← Chapters

ကျန်းရီ

Vol. 4 Ch. 44

ကျန်းရီ

Vol. 4 Ch. 44

နောက်ဆုံးတော့ ကျောင်းနှစ်ပတ်လည်ပွဲနေ့ရောက်ရှိလာခဲ့သည်။ ပွဲက မနက်ရှစ်နာရီခွဲ စတင်မည့်အကြောင်းကို ကျူးမင်က သူ့အားဖုန်းဆက်ပြောသည်။ ကျောင်းရှိ ဆရာ/မများနှင့် ကျောင်းသူ/သား များ အားလုံးလည်း ကျောင်း၏ နှစ် (၇၀) ပြည့်ပွဲကို ဆင်နွှဲရန် ပွဲခင်းထဲရောက်နေကြမည်။

ဟိုင်ဟွားမြို့သည် ကျန်းနန်မြို့မှ နှစ်နာရီကျော် ကားမောင်းသွားလျှင် ရောက်နိုင်သော မြို့ဖြစ်သည်။ ဖန့်ကြွယ်ယွီက မနက်စောစောထပြီး လေ့ကျင့်ခန်းလုပ်သည်။ သူက ပုံမှန်ထက် အိပ်ချိန်နည်းနည်းသာ လိုအပ်သည်။ သူက ဆယ်နာရီထိ အိပ်တာ အကျင့်ပါနေသော်လည်း ယခုတော့ ခြောက်နာရီလောက်ထိ အိပ်စက်ခြင်းက ပုံမှန်ဖြစ်နေသည်။

သူက ဝတ်စုံလဲလိုက်သည်။ မှန်ထဲမှာပေါ်နေသော သူ့ပုံသည် အလွန်တရာ ခံ့ညားပြီး ယခင်ကထက် ပိုမိုပြီး ဆွဲဆောင်မှုရှိနေသည်။

ကျောင်းပွဲမှာ သူ၏ သူငယ်ချင်းများက သူ့ကို မှတ်မိကြလိမ့်မည်မဟုတ်ပေ။

ထိုအရာကိုတွေးမိသောအခါ ကလေးမျက်နှာနှင့် ဆံပင်ဘေးခွဲပုံစံရှိသောမျက်နှာတစ်ခုက သူ့အတွေးထဲပေါ်လာသည်။ သူတို့ မဆုံဖြစ်ကြသည်မှာ သုံးနှစ်ရှိပြီဖြစ်သည်။ သူ၏ အချစ်ဦးဟု ခေါ်သော ထိုမိန်းကလေး ယခုဆို ဘာတွေများ လုပ်နေမလဲဟု တွေးမိသည်။

“ဟေး ဖန့်ကြွယ်ယွီ နင်ဘယ်မှာလဲ။ ငါတို့အတူတူသွားကြမလား။ ငါ နင့်ကိုလာခေါ်မယ်”

ခြောက်နှစ်အရွယ်ထဲက သူနှင့် ကျန်းရီတို့ ခင်မင်ခဲ့ကြသည်။ သူတို့အိမ်တွေကလည်း တစ်လမ်းကျော်သာခြားသဖြင့် ကလေးဘဝကတည်းက နေ့တိုင်းလိုလို ကျောင်းအတူသွားကြသည်။

“အို..ငါ နင့်ကိုပြောဖို့မေ့နေတာ။ ငါ ကျန်းနန်တက္ကသိုလ်နားက ကျန်းနန်မြို့ကိုပြောင်းသွားပြီ”

ထိုကိစ္စကို ကျန်းရီအား မပြောပြရသေးပေ။ အကယ်၍ ဒီသတင်းကို အခြားတစ်ယောက်ဆီက ကျန်းရီ သိရပါက သူ့ကို သတ်လိမ့်မည်။

“ဝိုး ဖန့်ကြွယ်ယွီ နင်အတော်သတ္တိရှိနေပါ့လား။ အိမ်ပြောင်းတာတောင် ငါ့ကို ပြောမသွားဘူး”သူထင်ထားသလိုပင် ကျန်းရီက ဖုန်းထဲက အော်နေသည်။

“နင်က အခု ချမ်းသာသွားပြီဆိုတော့ မာန်တက်သွားတာလား။ ဆယ်နှစ်ကျော်လောက်ပေါင်းခဲ့တဲ့ အပေါင်းအသင်းတွေကိုတောင် ဒီသတင်းမပြောပြဘူး”

ဖန့်ကြွယ်ယွီက အလုံးစုံရှင်းပြချင်သော်လည်း သူပိုရှင်းပြလေလေ ကိစ္စတွေက ပိုရှုပ်ထွေးလေလေ ဖြစ်လာတော့မည်။

“မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ပတ်ကမှ ငါ အိမ်ပြောင်းတာ။ အိမ်ပြောင်းတာရွေ့တာတွေနဲ့ အလုပ်ရှုပ်နေလို့ နင့်ကို မပြောဖြစ်တာပါဟာ” ဖန့်ကြွယ်ယွီက အေးအေးဆေးဆေး ပြန်ရှင်းပြသည်။

“ငါ မပြောမိတဲ့အတွက် တောင်းပန်ပါတယ်။ ဒီလိုလုပ် ငါ့အမှားအတွက် နေ့လည်စာဖြစ်ဖြစ်လိုက်ကျွေးမယ်လေ။ နင်ကြိုက်တာ အကုန်စားဟာ။ အဲ့လောက်ဆို ရပြီလား”

“အေး နင်ပြောတာနော် ပြီးမှ ထိုင်မငိုနဲ့” ကျန်းရီက မကျေနပ်သေးသော လေသံဖြစ်နေသည်။

“ဒါဆို နင်အခု ကျန်းနန်မြို့မှာပဲလား”

“ဟုတ်တယ်။ ငါ ထွက်လာတော့မှာ”

“နင် ရူးနေလား။ ရထားနဲ့တောင် တစ်နာရီလောက်ကြာမှာ။ လမ်းမှာတင်အချိန်ကုန်သွားမှာ။ နင်လည်းပွဲခင်းထဲရောက်ရော ပွဲလည်းပြီးရောဖြစ်နေမယ်”

“စိတ်မပူပါနဲ့။ ငါကိုယ်တိုင်မောင်းလာမှာ။ အလွန်ဆုံး နှစ်နာရီနဲ့ ကျောင်းကိုရောက်လာမှာ”

“နေစမ်းပါဦး နင့်မိဘတွေက ကားဝယ်ပေးထားတာလား။ အေးလေ ဒီလောက် စရိတ်ကြီးပါတယ်ဆိုတဲ့ ကျန်းနန်မြို့ကို ပြောင်းသွားထဲက အံ့ဩဖို့မလိုတော့ပါဘူး။ နင့်မိဘတွေချမ်းသာသွားတာလား”

သူတို့၏ မိဘများက မိတ်ဆွေရင်းများဖြစ်တာမို့ ဖန့်ကြွယ်ယွီတို့၏ အိမ်အခြေအနေကို ကျန်းရီ နားလည်သည်။ သူတို့က မဆင်းရဲသော်လည်း မချမ်းသာပေ။

“ဆိုပါတော့” ဖန့်ကြွယ်ယွီက သက်ပြင်းချသည်။

ကျန်းရီကိုကြည့်ရတာ သူက အခုတလောနာမည်ကြီးနေသော ဥက္ကဌဖန့်ဆိုတာ မသိသေးသည့်ပုံပေါက်သည်။ ထိုကဲ့သို့ မသိသေးတာက ယခုလောလောလတ်လတ် ပြသနာတက်မည့် အရေးကို ရှောင်ရှားနိုင်သည်။

“ကဲ ဒါဆို မြန်မြန်လုပ်။ ဂရုစိုက်ပြီး မောင်းလာဦး။ နင် လိုက်ကျွေးမဲ့ ညစာကိုမျှော်နေမယ်”

ကျန်းရီက စိတ်ကျေနပ်မှုအပြည့်ဖြင့် ဖုန်းချလိုက်သည်။ ဖန့်ကြွယ်ယွီက အနိုင်ကျင့်ရတာက သူမဘဝ၏ ပျော်ရွှင်မှုဖြစ်သည်။

“ဒီကောင်မလေးကတော့” ဖန့်ကြွယ်ယွီက ပြုံးမိသည်။ နှစ်တွေကြာသွားသည့်တိုင်အောင် သူမ၏ ပုံစံက နည်းနည်းလေးမှ မပြောင်းလဲသေးပေ။

ကျန်းရီက ၁၆၈ စင်တီမီတာမြင့်ပြီး သွယ်လျသောခန္ဓာကိုယ်ပိုင်ဆိုင်သည့် မိန်းမလှလေးတစ်ဦးဖြစ်သည်။ သူတို့နှစ်ဦးက အတူတူကြီးပြင်းခဲ့တာမို့ သူတို့က မောင်နှမ သဖွယ်ဖြစ်နေကြသည်။ သူတို့နှစ်ဦး အပြင်ကိုအတူတူသွားတိုင်း စုံတွဲဟု ထင်ကြေးပေးကြသည်။

အခြားသူများရှေ့တွင် ခပ်အေးအေးနေသောသူမက သူ၏ရှေ့တွင် ပုံစံအမှန်ထွက်လာသည်။ ခပ်စွာစွာ အကျင့်ခပ်ပုပ်ပုပ်နှင့် စိတ်မထင်သလို ရိုက်နှက်တတ်သော မိန်းကလေးဖြစ်သည်။

အတန်းတင်စာမေးပွဲတွင် ကျန်းရီက အမှတ်သိပ်မကောင်းသဖြင့် ဒုတိယတန်းစား သာမန်ကောလိပ်ကိုသာတက်နိုင်သည်။ သို့သော် သူကကျန်းနန်မှာ ကျောင်းလာတက်ကတည်းက သူတို့နှစ်ဦးလည်း ရံဖန်ရံခါသာဆုံဖြစ်ကြသည်။ သူက ကျန်းယွင်နှင့် စတွဲကတည်းက ကျန်းရီနှင့် ခပ်ကွာကွာဖြစ်လာခဲ့သည်။

တစ်ခါတုန်းက ကျန်းယွင်ကို ကျန်းရီနှင့် မိတ်ဆက်ပေးဖူးသည်။ မိန်းကလေးများက လူကဲခတ် အတော်လေး မှန်ကြသည်ဟု ဆိုနိုင်မည်။

အိမ်အပြန်လမ်းတွင် သူ့အား ကျန်းရီက သတိပေးခဲ့သည်။ ထိုအချိန်တုန်းက ကျန်းရီအား ဒေါသထွက်မိခဲ့သည်။ ခုနေပြန်တွေးကြည့်သောအခါ သူအားနာမိသည်။ ထို့ကြောင့် ယခုအချိန်က တောင်းပန်ရန် အကောင်းဆုံးအချိန်ဟု သူထင်မိသည်။

ဖန့်ကြွယ်ယွီက ကြွားဝါလိုစိတ်မရှိပေ။ သူ့ကားဂိုထောင်ထဲတွင် ရှိနေသော အပိုလိုကားနှင့် ဝူလင်ဟောင်ကွမ်းကားကိုကြည့်ပြီး သက်ပြင်းချမိသည်။

“အဲ့လိုသာဆို နှစ်သောင်း သုံးသောင်းကုန်ကျတဲ့ သာမန်ကားတွေပဲ ဝယ်လိုက်သင့်တာ”

သူက ပြိုင်ကားမောင်းရသည့် အရသာကို သဘောတွေ့နေမိသည်။ တစ်နာရီမှာ ကီလိုမီတာ တစ်ရာကျော်ပဲ မောင်းနိုင်သော်လည်း လမ်းပိတ်မည့်အရေးကို ရှောင်ရှားနိုင်သည်။

လူအများစုက ဖုန်းတွေထုတ်ပြီး သူ၏ကားကို ဓာတ်ပုံရိုက်ကြသည်။ အထူးသီးသန့်မှန်တပ်ထားသဖြင့် ဖန့်ကြွယ်ယွီက အပြင်ကို အတိုင်းသားမြင်ရသည်။ အပြင်ဘက်က လူများကတော့ သူ့ကိုမမြင်ရပေ။ သူတို့က ကားကိုသာ ဓာတ်ပုံရိုက်ယူနိုင်သည်။

ဟိုင်ဟွား မြို့သည် ထူးခြားသော ကမ်းရိုးတန်းမြို့ဖြစ်သော်ငြား သိပ်မဖွံ့ဖြိုးပေ။ ကုမ္ပဏီကြီးများလည်း မရှိဘဲ ခရီးသွားလုပ်ငန်းအပေါ်သာ အများစု မှီခိုနေရသည်။ လူဦးရေလည်းသိပ်မများပေ။ ထို့ကြောင့် ပြည်နယ်များကို အစဉ်လိုက် တန်းစီပါက အောက်ခြေနားမှာရှိနေသည်။

ကျန်းနန်မြို့နှင့် ဟိုင်ဟွားမြို့ကြားက ရထားလမ်းသည် လွန်ခဲ့သော နှစ်နှစ်ခန့်ကမှ ပေါ်လာခဲ့သည်။ ထိုအချိန်မတိုင်ခင် သူ တက္ကသိုလ်တက်တုန်းက သုံးနာရီကျော် ဘတ်စ်ကားစီးခဲ့ရသည်။ ပထမဆုံးအကြိမ်ကိုယ့်ဘာသာကားမောင်းပြီး လာရခြင်းက တကယ့်ကိုကောင်းမွန်သော အတွေ့အကြုံဖြစ်သည်။

သူ့ကို လူအများစုက ဝိုင်းပြီးကြည့်နေသည့်အပေါ် သူနေသားကျနေပြီဖြစ်သည်။ ကား၏ ကောင်းမွန်လှသော စွမ်းဆောင်ရည်ကြောင့် တစ်နာရီကို ကီလိုမီတာ ၁၂၀အထိ အမြန်နှုန်း ထိန်းထားနိုင်သည်။

အမြန်လမ်းကိုဖြတ်ပြီးနောက် အရှိန်လျှော့ရင်တောင်မှ ရှစ်နာရီနည်းနည်းကျော်လျှင် ကျောင်းကိုအရောက်ဖြစ်နေမည်။

ကျောင်းဝင်ပေါက်မှာ လူအများကြီးမရှိနေသော်လည်း ကားမျိုးစုံတန်းစီပြီးရပ်ထားသည်။ ဒီကနေ့ပွဲ၏ အဓိကဇာတ်ဆောင်များက ပွဲတက်လာသော ကျောင်းသားဟောင်းများဖြစ်သည်။

အခြေအနေကောင်းသော ကျောင်းသားအများစုက ပွဲလာတက်ကြသည်။ သူတို့၏ အနေအထားကို ပြင်ပတွင် ရပ်ထားသော ကားများကိုကြည့်ပြီး အကဲခတ်နိုင်သည်။

တစ်သန်းအောက် တန်ကြေးရှိသော ကားတစ်စီးမှ မရှိပေ။ သန်းပေါင်းများစွာတန်သော ပြိုင်ကား ဇိမ်ခံကားများဖြစ်သည်။

တချို့ဆို သန်း၂၀၀ကျော်တန်ကြေးရှိသော BMW I8 ကားတောင်စီးလာသည်။ သို့သော် သူ၏ အပိုလိုကားနှင့် ယှဉ်ပါက အရောင်မှေးမှိန်ရစမြဲဖြစ်သည်။

အထက်တန်းပြီးမြောက်တာမကြာသေးသောကျောင်းသားများက တက္ကသိုလ်တက်နေဆဲ ဖြစ်ကြသည်။ သူတို့က ကြွားဝါချင်သောကြောင့် သို့ ပြိုင်ဆိုင်ချင်သောကြောင့် ပွဲလာတက်တာမဟုတ်ပေ။ သူတို့၏ အတွေးက ရိုးရှင်းသည်။ ဆရာများ သူငယ်ချင်းများနှင့် ဆုံချင်လို့ လာကြခြင်းဖြစ်သည်။

ထိုအချိန်မှာ ကျောင်းဝင်ပေါက်တွင် လူရှင်းနေသည်။ ဖန့်ကြွယ်ယွီက တိတ်တိတ်လေး ကားပါကင်ထိုးပြီး ကျောင်းသားဟောင်းကတ်ကိုပြကာ ဝင်လာခဲ့သည်။

ဖန့်ကြွယ်ယွီ၏ အတန်းထဲက သူငယ်ချင်း အယောက် (၂၀) လောက်ရောက်နေကြသည်။ ကျောင်းက သူတို့အသုံးပြုနိုင်အောင် အခန်းလွတ်တစ်ခန်းစီစဉ်ထားပေးသည်။ ဖန့်ကြွယ်ယွီက နောက်ဆုံးရောက်ရှိသူဖြစ်သည်။

အားလုံးက ရင်းနှီးကြသည်။ ကုမ္ပဏီကိစ္စများနှင့် အလုပ်ရှုပ်နေသော ဖူးကျွင်းမှလွဲပြီး ကျန်သောသူများအကုန်လုံး ပွဲတက်ကြသည်။

“သူက ဘယ်သူလဲ။ သူက ငါတို့အတန်းက ဟုတ်ပုံမပေါ်ဘူး” သူနှင့် သိပ်မရင်းနှီးသော သူငယ်ချင်းများက ချက်ချင်းမမှတ်မိပေ။ သူ၏ ရုပ်ရည်သွင်ပြင်က အများကြီးပြောင်းလဲပြီး ဆံပင်ပုံစံပါ ပြောင်းလိုက်သောအခါ သူ၏ ပုံစံမှာ လုံးဝပြောင်းလဲခဲ့သည်။

“ငါပါကွ။ ဖန့်ကြွယ်ယွီလေ မတွေ့တာသုံးနှစ်ပဲရှိသေးတာကို ဘာလို့ မမှတ်မိကြတာလဲ” ဖန့်ကြွယ်ယွီက ရယ်မောရင်းပြောသည်။

“ငါပြောသားပဲ ဖန့်ကြွယ်ယွီပါဆို မင်းမှ မယုံတာ”

ကောင်လေးတစ်ယောက်က သူ့ဆီလျှောက်လာပြီး “ မင်းဘာလို့ ဒီလောက်တောင်ပြောင်းလဲလာရတာလဲ။ အရင်ကထက် ပိုပြီးချောလာသလို အရပ်လည်း ပိုရှည်လာတယ်”ဟုဆိုသည်။

“ဟား။ တက္ကသိုလ်ကျောင်းသားဘဝက ပျော်စရာကောင်းလို့နေမှာ။ ဘတ်စကတ်ဘောပုံမှန်ကစားတော့ ငါ့အသားရည်ပိုကောင်းလာတာလေ။ ပိုပြီး နုလာတာ”

“ဖန့်ကြွယ်ယွီ .. ငါ ဒီမှာ” ကျန်းရီက သူ့ကို လက်ဝှေ့ရမ်းပြသည်။

ယနေ့မှာ ကျန်းရီက မိတ်ကပ်နည်းနည်းပဲပြင်ထားသော်လည်း ယခင်ကထက် ပိုကြည့်ကောင်းနေသည်။

“နင် အစောကြီး ရောက်နေတာပဲ” ဖန့်ကြွယ်ယွီက သူမကို နှုတ်ဆက်သည်။

“ဖန့်ကြွယ်ယွီ ….မင်း ဒီဝတ်စုံနဲ့ အရမ်း လိုက်တယ်။ အရမ်းစျေးကြီးမှာပဲ”

သူ့ရှေ့မှာထိုင်နေသော ရှောက်ကျန်နန်က မေးသည်။ ရှောက်ကျန်နန်၏ ဝတ်စုံလည်း စျေးကြီးသည့်ပုံပေါက်သည်။

“ဘာလို့ အဲ့လိုဝတ်လာတာလဲ။ ထူးချွန်ကျောင်းသားဟောင်းကပဲ မိန့်ခွန်းပြောမှာမလား”

ထိုအချိန်မှာ သူ၏ နောက်နားမှ အသံတစ်သံထွက်လာသည်။

All Chapters