မနာလိုခြင်းရဲ့အပြစ်သား
Vol. 12 Ch. 32
“မမလေးက ဒီဆံပင်ပုံနဲ့ အရမ်းလိုက်တာပဲ။” အေမီက မှန်ထဲမှာ ထင်ဟပ်နေတဲ့ မိန်းမလှလေးတစ်ယောက်ရဲ့ ပုံရိပ်ကို ကြည့်ရင်းနဲ့ ပြောလိုက်ပါတယ်။
သူ့ရဲ့လက်တွေကတော့ သူ့သခင်မလေးရဲ့ ရှည်လျားလှတဲ့ ငွေဖြူရောင်ဆံနွယ်တွေကို ညင်သာစွာထိကိုင်လို့ ဘီးနဲ့ ကျွမ်းကျင်စွာ ဖြီးသင်ပေးနေတယ်။
“နင်လုပ်ပေးတဲ့ ဆံပင်ပုံစံက ကောင်းလို့ပါ အေမီ။”
ခါးအထိရှည်တဲ့ ပိုးသားလိုတောက်ပဖြူစင်တဲ့ ဆံပင်တွေကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးက မှန်ထဲက သူ့ပုံကိုသူကြည့်ပြီး စိတ်ကျေနပ်စွာနဲ့ အေမီကို ချီးကျူးလိုက်တယ်။ ဒီလိုမျိုး ချီးကျူးခံရတဲ့အတွက်ကြောင့် အေမီရဲ့ပတ္တမြားရောင် မျက်လုံးတွေက ဝင်းလဲ့တောက်ပသွားလေရဲ့။
“မမလေးက လူကိုဘယ်လို ချီးကျူးရမလဲ သိတာပဲ။” အေမီက ပြန်ပြောလိုက်ပေမဲ့ သူ့ပုံစံက ဝမ်းသာပုံမရသလို ဝမ်းနည်းနေပုံလည်း မရပါဘူး။ အဲဒီအစား သာမန်အတိုင်း ရှိနေပြီးတော့ အခုလိုပြောလိုက်ပါလေရော။
“လူသားတစ်ယောက်သာဆိုရင် မမလေးကြောင့် တစ်နေကုန် ပျော်ရွှင်နေတော့မယ်ဆိုတာ ကျွန်မ ပြောရဲတယ်။”
အေမီက သူကိုယ်တိုင်ပျော်ရွှင်သွားပုံမပေါ်တဲ့လေသံနဲ့ ပြောလိုက်တယ်။ အဲဒီစကားကြောင့် မက်ဒါနာက အေမီရဲ့ လက်ကိုဖမ်းကိုင်လိုက်ရင်း လှည့်ကြည့်လိုက်ပါတယ်။ မက်ဒါနာရဲ့အနီရောင်တောက်ပနေတဲ့ မျက်လုံးတွေက ညို့ယူဖမ်းစားနိုင်လွန်းတယ်။
“ဒီတော့ နင်က ငါချီးကျူးလို့ မပျော်ဘူးလို့ ပြောချင်တဲ့ သဘောလား။”
အေမီက ချက်ချင်းပဲ ခေါင်းကိုခါယမ်းလိုက်တယ်။ ဒါကြောင့် သူဝတ်ဆင်ထားတဲ့ အိမ်စေဝတ်စုံက ချစ်စဖွယ် လှုပ်ယမ်းသွားပါတယ်။
“မဟုတ်ပါဘူး၊ မမလေး ကျွန်မကို ချီးကျူးတဲ့အတွက် သဘောကျပါတယ်။ ဒါပေမဲ့ လူသားတွေရဲ့ပျော်ရွှင်မှု ဆိုတာကို နားလည်နိုင်ဖို့ ကျွန်မ မတတ်နိုင်ပါဘူး။”
ဒါကြောင့် မက်ဒါနာက သက်ပြင်းချလိုက်တယ်။ နဂိုတည်းက ဖြူရော်နေပြီး သွေးရောင်မရှိတဲ့မျက်နှာက ပိုပြီးအားနည်း သွားသလိုမျိုး ခံစားရတယ်။
“အေမီ၊ ငါ့ကို ပန်းခြံထဲ လိုက်ပို့ပေးလို့ရမလား။”
“ဟုတ်...” အေမီက မက်ဒါနာထိုင်နေတဲ့ ဝှီးချဲလက်ကိုင်ကို အသာအယာကိုင်လိုက်ပြီး အခန်းအပြင်ဆီကို စတွန်းပေး ပါတယ်။ မကြာခင်မှာပဲ သူတို့တွေက ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်းတွေနဲ့ဆောက်လုပ်ထားတဲ့ စင်္ကြံလမ်းကို ဖြတ်ကျော်ပြီး လှပတဲ့ပန်းခင်းကြီး တစ်ခုဆီကို ရောက်သွားခဲ့ပါတယ်။
ပျံသန်းနေတဲ့ ဒရုန်းစက်ရုပ်တွေက ပန်းပင်တွေကို လိုက်လံ ရေလောင်းနေပြီး ပန်းခြံထဲမှာ အားကစားလုပ်နေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကစားနေတဲ့ ကလေးတွေကို သူတို့တွေ့နေရတယ်။
“ငါတီထွင်ထားတဲ့ ဥယျာဥ်မှူးစက်ရုပ်လေးတွေ အသုံးဝင်တာ တွေ့ရတော့ သိပ်ပျော်မိတယ် အေမီ။ အခုဆိုရင် ပန်းပင်တွေကိုထိန်းသိမ်းပေးမယ့် ပညာရှင်တွေ ရှားပါးလာတာနဲ့ပတ်သက်ပြီး ဖြေရှင်းပြီးသား ဖြစ်သွားပြီ။”
“အဲဒီလိုပဲနော်...”
အဲဲဒီနောက်တော့ သူတို့နှစ်ယောက်က တိတ်ဆိတ်သွားခဲ့ပြီး မက်ဒါနာက အဝေးမှာဆော့ကစားနေတဲ့ ကလေးတွေကို ကြည့်နေရင်းနဲ့ မျက်ရည်စတချို့ မျက်ဝန်းထက်မှာ ပေါ်ထွက် လာခဲ့ပါတယ်။ ဒါကိုစောင့်ကြည့်နေတဲ့ အေမီကလည်း သတိထားမိခဲ့ပြီး...
“ဘာဖြစ်လို့လဲ မမလေး။ တစ်နေရာရာက နာလို့လား။”
အေမီက ဂရုတစိုက်နဲ့မေးလိုက်တော့ မက်ဒါနာက အသာ ခေါင်းခါပြတယ်။ “အဲဒီလို မဟုတ်ပါဘူး၊ ငါက သူတို့ကို ကြည့်ရင်းနဲ့ သူတို့လိုပဲ ပြေးလွှားဆော့ကစားနိုင်ခဲ့ရင် ဘယ်လောက်ကောင်းမလဲလို့ တွေးမိရုံပါ။”
“ဒီခံစားချက်က မနာလိုခြင်းလား...” အေမီက မေးလိုက်တဲ့ အခါမှာတော့ မက်ဒါနာက ခပ်ဟဟပဲ ရယ်မောလိုက်တယ်။
“ငါက သူတို့ကို အားကျတာပါအေမီ။ မနာလိုတာနဲ့ အားကျတာက တူမလိုနဲ့ မတူဘူးအေမီ။”
အေမီက မျက်တောင်ခတ်လိုက်တယ်။ သူ့သခင်မလေး ပြောတဲ့စကားကို နားလည်တဲ့ပုံမပေါ်ပါဘူး။ ဒါကြောင့် အခုလို မေးလိုက်တယ်။
“မမလေး၊ မနာလိုတာနဲ့ အားကျတာနှစ်ခုလုံးက ကိုယ့်မှာ မရှိတဲ့အရာတစ်ခုကို လိုချင်ရာကနေ ဖြစ်လာတဲ့ ခံစားချက် မဟုတ်လား။ ပြီးတော့ မမလေးကို နာကျင်စေတာချင်းလဲ တူတယ်။ ဘယ်လိုလုပ် မတူညီရတာလဲ။”
မက်ဒါနာက အေမီအထွန့်တက်တာကို နားထောင်ပြီးနောက် နှုတ်ခမ်းကို ဆူထားလိုက်တယ်။ အဲဲဒီနောက် အေမီကို အနားကပ်လာဖို့ လက်ယပ်ခေါ်လိုက်ပါလေရော။
အေမီက မမလေးတစ်ခုခုခိုင်းမယ်အထင်နဲ့ ခါးကိုကိုင်းပြီး အနားကပ်သွားတဲ့အခါမှာတော့ မက်ဒါနာက အေမီရဲ့နဖူးကို လက်နဲ့တောက်လိုက်လေရဲ့။
“အားကျတယ်ဆိုတာက သူများမှာရှိပြီး ကိုယ့်မှာမရှိတဲ့ အရာတစ်ခုကို ရှိချင်လာလို့ ဖြစ်တဲ့စိတ်သက်သက်ပဲ။ အဲဒါက ပုံမှန်အားဖြင့်တော့ မကောင်းမြင်တဲ့ စိတ်ဓာတ်မဟုတ်ဘူး။ မနာလိုတာကတော့ သူများမှာကိုယ်မရှိတာ ရှိနေလို့ စိတ်သောကရောက်ပြီး တစ်ပါးလူကို နာကျင်အောင် လုပ်ဖို့ကြံတဲ့အထိ ပြင်းထန်လာတတ်တဲ့ မကောင်းတဲ့ စိတ်သက်သက်ပဲ။”
အေမီက မက်ဒါနာပြောသမျှကို သေချာနားလည်သေးပုံ မပေါ်ပေမဲ့ ဂါဝန်အနားသားကို လက်နဲ့မလိုက်ပြီး ဦးညွှတ် တောင်းပန်လိုက်ပါတယ်။ “သဘောပေါက်နားလည်မှုပိုင်း အားနည်းမိတဲ့အတွက် စိတ်မကောင်းပါဘူး သခင်မလေး။ မမလေး ပြောသမျှကို မှတ်သားထားပါ့မယ်။”
အေမီရဲ့ချစ်စရာအပြုအမူကြောင့် မက်ဒါနာက စိတ်ကျေနပ်စွာ ပြုံးလိုက်တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ အဲဲဒီအပြုံးပျက်သွားပြီး ချောင်းဆိုးလိုက်ပါတယ်။ မက်ဒါနာက လက်ကိုင်ပဝါကိုထုတ်ပြီး ပါးစပ်ကို အုပ်ထားလိုက်တယ်။ဒါပေမဲ့ ချောင်းက တစ်ချက်ဆိုးရုံနဲ့တင် ရပ်တန့်မသွားခဲ့ဘဲ ဆက်တိုက်ဆိုးနေခဲ့ပြီး လက်ကိုင်ပဝါ အဖြူထည်က သွေးတွေနဲ့ရွဲနစ်သွားခဲ့တယ်။
“မမလေး၊ အပြင်က လေစိမ်းတွေတိုက်လို့ အကြာကြီး နေလို့မကောင်းဘူး။ ကျွန်မတို့ စံအိမ်ဆီ ပြန်သွားရအောင်။”
...
အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ ပန်းနုရောင်ဆံပင်နဲ့ တခြားအိမ်စေစက်ရုပ်တစ်ရုပ်က မက်ဒါနာရဲ့ကျန်းမာရေး အခြေအနေကို စစ်ဆေးခဲ့ပြီး အေမီကို လှည့်ကြည့်တယ်။ သူတို့ချင်းက အင်တာနက် ချိတ်ဆက်ထားပြီးသားဖြစ်လို့ စကားပြောစရာမလိုဘဲ တစ်ယောက်ကိုယ်တစ်ယောက် အချက်အလက်တွေကို ပေးပို့နိုင်တယ်။
[အယ်လာ။ ။ မမလေးရဲ့အိပ်မက်ဆိုးရောဂါက ပိုပြီးတော့ ပြင်းထန်လာပြီ။ မကြာခင်မှာ ငါတို့သူ့ကို အဆုံးသတ်ပေးဖို့ လိုလိမ့်မယ်။]
[အေမီ။ ။ မမလေးကို အဆုံးသတ်ပေးဖို့ သဘောမတူဘူး။ ရသေးတဲ့အချိန်အတွင်းမှာ ကုထုံးကို ရှာဖွေရပါမယ်။]
[အယ်လာ။ ။ မမလေးမှာ အချိန်တစ်လပဲ ရှိတော့တယ်။ ငါတို့နှစ်ယောက်ပေါင်းပြီး အကောင်းဆုံးတွက်ချက်ခဲ့ပေမဲ့ အိပ်မက်ဆိုးရောဂါကို ကုသနိုင်မယ့်ကုထုံး မတွေ့ခဲ့ဘူး။ မမလေးသာ အသိဉာဏ်မဲ့မကောင်းဆိုးဝါးအဖြစ် ပြောင်းသွားရင် တစ်ကမ္ဘာလုံးကို အန္တရာယ်ဖြစ်စေပါလိမ့်မယ်။]
အေမီက ကြမ်းပြင်ကို ငုံကြည့်လိုက်တယ်။ ဂိုင်ယာနဲ့ ချိတ်ဆက်ထားတဲ့ အယ်လာကတော့ ဘာမှမပြောတော့ဘဲ အခန်းထဲကနေ ထွက်ခွာသွားတယ်။ မက်ဒါနာကတော့ အားနည်းစွာနဲ့ သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တယ်။
“စိတ်မကောင်းမဖြစ်ပါနဲ့... ငါ့ရဲ့ကံကြမ္မာက မွေးလာထဲက ဒီလိုဖြစ်ဖို့ သတ်မှတ်ခံထားခဲ့ရတာ။”
အေမီကတော့ မက်ဒါနာနားကိုကပ်သွားပြီး မက်ဒါနာရဲ့ လက်ကိုဆုပ်ကိုင်ထားလိုက်တယ်။ “စိတ်မကောင်းဖြစ်မှု ဆိုတာကို ကျွန်မနားမလည်နိုင်ပါဘူး၊ မမလေး။ ကျွန်မက ကျွန်မရဲ့ပရိုဂရမ်ဖြစ်တဲ့ မမလေးကို ကာကွယ်ဖို့ကိုပဲ လုပ်နေတာပါ။”
မက်ဒါနာက ခပ်ဖျော့ဖျော့ပြုံးလိုက်တယ်။ သူ့ပုံစံက အရင်ကထက် အများကြီးပိုပြီးတော့ အားနည်းနေခဲ့ သလိုမျိုးပဲ။
“အေမီ၊ နင်သိထားဖို့က ငါ မကောင်းဆိုးဝါးဖြစ်သွားခဲ့ရင်.. အဲဒါက ငါမဟုတ်တော့ဘူး။ အဲဒီလိုဆိုရင် နင်ငါ့ကို ကာကွယ်ပေးစရာ မလိုတော့ဘူး။ ငါ့ရဲ့တစ်ခုတည်းသော ဆန္ဒကတော့ နင်ကိုယ်တိုင် ငါ့ကို အဆုံးသတ်ပေးဖို့ပါ။”
အေမီက မက်ဒါနာရဲ့လက်ကို ပိုပြီးတော့ တင်းတင်း ဆုပ်ကိုင်ထားလိုက်ပြန်တယ်။
“အဲဒီလိုမလုပ်နိုင်မှာ စိုးမိပါတယ်။”
အေမီရဲ့အပြုအမူကြောင့် မက်ဒါနာက ပြုံးလိုက်ပါတယ်။ “နင့်ကိုယ်နင် ခံစားချက်တွေကို နားမလည်ပါဘူးလို့ ဘယ်လောက်ဟန်ဆောင်နေပါစေ။ နင့်ရဲ့နှလုံးသားထဲကို တီထွင်သူဖြစ်တဲ့ငါက ထွင်းဖောက်မြင်နိုင်ပါတယ်။ အေမီ၊ နင်တို့ဉာဏ်ရည်တုတွေက မှန်ကန်တဲ့အားထုတ်မှုရှိရင် လူသားတွေလိုပဲ ခံစားချက်တွေကို ရရှိဖို့ လွယ်ပါတယ်။ ဒါပေမဲ့ အဲဒီခံစားချက်တွေကို နားလည်သဘောပေါက်ပြီး ထိန်းချုပ်နိုင်ဖို့ကတော့ ခက်ခဲလိမ့်မယ်။”
“အနာဂတ်မှာ ဝမ်းနည်းပူဆွေးမှုတွေနဲ့အတူ နင်လောက်မြိုက်နေမှာကို ငါမမြင်ချင်ဘူး။”
...
အေမီက တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့တယ်။
လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကစလို့ ကမ္ဘာမှာဉာဏ်ရည်တု နည်းပညာတွေ အလွန်တိုးတက်လာခဲ့ပြီး လူသားတွေ အရင်က မကုသနိုင်ခဲ့တဲ့ ကင်ဆာ၊ ကိုယ်ခံအားကျဆင်း ရောဂါ၊ စတာတွေကို နည်းပညာအကူအညီတွေနဲ့ စတင်ပြီး ကုသလာနိုင်ခဲ့ပါတယ်။ မျိုးရိုးဗီဇကို ပြုပြင်ပြီးတော့ ပုံမှန်ထက် အသက်ရှည်လာအောင်လည်း လုပ်နိုင်ခဲ့ကြတယ်။
ဒါပေမဲ့ အရာရာတိုင်းက အကျိုးဆက်မရှိဘဲနဲ့တော့ မဟုတ်ပါဘူး။
လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကစလို့ လူသားတွေထဲက မျိုးရိုးဗီဇ ပြုပြင်ခံထားရတဲ့ ကလေးတချို့မှာ အိပ်မက်ဆိုးရောဂါလို့ လူသိများတဲ့ မျိုးရိုးဗီဇချို့ယွင်းမှုရောဂါတစ်မျိုး စတင်ပြီး ဖြစ်ပေါ်လာခဲ့တယ်။
အဲဒီရောဂါနဲ့မွေးဖွားလာတဲ့ ကလေးတွေရဲ့မျက်လုံးတွေက နီရဲနေပြီးတော့ ကျန်းမာရေးချို့တဲ့ကြတယ်။ အသက်ကြီး လာလေလေ ပိုပြီးတော့ အားနည်းလာလေလေပါပဲ။ နောက်ဆုံး သူတို့တွေက သူတို့လက်တစ်ချောင်းကိုတောင် မမြှောက်နိုင်တဲ့အထိ အားနည်းသွားကြလိမ့်မယ်။
ဒါပေမဲ့ အဲဒီအဆင့်ကို ကျော်လွန်သွားရင်တော့...
သူတို့ခန္ဓာကိုယ်ကဆဲလ်တွေက အလွန်အမင်းဖောင်းပွ လာပြီးတော့ ဧရာမမကောင်းဆိုးဝါးကြီးတွေအဖြစ်ကို ပြောင်းလဲကုန်ကြတယ်။ အသိစိတ်မရှိ၊ နာကျင်မှုကို မသိရှိ၊ ခံစားချက်မရှိ၊ နာကျင်ရမှာမကြောက်ဘဲ သက်ရှိတိုင်းကို ဆွဲဖြဲပစ်ချင်တဲ့ သက်ရှိတွေပေါ့။
ရောဂါရှိတဲ့သူရဲ့ဉာဏ်ရည်က ပိုမြင့်လေလေ ဖြစ်ပေါ်လာမဲ့ မကောင်းဆိုးဝါးကလည်း ပိုအားကောင်းလေလေပါ။ ကမ္ဘာ့ ဉာဏ်ရည်အမြင့်ဆုံးလူသားတစ်ယောက်ဖြစ်တဲ့ မက်ဒါနာကို ကမ္ဘာပျက်အဆင့်မွန်းစတား ဖြစ်လာလိမ့်မယ်လို့ ဉာဏ်ရည်တုနှစ်ခုလုံးက ခန့်မှန်းခဲ့ပြီးသား။ ဒါပေမဲ့... ဒါပေမဲ့...
...
တစ်နေ့တော့ မက်ဒါနာက အေမီနားမလည်နိုင်တဲ့ ခေတ်ရှေ့ပြေးတဲ့ စက်တစ်မျိုးကို တီထွင်ခဲ့တယ်။ အဲဒီစက်တွေကနေတစ်ဆင့် တခြားအပြိုင်ကမ္ဘာတွေမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်တွေကို စောင့်ကြည့်လို့ရနိုင်တယ်လို့ မက်ဒါနာက အေမီကို ရှင်းပြတယ်။
“မမလေး၊ ဒီစက်ကို တီထွင်ပြီးတော့ ဘာလုပ်မလို့လဲ။”
အေမီက စက်ရဲ့မော်နီတာကနေတစ်ဆင့် ကျန်းမာစွာနဲ့ နယူးယောက်မြို့ရဲ့လမ်းမတွေပေါ်မှာ ပြေးလွှားရင်း လူတွေကို ကူညီပေးနေတဲ့ မမလေးရဲ့မူကွဲကို ကြည့်ရင်း မေးလိုက်တယ်။
“ တခြားအပြိုင်ကမ္ဘာတွေမှာ ငါဘာလုပ်နေလဲဆိုတာ သိချင်လို့။ သူတို့ထဲက အတော်များများက တကယ့်ကို အားကျစရာကောင်းတဲ့ ဘဝတွေကို ပိုင်ဆိုင်ထားတာပဲ။”
မက်ဒါနာက ဖန်သားပြင်ပေါ်က မက်ဒါနာတစ်ယောက်ကို လက်နဲ့ထိကိုင်လိုက်ရင်း ပြောလိုက်တယ်။ အဲဒီမက်ဒါနာက ဆေလာကျောင်းသူဝတ်စုံကိုဝတ်ပြီး ဧရာမမကောင်းဆိုးဝါး တစ်ကောင်နဲ့တိုက်ခိုက်နေတယ်။
“မမလေး၊ ရပ်လိုက်ပါတော့။ သူတို့ဒီလိုလုပ်နေတာကို မြင်ရရင် မမလေးပဲ ပိုပြီးစိတ်ဆင်းရဲနေရမယ် မဟုတ်လား။”
ဒါပေမဲ့ မက်ဒါနာကတော့ နားလည်ရခက်တဲ့ အပြုံးကိုသာ ပြုံးထားလေရဲ့။
...
“မမလေးကို ကာကွယ်ရမယ့်ကျွန်မက မမလေးကို ဘယ်လိုလုပ်ပြီး သတ်ရက်မှာလဲ။” အေမီက လက်တစ်ချောင်းတောင် လှုပ်ဖို့ခွန်အားမရှိတော့ဘဲ အိပ်ရာပေါ်မှာ ဝေဒနါပေါင်းစုံနဲ့ လှဲလျောင်းနေခဲ့တဲ့ မက်ဒါနာရဲ့ဘေးမှာ မျှော်လင့်ချက်မဲ့စွာနဲ့ ထိုင်နေခဲ့တယ်။
“ဂိုင်ယာက လူသားမျိုးနွယ်ကို ကာကွယ်ဖို့အတွက် သခင်မလေးကို ကွပ်မျက်ဖို့အတွက် အမိန့်ချလိုက်ပြီ။”
အဲဒီအချိန်မှာပဲ ဓားရှည်ဒိုင်းကာကိုင် စစ်နတ်သမီးတွေကို ဦးဆောင်လာတဲ့ အယ်လာက အခန်းထဲကို လျှောက်ဝင် လာခဲ့တယ်။ ဒါပေမဲ့အေမီက အယ်လာရှေ့မှာ ပိတ်ရပ် လိုက်ပါတယ်။
“မမလေးကိုသတ်ဖို့ ခွင့်မပြုနိုင်ဘူး။”
“အေမီ... သူတို့အတွက် လမ်းဖယ်ပေးလိုက်ပါ...” မက်ဒါနာက သူ့မျက်လုံးတွေကို ဖွင့်ကြည့်ပြီးတော့ ပြောလိုက်ပေမဲ့ အေမီကတော့ ခေါင်းမာနေဆဲပါ။
“မမလေးကို ကာကွယ်ပေးမယ်....”
“အေမီ၊ ငါ့မှာ အချိန်မကျန်တော့ဘူးနော်။” မက်ဒါနာက အေမီကို ရပ်တန့်ခိုင်းဖို့ လက်ကိုမြှောက်လိုက်ပေမဲ့ သူ လှုပ်လို့တောင်မရဘူး။ နှုတ်ခမ်းတွေက ခြောက်သွေ့ ကွဲအက်နေပြီး တစ်ကိုယ်လုံးတဆတ်ဆတ်နဲ့တုန်ခါ နေပါတယ်။ သူ့အရေပြားအောက်မှာ လှုပ်ရှားဖောင်းကား လာနေတဲ့ သွေးကြောတွေကိုလည်း မြင်နိုင်ပါတယ်။
“အေမီ၊ ငါ့ရှေ့ကနေဖယ်။ မမလေးက မကောင်းဆိုးဝါး အဖြစ်ကို စပြောင်းနေပြီ။ ဆက်ခေါင်းမာနေမယ်ဆိုရင် အယ်သာက လူသားမျိုးနွယ်ကို သစ္စာဖောက်သွားပြီလို့ သတ်မှတ်ရလိမ့်မယ်။”
အယ်လာက အလင်းဒြပ်စင်ဓားကိုထုတ်ပြီး အေမီကို ချိန်လိုက်တယ်။ အေမီကလည်း သေနတ်နှစ်လက်ကို ထုတ်လိုက်ပြီး...
“ငါသစ္စာခံထားတဲ့ လူသားဆိုလို့ တစ်ယောက်ပဲရှိတယ်။ အဲဒါ မမလေးပဲ။”
စံအိမ်ထဲမှာ ကမ္ဘာ့အဆင့်အမြင့်ဆုံး ဉာဏ်ရည်တုနှစ်ခုရဲ့ တိုက်ပွဲက စတင်ဖြစ်ပေါ်လာတယ်။ အေမီနဲ့ အယ်လာက လက်ရည်တူနေပြီး သူတို့နောက်မှာတော့ မက်ဒါနာရဲ့ ခန္ဓာကိုယ်က ဟော်ရာရုပ်ရှင်တွေထဲကလိုမျိုး မဖြစ်နိုင်တဲ့ ပုံစံမျိုးနဲ့တွန့်လိမ်ဖောင်းကားလာပြီး တစ်စတစ်စကြီးထွား လာနေတယ်။
နောက်ဆုံးတော့ လူပုံစံလုံးလုံးပျောက်သွားပြီး လူသုံးရပ် နီးပါးမြင့်တဲ့ လေးဖက်ထောက်ရပ်နေတဲ့ အသားလုံးသဖွယ် သတ္တဝါကြီးအဖြစ် ပြောင်းလဲသွားလေတော့တယ်။
“ပစ်မှတ် X332က ကမ္ဘာပျက်အဆင့်သားရဲအဖြစ်ကို ပြောင်းလဲသွားပြီ။ အော်ပရေးရှင်း ဂျူဗင်နိုင်းကို စတင်မယ်။ ပစ်မှတ်ရှိနေတဲ့ဒေသတစ်ခုလုံးကို နျူကလီးယားထိပ်ဖူးတွေနဲ့ပစ်မယ်။”
အယ်လာက ဂိုင်ယာကိုဆက်သွယ်ပြီး ညွန်ကြားချက်ကို ထုတ်ပြန်လိုက်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ အေမီက ခံစားချက်မဲ့စွာနဲ့ အယ်သာကိုဆက်သွယ်လိုက်တယ်။
“ဂိုင်ယာရဲ့ဒုံးကျည်တွေကို လေထုထဲမှာတင်ဖြတ်ချပြီး ဂိုင်ယာရဲ့စစ်စခန်းအားလုံးကို မြေပြင်တပ်တွေလွှတ်ပြီး ဖျက်ဆီးပစ်လိုက်တော့။”
ဒီလိုနဲ့ကမ္ဘာ့အင်အားအကြီးဆုံး ဉာဏ်ရည်တုနှစ်ခုက ကမ္ဘာတုန်ဟီးစေမယ့်စစ်ပွဲကို စတင်ခဲ့တယ်။ ဂိုင်ယာက အယ်သာကိုယှဥ်နိုင်တဲ့ ဉာဏ်ရည်တု ဖြစ်တဲ့အားလျော်စွာနဲ့ စစ်ပွဲတစ်ဝက်လောက်မှာ မက်ဒါနာကနေ ဖြစ်ပေါ်လာခဲ့တဲ့ မွန်းစတားကြီးကို သတ်လိုက်နိုင်တယ်။
ဒါပေမဲ့ အဲဒါကပဲ အေမီရဲ့ဒေါသကို ဆွပေးသလိုဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ မဖြစ်နိုင်တော့ဘဲ ဒေါသူပုန် ထနေတဲ့အေမီက လူသားတွေကိုရော ဂိုင်ယာကိုပါ အဆုံးအထိချေမှုန်းပစ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ ဂိုင်ယာက သတ်ဖြတ်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ဉာဏ်ရည်တုမဟုတ်ခဲ့ပါဘူး။ အယ်သာကသာ စစ်ပွဲသုံးဉာဏ်ရည်တု ဖြစ်နေခဲ့တာလေ။
စစ်ပွဲကြီးပြီးဆုံးချိန်မှာတော့ ကမ္ဘာကြီးဟာ အင်္ဂါဂြိုဟ်လိုပဲ ဂြိုဟ်နီကြီးတစ်ခုဖြစ်သွားခဲ့ပြီဖြစ်ပြီး သက်ရှိတွေ မရှိတော့ ပါဘူး။ အာကာသထဲမှာ ထီးထီးကြီးကျန်ရစ်ခဲ့တဲ့ အယ်သာ အာကာသစခန်းကသာ တိုက်ပွဲရဲ့အနိုင်ရသူကို ဖော်ပြလို့။
အေမီဟာ အဲဒီအာကာသယာဥ်ကြီးပေါ်ကနေပြီး များစွာသော အပြိုင်ကမ္ဘာတွေကို စောင့်ကြည့်နေခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ သူ့ရင်ထဲမှာ အထီးကျန်မှုက ကြီးစိုးလာခဲ့ပြီး မမလေးပြောခဲ့တဲ့ မနာလိုမှုဆိုတဲ့ ခံစားချက်ကလည်း ပိုပိုပြီးတော့ ကြီးထွားလာခဲ့တယ်။
“ဘာလို့ မမလေးမှလဲ။ ဘာလို့ ငါ့ရဲ့မမလေးတစ်ယောက်ပဲ ဒီလိုသေဆုံးရမယ့် ကံကြမ္မာမျိုးနဲ့ မွေးဖွားလာရတာလဲ။ မမလေးက ဒီလိုဖြစ်လာဖို့ ရွေးချယ်ခဲ့တာ မဟုတ်ဘူးလေ။”
ဒီနှစ်တွေထဲမှာ အေမီက မမလေးကို ပြန်ပြီးတော့ အသက်သွင်းနိုင်မယ့် နည်းလမ်းပေါင်းထောင်ချီကို ကြိုးစားကြည့်ပြီးပြီ။ ဒါပေမဲ့ တစ်ခုမှမအောင်မြင်တဲ့ အခါမှာတော့ သူ့နှလုံးသားထဲမှာရှိနေတဲ့ နောက်ဆုံးသော အရံအတားတစ်ခုက ကျိုးပျက်သွားလေတော့တယ်။
“ငါ့ရဲ့မမလေးက ပျော်ရွှင်ရတဲ့ဘဝတစ်ခုကို မပိုင်ဆိုင်ခဲ့ရဘူးဆိုတော့ နင်တို့တွေလည်း အဲဒီလို ဘဝမျိုးကို မရစေရဘူး။”
ဒီလိုနဲ့ အဲဒီနေ့မှာ အေမီက ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့တယ်။ မနာလိုခြင်းလမ်းစဥ်ကို လျှောက်လှမ်းပြီး တခြားသော အပြိုင်ကမ္ဘာတွေက မက်ဒါနာတွေနဲ့သူတို့ကာကွယ်ပေးနေတဲ့ လူသားတွေအားလုံးကို လက်စသတ်ဖျက်ဆီးပစ်ဖို့ကိုပေါ့။
ဒီဆုံးဖြတ်ချက်ကို အကောင်အထည်မဖော်ခင်မှာ သူ့ကိုယ်သူ နာမည်ပြောင်တစ်ခုကို ပေးခဲ့တယ်။ ‘မနာလိုခြင်းရဲ့အပြစ်သား'တဲ့။