ထူးချွန်ကျောင်းသားဟောင်း
Vol. 4 Ch. 46
“ဟေ့ ဖန့်ကြွယ်ယွီ..အဲ့တာ နင့်အဆက်ဟောင်းမဟုတ်လား”ကျန်းရီက သူ့ပုခုံးကိုပုတ်ပြီးပြောသည်။
ဒီတစ်ကြိမ်မှာ ကျောင်းနှစ်ပတ်လည်ပွဲအတွက် ပြန်လာသောအခါ အတန်းစုံမှ ကျောင်းသားဟောင်းများနှင့် ပြန်လည်ဆုံတွေ့ရသည်။ အတန်း (၁၆)မှ ကျောင်းသားဆယ်ယောက်ကျော်လောက်ရှိနေသည်။
ကျန်းရီပြောသော အဆက်ဟောင်းမှာ ထိုဆယ်ယောက်ထဲတွင် ရှိနေသည်။
“သူ့ကိုသွားပြီးနှုတ်ဆက်ရင်ရော။ နင်က ခုချိန်မှာ သူဌေးကြီးဖြစ်နေတာကိုမြင်ရင် နင့်ကိုစဉ်းစားချင်စဉ်းစားပေးမှာပေါ့”ကျန်းရီက စနောက်သည်။
ဖန့်ကြွယ်ယွီက ဘာတစ်ခွန်းမှ ပြန်မပြောဘဲ သူမကိုတစ်ချက်လှည့်ကြည့်သည်။
ထိုအချိန်တုန်းက စွန်းယုချီက ရည်းစားထား၍ စာလေ့လာမှုကိုထိခိုက်မှာစိုးသဖြင့် သူ့အားအဆက်ဖြတ်ခဲ့သည်။ သို့သော် သူမက အပြင်းအထန်ကြိုးစားခဲ့သော်လည်း သာမန်တက္ကသိုလ်ကိုသာတက်ရောက်ခွင့်ရခဲ့ပြီး ဖန့်ကြွယ်ယွီက နာမည်ကြီးတက္ကသိုလ်ဖြစ်သော ကျန်းနန်တက္ကသိုလ်ကို တက်ခွင့်ရခဲ့သည်။ ထိုသို့ဖြစ်ရခြင်းအပေါ် နောက်ကွယ်အကြောင်းအရာများရှိလိမ့်မည်ဟု ထင်မြင်ယူဆကြသည်။
ဖန့်ကြွယ်ယွီက ထိုအကြောင်းအရာများကို မသိလိုပေ။ ဖန့်ကြွယ်ယွီက စွန်းယုချီကို ထပ်တလဲလဲ လှမ်းကြည့်နေမိသည်။
သူ၏ အထက်တန်းကျောင်းသားဘဝတွင် သူမတစ်ဦးထဲကိုသာ စိတ်ဝင်စားခဲ့သည်။ သူ၏ အစွဲအလမ်းကြီးစိတ်ကြောင့်ဟုပဲပြောနိုင်သည်။ သို့သော် ယခုအခါမှာတော့ မည်သည့်ခံစားချက်မှ ထပ်မထားလိုတော့ပေ။
“ကြည့်ပါဦး။ စွန်းရှုက သူ့ကိုယ်သူ ဒီနေ့ပွဲရဲ့ ဇာတ်လိုက်လို့ထင်နေတာ…” ကျန်းရီက ကျင်းယုံနှင့် အားပါးတရစကားပြောနေသော စွန်းရှုကိုလက်ညှိုးထိုးပြသည်။
“တော်တော့..သူ့အကြောင်းကို အဲ့လိုမျိုးထပ်မပြောနဲ့တော့..သူက ခက်ခက်ခဲခဲကြိုးစားပြီး ရလာတာဆိုတော့ ကြွားပြသင့်တယ်လေ။ နင်ကိုက မကောင်းမြင်နေတာ” စွန်းရှုကို ကျန်းရီက ဘယ်လောက်တောင်မှ မနှစ်မြို့လဲဆိုတာ ဖန့်ကြွယ်ယွီသိသည်။ သိသိရက်နှင့် ထိုကဲ့သို့ တမင်ပြောလိုက်ခြင်းဖြစ်သည်။
“သူ အဲ့လို မြောက်ကြွမြောက်ကြွဖြစ်နေတာကို ငါမခံစားနိုင်တာ” ကျန်းရီက စွန်းရှု၏ အသံကိုတုပပြီး “မင်းက ထူးချွန်ကျောင်းသားဟောင်းမှမဟုတ်တာ။ ဘာလို့ ဒီလိုဝတ်စားထားရတာလဲ” ဟုပြောသည်။
“နင်ဘာဝတ်ဝတ် သူနဲ့ဘာဆိုင်လဲ။ ပိုက်ဆံရှိတိုင်း ထင်တိုင်းကြဲလို့ရမယ် နင်ထင်လား။ နင်က စိတ်မဆိုးတတ်ဘူးလား။ နင့်ကို သူဒီလောက်ပြောနေတာ နင်ဘာမှမဖြစ်ဘူးလား” ကျန်းရီက မေးသည်။
“ဟားးး” ကျန်းရီ၏ ဒေါသဖြစ်နေသည့်ပုံစံကို ဖန့်ကြွယ်ယွီက သဘောကျမိသည်။ “ငါက မိနစ်ပိုင်းအတွင်းမှာ ဒေါ်လာဘီလီယံနဲ့ချီပြီး သုံးနိုင်တယ်။ ငါ့အဆင့်ကို သူနဲ့ဘာလို့ တန်းတူလိုက်ပြီး နှိမ့်ချရမှာလဲ”
ကျန်းရီက မျက်လုံးအပြူးသားဖြင့် သူ့ကို ကြည့်သည်။
“ဖန့်ကြွယ်ယွီ..နင်လည်းပြောင်းလဲသွားပြီ။ နင်လည်း ကြွားရတာကို နှစ်သက်လာပြီ။ နင့်ရဲ့ လျှို့ဝှက်ထားတဲ့အကွက်တွေ ငါရိပ်မ်နေပြီ။ နင်က ဘာမှမဟုတ်တဲ့ပုံစံနဲ့နေရင်း ကျောင်းပွဲမှ အံ့အားသင့်အောင် လုပ်ပြတော့မှာ ဟုတ်တယ်မလား”
ကျန်းရီက သူ့အကြံအားလုံးကို ကွက်တိမှန်းဆနိုင်သည်။ “နင်က ကြွားဝါတဲ့နေရာမှာ အတော်ဆုံးပဲဖြစ်လာတော့မှာ။ တကယ်မိုက်တယ်”
ကျန်းရီကပင်ဆက်ပြီး “ ဒါနဲ့ နေစမ်းပါဦး နင်က ဘယ်လိုလုပ်ပြီး ဒီလောက်ချမ်းသာလာတာလဲ။ နင့်မိသားစုက ထီပေါက်တာလား”ဟု မေးပြန်သည်။
“ငါ နင့်ကိုပြောပြမယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ ပြန်မပြောပြနဲ့” ဖန့်ကြွယ်ယွီက အရမ်းနက်နဲသော လျှို့ဝှက်ချက်ကိုပြောပြမည့်ဟန် ပြင်သည်။
“ငါ့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ရတနာတွေ အထုပ်လိုက်ကြီး ငါရှာတွေ့တာ။ နည်းနည်းချင်း လိုသလောက် ရောင်းချရင်း ငါချမ်းသာလာတာ”
“ဟာ အကောင်းမှတ်လို့နားထောင်နေတာ သွား နင်ပြောတာမယုံဘူး” ဖန့်ကြွယ်ယွီက စနောက်နေတာကို ကျန်းရီ ရိပ်မိသွားသည်။ “တော်ပြီ နင်နဲ့စကားဆက်မပြောတော့ဘူး။ အပြင်သွားဖို့ ရှစ်ယွီကို လိုက်ရှာဦးမယ်”
“ဟားးးး” ကျန်းရီ အရူးလုပ်ခံရသည်ကို မြင်ပြီး သူအားပါးတရရယ်မောမိသည်။
ကျောင်းမှာ လက်ရှိတက်ရောက်နေသော ကျောင်းသားအရေအတွက် နှစ်ထောင်နီးပါး မရှိပေ။ သို့သော် ကျောင်းသားဟောင်း သုံးထောင်ကျော်လောက် ပွဲကိုတက်ရောက်သည်။ ထို့ကြောင့်ပင် အားကစားကွင်းပြင်ကြီးတစ်ခုလုံး လူအပြည့်ဖြစ်နေသည်။
ကျောင်းသားခေါင်းဆောင်များနှင့်အတူ စံပြကျောင်းသားဟောင်းတချို့က စင်မြင့်ထက်တွင် နေရာယူကြသည်။ ကျူးမင်က ဖန့်ကြွယ်ယွီအား စင်မြင့််ထက်တွင် နေရာယူစေလိုသည်။ သို့သော် သူကိုယ်တိုင်က ငြင်းဆိုခဲ့သည်။ သူသာထိုနေရာမှာထိုင်ပါက စိတ်ထဲ မသက်မသာဖြစ်နေလိမ့်မည်။
“တက်ရောက်ချီးမြှင့်ပေးပါသော ကျောင်းသားများ၊ ဆရာ/မများနှင့် လေးစားအပ်ပါသော ကျောင်းသားဟောင်းများ ခင်ဗျာ..ယခုလို အချိန်ပေးပြီး ဟိုင်ဟွားကျောင်းရဲ့ နှစ် (၇၀) ပြည့် နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ကျောင်းက ဆရာ/မ များနဲ့ ကျောင်းသား/သူများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်းပြောကြားပါရစေ”
ကျူးမင်သည် အရေးကြီးအစည်းအဝေးပွဲများတွင်သာ ဝတ်ဆင်သော အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားသည်။ စင်မြင့်ထက်တွင် ရပ်နေသော ကျူးမင်၏ မျက်နှာသည် တလက်လက်တောက်ပနေသည်။
ကျူးမင်က ဆယ်မိနစ်ခန့်မိန့်ခွန်းပြောသည်။ အထူးသဖြင့် လေးစားလိုက်နာသင့်သည့် အရာများနှင့် ကျောင်း၏ ရှေ့လုပ်ငန်းစဉ်များအကြောင်းဖြစ်သည်။
“ခုချိန်ကစပြီး ဟိုင်ဟွား အမှတ် (၂) အလယ်တန်းကျောင်းရဲ့ နှစ် (၇၀)ပြည့်အခမ်းအနား စတင်ဖွင့်လှစ်ကြောင်း ကြေညာအပ်ပါတယ်”
“ဖြောင်းဖြောင်းဖြောင်း” တက်ရောက်လာသော ဧည့်ပရိတ်သက်များက လက်ခုပ်ဩဘာတီးပြီး ချီးမြှောက်ကြသည်။
“ကျောင်းကြီး စတင်ပြီး တည်ထောင်ကတည်းက နှစ်တိုင်းလိုလို သက်ဆိုင်ရာနယ်ပယ်တွေအလိုက်ထူးချွန်ကျောင်းသား/သူများ မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒီကနေ့မှာ ကျောင်းသားဟောင်းများက ကျောင်းရဲ့ ကောင်းကျိုးအတွက် အင်တိုက်အားတိုက်ပါဝင်ဖို့ အရောက်လှမ်းလာခဲ့ကြပါတယ်။ ဆိုတော့ ဒီကနေ့ပွဲမှာ ကျွန်တော်တို့နဲ့ အတူတူရှိနေတဲ့ စံပြကျောင်းသားဟောင်းများကို မိတ်ဆက်ပေးပါရစေ”
“ပထမဆုံးအနေနဲ့ အတန်း (၇)ရဲ့ ကျောင်းသားဟောင်းတစ်ဖြစ်လဲ ရှန်းတက်ခ်(tech) လျှပ်စစ်ပစ္စည်းကုမ္ပဏီတည်ထောင်သူဖြစ်တဲ့ ဝူမင်ဟွားကို လက်ခုပ်သံများနှင့်အတူ ကြိုဆိုပေးကြပါဦး”
စင်မြင့်၏ ဘယ်ဘက်အစွန်ဆုံးထက်တွင်နေရာယူနေသော သက်လတ်ပိုင်းအရွယ်လူတစ်ဦးက မတ်တပ်ရပ်ပြီး အောက်မှာရှိသော ကျောင်းသားများကို နှုတ်ဆက်သည်။
“မစ္စတာ ဝူက ကျောင်းဖွံ့ဖြိုးရေးအတွက် ယွမ်တစ်သန်း ထည့်ဝင်လှူဒါန်းပါတယ်။ ကျေးဇူးတင်ပါတယ်”
ဝူမင်ဟွားက ကျေနပ်သည့်အမူအရာဖြင့် ပြုံးပြသည်။ သူ၏ လုပ်ငန်း တည်ထောင်ထားသည်မှာ မကြာသေးသော်လည်း လုပ်ငန်းရှင်များကြားတွင် သူက အောင်မြင်သည်ဟု ဆိုနိုင်မည်။
သူ၏ ကုမ္ပဏီသည် အသားတင်အမြတ်သန်းပေါင်းများစွာ ရရှိခဲ့သည်။ သူက အသက်သုံးဆယ်အရွယ် အလားအလာကောင်းများနှင့် ပြည့်နှက်နေသောလူတစ်ဦးဖြစ်သည်။
သူ့မျက်နှာကို လူအများရှေ့မှာ ပြသဖို့အတွက် တစ်သန်းသုံးစွဲရသည်မှာ တန်သည်ဟု ခံစားမိသည်။
“နောက်ထပ်ဆက်ပြီး မိတ်ဆက်ပေးလိုတာကတော့ ကျစ်လီ နည်းပညာကုမ္ပဏီရဲ့ ဥက္ကဌဖြစ်တဲ့ ကျွန်တော်တို့ကျောင်းရဲ့ အတန်း(၃)က ကျောင်းသားဟောင်း တုန်းယွိ ဖြစ်ပါတယ်။ သူကတော့ ကျောင်းကို ယွမ် ၁.၂သန်း လှူဒါန်းထားပါတယ်”
“ဝိုး” လက်ခုပ်သံများ အစီအရီ ထွက်ပေါ်လာသည်။
ကျုးမင်၏ ဘေးနားတစ်ဖက်တစ်ချက်စီတွင် ထိုင်နေသော ကျောင်းသားဟောင်းလေးဦးသည် ကျောင်းကို သန်းနှင့်ချီပြီး လှူဒါန်းပေးသော စံပြကျောင်းသားများဖြစ်ကြသည်။
“သူတို့အပြင် ကျောင်းအတွက်အများကြီးပါဝင်လှူဒါန်းပေးတဲ့ ကျောင်းသားဟောင်းတွေလည်း ရှိနေပါသေးတယ်။ သူတို့ကို စင်မြင့်ထက်သို့ ဖိတ်ခေါ်လိုက်ရအောင်လားခင်ဗျာ”
စွန်းရှုမျက်နှာက လက်ခနဲဖြစ်သွားသည်။ အကြာကြီးစောင့်ဆိုင်းးပြီးနောက် သူ့အလှည့်ရောက်လာတော့မည်။ သူက ကော်လံကိုပြင်သည်။ ထို့နောက် အခြားကျောင်းသားဟောင်းများနှင့် အတူ စင်မြင့်ထက်ကို ကြော့ကြော့မော့မော့ တက်ရောက်သွားသည်။
“သူတို့တွေကတော့ ယွမ်နှစ်သိန်း လှူဒါန်းတဲ့ အတန်း (၁၃)မှ ကျောင်းသားဟောင်း ကျန်းလန်၊ ယွမ် တစ်သိန်းခွဲလှူဒါန်းတဲ့ အတန်း (၁၁)မှ ကျောင်းသားဟောင်း ချန်းဖန့်၊ ယွမ်သုံးသိန်းလှူဒါန်းတဲ့ အတန်း (၁၆)မှ ကျောင်းသားဟောင်း စွန်းရှု”
စွန်းရှုက ခေါင်းကိုမော့ ရင်ကိုကော့ပြီး မတ်တပ်ရပ်သည်။ သူက စီးပွါးရေးနယ်ပယ်ထဲမှာ နှစ်ပေါင်းများစွာကျင်လည်ခဲ့သူများနှင့် မယှဉ်ပြိုင်လိုပေ။ သူနှင့် ရွယ်တူများကြားတွင် သူအများဆုံး လှူဒါန်းခြင်းဖြစ်သည်။
အထူးသဖြင့် သူက အတန်း (၁၆)မှ ကျောင်းသားဟောင်းဟု ကြားလိုက်ရသောအခါ အားလုံးက အားကျသော အကြည့်ဖြင့် ကြည့်ကြသည်။ ကျောင်းပြီးတာ သုံးနှစ်ပဲကြာပြီး တက္ကသိုလ်တက်ရောက်နေဆဲဖြစ်သော သူက ထို ယွမ်သုံးသိန်းဟူသော ပမာဏကို လှူဒါန်းနိုင်သည့်အပေါ် အားကျနေကြသည်။ ကျောင်းသားများအတွက် သူသည် စံပြပုဂ္ဂိုလ် ဖြစ်သည်။
သူ့ကို ဝိုင်းကြည့်နေကြသည်ကို ခံစားမိပြီး စွန်းရှုက ပိုပြီး မာန်တက်လာမိသည်။ သူ၏ အတန်းဖော်များအားလုံးကို “ဘယ့်နှယ့်ရှိစ” ဟူသော အထင်မြင်သေးသည့် အကြည့်ဖြင့် ဝေ့ဝိုက်ကြည့်ပစ်သည်။
“နောက်ဆုံးမှာတော့ ကျောင်းဖွံ့ဖြိုးရေးအတွက် ယွမ်သန်းတစ်ရာကို ရက်ရက်ရောရော လှူဒါန်းပေးခဲ့တဲ့ အထူးကျောင်းသားဟောင်းတစ်ဦးကို ဖိတ်ခေါ်ခွင့်ပြုပါခင်ဗျာ”
“ဝိုး” ကျောင်းသားများအားလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။ စင်မြင့်ပေါ်တွင် ထိုင်နှင့်နေပြီးဖြစ်သော ကျောင်းသားဟောင်းများလည်း မျက်လုံးအပြူးသားဖြစ်ကုန်သည်။
သန်းတစ်ရာ!!
သူတို့ကုမ္ပဏီများ အားလုံးပေါင်းလျှင်တောင် ထိုမျှ ပမာဏကို မရှာဖွေနိုင်ပေ။
နာမည်ကြီးကုမ္ပဏီက သူဌေးများဖြစ်နေမလား!!!!
“သေသေချာချာ ဝိုင်းဝန်းဆွေးနွေးပြီး အဖြေရှာပြီးတဲ့နောက်မှာ ဒီအလှူငွေကို ကျောင်းဆောင်အသစ်ဆောက်ဖို့၊ လက်တွေ့စမ်းသပ်ခန်းတွေ တည်ဆောက်ဖို့၊ ပြီးတော့ ကျောင်းမှာသုံးနေတဲ့ hardware နဲ့ software ပိုင်းတွေ မြှင့်တင်ပေးဖို့ သုံးမှာဖြစ်ပါတယ်။ ဒီထဲကမှ ပိုလျှံတဲ့ပမာဏကိုတော့ ကျောင်းရဲ့ ထူးချွန်ကျောင်းသား/သူများကို ပညာရည်ချွန်ဆုချီးမြှင့်ပေးဖို့ သုံးမှာပါ”
ကျူးမင်က ကြိုတင်ပြင်ဆင်ထားသည့် အစီအစဉ်အသေးစိတ်ကို အားလုံးရှေ့မှောက်တွင် ဖွင့်ဟပြောဆိုသည်။
“အခုတော့ ဒီလောက်ပမာဏကို လှူဒါန်းတဲ့ကျောင်းသားဟောင်းက ဘယ်သူလဲဆိုတာ အားလုံးသိချင်နေကြမယ်ထင်ပါတယ်” ကျူးမင်က အသံကို မြှင့်လိုက်သည်။
“ကဲ ဒါဆိုရင် ဒီနှစ်ကျောင်းနှစ်ပတ်လည်ပွဲမှာ ကျောင်းသားအားလုံးကိုယ်စားပြုအဖြစ် ပါဝင်သွားမဲ့ အတန်း (၁၆)ရဲ့ ကျောင်းသားဟောင်း ဖန့်ကြွယ်ယွီကို စင်မြင့်ထက်မှာ နေရာယူပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်”
“ဖန့်ကြွယ်ယွီ ဟုတ်လား။ ဘယ်လိုလုပ် သူ ဖြစ်နေတာလဲ” ကျင်းယုံနှင့် တစ်တန်းလုံးပ
က အံ့ဩမှင်သက်ရသည်။
“ဖန့်ကြွယ်ယွီဆိုတာ ဝီဘိုမှာ နာမည်ကြီးနေတဲ့ တစ်ယောက်လား။ သူက ငါတို့ကျောင်းကလား။ ဘုရားရေ”
“ဘယ်မှာလဲ သူဘယ်မှာလဲ”
“ဘာ ဖန့်ကြွယ်ယွီ…”
စွန်းရှုက ချက်ချင်းဆိုသလို မျက်စိမျက်နှာပျက်လာသည်။ သူ့ကို နှိမ်ပြီး ဆက်ဆံခဲ့တုန်းက ဖန့်ကြွယ်ယွီဘက်က ဘာမှ မတုံ့ပြန်ခဲ့ပေ။
သူက ယွမ်သုံးသိန်းလောက်လှူဒါန်းပြီး မာန်တက်နေချိန်တွင် သန်းတစ်ရာနီးပါး လှူဒါန်းခဲ့သော ဖန့်ကြွယ်ယွီက အတန်းထဲမှာ အသံတိတ်နေခဲ့သည်။
လူအားလုံး၏ အားကျသောအကြည့်များကြားတွင် ဖန့်ကြွယ်ယွီက စင်မြင့်ထက်သို့ တက်သွားသည်။ စင်မြင့်ထက်မှာရှိနေသော ကျောင်းသားဟောင်းများက သူ၏ လုင်ငန်းနှင့် ပတ်သက်ပြီး ဘာမှ မသိကြပေ။
“ဟဲလို မစ္စတာဖန့်”
“မစ္စတာဖန့်..ဒီလောက်အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အောင်မြင်နေတာ မင်းက ငါတို့ကျောင်းဂုဏ်ဆောင်ပဲ”
ပရိတ်သက်တွေ့ဆုံပွဲကဲ့သို့ပင် ဖန့်ကြွယ်ယွီကို အတင်းလက်ဆွဲနှုတ်ဆက်ကြပြီး လိပ်စာကတ်များ ပေးကြသည်။
နောက်ဆုံးတော့ သူသည် စွန်းရှုဘေးနားမှ ဖြတ်သွားချိန်တွင် အနားကိုတိုးပြီး နှစ်ကိုယ်တည်းကြားနိုင်သော အသံဖြင့် “အာ မေ့တော့မလို့။ ငါကလည်း ဒီနေ့ပွဲရဲ့အလှူရှင်။ အထူးသဖြင့်တော့ ကျောင်းရဲ့ ထူးချွန်ကျောင်းသားဟောင်းများရဲ့ ကိုယ်စားပြုတစ်ယောက်ပေါ့”
“ပြီးတော့ လမ်းဘေးစျေးဆိုင် အဟောင်းတန်းက ဝယ်တယ်လို့ မင်းထင်ခဲ့တဲ့ဝတ်စုံက အင်္ဂလန် တော်ဝင်မိသားစုရဲ့ ဒီဇိုင်နာက ချုပ်ပေးခဲ့တာ။ ဝတ်စုံတန်ကြေးက ပေါင် ငါးသိန်းရှိတယ်။ မင်းက ဝတ်စုံတန်ဖိုးကို မသိတာ ငါမအံ့ဩပါဘူး။ ဒါပေမဲ့ မင်းမသိတဲ့ကိစ္စဆို ထင်ရာမြင်ရာ လျှောက်မပြောပါနဲ့။ အဲ့လိုမပြောဘူးဆို မင်းကို လူတွေက ရိုင်းစိုင်းတယ်လို့ မြင်ကြမှာမဟုတ်တော့ဘူး”