ဇာတ်လိုက်မင်းသားက အရမ်းချောတယ်
Vol. 4 Ch. 43
ဖန့်ကြွယ်ယွီသည် ချန်ခိုင်အား မျက်နှာသာမပေးပါ။ သူငယ်ချင်းဖြစ်သောကြောင့် စည်းမျဉ်းစည်းကမ်းအား ဖောက်ဖျက်ပစ်ရမည်မဟုတ်ပေ။ ထို့ပြင် ဖန့်ကြွယ်ယွီ၏ အထောက်အပံ့နှင့် သူတို့၏ အရည်အချင်းပေါင်းစပ်ပါက ချမ်းသာလာမည်ဆိုတာ အချိန်က စကားပြောသွားပေလိမ့်မည်။
“တင်းမင်ဟွေ့ကိစ္စကိုသေချာလေး စီစဉ်ပေးရမယ်”
သူတို့၏ အဆောင်ရှိ လေးယောက်ထဲတွင် တင်းမင်ဟွေ့က အရိုးသားဆုံးဖြစ်သည်။ သို့သော် လူ့အသိုင်းအဝိုင်းထဲတွင် ရိုးသားခြင်းက အမြဲကောင်းသောအရာတစ်ခု မဟုတ်နေပေ။ အများအားဖြင့် ရိုးသားသောလူများက အနိုင်ကျင့်ခံနေရမြဲဖြစ်သည်။
ဖူးကျစ်၏ မိဘများက သူ့သမီးကို လူကုံထံအသိုင်းအဝိုင်းက ကောင်လေးနှင့်မိတ်ဆက်ပေးသည်။ တစ်ဖက်လူက တင်းမင်ဟွေ့၏ ကိုယ့်ကိုကိုယ်ယုံကြည်မှုပျောက်ဆုံးအောင် နည်းလမ်းပေါင်းစုံကြိုးစားမည်ဖြစ်သည်။ ထိုမှသာ တင်းမင်ဟွေ့က ထိုသုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတွင် သူ့ဆန္ဒအလျောက်လက်လျော့သွားလိမ့်မည်။
သို့သော် ဖူးကျစ်အပေါ်ထားရှိသည့် တင်းမင်ဟွေ့၏ စိတ်ဆန္ဒများကို သူအသိဆုံးဖြစ်သည်။
ဖူးကျစ်ကျောင်းကိုအလည်သွားလျှင်တောင်မှ တင်းမင်ဟွေ့က မုန့်ဝယ်ကျွေးဖို့ မတတ်နိုင်ပေ။ တစ်ခါတလေကျလျှင် သူ့အိမ်က ပိုက်ဆံမလွှဲပေးသဖြင့် ဖန့်ကြွယ်ယွီတို့ သူငယ်ချင်းသုံးယောက်က တစ်လှည့်စီကျွေးပေးရသည်။
ဖူးကျစ်ကလည်း မိန်းမကောင်းတစ်ဦး ဖြစ်တာမို့ ဖန့်ကြွယ်ယွီ ကူညီချင်သည်။ကျန်းယွီ နှင့် သူ့ကြား ဖြစ်ပျက်ခဲ့သလိုမျိုး တင်းမင်ဟွေ့တို့ချစ်သူနှစ်ဦးကြား မဖြစ်စေလိုပေ။ တင်းမင်ဟွေ့၏ စိတ်နှင့်ဆို ဤပြသနာကို ရင်မဆိုင်နိုင်ပေ။
“အမရီ ကျွန်တော့်ကိုကူညီပါဦး” ဖန့်ကြွယ်ယွီက ကျွမ်းရီကို ဖုန်းခေါ်ပြီး သူ့အကြံအစည်အသေးစိတ်ကိုရှင်းပြသည်။ ဖူးကျစ်မိဘတွေက တင်းမင်ဟွေ့အခက်တွေ့အောင် ပြုလုပ်ချင်တာမို့ တင်းမင်ဟွေ့ဘက်က ကူညီပြီး သူ့ပြိုင်ဘက်ကိုအလဲထိုးနိုင်အောင် ကူညီရမည်။
မည်သူကမှ သူ့သူငယ်ချင်း၏ ရည်းစားကို မလုစေရဘူး!!!!
“ကောင်းပါပြီ။သခင်လေး ပြောသလို ချက်ချင်းလုပ်လိုက်ပါ့မယ်။ မှာထားသမျှ အရာအားလုံး လာမဲ့ဗုဒ္ဓဟူးနေ့ကျရင် အသင့်ဖြစ်နေစေရပါ့မယ်”
“ကျေးဇူးပါ” ကျွမ်းရီဆီက ထိုစကားကြားရမှသာ သူစိတ်သက်သာရာရခဲ့သည်။ ထိုမှသာ ဖူးကျစ်၏ မိဘများနှင့် ထိုကောင်လေးတို့အားလုံး ပါးစပ်အဟောင်းသားဖြစ်ပြီး ကျန်ခဲ့ကြလိမ့်မည်။
“စကားမစပ်..ရှစ်နာရီတောင်ထိုးတော့မှာပဲ။ မဲဖောက်ပေးရတော့မှာပဲ” ဖန့်ကြွယ်ယွီက ဝီဘိုထဲဝင်လိုက်သည်။ သူ၏ ကံစမ်းမဲဖောက်ပေးမည့် ပို့စ်၏ အောက်တွင် မှတ်ချက်ပေါင်းများစွာရှိသည်။
ဖုန်းအလုံးပေါင်းငါးရာနှင့် ပြိုင်ကားတစ်စီးဆို စုစုပေါင်း ယွမ်ဆယ်သန်းကျော်တန်ကြေးရှိသည်။ လူဆယ်သန်းကျော်လောက်က အထူးဆုကို မျက်စိကျနေသည်။ ထိုအထူးဆုကို ကံထူးသူတစ်ဦးသာ ရနိုင်မည်ဆိုတာ သိသော်လည်း ထိုအထူးဆုကို “ငါများရသွားမလား” ဆိုသောစိတ်နှင့် မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။
ရှစ်နာရီတွင် လူသန်းပေါင်းများစွာက ကွန်ပျူတာရှေ့တွင် အဆင်သင့်ထိုင်စောင့်နေကြသည်။ ဖန့်ကြွယ်ယွီသည် အလိုအလျောက်မဲနှိုက်ပေးသည့်စနစ်ကိုဖွင့်ပြီးနောက် စတင်သည့်ခလုတ်ကို နှိပ်သည်။ မဲပေါက်သည့် လူစာရင်းတွင် ဝီဘိုIDများ တန်းစီပြီးပေါ်လာသည်။
“ယေးး ငါ မဲပေါက်တယ်။ ဟားး” ကောင်လေးတစ်ဦးက ကွန်ပျူတာရှေ့ထိုင်ရင်း အားပါးတရရယ်မောနေသည်။
အိုင်ဖုန်း (၁၁)ပဲပေါက်သော်လည်း လူသန်းပေါင်းများစွာထဲမှ ငါးရာလောက်သာ မဲပေါက်တာမို့ အတော်လေးကံထူးသည်ဟု ဆိုနိုင်သည်။
“ဘာလို့ အဲ့လောက်တောင် ဆူညံနေရတာလဲ။ ပိုက်ဆံများကောက်ရလို့လား” အခန်းအပြင်ဘက်က အမျိုးသမီးတစ်ဦးက ပြန်မေးသည်။
“ဘဝဆိုတာ အနိုင်နှင့် အရှုံး ဒွန်တွဲနေသည်ဟု” ဆိုကြသည်။ ကံထူးသူများက ပျော်တပြုံးပြုံး ဖြစ်နေချိန်တွင် မဲမပေါက်သူများက လက်မှိုင်ကျနေကြသည်။ အရင်ထဲမှ ဘာမှ မမျှော်လင့်ထားသော်လည်း ကံထူးသူများအပေါ် မနာလိုဖြစ်သူများရှိသလို အားကျသူများလည်းရှိသည်။
“ငါကလေ ကံစမ်းမဲပေါင်း ၁၂၇မှာ ဝင်ပါဖူးတယ်။ တစ်ခါမှ မပေါက်ဖူးဘူး။ ငါက တကယ့် လာဘ်ပိတ်နေတာများလား”
“ဟေ့လူရေ အားမငယ်နဲ့။ ခင်ဗျားကမှ ၁၂၇ခေါက်ထဲရှိသေးတာ။ ငါဆို အခေါ်သုံးရာရှိပြီ။ တစ်ခါမှ မပေါက်ဖူးဘူး။ ဘာပြောရမှန်းကို မသိတော့ပါဘူးဗျာ”
“မင်းတို့နှစ်ယောက်လုံးတော်ပါသေးတယ်ကွာ။ ငါဆို အကြိမ်ပေါင်း ၅၀၀ ကျော်ပြီ။ တစ်ခါမှကို မဲမပေါက်ဖူးတာ”
“ဟားဟား..ဖန့်ကြွယ်ယွီရေ ကျွန်မဖုန်းပေါက်ပြီ”
ကောရှင်းယွီက screenshotကိုပို့လိုက်သည်။
“အာ့က ဘာများထူးလို့လဲ။ မင်းအနေအထားနဲ့ဆို အိုင်ဖုန်း (၁၁)မဝယ်နိုင်တာမှ မဟုတ်တာ”
ဖန့်ကြွယ်ယွီက စာပြန်ပို့သည်။
“ဒါပေမဲ့ ဝယ်ရတာနဲ့ မဲပေါက်တာနဲ့ မတူဘူးလေ”
“ဒါက ကျွန်မကံကောင်းလို့ မဲပေါက်တာလေ။ ကြွားလို့မရဘူးလား။ ကျွန်မက လာဘ်ကောင်လေးဆိုတော့ နောက်ဆို ရှင် ဘာပဲမဲဖောက်ပေးဖောက်ပေး ကျွန်မရတော့မှာ”
“အဲ့လိုသာဆို မင်းလိုလာဘ်ကောင်လေးကို ဘေးနားခေါ်ထားရတော့မှာပေါ့”
“ဟား။ ဘယ်သူမှ ခေါ်ထားလို့ မရပါဘူး” သူမသည် ဖန့်ကြွယ်ယွီ၏ ရွှတ်နောက်နောက် စကားများနှင့် အသားကျသွားပုံရသည်။
ကံထူးသူ ၅၀၀ကိုလည်း ကြေညာပြီးဖြစ်သည်။ နောက်ထပ်မဲဖောက်ပေးမှာက လူတိုင်းနီးပါး လိုချင်နေကြသော လမ်ဘော်ဂနီကားဖြစ်သည်။
ကံစမ်းမဲပေါက်သူက ကားမစီးတတ်ဘူးဆိုလျှင်တောင် ထိုကားကိုပြန်ရောင်းပါက အနည်းဆုံး ယွမ်ငါးသန်းနီးပါးရနိုင်သည်။ ထိုမျှ ပမာဏသည် သာမန်လူများအဖို့ တစ်ဘဝလုံးစာကြိုးစားပမ်းစားရှာဖွေထားသေ။ ပမာဏနှင့် ညီမျှသည်။
ယင်းလျန့်လျန့်သည် စာရေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသော အွန်လိုင်းစာရေးသူတစ်ဦးဖြစ်သည်။ မနက် ကိုးနာရီမှ ညဆယ်နာရီထိ နေ့စဉ်သူ၏ အလုပ်ချိန်ဖြစ်သည်။
ကျန်းနန်မြို့လိုကုန်ကျစရိတ်မြင့်မားသောမြို့မှာ နေထိုင်သူဖြစ်တာမို့ သူ၏ မဖြစ်မလောက်လစာလေးက မပိုလျှံပေ။ ထို့ပြင် အိမ်ပိုင်လည်းမရှိသလို ရည်းစားလည်းမရှိပေ။
မကြာသေးခင်က သူသည် ဖန့်ကြွယ်ယွီ၏ ဝီဘိုအကောင့်ကိုရှာတွေ့ခဲ့သည်။ အိမ်မှာနေရင်းစာထိုင်ရေးသော သူ့အဖို့ ဆန်းသစ်သော အကြံဥာဏ်များလိုအပ်နေသည်။
သူ၏ရေးလက်စဝတ္ထုမှာ သူဌေးသားတစ်ဦးအကြောင်းဖြစ်သဖြင့် ဖန့်ကြွယ်ယွီ၏ လက်တလောဖြစ်ရပ်များက သူ့ကို အကြံကောင်း စိတ်ကူးကောင်းများပေးစွမ်းနိုင်သည်။ ထို့ကြောင့် သူ၏ အကောင့်ကို ဖောလိုးလုပ်ထားသူများ တဖြည်းဖြည်း တိုးလာခဲ့သည်။
မနေ့ညက အပျော်သဘောဖြင့် ဖန့်ကြွယ်ယွီ၏ မဲဖောက်ပေးမည့်အစီအစဉ်တွင် ဝင်ရောက်ကံစမ်းခဲ့သည်။ သူက မဲပေါက်ဖို့ မမျှော်လင့်ဘဲ သူ၏ ကံကိုစမ်းသပ်ချင်သောကြောင့် ပါဝင်ခဲ့သည်။
သူထင်ထားသလိုပင် ဖုန်းမဲပေါက်သူ (၅၀၀)ထဲတွင် သူမပါပေ။
သူ့ကိုယ်သူ ကံမကောင်းမှန်း သိသွားသဖြင့် ဝီဘိုကိုပိတ်ပြီး ရေးလက်စစာကိုဆက်ရေးရန် ပြင်နေချိန်တွင် မက်ဆေ့ချ်တစ်စောင် ဝင်လာသည်။
“ဂုဏ်ယူပါတယ်။ ကံထူးသူရေ..ဒီကံစမ်းမဲမှာ လမ်ဘော်ဂနီကားကို မဲပေါက်ပါတယ်။ မဲပေါက်တဲ့ကားကို လက်ခံရယူဖို့ ကျေးဇူးပြုပြီး ဝန်ထမ်းကို ဆက်သွယ်ပေးပါ”
“ဟာ ဘာလဲဟ” ယင်းလျန့်လျန့်က အထူးဆုကို မဲဖောက်ဖို့ တစ်ခါမှ စိတ်မကူးဖူးပေ။
သူ၏ ကံစမ်းမဲနံပါတ်ကို ချက်ချင်းစစ်လိုက်သည်။ ကံစမ်းမဲဖောက်သည့် အစီအစဉ်က မဲပေါက်သည့် ကုတ်နံပါတ်ကို ကြေညာထားပြီးဖြစ်သည်။
“၁၁၅၄၈၇” သူ၏ ကံစမ်းမဲနံပါတ်ကို တစ်ချက်ပြန်ကြည့်သည်။
“၁၁၅၄၈၇..တူတယ် တူတယ်ကွ”
သူ့ကို ဥက္ကာပျံတစ်ခုက ဝင်တိုက်သွားသလိုခံစားရသည်။ လူဆယ်သန်းမှာ တစ်ယောက်သာ ကံထူးနိုင်သော အရာကို သူရရှိခဲ့သည်။ ထိုကားသည် လူအများစု အိပ်မက်တောင်မမက်ဝံ့သော ဒေါ်လာငါးသန်းတန်ကားဖြစ်သည်။
သူက အသက်ရှုကြပ်ပြီး သွေးပေါင်ချိန်တက်လာသည်။ ခေါင်းထဲလည်း မူးနောက်နောက်ဖြစ်လာသည်။ ထိုကဲ့သို့ ကံထူးမှုမျိုးနှင့် ကြုံဖူးသူများကသာ ထိုခံစားချက်ကိုကောင်းမွန်စွာ နားလည်နိုင်မည်။
သူ့အတွက် ကားမဲပေါက်သည်က မယုံကြည်နိုင်သေးပေ။ သူ့ကိုထိုကားပေးလျှင်တောင် သူထိန်းသိမ်းဖို့ မတတ်နိုင်ပေ။
“ဥက္ကဌဖန့်ကို ကားအစား ကားတန်ဖိုးနဲ့ညီမျှတဲ့ ငွေသားပေးဖို့ တောင်းဆိုလိုက်ပါလား”
ယင်းလျန့်လျန့်က အရဲစွန့်ပြီး မက်ဆေ့ချ်ပို့လိုက်သည်။ အကယ်၍ အဆင်မပြေပါက ထိုကားကို ပြန်ရောင်းလိုက်မည်။
“ဟမ် ကားမလိုချင်ဘူး။ ပိုက်ဆံပဲလိုချင်တာ။” ဖန့်ကြွယ်ယွီက မက်ဆေ့ချ်ကိုမြင်သည်။
“ရပါတယ်။ ဘာမှ မကွာတာ။ သူ့ ဘဏ်အကောင့်တောင်းလိုက်လေ။ ခုချက်ချင်းပဲ ပိုက်ဆံလွှဲပေးလိုက်မယ်”
“တကယ်ကြီး” ယင်းလျန့်လျန့်၏ စိတ်လှုပ်ရှားမှုကို ဖော်ပြနိုင်သော စကားလုံးမရှိပေ။ သူက ကတုန်ကရီနှင့် ဘဏ်အကောင့်ကိုပို့ပေးလိုက်သည်။
ငါးမိနစ်အကြာမှာ သူ့ထံ မက်ဆေ့ချ်တစ်စောင်ဝင်လာသည်။ “ xxxဘဏ်ရဲ့ ၂၇၅၄နဲ့ဆုံးတဲ့ အကောင့်ထဲကို ယွမ်ငါးသန်း ဖြည့်ပေးလိုက်ပါပြီ”
“တစ် နှစ် သုံး လေး ငါး ခြောက် —သုညခြောက်လုံး။ တကယ် ငါးသန်းပဲ” သူအိမ်မက်မက်နေသလို ခံစားနေရသည်။
“ငါးသန်းရနေပြီပဲဟာ ငါက ဘာလို့စာဆက်ရေးနေတော့မှာလဲ”
ယင်းလျန့်လျန်က သူ့စာအုပ်ကိုဖွင့်ပြီး “သွေးမြစ်တစ်စင်းရဲ့သံစဉ်”ဝတ္ထုရှည်၏ အခန်းဆက်အသစ်ကိုရေးသည်။
သူ့ကိုယ်သူ မှန်ထဲမှာကြည့်နေရင်း” ငါဘာလို့ ဒီလောက်ကြည့်ကောင်းရတာလဲ” ဟု တွေးမိသည်။