့မြင်ဖြင့် မှတ်ချက်ပြုလိုက်သည်။"ဒီနေရာက ဝိညာဉ်စွမ်းအင်အငွေ့အသက်က ဘာလို့ ဒီလောက်တောင် ပါးလွှာနေတာလဲ?"

"ကောင်းပြီလေ၊ ပတ်ဝန်းကျင်အသစ်ကို ရောက်လာပြီဆိုတော့ လိုက်လျောညီထွေဖြစ်အောင် သင်ယူရတော့မှာပေါ့" ဟု အခြားသော အားကောင်းသော သတ္တဝါတစ်ကောင်က ဖြည့်ပြောလိုက်သည်။

"ဒီကမ္ဘာကို အရင်ဆုံး သိမ်းပိုက်ပြီးမှ နယ်မြေကို ပြန်လည်ခွဲဝေဖို့ ကျွန်တော် အဆိုပြုပါတယ်"

"ဟမ်? ဒီခြေနှစ်ချောင်းသားရဲတွေက စာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ လူသားမျိုးနွယ်တွေလား? သူတို့ကိုကြည့်ရတာ ကျင့်ကြံရေးပိုင်းမှာ အတော်လေးအားနည်းနေကြသလိုပဲ"

"ဟဲဟဲ၊ ဒါဆို သူတို့ကို အရင်ဆုံး ကျွန်ပြုကြတာပေါ့"

All Chapters