← Chapters

အခန်း (၄၀)

Vol. 3 Ch. 40

အခန်း (၄၀)

Vol. 3 Ch. 40

【တင်၊ တာဝန်ပြီးမြောက်တဲ့အတွက် ဂုဏ်ယူပါတယ် ပိုင်ရှင် ဆုလာဘ်အနေနဲ့ နှစ်တစ်ရာနေနာရီကို ချီးမြှင့်လိုက်ပါတယ်ရှင်!】

【နှစ်တစ်ရာနေနာရီ】: ထိုလောကရှိ ကျင့်ကြံရေးနေရာ၌ နှစ်တရာမျှသောအချိန်သည် ကမ္ဘာပေါ်ရှိ နေ့တစ်နေ့နှင့် ညီမျှ၏။

စနစ်၏ အချက်ပြဆုပေးသံက ယဲ့ကျွင်းလင်၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ယဲ့ကျွင်းလင်၏ မျက်လုံးများသည် ဖျတ်ခနဲတစ်ချက်လင်းလက်သွားပြီး ၎င်း၏စိတ်ထဲတွင် တိတ်တဆိတ် "အောင်မြင်ပြီ!" ဟု ကြွေးကြော်လိုက်သည်။

ဤတစ်ကြိမ်တွင် သူလက်ခံခဲ့ရသော ထိုလမ်းကြုံတပည့်လေးကို အမှန်တကယ် ကျေးဇူးတင်ရမည်ဖြစ်သည်။ ဤသို့ အရေးပါသော အချိန်တွင် ဤမျှကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ပေးနိုင်လိမ့်မည်ဟု သူအမှန်တကယ် မထင်ထားခဲ့ပေ။

ထုတ်ပေးသော ဆုလာဘ်အတွက်တော့ ယဲ့ကျွင်းလင် အထူးအံ့သြခြင်း မရှိလှပေ။ အဘယ်ကြောင့်ဆိုသော် နှစ်တစ်ရာနေနာရီ၏ လုပ်ဆောင်ချက်အရ အချိန်ကွာခြားမှုရှိသော ကျင့်ကြံရေးသီးသန့်နေရာတစ်ခုသာ ဖြစ်ပုံရသောကြောင့်ပင်။

ထိုဆုလာဘ်သည် ကြားကြားချင်းတော့ အလွန်အံ့သြဖွယ်ကောင်းပုံရသည်။ ထိုသီးသန့်လောကတွင် နှစ်တစ်ရာကြာသော ကျင့်ကြံရေးကာလသည် အပြင်ကမ္ဘာတွင် တစ်ရက်သာ ကုန်ဆုံးမည်ဖြစ်သော်လည်း သူ့လိုမျိုး "အင်အားကြီးသောရန်သူနှင့်ယှဥ်ပြိုင်ကာ ပိုမိုအင်အားကြီးလာခြင်း" ဟူသော ရွှေလက်ချောင်းကို အပိုင်ရထားသူအတွက်တော့ ထင်သလောက်အရေးမပါလှ။

သူသည် ဤကမ္ဘာသို့ ရောက်ရှိကတည်းက ဘဝကို ပျော်ရွှင်စွာ နေထိုင်ဖြတ်သန်းရန် ဆုံးဖြတ်ခဲ့ပြီးသားပင်။

စနစ်၏အကူအညီဖြင့် သူသည် ငြိမ်ငြိမ်လေးလှဲနေရန်သာလိုအပ်ပြီး တိုက်ဆိုင်မှုများနှင့် အခွင့်အလမ်းများအပေါ်မူတည်ကာ သူ့ကျင့်ကြံဆင့်က အလိုလိုမြင့်တက်သွားမည်သာဖြစ်၏။ နှစ်တရာနေနာရီကိုအသုံးပြုပြီး ပင်ပင်ပန်းပန်းကျင့်ကြံနေစရာ မလိုအပ်ပါချေ။

သူ့အတွက် မလိုအပ်သော်လည်း အခြားသူများအတွက်တော့ အသုံးလိုချင်လိုပေလောက်မည်။

ယဲ့ကျွင်းလင်သည် ထိုအကြောင်းကို စဉ်းစားပြီးသားဖြစ်သည်။ နှစ်တရာနေနာရီက သူ့အတွက်အသုံးမဝင်လှသော်ငြား သူ့ဂိုဏ်းမှကျင့်ကြံသူများ သူ့တပည့်များကို အသုံးပြုခိုင်းလို့ရပေမည်။ မည်သို့ပင်ဆိုစေ သူတို့အားလုံး သူ့ကျင့်ကြံဆင့်ကိုကျော်တက်နိုင်မည်မဟုတ်ပါလေ။

"ငါ အိပ်မက်မက်နေတာတော့ မဟုတ်ဘူးမလား? ဒီအားကောင်းတဲ့ သတ္တဝါအုပ်စုကြီးက ရွှယ်ထျန်းဂိုဏ်းသားတွေ ဖြစ်လာတော့မှာပေါ့နော်?" ဂိုဏ်းချုပ်ရှယိုနျန်မှာ ပျော်ရွှင်မှုကြောင့် သတိလွတ်လုနီးပါးဖြစ်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် လက်များပါ တဆတ်ဆတ်တုန်ယင်နေကာ ၎င်း၏မျက်လုံးများတွင်လည်း မျက်ရည်တို့လည်လာတော့၏။

ထို လော့ထျန်းနယ်မြေသားအုပ်စုတွင် ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူများ ထောင်နှင့်ချီပါရှိပြီး ခန္ဓာပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူများလည်း အယောက်ခြောက်ဆယ်ကျော်တောင် ပါဝင်သေးသည်။ ကျန်သူများမှာလည်း ဝိဉာဥ်သန္ဓေနှင့် ရွှေအမြုတေ ကျင့်ကြံသူများသာ။

ထိုသို့ အင်အားကြီးမားလှ‌သော ကျင့်ကြံသူအုပ်စုကြီးတစ်စုက ဒီနေ့ဒီအချိန်တွင် ရွှယ်ထျန်းဂိုဏ်းထဲသို့ ဝင်ရောက်တပည့်ခံတော့မည်တဲ့လား?

"ဂိုဏ်းချုပ် ဒီလိုဆို ဒီနေ့ကစပြီး ကျွန်တော်တို့ရဲ့ ရွှယ်ထျန်းဂိုဏ်းဟာ အရှေ့ပိုင်းစီရင်စုရဲ့ ထိပ်တန်း မသေမျိုးဂိုဏ်းဆယ်ခုထဲက တစ်ခု ဖြစ်လာတော့မှာပဲ!"

တောင်ထိပ်သခင်တစ်ဦးက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ထပြောသည်။

ရွှယ်ထျန်းဂိုဏ်းသားများလည်း ပျော်လို့မဆုံး ဝမ်းမြောက်လို့မဆုံး ဖြစ်ကုန်ကြတော့၏။ ဤသည်မှာ ဂိုဏ်း၏ တဟုန်ထိုး တိုးတက်ကြီးပွားမှုကြီးပင်မဟုတ်လော။

"ဒါကြီးက ဖြစ်နိုင်လို့လား?!"

ဖုန့်အိုးယန်သည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ရွှယ်ထျန်ဂိုဏ်း၏ အလုံးစုံသော အရှိန်အဝါတိုးမြင့်မှုကြီးကြောင့် အံ့သြတုန်လှုပ်သွားရလေသည်။

"ကောင်းကင်ဘုံအရှင်ယဲ့က အရမ်းအင်အားကြီးတာပဲ ဒီပြဿနာကို သူဖြေရှင်းပေးနိုင်မယ်မှန်း ငါယုံထားပြီးသား!"

ဟွမ်ကျိုးကျင့်ကြံသူအပေါင်းတို့သည်လည်း စိတ်ရင်းဖြင့် ချီးကျူးထောပနာပြုကုန်ကြလေသည်။

အင်အားကြီး ဂြိုဟ်သားတစ်အုပ်သည်ပင် ဆရာသခင်ဖြစ်သော ကောင်းကင်ဘုံအရှင်ယဲ့၏စကားကို မြေဝယ်မကျနာခံရသည်မဟုတ်လော။

ဒီလိုလူကိုမှမချီးကျူးရင် ဘယ်သူ့သွားချီးကျူးရမတဲ့လဲ?!

"ဆရာသခင် ကြွက်လုပ်နိုင်ခဲ့ပြီ သူတို့ ကြွက်ရဲ့စကားကို တကယ် နားထောင်ကြတယ်!" ပုရှောင်ရှီးတိတ်တဆိတ် အသံပို့လျက် စိတ်လှုပ်ရှားစွာဆိုလိုက်သည်။

"မင်းတော်တယ် ဆရာလည်း အရမ်းကျေနပ်တယ်။"

ထို့နောက် ယဲ့ကျွင်းလင် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ "ဒါနဲ့ တာ့လောအမတသစ်ပင်ရဲ့ ဝိဉာဥ်စွမ်းအားက မင်းအပေါ် ဘာသက်ရောက်မှုမှမရှိဘူးလား?"

ပုရှောင်ရှီးက "မရှိပါဘူး၊ ကြွက်အသိပြန်ဝင်လာပြီးတဲ့နောက် သူ ထပ်မလှုပ်တော့ဘူး" ဟု ပြန်ဖြေသည်။

"ငါသိပြီ"

ယဲ့ကျွင်းလင်သည် ခေါင်းညိတ်လိုက်သည်။

ကြည့်ရသလောက်တော့ တာ့လောသစ်ပင်၏ ဝိဉာဥ်စွမ်းအား အကြွင်းအကျန်သည်ကား ပုရှောင်ရှီးအတွက် ဆိုးဝါးသည့်သက်ရောက်မှုတော့ မရှိလောက်ပေ။ အနည်းဆုံး ဤဂြိုလ်သားမျိုးနွယ်စုအပေါ်တွင် ဆက်လက်ချုပ်ကိုင်ထားနိုင်သော အာဏာတစ်ခုရှိစေ၏။

နောက်တော့ ကျင့်ကြံသူအပေါင်းလည်း ယနေ့ဖြစ်ပျက်ခဲ့သမျှအကြောင်းကြောင်းကို ပြန်လည်စမြုံ့ပြန်ကြရင်း အသီးသီး ထွက်ခွာခဲ့ကြတော့၏။

ရွှယ်ထျန်းဂိုဏ်းသည်လည်း ဤဂြိုလ်သားမျိုးနွယ်စုကို အခြေချရန် ကြိုးစားအားထုတ်နေခဲ့ရတော့၏။

ချင်းကျိုးပြည်နယ်တွင်....

ရွှေရောင်စစ်သင်္ဘောပျံကြီးသည် ယွီဟွားဂိုဏ်းထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာလေသည်။

ပင်ပန်းနွမ်းလျနေသော ချန်ရှောင်းကို ဖေးမတွဲထူလာရသောကြောင့် ဂိုဏ်းသားများစွာ၏ စူးစမ်းလိုသော အကြည့်များမှာ သူတို့ထံသို့သာ ဦးတည်လာကုန်ကြလေ၏။

ယွီဟွားဂိုဏ်း၏ ဦးစားပေးသားတော်သည်ကား ပုံမှန်အားဖြင့် တက်ကြွထိန်လင်းသော နေမင်းကြီးကဲ့သို့ အလွန်စိတ်ဓာတ်ခိုင်မာသန်စွမ်းသူဖြစ်သော်ငြား ဟွမ်ကျိုးပြည်နယ်သို့ သွားရောက်ပြီးနောက် အဘယ်ကြောင့် ဤမျှ စိတ်ပျက်လက်ပျက်မျက်နှာထားဖြင့် အားအင်ကုန်ခမ်းလာရသနည်း။

"ကျင့်ကြံသူချန် ဘာဖြစ်လာခဲ့တာလဲ..."

တရားရုံးတော်အကြီးအကဲသည် အလျင်အမြန် ပြေးထွက်ကာ မေးမြန်းလာသည်။

ပြန်‌ရောက်လာသောအဖွဲ့ထဲတွင် အရေးပါသော ပုဂ္ဂိုလ်များစွာ ပျောက်ဆုံးနေသည်ကို သတိပြုမိပြီး ရုတ်တရတ် ဒိုင်းခနဲရင်တုန်သွားရကာ မဖြစ်နိုင်လောက်သော အတွေးတစ်ခုက စိတ်ထဲဖျတ်ခနဲတိုးဝင်လာလေသည်။

"ကျွန်တော် ဆရာသခင့်ကို တွေ့ချင်တယ်..." ချန်ရှောင်းက ဖြူဖျော့နေသောနှုတ်ခမ်းများဖြင့် အားပျော့စွာ ပြောလာသည်။

"အရှင်ကျွီယန်းက အခုကျင့်ကြံအားထုတ်နေပါတယ် ကျင့်ကြံသူချန်"

တရားရုံးတော်အကြီးအကဲက ဂရုတစိုက် မေးခွန်းထုတ်လာသည်။ "ကျင့်ကြံသူချန်တို့ ဘာတွေများတွေ့ကြုံခဲ့လဲလို့ မေးမြန်းလိုပါတယ် အကြီးအကဲယန်နဲ့ တစ်ခြားဂိုဏ်းသားများရော ဘယ်ကိုပျောက်နေကြပါသလဲ"

ချန်ရှောင်းသည် တုံ့ပြန်ခြင်းမရှိဘဲ ဝမ်းနည်းနာကျင်စွာ တစ်ချက်ပြုံးလိုက်သည်။

ထိုစဥ်‌ ‌ဘေးမှပါလာသော ကျန်ရစ်ဂိုဏ်းသားများက စတင်ငိုကြွေးလျှောက်တင်လာကြတော့၏။ "သူတို့အားလုံး ကျဆုံးသွားကြပါပြီ အကြီးအကဲ"

"ဘာ?!?"

တရားရုံးတော်အကြီးအကဲသာမက အနီးအနားရှိ ယွီဟွားဂိုဏ်းသားများသည် အကြီးအကျယ် မျက်နှာပျက်သွားကြရကုန်၏။

ထိုပုဂ္ဂိုလ်များမှာ နှယ်နှယ်ရရဖြစ်တည်မှုမျိုးမဟုတ်။ ကိုးဦးသော အတွင်းဂိုဏ်းအကြီးအကဲများဖြစ်ပြီး အားလုံးသည် ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံဆင့်မှ ကျွမ်းကျင်သူများဖြစ်ကြသည်။ ထိုကဲ့သို့ စွမ်းအားကြီး အင်အားစုတစ်ခုက ဟွမ်ကျိုးပြည်နယ်တွင် ကျဆုံးမြှုပ်နှံခံခဲ့ရသည်တဲ့လား?

"ကျင့်ကြံသူချန် ဘယ်သူနဲ့တွေ့ခဲ့တာပါလဲ?!"

"ဒီအဘိုးကြီးကို မြန်မြန်ပြောပြပါ၊ ဒါမှ ဒီကိစ္စကို အထက်ဆီ တင်ပြနိုင်မှာ!"

တရားရုံးတော်အကြီးအကဲက အလောတကြီးမေးမြန်းလာလေသည်။

ချန်ရှောင်းသည် နီရဲတောက်လောက်သော မျက်လုံးများဖြင့် ခေါင်းကိုဖြည်းဖြည်းချင်းမော့လိုက်ပြီး ကြောက်မက်ဖွယ် ဒေါသလွှမ်းနေသော မျက်နှာထားဖြင့် အံကြိတ်ကာ တစ်လုံးချင်းရေရွတ်လိုက်သည်။

"ရွှယ်ထျန်းဂိုဏ်း! ယဲ့ကျွင်းလင်!"

All Chapters