← Chapters

နာမည်ကြီးကုန်ပြီဟေ့

Vol. 3 Ch. 41

နာမည်ကြီးကုန်ပြီဟေ့

Vol. 3 Ch. 41

ထိုကိစ္စကို အထက်အကြီးအကဲများအား တင်ပြလိုက်သည့်အခါ ယွီဟွားဂိုဏ်းတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားရလေသည်။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ? အကြီးအကဲယန်နဲ့ တစ်ခြားအကြီးအကဲတွေအားလုံး ရန်သူ့လက်ချက်နဲ့ ကျဆုံးသွားရတယ်တဲ့လား?!"

"ချီးပဲ! သူတို့က ယွီဟွားဂိုဏ်းရဲ့ အကြီးအကဲတွေကိုတောင် သတ်ရဲတယ် ကျင့်ကြံသူချန်တောင် သီသီလေးလွတ်လာတာတဲ့ အဲ့ကောင်တွေက ငါတို့ဂိုဏ်းကို လုံးဝအသိအမှတ်မပြုတဲ့ပုံပြနေတာ!"

"စစ်ကြေညာမယ်! ငါတို့ လူသိရှင်ကြား စစ်ကြေညာရမယ်! အဲ့ဒီ ခေတ်နောက်ကျပြီး ရိုင်းစိုင်းတဲ့နယ်မြေကို သွေးနဲ့ ဆေးကြောပစ်မယ်! ပါဝင်ပတ်သက်တဲ့ ဂိုဏ်းတွေအကုန်လုံးကို အမြစ်ဖြတ်ပစ်မယ်!!"

... ကြိမ်းဝါးဟိန်းဟောက်သံတွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် လူသတ်လိုစိတ် အငွေ့အသက်များက ကောင်းကင်ယံကို ထိုးတက်သွားကာ ကျယ်ပြောတဲ့သောလေထုနှင့် တိမ်တိုက်များကို ရူးသွပ်စွာ လှုပ်ခါမွှေ့ယမ်းလို့နေကြသည်။

သည်မသေမျိုးဂိုဏ်း တည်ရှိခဲ့သည့် နှစ်ပေါင်းများစွာမှာ ရေတွက်လို့မကုန်နိုင်ပေ။ ကျင့်ကြံသူတို့ရဲ့ အထွဋ်အမြတ်ထားရာနေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရသော ယွီဟွားဂိုဏ်းတော်မှာ ယခုတော့ ကမ္ဘာမြေတုန်လှုပ်ကွဲအက်စေလောက်သည့် ရန်ငြှိုးစွမ်းအင်လှိုင်းများဖြင့် ပေါက်ကွဲထွက်လို့နေလေပြီ။

ချင်းကျိုးက သတ္တဝါကြီးငယ်တွေတို့မှာ ဆောင်းတွင်းချိန်ခါ ပုစဥ်းရင်ကွဲများကဲ့သို့ တုတ်တုတ်ပင်မလှုပ် တိတ်ဆိတ်နေကြပြီး ကြောက်လန့်တကြား ငေးကြည့်လို့သာနေရလေတော့သည်။

တစ်ချိန်တည်းမှာပင်....

ထိုသတင်းကြီးသည် မုန်တိုင်းတစ်ခုလို နေရာအနှံ့ မွှေနှောက်တိုက်ခတ်သွားခဲ့ပြီး အရှေ့ပိုင်းစီရင်စု၏ တခြားတာအိုပြည်နယ်များတွင်ပါ ကြီးမားသော တုန်လှုပ်ခြောက်ခြားမှုကို ဖြစ်ပေါ်စေခဲ့သည်အထိ။

အဲ့ဒီအချိန်တုန်းက စစ်မြေပြင်တွင် ရှိနေခဲ့ကြသော နယ်ခြားကျင့်ကြံသူများမှာလည်း ကောင်းကင်ယံထက်ရှိ ကြယ်ပွင့်များကဲ့သို့ ပြန့်ကျဲများပြားခဲ့တာကြောင့် သူတို့နေရပ်များကို ပြန်လည်ဆိုက်ရောက်ကြသော် တွေ့မြင်ကြားသိခဲ့သမျှအား သဘာဝကျကျပင် ဖြန့်ဝေခဲ့ကြလေသည်။

"သတင်းစာရောင်းမယ်! သတင်းစာရောင်းမယ်! အရှေ့ပိုင်းစီရင်စုရဲ့ ကျင့်ကြံရေးလောကရဲ့ နောက်ဆုံးပေါ် သတင်းထူးကြီး အခုထွက်ပြီ!"

"တစ်စောင်ကိုမှ အနိမ့်တန်း ဝိညာဉ်ကျောက် နှစ်လုံးပဲနော်!"

"ကျွန်တော့်ကို တစ်စောင်ပေးပါ!"

"ကျွန်တော်လည်း တစ်စောင်လိုချင်ပါတယ်!"

အထင်ကရ စားသောက်ဆိုင်များနှင့် သေရည်ဆိုင်များတွင် လူအများအပြားသည် သူတို့လက်ထဲရှိ ကျင့်ကြံရေးလောကနေ့စဉ်သတင်းစာကို ကြည့်ပြီး မျက်လုံးများပြူးထွက်လုနီးပါး အံ့သြတကြီးဖြစ်သွားရကာ တီးတိုးအာမေဋိတ်သံများသာ အထစ်ထစ်ငေါ့ငေါ့ ထွက်လာနိုင်ကြတော့သည်ဆို၏။

သတင်းခေါင်းစည်းများက အလွန်ဆွဲဆောင်မှုရှိလှသည်ဆိုသတတ်!

【အံ့အားသင့်စရာသတင်းထူး! ယွီဟွားဂိုဏ်း၏ ဦးစားပေးခံသားတော်ကို နတ်သမီးရှုံးအောင်လှပသည့် အနီရဲဝတ်စုံဝတ် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးတစ်ဦးက တိုက်ခိုက်အနိုင်ယူခဲ့သည်!】

【ယွီဟွားဂိုဏ်းသည် ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံဆင့်က ကျွမ်းကျင်သူ ကိုးဦးကို ဆုံးရှုံးခဲ့ရပြီး တရားခံမှာ ရွှယ်ထန်းဂိုဏ်း၏ မြူခိုးတောင်ထိပ်သခင်ပါပေ!】

【လျှို့ဝှက်သတင်း ဖော်ထုတ်ခံရခြင်း! ရွှယ်ထျန်းဂိုဏ်းသည် ဟွမ်ကျိုးပြည်နယ်၏ လျှို့ဝှက်ရှေးဟောင်းမသေမျိုးဂိုဏ်းဖြစ်သည်!】

【သတင်းဦး၊ ယွီဟွားဂိုဏ်းသည် ရွှယ်ထျန်းဂိုဏ်းကို တရားဝင် စစ်ကြေညာလိုက်ပြီ!】

ထိုဖြစ်ရပ်သည် ကျင့်ကြံရေးလောကတစ်ခွင်တွင် ကြီးမားသောသက်ရောက်မှုရှိခဲ့ပြီး လတ်တလော အရှေ့ပိုင်းစီရင်စုက ကျင့်ကြံသူစကားဝိုင်းများကြားတွင် ရေပန်းစားသည့် အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်ပင်။

တစ်ချိန်က အရှိန်အဝါအားဖြင့် အမှေးမှိန်ဆုံး၊ ပြည်နယ်များကြားတွင် ဝေးလံခေါင်သီ လူသူခြောက်ကပ်ပြီး ဆင်းရဲခေါင်ခိုက်သောနေရာဟု အထင်သေးခံခဲ့ရသည့် ဟွမ်ကျိုးပြည်နယ်သည် ရွှယ်ထျန်းဂိုဏ်းကြောင့် ဝင့်ကြွားထင်ပေါ်စွာ နာမည်ရလာခဲ့လေသည်။

အရှေ့ပိုင်းစီရင်စုတွင်း ရွှယ်ထျန်းဂိုဏ်းရဲ့ အဆင့်အတန်းသည်လည်း အလားတူ မြင့်တက်လာခဲ့သည်ဆို၏။

မြူခိုးတောင်ထိပ်သခင် ယဲ့ကျွင်းလင်ကတော့ သေချာပေါက် လူတိုင်းရဲ့ အာရုံစိုက်ရာ ပုဂ္ဂိုလ်ထူးတစ်ဦးပင်!

ဒီခံစားချက်က ဘယ်လိုပြောရမလဲဆိုတော့ ပုစွန်တွေ ပြည့်နေတဲ့ ရေအိုင်ထဲက ရုတ်တရက် ကောင်းကင်ကိုးထပ်ထိ ပျံသန်းထိုးတက်သွားတဲ့ နဂါးစစ်စစ်တစ်ကောင် ပေါ်ပေါက်လာသလိုပါပဲ!

အလိုလေးလေး!!!! လို့ တမိရလောက်အောင် တုန်လှုပ်ခြောက်ခြားစရာကြီးပေါ့။

"ဘုရားရေ၊ ကမ္ဘာကြီး ပြောင်းလဲသွားပြီပဲ နောက်ဆို ဟွမ်ကျိုးပြည်နယ်က လူတွေကို ငတုံးတောသားတွေလို့ မနှိမ်ရဲတော့ပါဘူး သူတို့က ယွီဟွားဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေကိုတောင် သတ်ရဲနေကြတာပဲ!"

"ရွှယ်ထျန်းဂိုဏ်းလည်း ကြားရသလောက်တော့ သိပ်မဆိုးလှပေမယ့် ယွီဟွားဂိုဏ်းနဲ့ ရင်ဆိုင်ရရင် ကျုပ်တော့ ဒီတိုက်ပွဲမှာ သိပ်မျှော်လင့်စရာရှိလိမ့်မယ်မထင်ဘူး!"

"ဟုတ်တယ် ယွီဟွားဂိုဏ်းက ထိပ်တန်း ကျင့်ကြံရေးအင်အားစုတစ်ခု၊ ဟိုးအတိတ်ကာလတွေကတည်းက စစ်မှန်တဲ့ မသေမျိုးတွေ ပေါ်ထွန်းခဲ့တဲ့ မသေမျိုးမြေပဲ သူတို့ပိုင်ဆိုင်ထားတဲ့ အရင်းအမြစ်တွေက ခန့်မှန်းလို့မရအောင် ကြောက်စရာကောင်းတယ်!"

ဂိုဏ်းအမျိုးမျိုး၊ မင်းဆက်အဖုံဖုံ၊ အထက်တန်းမျိုးနွယ်စုများစွာနှင့် နယ်ခြားကျင့်ကြံသူများအားလုံးသည် ရွှယ်ထျန်းဂိုဏ်း ပျက်စီးလိမ့်မည်ဟုသာ တညီတညွတ်တည်း ယုံကြည်ထားကြပြီး ယဲ့ကျွင်းလင်လို့ခေါ်သော ထိုလူသည်ကား ဆိုးရွားသောအဆုံးသတ်တစ်ခုကိုသာ ကြုံတွေ့ရလိမ့်မည်မလွဲဟု မှတ်ချက်ချကြလေသည်။

အရှေ့ပိုင်းစီရင်စုရဲ့ ပြည်နယ် ၁၄ ခုမှာ ယွီဟွားဂိုဏ်းရဲ့ အမျက်ဒေါသကို ဘယ်ဘိုးအေမှ တောင့်မခံနိုင်ဘူးကွ!

ဖိုကျိုး (ဗုဒ္ဓပြည်နယ်)။

လေပေါ်ကျောင်းတော်။

အကြီးအကဲ ရဟန်းတော်အုပ်စုတစ်စုသည် တင်ပျဥ်ချိတ်ကာ လက်အုပ်ချီလျက် ငြိမ်သက်စွာထိုင်နေကြ၏။

ရဟန်းတော်တို့၏ ခန္ဓာကိုယ်မှ အရှိန်အဝါသည် အလွန်နူးညံ့သိမ်မွေ့ပြီး ရန်လိုခြင်းကင်းမဲ့ကာ ကြီးမြတ်သော ပြည့်စုံခြင်းနှင့် လွတ်လပ်ခြင်း၏ အဓိပ္ပာယ်များ သက်ဝင်ရောယှက်နေသည်။

"အော်မိထော်ဖော ယွီဟွားဂိုဏ်းက စစ်ကြေညာလိုက်ပြီဆိုတော့ ငါတို့ရဲ့ လေပေါ်ကျောင်းတော်ကလည်း မကောင်းမှုကို အပြစ်ပေးပြီး ကောင်းမှုကို မြှင့်တင်ရမယ်၊ ရွှယ်ထျန်းဂိုဏ်းကို သွေးကြွေး ဆပ်ခိုင်းဖို့ ကူညီအားဖြည့်ပေးရမယ်"

မကြာမီတွင် လေပေါ်ကျောင်းတော်သည်လည်း ပြင်ပကျင့်ကြံရေးလောကသို့ သတင်းထုတ်ပြန်ခဲ့လေသည်။

၎င်းတို့သည် ရွှယ်ထျန်းဂိုဏ်းကို အယူမှားပြီး နတ်ဆိုးလမ်းစဥ်လိုက်စားသူများဟု ကြေညာမောင်းခတ်ခဲ့ကြကာ တချိန်တည်းမှာပင် ယဲ့ကျွင်းလင်ကိုလည်း ဆံဖြူနတ်ဆိုးကောင်ဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ကြလေသည်။ မြင့်မြတ်သော ရည်မှန်းချက်ရှိသူများကို ထိုနတ်ဆိုးဂိုဏ်အား သွားရောက် ချေမှုန်းတိုက်ခိုက်ရန် တိုက်တွန်းခဲ့ကြလေသည်။

ဖိုကျိုးရှိ ထိပ်တန်း ကျင့်ကြံရေးအင်အားစုအနေဖြင့် ထိုကြေညာမှုသည် အလွန်သက်ရောက်မှုပြင်းထန်ပေ၏။ ဖြောင့်မတ်သော ကျင့်ကြံသူများစွာသည် အမျက်ဒေါသအပြည့်ဖြင့် ထိုဆံဖြူနတ်ဆိုးအား သတ်ဖြတ်ကာ ၎င်းတို့၏ ဖြောင့်မှန်သော တာအိုလမ်းစဥ်ကို သက်သေပြရန် ပြင်ဆင်ကြတော့လေသည်။

အရှေ့ပိုင်းစီရင်စုတစ်ခုလုံးသည် ပြင်းထန်တက်ကြွသော တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများမှာလည်း အင်အားစုကြီးများ၏အလယ်တွင် ကူကယ်ရာမဲ့ ကြောက်လန့်တုန်လှုပ်နေကြရှာတော့သည်။

၎င်းတို့သည် နှစ်ပေါင်းတစ်သောင်းတွင်ပင် တွေ့ရခဲသော စစ်ပွဲကြီးတစ်ခုကို မကြာမီ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရတော့မည်ဖြစ်၏။

ဟွမ်ကျိုးပြည်နယ်တွင်...

လော့ထျန်းလျှို့ဝှက်နယ်မြေ ပျက်စီးသွားကတည်းက ထိုတစ်နေရာတည်းတွင် စုပုံစိမ့်ဝင်နေကြသော ဝိညာဉ်စွမ်းအင်များသည် ရူးသွပ်စွာ ယိုစိမ့်ပျံ့ထွက်လာခဲ့လေသည်။

စကားပုံရှိသည့်အတိုင်း ဝေလငါးတစ်ကောင် လဲကျသောအခါ ကျန်သတ္တဝါအားလုံး အားပြည့်ဖြစ်ထွန်းသည်ဆိုသကဲ့သို့။

(ပင်လယ်ထဲမှာ ဝေလငါးကြီးတစ်ကောင် သေဆုံးပြီး ရေအောက်ကြမ်းပြင်အထိ နစ်မြုပ်သွားတဲ့အခါ၊ အဲဒီဝေလငါးရဲ့ အလောင်းဟာ ပင်လယ်ကြမ်းပြင်မှာ အာဟာရဓာတ်တွေ အများကြီး ပေးစွမ်းနိုင်တဲ့ အရင်းအမြစ်ကြီးတစ်ခု ဖြစ်သွားပါတယ်။ ဒီအာဟာရဓာတ်တွေကြောင့် ပင်လယ်ကြမ်းပြင်မှာရှိတဲ့ သက်ရှိအမျိုးမျိုးဟာ အင်အားအပြည့်နဲ့ ရှင်သန်ကြီးထွားလာနိုင်ပါတယ်။)

မူလက သွေ့ခြောက်ပြီး ဝိဉာဥ်စွမ်းအင်ပမာဏ ဆင်းရဲနွမ်းပါးလှသော ဤဒေသသည်လည်း သက်ဝင်တက်ကြွစွာ အားအပြည့်ဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။

သက်ရှိသတ္တဝါများစွာသည် ထိုအချင်းအရာမှ အကျိုးကျေးဇူးများ ရရှိခဲ့ပြီး ၎င်းတို့၏ ကျင့်ကြံမှုသည်လည်း အဆမတန် တိုးတက်လာခဲ့ကြ၏။

All Chapters