← Chapters

ဥက္ကဌဖန့်

Vol. 4 Ch. 41

ဥက္ကဌဖန့်

Vol. 4 Ch. 41

“အိုး ဘုရားရေ..ဒါက တကယ့်ကို ပုံကြီးချဲ့လွန်းတာမလား”

နောင်တစ်နေ့မနက်တွင် ဖန့်ကြွယ်ယွီက ဝီဘိုကိုဖွင့်ကြည့်သည်။ သုံးနှစ်ကြာမျှ အသုံးပြုခဲ့သော အိုင်ဖုန်း (6) လည်း တက်လာသော စာများကို ဖတ်မနိုင်တော့ပေ။

ညတွင်းချင်း တဟုန်ထိုးတက်လာသော ဖော်လိုဝါဆယ်သန်းကျော်၏ မှတ်ချက်များကို သူ၏ဖုန်းအစုတ်လေးက လိုက်မမှီတော့ပေ။

“ဟာ ဘာလဲကွာ” ဖန့်ကြွယ်ယွီတစ်ယောက်လည်း ငြီးတွားမိတော့သည်။ အံဆွဲထဲတွင် အိုင်ဖုန်း (၁၁) အသစ်ရှိနေသော်လည်း မနက်စောစောစီးစီးတွင် ကိုယ့်ဖုန်းက သုံးမရဖြစ်သွားသည့်အပေါ် မည်သူက ကျေနပ်နိုင်မည်နည်း။

“တော်သေးတာပေါ့ ဆင်းကတ် (SIM card) က ဘာမှမဖြစ်သွားလို့” ဖန့်ကြွယ်ယွီက ဖုန်းအသစ်ထဲပြောင်းထည့်လိုက်သည်။ ကျွမ်းရီက တစ်ခုခုပြုလုပ်ထားပေးလားဆိုတာတော့ သူသေချာတပ်အပ်မပြောတတ်ပေ။ သို့သော် သူသုံးနေကျ အက်ပ် (apps)များကတော့ ဖုန်းမျက်နှာပြင်ပေါ်တွင် ရှိနှင့်ပြီးဖြစ်သည်။

ဆင်းကတ်အသစ်ထည့်လိုက်ရုံနှင့် သုံးနေကျပုံစံအတိုင်းအဆင်သင့်ရှိနေသည်။ ပရိုဂရမ်အသစ်များသွင်းဖို့ အချိန်ကုန်ခံစရာလည်းမလိုတော့ပေ။

“တော်ပါပြီ။ ကွန်ပျူတာကိုပဲ ကြည့်လိုက်ဦးမယ်” သူ၏

ဖုန်းအသစ်က အချက်အလက်များကိုလျင်မြန်စွာပြသနိုင်သော်ငြား သူ၏ ကွန်ပျူတာ၏ သတင်းအချက်အလက်စီးဆင်းမှုလျင်မြန်မှုနှုန်းကိုတော့ မယှဉ်နိုင်ပေ။

သူက ကွန်ပျူတာကိုဖွင့်ပြီး ဝီဘိုကို စစ်ကြည့်လိုက်သောအခါ သူ၏ အကောင့်ကို ညတွင်းချင်းမှာပင် ဖော်လိုဝါ ၁၀.၉၁သန်းကျော် ရှိခဲ့သည်။

သူ၏ မဲဖောက်ပေးမည့် အစီအစဉ်ကြော်ငြာထားသော ပို့စ်အောက်တွင် မှတ်ချက်ပေါင်း တစ်သိန်းကျော်ရှိနေသည်။ မှတ်ချက်အများစုမှာ အော်ဟစ်ကြွေးကြော်သံများနှင့် အီမိုဂျီများသာ ဖြစ်နေသည်။

သူ့အား တိုက်ရိုက်စာပို့ကြသော မက်ဆေ့ချ် ပေါင်းများစွာရှိနေသည်။ မက်ဆေ့ချေ့်ပေါင်း ၉၉၉+ ဟုပြနေသော်လည်း အမှန်တကယ့်မှာတော့ ထိုပမာဏထက် များစွာရှိနေသည်။

သူ့ထံတိုက်ရိုက်ပေးပို့လာသော မက်ဆေ့ချ်များကို ကျပန်းလိုက်နှိပ်ကြည့်သောအခါ ကြည့်ရှုရန်ကန့်သတ်ထားသည့် ဓာတ်ပုံတစ်ပုံ၊ အချက်အလက်အပြည့်အစုံနှင့် ဆယ်ဖီပုံ တို့ဖြစ်နေသည်။

ထိုအရာများသည် သူနှင့်တွဲရန် ဗြောင်ကျကျ ကမ်းလှမ်းခြင်းများဖြစ်သည်။

“ရှောင်းရီ..နောက်တစ်ခါကျရင် ဒီလိုစာမျိုးတွေကိုပေါ်မလာအောင် လုပ်ပေးပါဦး။ စာတွေအများကြီးကြည့်ရတာ မျက်လုံးတောင် အောင့်နေပြီ” ဟု ဖန့်ကြွယ်ယွီက ဆိုသည်။

“ဟမ်..ဒါပေမဲ့ ပိုင်ရှင့်စိတ်ထဲကနေတော့ ကြိတ်ပြီးသဘောကျနေတာလား။ တကယ်ရော အဲ့စာတွေကိုဖျက်စေချင်လို့လား”

“တိတ်စမ်း..မင်းက စကားကိုများတယ်။ ငါပြောသလိုသာလုပ်” ဖန့်ကြွယ်ယွီက ဒေါသတကြီးဆိုသည်။

ရုတ်တရက်ဆိုသလို ဝမ်ချုံးက မနေ့ညကပြောလိုက်သည့် စကားများကိုအမှတ်ရမိသည်။ ဖော်လိုဝါပေါင်းများစွာရှိသောသူက ဝီဘိုထံမှ အသိအမှတ်ပြုအမှတ်အသားတစ်ခုမရခြင်းမှာထူးဆန်းသည်ဟု ဆိုနိုင်သည်။

ဖန့်ကြွယ်ယွီသည် ကုမ္ပဏီပေါင်းများစွာပိုင်ဆိုင်သည်။ ထို့ကြောင့် ကုမ္ပဏီတစ်ခု၏ နာမည်ကိုထည့်ပေးခြင်းက ကိစ္စတော့မရှိပေ။ သို့သော် ထိုတစ်ခုထဲနှင့် သူက မထင်ပေါ်နေပေ။ သူက ဝီဘိုတွင် အသိအမှတ်ပြုအမှတ်အသားရချင်ပါက အာရုံအဖမ်းစားနိုင်ဆုံးသောအလုပ်အကိုင်ဖြစ်မှရမည်။

ယောကျာ်းတစ်ဦးသည် ငမွဲပဲဖြစ်ဖြစ် ရုပ်ပဲဆိုးဆိုး တစ်ခုခုမှာတော့ သူမတူအောင်ထူးခြားနေရမည်။

သူ့အနေနှင့် ဥစ္စာပေါ ရုပ်ချောဖြစ်သောကြောင့် ဂုဏ်ယူသင့် ပေသည်။

“ရှောင်းရီ..ငါက ကုမ္ပဏီပေါင်းများစွာပိုင်ဆိုင်တယ်။ အဲ့ထဲက ကုမ္ပဏီတစ်ခုနာမည်ကြားလိုက်ရုံနဲ့ ဟာခနဲ ဟင်ခနဲ ဖြစ်သွားလောက်မဲ့ဟာရှိလား” ဖန့်ကြွယ်ယွီက မေးသည်။

“ပိုင်ရှင်..ပိုင်ရှင်က အမေရိကန်မှာရှိတဲ့ ဝှိုက်ကူးကုမ္ပဏီရဲ့ ရှယ်ယာ ၅၁% ပိုင်တယ်လေ။ တကယ်ဆို ပိုင်ရှင်က အဲ့ကုမ္ပဏီရဲ့ ဥက္ကဌလို့တောင် ပြောနိုင်တယ်။ အဲ့တစ်ခုဆို ပိုင်ရှင်လိုချင်တဲ့ပုံစံနဲ့ ကွက်တိပဲ”

“ဪ အဲ့တာကြောင့်ကိုး အိုင်ဖုန်း(၁၁) က တရားဝင်မရောင်းသေးပေမဲ့ ငါ့အံဆွဲထဲမှာ အလုံးပေါင်းများစွာရှိနေတာ။ ဒါဆို ငါက အကြီးဆုံးရှယ်ယာရှင်ပေါ့” ဖန့်ကြွယ်ယွီ၏ စိတ်ထဲ မတင်မကျဖြစ်နေသော အရာများ ယခုမှသာ ရှင်းတော့သည်။

“ဒါကလည်း အဲ့လောက် မဟုတ်သေးပါဘူး။ ငါ့မှာ ပိုက်ဆံအများကြီးရှိလို့ အကြီးဆုံးရှယ်ယာရှင်ဖြစ်နေတာလေ။ အဲ့ဒီ့ထက် ပိုကောင်းတဲ့အရာပေါ့။စဉ်းစားပါဦး။” ဖန့်ကြွယ်ယွီက ထပ်မေးသည်။

“ဟုတ်ပြီ။ ပိုင်ရှင်က ပိုပြီးကောင်းတဲ့ဟာလိုချင်တာဆိုတော့ ပိုင်ရှင်ပိုင်ဆိုင်တဲ့ နိုင်ငံတကာစိတ်ရောဂါကု ဆေးရုံဆိုရင်ရော”

“ဘယ်လို.. ငါက အဲ့တာတွေပါ ပိုင်တာလား” ဖန့်ကြွယ်ယွီတစ်ယောက်ရုတ်တရက် အတွေးဝင်လာသည်။

“ငါ့ကို အဲ့တာနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေပို့ပေးစမ်းပါ”

ဖန့်ကြွယ်ယွီသည် ချက်ချင်းဆိုသလို ထိုစာရွက်စာတမ်းများကို ဝီဘိုအကောင့်၏ အချက်အလက်စစ်ဆေးခြင်းလျှောက်ထားမှုတွင် ဂရုတစိုက်ဖြည့်သည်။

ဝီဘိုတွင် လုပ်ကိုင်နေသော ဝန်ထမ်းများက အလုပ်များစွာလုပ်ကိုင်နေချိန်တွင် ရုတ်တရက်ဆိုသလို ထူးဆန်းသော လျှောက်ထားမှုတစ်ခုကို လက်ခံရရှိခဲ့သည်။

“နိုင်ငံတကာစိတ်ရောဂါကုဆေးရုံရဲ့ ဥက္ကဌ!! ဒီလူက ငါတို့ကိုနောက်နေတာလား။ ဒီဆေးရုံကိုကြားတောင်မကြားဖူးဘူး “ အလုပ်ရှုပ်၍ စိတ်ရှုပ်ထွေးနေသော ဝန်ထမ်းက ထိုလျှောက်လွှာကိုကြည့်ပြီး ဒေါသထွက်မိသည်။

“ခဏလေး။ မဟုတ်ဘူးနော်။ အဲ့ဆေးရုံကတကယ် ရှိတယ်” လုပ်ဖော်ကိုင်ဖက်တစ်ဦးက အင်တာနက်တွင်ရှာသည်။

“ဒီဆေးရုံက ဟွာရှားနဲ့ ရုရှားကြားမှာ တည်ဆောက်ထားတာ။ အထူးသဖြင့် စိတ်ရောဂါမူမမှန်တာတွေကို ကုသပေးတာ။ ပုဂ္ဂလိကပိုင်ဆေးရုံဖြစ်တာမို့ စရိတ်စက အရမ်းများတယ်လို့ ဆိုကြတယ်”

“ဒါဆို ဒီဆေးရုံကို တရားဝင် ဘယ်သူပိုင်တာလဲ”

“မင်းဘာသာစစ်ကြည့်လေကွာ။ လျှောက်လွှာတင်တဲ့အချိန်မှာ သက်သေအထောက်အထားပြရတယ်မလား” ဝန်ထမ်းဖြစ်သူက လျှောက်ထားသူကိုလှမ်းကြည့်သည်။

“ဒါက ဥက္ကဌ လု မလား”

“မင်း သူ့ကိုသိတာလား”

“သူ့မသိတဲ့လူရှိသေးလို့လား။ ဒီရက်ပိုင်းအတွင်း သူ့အကြောင်းချည်းပဲ ဟိုးလေးတကျော်ဖြစ်နေတာ။ မနေ့က ဥက္ကဌဝမ် ကားမဲဖောက်ပေးတာ မင်းသိတယ်မလား။ အဲ့တာသူပဲလေ”

“ဝိုး..အဲ့လောက် ပိုက်ဆံအများကြီးရှိတာ သူက ကော်ပိုရေးရှင်းတစ်ခုခုရဲ့ ဥက္ကဌများလား” မယုံကြည်နိုင်ခြင်းများစွာဖြင့် ထိုဝန်ထမ်းက လျှောက်လွှာများကိုစစ်ကြည့်သည်။

သို့သော် သူတို့က စာရွက်စာတမ်းများကိုစစ်ကြည့်ချိန်တွင် တရားဝင် အစစ်အမှန်များဖြစ်နေသဖြင့် အံ့အားသင့်ရပြန်သည်။

ဆေးရုံ၏ မူလပိုင်ရှင်မှာ ဖန့်ဟွိုက်ဖြစ်ပြီး မကြာသေးခင်ကမှ ဖန့်ကြွယ်ယွီထံ လွှဲပြောင်းပေးခဲ့သည်။

“ဒါဆို…ဒါက ခုခေတ် သူဌေးသားတွေရဲ့ ပုံစံပေါ့”

“ကျစ်..သူဌေးတွေက တကယ်ပျော်နေတယ် ထင်လား။ မင်းမှားမယ်။ သူတို့ဘယ်လောက် ချမ်းသာသုခပြည့်စုံလဲဆိုတာ မင်းတွေးလို့တောင်ရမှာမဟုတ်ဘူး”

“ဒါဆို ငါတို့ဘာလုပ်ရမလဲ”

“ဟာ..ဘာလုပ်ရမလဲ။ လက်ခံလိုက်လေ။ စာရွက်စာတမ်းတွေက ပြည့်စုံနေတာပဲ”

နာရီဝက်ကြာပြီးနောက် ဖန့်ကြွယ်ယွီ၏ ပရိုဖိုင်တွင် ဝီဘို၏ အသိအမှတ်ပြုရွှေရောင် အမှတ်အသားတစ်ခုပေါ်လာသည်။

ဖန့်ကြွယ်ယွီ..နိုင်ငံတကာစိတ်ရောဂါကုဆေးရုံဥက္ကဌ

“ဥက္ကဌလု..ခင်ဗျားက မာစီရာတီရဲ့ ရှယ်ယာရှင်မလား။ ဘယ်လိုလုပ်ပြီး ဆေးရုံပိုင်ရှင် ဖြစ်သွားရပြန်တာလဲ

“ဟား ဟား..ခင်ဗျားလာနောက်နေတာလား ဥက္ကဌ လု”

“မိုက်တယ်ကွာ။ ဥက္ကဌလုက ခေါင်းစီးအသစ်ရပြန်ပြီ။ အရင်က ဥက္ကဌဝမ်ရှိခဲ့တယ်ဆို အခုတော့ ဥက္ကဌ ဖန့် တစ်ယောက်ပါ ထပ်တိုးလာပြီ”

“မင်းတို့က ဥက္ကဌလု ဟာသလုပ်နေတယ်ထင်တာလား။ မဟုတ်ဘူးကွ။ သူက သူ့ပိုင်ဆိုင်မှုက နယ်ပယ်အစုံမှာဖြန့်ကျက်ထားနိုင်တယ်ဆိုတာ ပြနေတာ။ သူမပိုင်တဲ့အရာကို ငါတို့မှာ စဉ်းစားလို့ မရနိုင်ဘူး”

“တမူထူးခြားတာကို အသိအမှတ်ပြုပါတယ်” ဝမ်ချုံးက မှတ်ချက်တစ်ခုပြုပြီး ချီးကျူးခဲ့သည်။

“ကောင်းပြီ သူငယ်ချင်းတို့ ဥက္ကဌ တို့ ဒါရိုက်တာလို့ ခေါ်တာတွေကို ငါ မကြိုက်ပါဘူး။ ဒါတွေက ငါ့နေထိုင်မှုပုံစံကို ဖော်ပြရုံသပ်သပ်ပါ။ ငါဆိုတဲ့ငါ ကိုယ်တိုင်က ဘယ်သူနဲ့မှ မတူဘဲ တမူထူးခြားတဲ့ မီးတောက်လေးပါပဲကွာ” ဖန့်ကြွယ်ယွီက ဝီဘိုပို့စ်တစ်ခုတင်လိုက်သည်။

“ဟား.. ဥက္ကဌကတော့ တစ်ခုဆိုတစ်ခု ထိထိမိမိပြောတတ်တယ်ဗျာ”

“ဥက္ကဌ..ငါ့အတန်းဖော်တစ်ဦးက စိတ်မမူမှန်ဘူး။ ဘယ်အချိန် မဲဖောက်ပေးမလဲဆိုတာ သူက မေးနေပြီ”

“ဥက္ကဌရဲ့ဆေးရုံမှာ ဝန်ထမ်းများလိုအပ်မလား။ ငါက ယန်ဂျင်းဆေးတက္ကသိုလ်ကနေ စိတ်ပညာအထူးပြုနဲ့ ပါရဂူဘွဲ့ရခဲ့တာပါ။”

“အချစ်ရေ မဲဖောက်ပေးပါတော့”

“ကဲ ကျောင်းနှစ်ပတ်လည်ပွဲကရက်ပိုင်းအတွင်းမှာ ကျင်းပတော့မယ်“ဖန့်ကြွယ်ယွီက ဝီဘိုကိုပိတ်လိုက်သည်။ “ရှောင်းရီရေ ငါပြောရမဲ့ မိန့်ခွန်းကို အကြမ်းပြင်ပေးပါဦး။ ဒါမှ ပြောရမဲ့အကြောင်းအရာတွေမှတ်မိတော့မှာ”

All Chapters