အခန်း (၃၈)
Vol. 3 Ch. 38
လော့ထျန်းလျှို့ဝှက်နယ်မြေမှ ထွက်ပြေးလာသော ဒေသခံသတ္တဝါများသည် အပြင်ကမ္ဘာသို့ ရောက်သောအခါ ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် သိုဝှက်ထားသော ရှေးဦးခေတ်၏ အရိုင်းဆန်ဆန်ဗီဇများ ပေါက်ကွဲထွက်လာတော့သည်။
သူတို့သည် တစ်ယောက်ကိုတစ်ယောက် လောဘတကြီးဖြင့် အကြည့်ချင်းအချက်ပြလိုက်ကြပြီး ချက်ချင်း လှုပ်ရှားတိုက်ခိုက်ကြချင်ဟန်ဖြင့် စိတ်လောလို့နေလေသည်။
"မကောင်းတော့ဘူး၊ အဲ့ကောင်တွေ ငါတို့ကို တိုက်ခိုက်တော့မယ်!"
ဖုန့်အိုးယန်က အလန့်တကြားဆိုလိုက်သည်။
ခွင်းလွင်နယ်မြေတွင် မျိုးနွယ်စုပေါင်းများစွာနှင့် သတ္တဝါအမျိုးအစားများ မရေမတွက်နိုင်အောင် ရှင်သန်နေထိုင်ကြ၏။
လော့ထျန်းလျှို့ဝှက်နယ်မြေတွင် မျိုးပွားနေထိုင်ကြသော သတ္တဝါများသည် ရှေးခေတ်သတ္တဝါအမျိုးအစား အကြွင်းအကျန်များ၏ သွေးကို အတိုင်းအတာတစ်ခုအထိ ဆက်ခံထားကြသူများပင်။
ကျင့်ကြံရေးအတွက် အလွန်သင့်လျော်သော လျှို့ဝှက်နယ်မြေ၏ သဘာဝပတ်ဝန်းကျင်နှင့် ပေါင်းစပ်လိုက်သောအခါ သန်မာအားကောင်းသော ဂြိုလ်သားကဲ့သို့ ထူးထူးဆန်းဆန်းသတ္တဝါအုပ်စုတစ်စုကို ဖန်တီးပေးခဲ့လေသည်။
ဥပမာအားဖြင့် ယခုဆိုလျှင် ဖုန့်အိုးယန်၏အာရုံခံနိုင်စွမ်းအရ ဤသတ္တဝါအဖွဲ့တွင် ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူများ၏ အငွေ့အသက်က တစ်ထောင်နီးပါးရှိပြီး ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံသူများလည်း အယောက်ခြောက်ဆယ်ကျော်လောက်အထိ ပါရှိသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပေသည်။
ထို့အပြင် မရေမတွက်နိုင်သော ဝိဉာဥ်သန္ဓေကျင့်ကြံသူများနှင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူများလည်း ပါရှိနေသေး၏။
ဤဂြိုလ်သားသတ္တဝါအုပ်စုသာ စည်းလုံးညီညွတ်စွာ တိုက်ခိုက်သိမ်းပိုက်ပါက အရှေ့ပိုင်းစီရင်စုရှိ ထိပ်တန်းကျင့်ကြံရေးအင်အားစု ဆယ်ခုပေါင်းနှင့် ယှဉ်နိုင်လောက်ပေမည်။
"မကြောက်နဲ့၊ ငါတို့မှာ ကောင်းကင်ဘုံအရှင်ယဲ့ရှိတယ်!"
တစ်ယောက်ယောက်က အော်လိုက်သည်။
မရေမတွက်နိုင်သော ရူးသွပ်သွေးဆာနေသည့် အကြည့်များသည် ငွေရောင်ဆံပင်ရှိသော လူငယ်ဆီသို့ ဝုန်းခနဲ စုပြုံရောက်ရှိလာသည်။
နောက်ဆုံးတော့လည်း ဤနေရာတွင် ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံသူဟူ၍ ယဲ့ကျွင်းလင်တစ်ဦးတည်းသာ ရှိပြီး ယခင်က တိုက်ပွဲတွင်း၌ တန်ခိုးခင်းကျင်းပြသခဲ့ပါသော ပုံရိပ်က သူတို့အားလုံး၏အတွင်းစိတ်တယ် အားကိုးချင်စရာခေါင်းဆောင်ကြီးအဖြစ် တရိပ်ရိပ်ပြန်ပေါ်လွင်လာခဲ့လေသည်။
"ဒီကောင် ဒါကို ကိုင်တွယ်နိုင်ပါ့မလား?"
ဟုန်ချန်ယဲ့ အတွေးပေါင်းစုံဖြင့်ရှုပ်ထွေးသွားပြီး ယဲ့ကျွင်းလင်ကို မျက်ဆံထောင့်ကပ်၍ တစ်ချက်လှမ်းကြည့်လိုက်သော် လက်နှစ်ဖက်ကို အနောက်သို့ပစ်ကာ အေးအေးလူလူ ပေါ့ပေါ့ပါးပါးဟန်ဖြင့် အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်မှာသာ ရှိနေသေးသကဲ့သို့ ဟန်မပျက်ရှိနေသော ဆရာဖြစ်သူကိုမြင်လိုက်ရ၏။
"ဒီတိုင်းဆို ပြဿနာမရှိတဲ့ပုံပါပဲ"
ထိုအချိန်တွင်...
ယဲ့ကျွင်းလင်မှာတော့ အပေါ်ယံတွင် အတွေ့အကြုံရှိ နွားလားဥဿဖကြီးတစ်ကောင်အလား တည်ငြိမ်နေရသော်လည်း စိတ်ထဲတွင်တော့ မိုးမွှန်အောင် ဆဲဆိုလို့နေလေပြီ။
"ယီး ယီးး ယီးးးး"
"ဒါ ဘာအခြေအနေကြီးလဲ?!!!"
"ငါ့ခန္ဓာကိုယ်ထဲမှာ မှော်စွမ်းအင်က ၁၀% အောက်ပဲ ကျန်တော့တယ်ဟ ဘာလို့ ဒီအချိန်မှ ပြဿနာထရှာနေကြတာလဲ ဟေ့ကောင်တွေရ?"
ဤမျှကြီးမားသော အကျပ်အတည်းတစ်ခုက သူ့ကို စောင့်ဆိုင်းနေလိမ့်မည်ဟု ယဲ့ကျွင်းလင် တစ်ခါမှ မထင်ထားခဲ့ပေ။
【တင်၊ တာဝန်အသစ်တစ်ခု စတင်လိုက်ပါပြီ လော့ထျန်းလျှို့ဝှက်နယ်မြေက ဒေသခံသတ္တဝါ ၁၀၀,၀၀၀ ကို ရွှယ်ထျန်းဂိုဏ်းထဲ ဝင်ရောက်ခွင့်ပြုလိုက်ပါ ပိုင်ရှင်လိုချင်တဲ့ဆုလာဘ်တွေ ချက်ချင်းလက်ဝယ်ရောက်ရှိလာပါမယ်ရှင့်!】
စနစ်ထံမှ အချက်ပြသံတစ်ခု ထွက်ပေါ်လာသည်။
ယဲ့ကျွင်းလင် ဆွံ့အသွားရပြီး ထိုနေရာတွင် သွေးအန်ချမိတော့မတတ်ပင်။
စနစ်၊ မင်းငါ့အကြောင်းမသိတာလည်းမဟုတ်ဘူး။ အခု ဒီတာဝန်ကို ငါလုပ်နိုင်မယ်လို့ တကယ်ကြီးထင်နေတာလား?
"ကောင်းကင်ဘုံအရှင်ယဲ့? ကောင်းကင်ဘုံအရှင်ယဲ့ဆိုတာ ဘယ်ကောင်လဲ!!" နောက်ကျောတွင် ငွေရောင်အတောင်ပံများပါသော အင်အားကြီးသတ္တဝါတစ်ကောင်က ဟိန်းဟောက်ကာမေးလိုက်သည်။
"သူ!"
မရေမတွက်နိုင်သော လူအများက တညီတညွတ်တည်း လက်ညှိုးထိုးကာ ယဲ့ကျွင်းလင်ကို ညွှန်ပြလာကြလေသည်။
ယဲ့ကျွင်းလင်: "......"