← Chapters

လျှို့ဝှက်နည်း

Vol. 4 Ch. 42

လျှို့ဝှက်နည်း

Vol. 4 Ch. 42

“ဟာကွာ..ဒီဂိမ်းက ပျင်းစရာကောင်းလိုက်တာ။ အမြဲနိုင်နေတာ”

ဖန့်ကြွယ်ယွီက ငြီးတွားရင်း မိုဘိုင်းဂိမ်းကို ပိတ်လိုက်သည်။

မိုဘိုင်းဂိမ်းများသည် ကွန်ပျူတာဂိမ်းများလောက် စက်ပစ္စည်းကိရိယာမလိုအပ်သော်လည်း ပိုက်ဆံကုန်စေသည့်အချက်ကတော့အတူတူပင်ဖြစ်သည်။ ပိုက်ဆံအကုန်အကျများစေခြင်းက ဂိမ်းများ၏ အားနည်းချက်ဖြစ်သည်။

ဖန့်ကြွယ်ယွီသည် မိုဘိုင်းဂိမ်းများစွာကစားဖူးသည်။ သို့သော် သူအများဆုံးသုံးဖူးသော ပမာဏမှာ ခြောက်ဒေါ်လာမျှသာဖြစ်သည်။

ယခုတော့ သူသည် VIPဖြစ်တာမို့ ၆၄၈ဒေါ်လာပမာဏကို အသာလေးသုံးနိုင်သည်။

ဖန့်ကြွယ်ယွီသည် နေ့လည်ခင်းမှာပင် ပိုက်ဆံ သိန်းနှင့်ချီပြီး ဂိမ်းအတွက် အသုံးပြုပြီးဖြစ်သည်။ သူ၏ အဆက်မပြတ်တိုးနေသော ပိုက်ဆံကိုကုန်အောင်သုံးနိုင်ရန် အလို့ငှါ ဒီ့ထပ်ပိုပြီး ဂိမ်းအတွက် အသုံးပြုရပေဦးမည်။

ဂိမ်းဆော့နေရင်းနှင့် သူ ပျင်းလာသည်။

သူပျင်းလာသောအခါ သူ၏အခန်းဖော်ဖြစ်သူ ချန်ခိုင် ဆီမှ ဖုန်းဝင်လာသည်။ ချန်ခိုင်သည် ဂိမ်းကုမ္ပဏီတည်ထောင်ခြင်းကိစ္စရပ်များနှင့် ပတ်သက်ပြီး အလုပ်ရှုပ်နေသော်လည်း သူ့ထံဖုန်းခေါ်ဖို့ အချိန်ရှိသေးပုံရသည်။

သူက ပိုက်ဆံလိုလို့များလား.!

“ဟဲလို..သူဌေးချန် ငါ့ကိုဖုန်းတွေဘာတွေခေါ်နေပါ့လား သူဌေးချန်မှာ ဖုန်းခေါ်ဖို့ အချိန်ရှိသေးတယ်ပေါ့” ဖန့်ကြွယ်ယွီက စနောက်သည်။

“ငါ့ကောင်ကြီး..အင်တာနက်မှာ နာမည်ကြီးနေတဲ့ သူဌေးကြီးက မင်းလား” ချန်ခိုင်လည်းသူ့ကို ပြန်ပြီး စနောက်သည်။

သူတို့လည်း အင်တာနက်ကိုဖွင့်ကြည့်သောအခါ သူဌေးလုဟု ခေါ်သောသူသည် အင်တာနက်တစ်ခွင် နာမည်ကြီးနေသည်။ ထိုလူသည် သူတို့၏ သူငယ်ချင်းကြီးဆိုတာ နောက်မှ သိရသည်။

ဖန့်ကြွယ်ယွီ၏ရုပ်က အနည်းငယ်ပြောင်းလဲသွားသည်ကို မည်သူမှ မသိကြပေ။ သို့သော် ဖန့်ကြွယ်ယွီနှင့် သိပ်မကြာသေးခင်မှ နေ့လည်စာ အတူတူစားခဲ့သော ချန်ခိုင်က သူဆိုတာ မှတ်မိသည်။

ထွက်ပေါ်လာသော ဓာတ်ပုံက အနည်းငယ်ဝေဝါးနေသော်လည်း ဖန့်ကြွယ်ယွီ၏ ပုံပန်းသွင်ပြင်များ မြင်နေရသည်။

အစတုန်းက ချန်ခိုင်လည်း ဇဝေဇဝါဖြစ်နေသေးသည်။ သို့သော် သူဌေးလုက ဝီဘိုမှာ ကိုယ်ထင်ပြသောအခါမှ ဖန့်ကြွယ်ယွီမှန်း သေချာသိတော့သည်။

“ဟားး..ဟုတ်ပါတယ်။ ကျွန်တော်ပါပဲခင်ဗျာ”

“ဟာ..မိုက်ပါ့ကွာ” အဖြေကိုကြိုသိနေသော်လည်း ဖန့်ကြွယ်ယွီက ဝန်ခံလိုက်သောအခါ ချန်ခိုင်တစ်ယောက် ကြက်သီးမွေးညင်းများပင် ထမိသည်။

ဖန့်ကြွယ်ယွီက အမွေများစွာရသည်ဆိုတာ ချန်ခိုင်သိထားသည်။ သို့သော် ဖန့်ကြွယ်ယွီက သူမည်မျှ ပိုင်ဆိုင်နေမှန်း သေချာမသိဘူးဟု ပြောထားသည်ကိုအမှတ်ရသွားတော့သည်။

ကြည့်ရတာ ဒီကောင် ပုံကြီးချဲ့ပြီး ပြောနေတာမဟုတ်ဘူးပဲ!!

အားလုံးက အံ့ဩတကြီးဖြစ်ရသော ဟယ်လီကော်ပတာသည် အမေရိကန်ပြည်ထောင်စု၏ စစ်ဘက်သုံးရဟတ်ယာဉ်ကို ပြန်လည်ပြုပြင်ထားခြင်းဖြစ်ပြီး အနည်းဆုံး ဒေါ်လာ သန်းတစ်ရာကျော် ကုန်လိမ့်မည်။

မှော်ဝင်မြို့တော်မှာ သူစီးခဲ့သော မာစီရာတီကားသည် ဆယ်သန်းကျော် တန်ကြေးရှိလိမ့်မည်။

ဒါတင်မကသေးဘဲ သူသည် ပြိုင်ကားတစ်စီးကိုမဲဖောက်ပေးဦးမည်။ ကိစ္စအားလုံးကို ခြုံကြည့်ပါက ဖန့်ကြွယ်ယွီ တစ်ယောက် မည်မျှ ချမ်းသာလဲဆိုတာ အတိုင်းသားမြင်နိုင်သည်။

“ဟိုကောင်တွေရော သိလား” ဖန့်ကြွယ်ယွီက မေးသည်။

“ဒါပေါ့ သိတာပေါ့။ မဟုတ်ရင် ဂိမ်းကုမ္ပဏီထောင်ဖို့ လိုအပ်တဲ့ ပိုက်ဆံတွေ ဘယ်ကရတယ်လို့ ထင်မှာလဲ”

“ဒီလို ဘီလီယံနာတစ်ယောက်ရဲ့ အခန်းဖော်အဖြစ်နဲ့ သုံးနှစ်လောက် အတူတူနေခဲ့တာဆိုတော့ ငါတောင်နည်းနည်း မာန်တက်ချင်လာပြီ”

“လျှောက်မပြောနေနဲ့။ မင်း လုပ်ငန်းကိုသာ အာရုံစိုက်စမ်းပါ။ ကုမ္ပဏီရှယ်ယာ ၇၀%ကို ငါပိုင်တာနော်။ ပိုက်ဆံတွေပြန်ဝင်လာအောင် လုပ်ပေးရမှာ မင်းတို့တာဝန်ပဲ”

“ငါ့ကောင်ရေ..မင်းကို အကူအညီတောင်းစရာရှိလို့ ငါဖုန်းခေါ်လိုက်တာ”ချန်ခိုင်က တွေဝေနေသည်။

“ဘာလဲ…ပြောမှာဖြင့် ဒဲ့ပြောကွာ။ ဝေ့ဝိုက်မနေနဲ့ ဟျောင့် ငါတို့က သူငယ်ချင်းတွေပဲဟာ”

“ငါ့ကိစ္စတော့မဟုတ်ဘူး။ ဟိုကောင် တင်းမင်ဟွေ့ကိစ္စ”

“သူဘာဖြစ်လို့လဲ”

“မင်း သူ့ရဲ့ ကောင်မလေး ဖူးကျစ် ကိုမှတ်မိလား။”

“သိတာပေါ့”

တင်းမင်ဟွေ့၏ ကောင်မလေးသည် ကောလိပ်တက်နေသည်။ သူတို့နှစ်ဦးသည် အထက်တန်းကတည်းက တွဲခဲ့ကြသည်။ တင်းမင်ဟွေ့ဆီ ကောင်မလေး လာလည်တုန်းက ထမင်းလိုက်ကျွေးဖူးသည်။

ဖူးကျစ်သည် ချစ်စရာကောင်းသော ကောင်မလေးဖြစ်သည်။ ကောင်မလေးက အရှက်အကြောက်လည်းကြီးပြီး ရည်ရည်မွန်မွန်လေး ဖြစ်သည်။ တင်းမင်ဟွေ့ကို သူမကြည့်သည့်ပုံစံများကိုကြည့်ပြီး အလွန်ချစ်တတ်သော ကောင်မလေးဆိုတာ သိနိုင်သည်။

“ပြောမှာဖြင့်ပြောစမ်းပါကွာ ဘာဖြစ်လို့လဲ” ဖန့်ကြွယ်ယွီက စိတ်မရှည်တော့ပေ။

“သူ့ယောက္ခမကြောင့်ပေါ့” ချန်ခိုင်က သက်ပြင်းချပြီး စကားပြန်ဆက်သည်။ “ မင်းသိတယ်မလား။ ငါတို့ကောင်ကြီးရဲ့ မိဘတွေက စက်ရုံသေးသေးလေးမှာ အလုပ်လုပ်ကြတာလေ။ သူတို့ မိသားစုက အရမ်းမပြေလည်ရှာဘူး။ ရသမျှလေးတွေ ခြစ်ကုပ်စုပြီး သူ့ကို ကောလိပ်ပို့ပေးရတာ”

“ခု ကောင်မလေးက သူ့မိဘတွေနဲ့ မိတ်ဆက်ပေးတော့ အားလုံး အဆင်ပြေပြေပဲ။ ဒါပေမဲ့ ကောင်မလေး မိဘတွေဘက်က ကျန်းနန်မြို့မှာ အိမ်ဝယ်ခိုင်းနေတာ။ မင်းသိတဲ့အတိုင်း ဒီမှာ အိမ်စျေးတွေက ခေါင်ခိုက်နေတာ”

“အဲ့တော့ ဘာဆက်ဖြစ်ကြလဲ”

“ကောင်မလေးမိဘတွေဘက်က သဘောမတူဘူးပေါ့။ သူ့သမီးကို တင်းမင်ဟွေ့ထက် ပိုသာတဲ့ရည်းစားရစေချင်တာ။ ဒါကြောင့်မို့လို့ ကောင်မလေးကို တင်းမင်ဟွေ့နဲ့ လမ်းခွဲခိုင်းတာ။ ဒါပေမဲ့ ခုထိတော့ တွဲနေတုန်းပါပဲ”

“ဟျောင့်ရေ ကမ္ဘာကြီးက အရင်လိုမရိုးရှင်းတော့ဘူး။ အရင်ကဆို လူတစ်ယောက်ကို ချစ်ရင် တွဲကြတယ်။ ပြီး လက်ထက်ကြရော။ ငါ့အဘိုးက အဘွားကို တင်တောင်းတုန်းက နွားတစ်ကောင်နဲ့ပဲလို့ ငါ့အဖေက ပြောပြဖူးတယ်” ထိုစကားကိုကြားရတုန်းက သူ့ဖခင်က အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေသည်ဟု ဖန့်ကြွယ်ယွီ တွေးဖူးသည်။ သူတို့မိသားစု အနေအထားနှင့်ဆို နွားခြံတစ်ခြံမက တင်တောင်းနိုင်သည်။

“ခု ဖူကျစ်ရဲ့ မိဘတွေက သူ့အတွက် ကြင်ဖက်ရှာပေးဖို့ ဘလိုင်းဒိတ် (blind date) တွေ စီစဉ်ပေးနေတာ။ တင်းမင်ဟွေ့က စိတ်ညစ်နေတာပေါ့ကွာ”

“မင်း ကုမ္ပဏီထောင်မဲ့အကြောင်း သူ့မိဘတွေကို မပြောဖူးလား” ဖန့်ကြွယ်ယွီက မေးသည်။

“ပြောဖြစ်တယ်။ ရတဲ့ပိုက်ဆံတွေကို ကုမ္ပဏီထောင်ဖို့ လိုတဲ့နေရာတွေမှာ သုံးတာလေ။ ငါတို့ပိုက်ဆံမှမဟုတ်တာ။ လူငယ်တွေတည်ထောင်တဲ့ကုမ္ပဏီဆိုတော့ ဘယ်လောက်များအောင်မြင်နိုင်မှာလဲလို့ သူ့မိဘတွေက ပြောသေးတာ”

“ဟား ကောင်မလေးမိဘတွေက ဒဲ့တိုးပြောတတ်တာပေါ့” ဖန့်ကြွယ်ယွီက ရယ်မိသည်။

“စကားမစပ် ခုလာမဲ့ သောကြာနေ့ဆို ဖူးကျစ်က ကြင်ဖက်တွေ့ပြီ။ သူသွားတွေ့မဲ့ကောင်က ကုမ္ပဏီကြီးတစ်ခုမှာ အရောင်းမန်နေဂျာ။ ငယ်တော့ငယ်သေးတယ်။ အဲ့ကောင်ကလည်း ဖူးကျစ်ကို နည်းနည်းစိတ်ဝင်စားနေတယ်ဆိုတာ ကြားမိပြီး တင်းမင်ဟွေ့က စိတ်ပူနေတာ”

“ငါ့ကောင်ကြီးကို စိတ်အေးအေးထားဖို့ ပြောလိုက်ပါ။ ငါ့တာဝန်ထားလိုက်။ အဲ့နေ့ကျရင် ဖူးကျစ်နောက်ကို လိုက်သွားလို့ မှာလိုက်ဦး”

ဖန့်ကြွယ်ယွီမှာ အကြံအစည်ရှိသည်။

“မင်းက အဲ့လိုပြောလိုက်မှ ငါစိတ်အေးရတော့တယ်” ဖန့်ကြွယ်ယွီ၏ အစီအစဉ်ကို သူမသိသော်လည်း သူစိတ်ချသွားပြီဖြစ်သည်။

“အိုး..ဒါနဲ့ တစ်ခုရှိသေးတယ်။ ဒါက ငါ့ကိစ္စပါ”

“ဘာတုန်း။ မင်းကောင်မလေးကိုရော သူ့အိမ်က ကြင်ဖော် တွေ့ခိုင်းနေလို့လား”

“ဟာ ပေါက်ပေါက်ရှာရှာကွာ။ ငါက အမြဲ single forever လေ မင်းသိနေတာပဲ။ ဒါပေမဲ့ ကောင်မလေးရဖို့ ကူညီဦး”

“ဘယ်လိုကူညီရမလဲ”

“မင်း ကံစမ်းမဲဖောက်ပေးဖို့ရှိတယ်မလား။ အထူးဆုက လမ်ဘော်ဂနီကားဆို။ ငါ့ကို ပေးလို့မရဘူးလား”

“အဲ့တာနဲ့ ကောင်မလေးရတာနဲ့ ဘာဆိုင်တုန်း”

“ဟာ..ငါ့မှာ ပြိုင်ကားရှိလျှင် ကောင်မလေးရဖို့ မခက်တော့ဘူး။ ငါတို့အခန်းဖော်ဖြစ်တုန်းက မင်းကို ပိုက်ဆံခဏခဏချေးပေးဖူးတယ်။ ပြီးတော့ မင်းဖျားတော့ မိုးရွာကြီးထဲ ငါဆေးဝယ်ပေးဖူးတယ်။ မင်းခု ပြန်ကူညီပေးမယ်ဆို တရားမျှတလား မမျှတဘူးလား”

“ဖြစ်သင့်ပါတယ်။ငါ့မှာ မင်းအတွက် ပိုကောင်းတဲ့ဟာ ရှိတယ် လိုချင်လား”

“လိုချင်တာပေါ့။ မင်းဘာပေးမှာလဲ။ မာစီရာတီ ပြိုင်ကားတော့ မဟုတ်လောက်ပါဘူးနော်။ ဟား။ မင်းကွာ အရမ်းရက်ရောတာပဲ”

“မင်းအတွက် စကားပါးမလို့။ ကားလိုချင်တယ်ဟုတ်လား။ ခွေးချေးပုံတွေ့ရင်နင်းလေ။ ကံတက်လာအောင်ပေါ့။ အဲ့တာမှ မင်းကံစမ်းမဲပေါက်မှာ။ ပိုက်ဆံက ပိုက်ဆံ။ သူငယ်ချင်းက သူငယ်ချင်း သပ်သပ်စီ မတူဘူးကွ။ ဘယ်သူ့မှ ဘက်မလိုက်ဘူး”

All Chapters