← Chapters

သရုပ်မှန်ပေါ်ခြင်း

Vol. 4 Ch. 45

သရုပ်မှန်ပေါ်ခြင်း

Vol. 4 Ch. 45

မည်သူစကားပြောနေလဲဆိုတာ ဖန့်ကြွယ်ယွီလှည့်မကြည့်ပေ။

အတန်းတစ်တန်းမှာတော့ အတန်းသားများအားလုံးမကြိုက်သော လူတစ်ဦးကရှိစမြဲဖြစ်သည်။ စွန်းရှုက သူတို့အတန်း၏ ချဉ်ဖတ်ဖြစ်သည်။

စွန်းရှုသည် အရပ် ၁၈၁ စင်တီမီတာမြင့်ပြီး ရုပ်ရည်က ကြည့်ကောင်းသည့်အထဲပါသည်။ သူ၏ မိဘများကလည်း ချမ်းသာသည်။ သူ၏ အဆင့်က အတန်းတိုင်းလိုလို ထိပ်နားမှာရှိသည်။ အားလုံးပြီးပြည့်စုံနေသော စွန်းရှုက နာမည်ကြီးသည်မှာ အဆန်းတော့မဟုတ်ပေ။

အထက်တန်းကျောင်းတက်တကည်းက သူလိုက်သမျှ မိန်းကလေးတိုင်းကိုရခဲ့သည်။ သို့သော် သူ့မှာ အကျင့်ဆိုးတစ်ခုရှိသည်။ ထိုအရာက ကြွားဝါခြင်းဖြစ်သည်။

သူက ကျောင်းပွဲကို လာမည်ဟု ကြားပြီး ပွဲမတက်သော သူငယ်ချင်းများရှိသည်။

အထက်တန်းတုန်းက စာမေးပွဲဖြေပြီးသည်နှင့် စွန်းရှုသည် သူငယ်ချင်းများနှင့် အဖြေလိုက်တိုက်သည်။ သူငယ်ချင်းအများစုက အဖြေမှားဖြေသည်ကို သိလိုက်ရသဖြင့် စိတ်ဓာတ်ကျကုန်ကြသည်။

သူက တန်းဆန့် (Tencent) မှာ အလုပ်သင်ဝင်လုပ်နေသည်ဟု ကြားမိသည်။ သူက ဘွဲ့ရသည်နှင့် တစ်ပြိုင်နက် တန်းဆန့်မှာ ဝန်ထမ်းဖြစ်လိမ့်မည်။

သူ့အဖေက သူ့ကို BMW X7ကား ဆုချသည်။ သူက ထိုကားကိုရှုထောင့်ပေါင်းစုံမှ ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်တော့သည်။

ထို့အချက်များကြောင့် သူ့ကို မကြိုက်သောလူများရခြင်းဖြစ်သည်။ သူက ကြွားဝါတာတင်မကသေးဘဲ တစ်ဖက်လူကို နှိမ်ပြီးပြောဆိုသည်။ ထို့ကြောင့်ပင် သူနှင့် အပေါင်းအသင်းမလုပ်ချင်ကြပေ။

ဖန့်ကြွယ်ယွီ လှည့်ကြည့်သောအခါ စျေးကြီးသည့် အမာနီ (Armani) ဝတ်စုံကို ဝတ်ဆင်ထားသော စွန်းရှုကိုတွေ့ရသည်။

“မင်းကရော ဘာထူးလဲ..အတူတူပဲမလား” ဖန့်ကြွယ်ယွီက ပြန်မေးသည်။

“ငါက မင်းတို့တွေနဲ့ မတူဘူးကွ” စွန်းရှုက တစ်ချက်မဲ့ပြရင်း “ငါက ဒီနေ့ပွဲကို အလှူရှင်အနေနဲ့တက်တာ။ အရမ်းအများကြီးလှူတာ မဟုတ်ပေမဲ့ ကျောင်းအတွက်ပါဝင်တာပဲမလား။ မင်းတို့ကို နားလည်ပါတယ်ကွာ။ ကျောင်းတက်ရင်းဆိုတော့ ဘယ်လိုလုပ်ပိုက်ဆံရှိပါ့မလဲ”

စွန်းရှုက တက္ကသိုလ်တက်နေစဉ်တွင် ရင်းနှီးမြုပ်နှံမှုအကြောင်းနားလည်စေရန် သူ၏ မိဘများက ငွေကြေးများစွာ ထောက်ပံ့ပေးသည်။ သူက စီမံခန့်ခွဲမှုမေဂျာကို ယူထားသဖြင့် မေဂျာကောင်းသည်ဟု ဆိုနိုင်သည်။

သူ့ဆရာများ၏ လမ်းညွှန်မှုအောက်တွင် သုံးနှစ်အတွင်း ပိုက်ဆံအတော်အသင့် စုဆောင်းနိုင်ခဲ့သည်။ သူ၏ ကြွားဝါတတ်သောစိတ်နှင့် သူတစ်ပါးကို နှိမ်ပြောသောအကျင့်ကိုဖယ်ကြည့်ပါက အလွန်ထက်မြက်သော လူဖြစ်သည်။ ကံဆိုးစွာဖြင့် သူ့မှာ အကျင့်ဆိုးများရှိနေသည်။

“နေစမ်းပါဦး ဒီဝတ်စုံကို မင်းဘယ်ကနေဝယ်ခဲ့တာလဲ။ ဝတ်စုံကမိုက်ပါတယ်။ ဒါပေမဲ့ ဘရန်းနာမည်မပါဘူး။ မင်း လမ်းဘေးဆိုင်က ဝယ်ခဲ့တာလား။ ဒီပွဲနဲ့တောင် သိပ်မလိုက်သလိုပဲ” စွန်းရှုက ဖန့်ကြွယ်ယွီအား ခေါင်းအစခြေအဆုံး ကြည့်ရင်း ထိုကဲ့သို့ ပြောသည်။

“လိုက်ဖက်သည်ဖြစ်စေ မလိုက်ဖက်ဘူးဖြစ်စေ အဲ့တာ မင်းအပူမဟုတ်ဘူး..ဟုတ်ပြီလား” ဖန့်ကြွယ်ယွီက အေးတိအေးစက်တုံ့ပြန်သည်။

“ဟ အဲ့လိုပြောလို့ဘယ်ရမလဲ။ ဒီနေ့ ဒီနေရာမှာရှိနေတဲ့လူတွေက ငါတို့အခန်း (၄)ကိုယ်စားပြုတက်လာကြတာ။ မင်းက ငါတို့အခန်းကို အရှက်ခွဲမလို့လား” စွန်းရှုက အလိုက်ကန်းဆိုးမသိထပ်ပြောပြန်သည်။

“ဖန့်ကြွယ်ယွီ သူ့ကို အာရုံမစိုက်နဲ့တော့။ သူဘယ်လိုလူလည်းဆိုတာ နင်လည်းသိနေတာပဲလေ” ကျန်းရီက ပြောနေကျပုံစံအတိုင်း ဒဲ့တိုးပြောပစ်သည်။ စွန်းရှုရှေ့မှာတင် သူမက ခပ်စွာစွာပြောရဲသည်။

သူမက စွန်းရှုအပေါ် မည်သည့်အတွက်မှ မမှီခိုနေပေ။ ထို့ကြောင့် သူ့ကို အားမနာတမ်းပြောရဲသည်။ ထို့အပြင် သူတို့ကြားမှာ အတန်းဖော်ဟူသော ဆက်ဆံရေးထက်မပိုပေ။

စွန်းရှုက ထိုကဲ့သို့ အပြောခံရလိမ့်မည်ဟု မတွေးဖူးပေ။ သူက မချိတင်ကဲပြုံးသည်။ ဒီကနေ့ ကျောင်းပွဲကို တက်ရောက်ရခြင်းမှာ သူ့အတန်းဖော်များနှင့် တွေ့ဆုံလိုသောကြောင့် မဟုတ်ပေ။

သူ့လက်ရှိအနေအထားကို အများသူငှါသိအောင် ကြွားဝါရန်မှာ သူ့အဓိက ရည်ရွယ်ချက်ဖြစ်သည်။

သူက စင်မြင့်ထက်တွင် ရပ်နေချိန်တွင် ဂျူနီယာကျောင်းသားများက သူ့ကို အားကျသည့်မျက်ဝန်းများဖြင့် ကြည့်နေခြင်းကို သူအပျော်ဆုံးဖြစ်သည်။ ထို့အတွက်ပင် သူက ကျောင်းနှစ်ပတ်လည်ပွဲကိုတက်ရခြင်းဖြစ်သည်။

“ဖန့်ကြွယ်ယွီ..မင်းအကျီပေါ်က ဘာလေးတွေလဲ။ လှလိုက်တာ ကျောက်လေးတွေလား” သူ့ရှေ့မှာထိုင်နေသော ကျန်းရှစ်ယွီက မေးသည်။

“ဪ ဒါလား စိန်တွေပါ” ဖန့်ကြွယ်ယွီက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

“ဟား နင်ကလည်း မဟုတ်တာပြောနေပြန်ပြီ။ ဒါတွေသာ စိန်အစစ်ဆို နင့်ဝတ်စုံက သန်းချီတန်နေမှာပေါ့” ကျန်းရီက ရယ်မောပြီး စကားပြန်ဆက်သည်။

“နင့်ကိုယ်နင် ဝီဘိုမှာနာမည်ကြီးနေတဲ့ ဖန့်ကြွယ်ယွီ ထင်နေလား”

“ဟား တကယ်တော့ အဲ့နာမည်ကို ငါတို့ကြားလိုက်ရတုန်းက ကြောင်သွားသေးတာ” ဖန့်ကြွယ်ယွီ နှင့် ခင်မင်သော သူငယ်ချင်းများက ဆိုသည်။

သူတို့က ဝီဘိုမှာ ဟိုဟိုဒီဒီလျှောက်ကြည့်ကြသည်။ သူတို့ထဲက မည်သူမှ ကောရှင်းယွီကိုမသိပေ။ ထို့ကြောင့် ချိုင်းနားဂျွိုင်းက ဓာတ်ပုံများကိုလည်း မမြင်ဖူးကြပေ။

သို့မဟုတ်ပါက ဓာတ်ပုံများကို မြင်လိုက်ရသည်နှင့် ဖန့်ကြွယ်ယွီဆိုတာ သူတို့တန်းသိလိမ့်မည်။

အတန်းဖော်များက ဖန့်ကြွယ်ယွီနှင့် သုံးနှစ်မျှ ခင်မင်ခဲ့ကြသည်။ တစ်ဦးနှင့်တစ်ဦးရင်းနှီးသော်လည်း သူဌေးဖန့်ကြွယ်ယွီနှင့်တော့ တစ်ခါမှ မဆုံဖူးကြပေ။ သူတို့သာ ထိုကိစ္စကိုသိလျှင်လည်း လူတူမရှား နာမည်တူမရှားဟုသာ တွေးကြပေမည်။

“ဟျောင့်တွေ ကျင်း ရောက်လာပြီ” အားလုံးက စကားစမြည်ပြောနေချိန်တွင် တံခါးပေါက်နားက အတန်းဖော်တစ်ဦးက ထအော်သည်။

ထိုသူသည် ကျင်းယုံဖြစ်သည်။ ကျင်းယုံသည် သူတို့၏ အတန်းပိုင်ဆရာဖြစ်သလို ဓာတုဗေဒပညာကိုလည်း သင်ကြားပေးသည်။ သူက ကျောင်းသားများနှင့် ရင်းရင်းနှီးနှီးနေသည်။ ထို့ကြောင့် ကျောင်းပြီးသော်လည်း ကျောင်းသားများက သူနှင့် အဆက်အသွယ်မပြတ်ကြပေ။

“လူစုံနေပြီပဲ။ ကောင်းတယ် ကောင်းတယ်” ကျင်းယုံက ကျောင်းသားပေါင်းများစွာသင်ဖူးသော်လည်း ဤအတန်းက အတော်ဆုံးနှင့် သူသဘောအကျရဆုံး အတန်းဖြစ်သည်။ကျောင်းသားများကို

ကြည့်ပြီး သူမျက်ရည်ကျမိသည်။

“ဘာလုပ်နေတာလဲ ဆရာကလည်း အားလုံးနဲ့ဆုံရတာ ပျော်ပျော်နေပါ” ကျင်းယုံငိုတာမြင်သောအခါ ကျောင်းသားများလည်း လိုက်ငိုမိသည်။

“ကောင်းပြီ ကောင်းပြီ ငိုတာတွေရပ်ကြမယ်” ကျင်းယုံက ပြုံးပြသည်။

“အားလုံးပဲ သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်လိုက်ကြဦး။ ပွဲကစတော့မှာ။ ကျောင်းအုပ်ကြီးပြောတာကြားမိတာရှိတယ်။ ဒီနှစ်မှာ ကျောင်းသားဟောင်းတစ်ဦးက ကျောင်းအတွက် ဘီလီယံနဲ့ချီပြီးလှူတာ။ သူကပဲ မိန့်ခွန်းပြောမှာလေ”

“ဘီလီယံ..ဘုရားရေ ငါတို့ကျောင်းမှာ အဲ့လောက် ချမ်းသာတဲ့လူရှိတယ်လား” တစ်တန်းလုံး ဆူညံပွက်လောရိုက်ကုန်သည်။

“အမလေး..ဘီလီယံနဲ့ချီပြီး လှူနိုင်တယ်ဆိုကတည်းက သူ့ပိုင်ဆိုင်မှုက အနည်းဆုံး ဆယ်ဘီလီယံရှိရမယ်။ ငါတို့ကျောင်းမှာ အဲ့လိုသူဌေးမျိုး ရှိနေတာ ငါဘာလို့မသိတာပါလိမ့်”

“သူဘယ်သူလဲဆိုတာ ဆရာသိလား”

ကျင်းယုံက ခေါင်းခါပြသည်။

“ငါတို့ ဆရာတွေတောင် သိတာမကြာသေးဘူး။ ဘာပဲဖြစ်ဖြစ် အလှူရှင်က စကားတက်ပြောရင် သေချာနားထောင်ကြ။ မင်းတို့အတွက် အများကြီးအကျိုးရှိမှာ”

အားလုံးက သဘောတူသည်။ ဒီလိုလူမျိုး၏ မိန့်ခွန်းကို နောက်တစ်ခါ ထပ်နားထောင်ရဖို့ဆိုတာ မသေချာပေ။

“ဖန့်ကြွယ်ယွီ..ဘာတွေဖြစ်နေလဲဆိုတာ ပြောပြ” ကျန်းရီက သူ့နားကို တိုးတိုးလေးကပ်ပြောသည်။ သူမက ဆက်ပြီး “ နင် သူများတွေကို အရူးလုပ်လို့ပဲရမယ်။ ငါ့ကိုတော့ အရူးကွက်မနင်းနဲ့။ နင့်ကို လွန်ခဲ့တဲ့နှစ်ကတောင် တွေ့သေးတယ်။ ဘတ်စ်ကတ်ဘော ကစားလို့အရပ်ရှည်လာတယ်မပြောနဲ့။ နင့် အရပ်နဲ့ ရုပ်ရည်ကို ငါမသိဘူးထင်နေလား”

ကျန်းရီက ဖုန်းကိုထုတ်ပြီးပြသည်။ သူမ၏ဖုန်းထဲတွင် သူနှင့် ကောရှင်းယွီကို ပရိတ်သတ်များက ရိုက်ထားသည့် ပုံများရှိသည်။ ထိုပုံထဲတွင် သူ့မျက်နှာကို ထင်ထင်ရှားရှား မြင်နေရသည်။ သူ၏ ယခုပုံစံနှင့် တထပ်တည်းဖြစ်သည်။

“အာ အဲ့တာက “ ကျန်းရီက ထိုသို့ မြန်မြန်ဆန်ဆန်ရိပ်မိလိမ့်မည်ဟု သူမတွေးထားမိပေ။

“ဘာလဲ အံ့ဩတာလား။ ငါပြောတယ်လေ ငါက ရှင်းယွီရဲ့ ပရိတ်သတ်ပါဆို။ နင်က ဘမ်ဘူးမှာ live လွှင့်ကြရင် ပိုက်ဆံအများကြီးဆုချတယ်။ ဟယ်လီကော်ပတာက နင့်ကားကို မ,သွားတာလည်း ငါသိတယ်။ နောက်ဆုံး ဥက္ကဌဝမ်ကိုတောင် ဘာမှ ပြန်မပြောနိုင်အောင် ပိုင်ဆိုင်မှုတွေချပြတာလည်း နင်ပဲ။ ဟုတ်တယ်မလား”

“ဟုတ်ပါတယ် ငါပါ” သက်သေအထောက်အထားခိုင်လုံနေပြီမို့ သူမငြင်းလိုပေ။ ထိုအကြောင်းအရာကို ဖုံးကွယ်လိုစိတ် မရှိပေ။ သူတို့ကို အံ့အားသင့်အောင်လုပ်ပြီး မိန့်ခွန်းပေးခြင်းကို အောင်မြင်စွာလုပ်ဆောင်လိုသည်။

“ဟုတ်ပြီ ဖန့်ကြွယ်ယွီ” ကျန်းရီက သူ့လက်မောင်းကို ခပ်ပြင်းပြင်းဆွဲစိတ်သည်။

“နင်ချမ်းသာတာကို မပြောနဲ့ရတယ်။ ဒါဆို ဆရာပြောတဲ့ ဘီလီယံနဲ့ချီပြီး လှူတဲ့သူဆိုတာ နင်ပဲမလား”

“အား..နာလိုက်တာ” ကျန်းရီက လက်သံပြောင်သည်။ “ဟုတ်ပါတယ် ငါပါ”

“ဟား..မိုက်လိုက်တာ ငါဆိုတဲ့ ကျန်းရီမှာ ချမ်းသာတဲ့သူငယ်ချင်းရှိပြီ” ကျန်းရီက သူ့လက်မောင်းကိုလွှတ်ပေးသည်။

“စွန်းရှုက ကြွားချင်နေတာ။ သူ့နေရာကို အစားထိုးမဲ့ လူပေါ်လာပြီ။ သူဘယ်လိုဖြစ်နေမလဲဆိုတာ သိချင်လာပြီ”

All Chapters