အထူးချွန်ဆုံး လှည့်ဖြားနိုင်သူ
Vol. 4 Ch. 47
“လုပ်ငန်းစဉ်အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ် ပိုင်ရှင်..ကျောင်းပွဲမှာ ထင်ရှားကျော်ကြားအောင် လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ဆုချီးမြှင့်မှုက အဆင့်(၁) ခွင့်ပြုခြင်းလုပ်ငန်းစဉ်ကို ၂% ပြီးမြောက်ပါတယ်။ ပြီးတော့ ဘိုးဘေးတွေ မတော်တဆ ပျောက်ဆုံးခဲ့တဲ့ ပစ္စည်းတစ်ခုကိုလည်း ချီးမြှင့်ပါ့မယ်”
လုပ်ဆောင်ခိုင်းသောအရာကို သဘာဝကျကျ အောင်မြင်အောင် လုပ်နိုင်ဖို့က လွယ်ကူပေသည်။ ဖန့်ကြွယ်ယွီက ရွေ့လျားနိုင်သော သီးခြားဟင်းလင်ပြင်ကို ချောင်းကြည့်သည်။ ထိုပုလင်းသေးသေးလေး၏ ဘေးနားတွင် ရှေးဟောင်းအမှတ်အသားတစ်ခုထွင်းထုထားသော ဓားရှည်တစ်ချောင်း ပေါ်လာသည်။
“ဘာလို့ ဓားရှည်ကြီးလဲ” ဖန့်ကြွယ်ယွီက အံ့အားသင့်ရသည်။ယနေ့ခေတ်တွင် ဥပဒေဖြင့်ထိန်းကျောင်းထားသော လူ့အဖွဲ့အစည်းတွင် နေထိုင်ရသည်။ ဓားဖြစ်ဖြစ် ချွန်ထက်သောအရာတစ်ခုခုဖြစ်ဖြစ် လက်ဝယ်တွေ့ရှိပါက အမှုပတ်နိုင်သည်။ ထိုဓားကို သူ့အိမ်မှာ ရှေးဟောင်းပစ္စည်းအဖြစ်သာ ခင်းကျင်းပြသထားနိုင်သည်။
သို့သော် ဖန့်ကြွယ်ယွီ မသိသေးသော အချက်တစ်ချက်ရှိပါသေးသည်။ ထိုဓားသည် ရိုးရိုးသာမန်ဓားတစ်ချောင်းတော့ မဟုတ်ပေ။
ယခုအခါမှာ ထိုဓားအကြောင်းလေ့လာရမည်က အရေးမကြီးနေပေ။ သူ့မှာ ထို့ထက်ပိုအရေးကြီးသော အလုပ်များရှိနေပါသည်။ ကျောင်းသားနှစ်ထောင်၊ ဆရာ/မများနှင့်တကွ ဖိတ်ကြားထားသော ကျောင်းသားဟောင်းများက သူ၏ မိန့်ခွန်းကိုစောင့်ဆိုင်းနေကြသည်။
သူက စင်မြင့်၏ အလယ်တည့်တည့်ကို တည်တည်ငြိမ်ငြိမ်လျှောက်လှမ်းသည်။ ကျောင်းသားဟောင်းများအားလုံးက သူ့ကိုနေရာဖယ်ပေးကြသည်။
ဖန့်ကြွယ်ယွီက သူတို့ထက်ငယ်သော်လည်း လူ့ပတ်ဝန်းကျင်တွင် ငွေရှိသူ ဂုဏ်ရှိသူကို ပိုမိုဦးစားပေးနေကျ မဟုတ်ပါလော!!
“ကြွရောက်လာတဲ့ ကျောင်းသား/သူများ၊ ဆရာ/မများ နှငိ့ ကျောင်းသားဟောင်းများအားလုံး မင်္ဂလာပါခင်ဗျ။ အများစုကတော့ ကျွန်တော့်ကိုသိကြမယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ လူသိပ်မသိတဲ့ နိုင်ငံတကာ စိတ်ရောဂါကုဆေးရုံရဲ့ ဥက္ကဌ ဖြစ်ပါတယ်”
“ဟားးးးး” ဆရာ/မများနှင့် ကျောင်းသားများက အူလှိုက်သည်းလှိုက်ရယ်မောကြသည်။
ထို ဟာသကြောင့် ပွဲထဲတွင် ချုပ်တည်းနေထိုင်ရသော အရာများပြေလျော့သွားပြီး ဘီလီယံနာတစ်ဦး၏ ဟာသဥာဏ်ရွှင်ပြမှုကိုလည်း အားလုံးက မျက်ဝါးထင်ထင်တွေ့ကြရသည်။
တကယ်တော့ ဖန့်ကြွယ်ယွီ၏ စကားပြောစွမ်းရည်က သိပ်မကောင်းပေ။ ထို မိန့်ခွန်းကို ရှောင်းရီက တကယ့်ပကတိအနေအထားနှင့် သူ၏ အနေအထားပေါ်မူတည်ပြီး ပြင်ဆင်ပေးထားသည်။ ဖန့်ကြွယ်ယွီက အဆင်ပြေသလို ပြောရုံပင် ဖြစ်သည်။
“မင်းတို့ အားလုံး ကျွန်တော်ဘယ်လောက်ချမ်းသာလဲဆိုတာ သိချင်နေကြမှာပါ။ ကျောင်းအတွက် ဘာလို့များ သန်းတစ်ရာသုံးခဲ့တာလဲ။ ကျောင်းပွဲမှာ သပ်သပ်ကြွားလုံးထုတ်ချင်လို့လား စသဖြင့် အတွေးပေါင်းစုံရှိနေကြမှာပဲ”
အမှန်လည်း လူအများစုက ထိုအတိုင်း တွေးနေကြသည်။
“ဒါပေမဲ့ ဒီယွမ် သန်းတစ်ရာက ဘာတွေများ လုပ်ပေးနိုင်လဲဆိုတာ မင်းတို့စဉ်းစားဖူးလား။ မနက်ခင်းတစ်ခုလောက်မှာ လူအာရုံစိုက်ဖို့ သုံးတာထက် ပြိုင်ကားဝယ်တဲ့နေရာ ဒါမှမဟုတ် အိမ်ခြံမြေဝယ်တဲ့နေရာမှာ သုံးလိုက်ရင်ရော ပိုမကောင်းဖူးလား”
“တစ်ဒေါ်လာဆို ဝေါ်ဝေါ်ပေါက်စီ လေးလုံးရတယ်။ ဒီငွေတွေနဲ့ဆို ဝေါ်ဝေါ်ပေါက်စီ အလုံး လေးဘီလီယံလောက်နိုင်တယ်။ ပြီးကျရင် တကယ့် ဘေးဒုက္ခကြုံတွေ့နေရတဲ့ နေရာတွေမှာ လှူဒါန်းလိုက်ရင် ကျွန်တော်ပိုပြီး ချီးကျူးခံရမှာပေါ့”
“ဟားဟားဟားဟား” ဖန့်ကြွယ်ယွီက ဟာသပေါင်းများစွာပြောပြီး ပရိတ်သတ်၏ စိတ်ဝင်စားမှုကို ရယူသည်။ သူက လူအများမငြင်းဆိုနိုင်သော အချက်များကို အသုံးပြုသည်။ ယွမ်သန်းတစ်ရာသုံးစွဲခြင်းက ကြွားဝါခြင်းအတွက်ဟူသောအချက်သည် လက်ခံနိုင်စရာဖြစ်သော်လည်း ထိုပမာဏလောက်ကို သုံးစွဲဖို့ မလိုအပ်ပေ။
“တကယ်တော့ ဒီငွေတွေကို လှူဒါန်းတယ်ဆိုတာ ဟိုင်ဟွားက ကျွန်တော်တက်ခဲ့ရတဲ့ ကျောင်းဖြစ်နေလို့ပါ။ ကျွန်တော့်ကျောင်းကို ဟွာရှားတစ်ခွင် နာမည်ကြီးတဲ့ကျောင်းဖြစ်စေချင်တယ်။ ကျောင်းကလည်း ပိုပြီး ထူးချွန်ထက်မြက်တဲ့ ကျောင်းသားပေါင်းများစွာ မွေးထုတ်ပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဒီ ကျောင်းမှာတက်ရတဲ့အတွက် ဂုဏ်ယူကြစမ်းပါ။ နောင်တစ်ချိန်ချိန်မှာ ကျောင်းက မင်းတို့အတွက် တစ်ဖန်ပြန်ပြီး ဂုဏ်ယူနေမှာပါ”
ဖန့်ကြွယ်ယွီ၏ မိန့်ခွန်းကို ပရိတ်သတ်များက လက်ခုပ်တီးပြီး ချီးကျူးဩဘာပြုကြသည်။စင်ပေါ်မှာရှိနေသော ကျောင်းသားဟောင်းများနှင့် ဆရာ/မများတောင်မှ လက်ခုပ်တီးကြသည်။
“ဒီကျောင်းမှာ တက်ရတဲ့အတွက် ဂုဏ်ယူကြစမ်းပါ။ နောင်တစ်ချိန်ချိန်မှာ ကျောင်းက မင်းတို့အတွက် တစ်ဖန်ပြန်ပြီး ဂုဏ်ယူနေမှာပါ” ဟူသော စကားစုသည် ကျောင်းတိုင်းနှင့် ဆရာတိုင်း၏ အိမ်မက်ဖြစ်သည်။
“တကယ်တော့ ကျွန်တော်လည်း ကျောင်းတက်တုန်းက ရွှတ်နောက်နောက် ကျောင်းသားတစ်ဦးဆိုတာ ကျောင်း အုပ်ကြီး ကျူး အသိဆုံးပါ” သူ့ဘေးမှာရပ်နေသော ကျူးမင်ကို ညွှန်ပြသည်။ ကျူးမင်က ခေါင်းညိမ့်ပြီး ပြုံးပြသည်။
“ဒါပေမဲ့ ဘာမှ မဖြစ်ဘူးလေ။ ရွှတ်နောက်နောက် စလိုက်ပြောင်လိုက်နေတာ ဘာများမှားလို့လဲ။ ကျွန်တော်တို့တွေ တရားဥပဒေနဲ့ ဆန့်ကျင်တာမလုပ်ရင် ပြသနာမရှာရင် ပြီးတာပဲလေ။ သေချာစာကြိုးစားမယ်။ မနေ့ကနဲ့ ဒီနေ့ ငါဘာတွေများကွာခြားသွားလဲလို့ ဆန်းစစ်မယ်။ တီထွင်ဆန်းသစ်နိုင်စွမ်းရှိမယ်ဆို မဖြစ်နိုင်တဲ့ အရာဆိုတာမရှိဘူး” ဖန့်ကြွယ်ယွီက ကျောင်းသားများ အတွက် စိတ်ဓာတ်တက်ကြွစေမည့် စကားပြောပေးသည်။
“ကျွန်တော့်ကိုပဲကြည့်။ ငယ်ငယ်ကဆို ဆိုးလို့ အတန်းပိုင်ဆရာကိုခေါ်ပြီး ရုံးခန်းအမြဲရောက်နေကျ။ ခုတော့ ကျွန်တော်လည်း နည်းနည်းတော့ အဆင်ပြေတဲ့ ဘဝကိုပိုင်ဆိုင်နေတာပဲလေ မဟုတ်ဘူးလား”
“ဘူးး” ကျန်းရီက ပရိတ်သက်ထဲမှ နေပြီး လှောင်ပြောင်သည့် အမူအရာပြသသည်။ ဖန့်ကြွယ်ယွီ၏ ယခုလက်ရှိအနေအထားက အဆင်ပြေရုံသာဆိုပါက ဤကမ္ဘာမှာ အောင်မြင်ကျော်ကြားသူ ရှိနိုင်ပါ့ဦးမလား….
“နိဂုံးချုပ်အနေနဲ့ဆို မင်းတို့ ကျောင်းပြီးရင် ကျွန်တော့်ကုမ္ပဏီမှာ အလုပ်သင်လာလုပ်ကြပါ။ မင်းတို့သာ တက္ကသိုလ်ပြီးခဲ့မယ်ဆို ပိုကောင်းတဲ့ အခွင့်အရေးတွေနဲ့ ကျွန်တော်စောင့်ကြိုနေပါ့မယ်”
သူက ထိုစကားကိုပြောလိုက်သည်နှင့် ကျောင်းသား/များက ပိုပြီး လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ သူတို့ဘွဲ့ရပြီးနောက် အလုပ်ကောင်းကောင်းရဖို့က ကျောင်းသားအားလုံး၏ အိပ်မက်မဟုတ်ပေဘူးလား။
“ကဲ နောက်ဆုံးပိတ်အနေနဲ့ ကျောင်းသားဟောင်းများကိုယ်စား ကျောင်းရဲ့ နှစ် (၇၀)ပြည့်ပွဲကြီး ကျင်းပနိုင်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ် ခင်ဗျာ”
“ဖျောင်း ဖျောင်း ဖျောင်း” ဖန့်ကြွယ်ယွီ၏ မိန့်ခွန်းပြီးသည့်နောက် လက်ခုပ်သံများ အစီအရီပေါ်လာသည်။
“အရူးလုပ်ခံလိုက်ရပြီ။ အားလုံးကို လှည့်ဖျားနိုင်ခဲ့ပြီ မဟုတ်လား” ဖန့်ကြွယ်ယွီက စိတ်ထဲမှ ကြိတ်ပြီးရယ်နေသည်။ သူပြောခဲ့သောအရာများက ပွဲအတွက် ကြိုတင်ပြင်ဆင်လာသော ဇာတ်ညွှန်းဖြစ်သည်။ ဒီနေ့ဒီနေရာမှာ သူရှိနေခြင်းမှာ ကြွားဝါချင်ရုံသပ်သပ်သာဖြစ်သည်။
သူလှူဒါန်းခဲ့သော သန်းတစ်ရာသည် သူ့မိန့်ခွန်းပြီးသည်နှင့် သူပိုင်ဆိုင်သောလုပ်ငန်းများမှ တစ်ဆင့် သူ့အကောင့်ထဲ ဝင်နေလောက်မည်။
ရှောင်းရီလုပ်ခိုင်းသော ကိစ္စကိုပြီးပြတ်အောင် လုပ်ဆောင်ရန်မှာ အရေးကြီးဆုံးဖြစ်သည်။
သူပြောခဲ့သော စကားများကြောင့် သူ၏ ကိုယ်ကျင့်သိက္ခာသည် အမြင့်ဆုံးအနေအထားထိရောက်သွားလိမ့်မည်။ သူက ကျောင်းကို အမှန်တကယ်ချစ်မြတ်နိုးသည်ဟု ကျူးမင်နှင့် တခြားလူများက တွေးကြသည်။
ဖန့်ကြွယ်ယွီ၏ ပရိတ်သတ်၏ တုံ့ပြန်ပုံကိုကြည့်ပြီး စိတ်ကျေနပ်ရသည်။ သူက ဤမျှလောက် အပြောကောင်းလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးပေ။
စွန်းယုချီက လူအုပ်ကြီးထဲမှ နေပြီး သူ့အားလှမ်းကြည့်နေသည်ကို ဖန့်ကြွယ်ယွီ မရည်ရွယ်ဘဲ မြင်လိုက်ရသည်။ သူမ၏ မျက်ဝန်းထဲတွင် ပဟေဠိများစွာရှိနေသည်။
တွဲနေစဉ်တုန်းက သူမက ဖန့်ကြွယ်ယွီအား အဆက်ဖြတ်ခဲ့သည့် အကြောင်းရင်းက ဖန့်ကြွယ်ယွီ ထင်ထားသည်ထက် ပိုပြီးရိုးရှင်းသည်။ သူမ၏ စာလေ့လာမှုကို ထိခိုက်မည်စိုး၍ ဖြတ်ခဲ့ခြင်းမဟုတ်ပေ။ ဖန့်ကြွယ်ယွီ၏ ရုပ်ရည်က သူမတွေးထားသည်နှင့် မကိုက်ညီသဖြင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်။
သူမ အဆက်ဖြတ်ခဲ့သော လူက ထိုမျှလောက် ပြောင်းလဲနေမည်ဟု မတွေးခဲ့ဖူးပေ။ ယခုအခါ သူသည် ရုပ်ရည်ချောမောရုံတင်မကဘဲ ချမ်းသာကြွယ်ဝနေသည်။ တစ်ခဏအတွင်းမှာ သူမ ဆုံးရှုံးလိုက်ရသည့်အရာများကို ခံစားမိသည်။
“ခုလို အဖိုးတန်တဲ့ မိန့်ခွန်းကို ပြောကြားပေးလို့ ကျောင်းသားဟောင်း ဖန့်ကြွယ်ယွီကို ကျေးဇူးတင်ပါတယ်”
ကျူးမင်က စင်မြင့်၏ အလယ်တည့်တည့်နေရာသို့ လျှောက်လှမ်းချိန်တွင် ဆရာမနှစ်ဦးက အနီရောင်ဖဲပြားများကိုကိုင်ရင်း အနောက်မှ လိုက်လာသည်။
“ သမုဒ္ဓရာရင်သွေးများ ပညာသင်ဆုပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးဖို့ ပညာသင်ဆုတည်ထောင်သူဖြစ်တဲ့ ကျောင်းသားဟောင်းဖန့်ကြွယ်ယွီကို ဖိတ်ခေါ်အပ်ပါတယ်”
ကျောင်းနှစ်ပတ်လည်ပွဲက သုံးနာရီကြာမြင့်သည်။ ကျူးမင်က ကျောင်းသားဟောင်းများ၊ ကျောင်းသားခေါင်းဆောင်များနှင့် ဖန့်ကြွယ်ယွီအား နေ့လည်စာစားရန် ဖိတ်သော်ငြား ဖန့်ကြွယ်ယွီငြင်းဆိုခဲ့သည်။
ကျောင်းပြီးတာ သုံးနှစ်ကြာပြီမို့ ကျောင်းကန်တင်းက အစားအသောက်များကို လွမ်းလှသည်။ နာမည်ကြီး စားသောက်ဆိုင်များအစား အတန်းဖော်များနှင့် ကန်တင်းတွင် နေ့လည်စာအတူစားကာ ရှေးဟောင်းနှောင်းဖြစ်များ ပြောလိုသည်။
စွန်းရှုက ဖန့်ကြွယ်ယွီ အနားမှာဆို အလိုလို ဘေးရောက်သွားသဖြင့် သိမ်ငယ်စိတ်ဝင်လာသည်။ ထို့ကြောင့် သူသည် မည်သူ့ကိုမှ နှုတ်မဆက်ဘဲ တိတ်တိတ်လေး ပြန်သွားသည်။ သူပြန်သွားမှသော ကျန်ရှိခဲ့သော ပတ်ဝန်းကျင်က ပိုမိုပြီး အသက်ဝင်လာတော့သည်။
“ဒီလောက်နှစ်လေးအတွင်းမှာ မင်းသူဌေးကြီးဖြစ်လာမယ်လို့ မတွေးခဲ့ဖူးကွာ”
“ဟုတ်တယ် ဝီဘိုမှာ ဖန့်ကြွယ်ယွီလို့ နာမည်ကြီးတုန်းက မင်းလို့ မထင်မိဘူးလေ”
“ငါတို့ပြောဖူးတယ် မှတ်မိလား။ ချမ်းသာလာရင် တစ်ယောက်ယောက်ကို တစ်ယောက် မမေ့ကြေးနော်။ ကျောင်းပြီးရင် ပိုပြီး ကူညီပေးပါဦး”
“ဟုတ်တယ် ဥက္ကဌဖန့်က အဲ့လိုပစ်ထားမဲ့ လူမှ မဟုတ်တာ”
“ဟားး။ အမှန်ပေါ့ကွာ။ စကားမစပ် မင်းကံစမ်းမဲထပ်ဖောက်ရင် ငါတို့ကိုကြိုအသိပေးပါဦး။ ဒါမှ ဆုတောင်းထားလို့ရမှာ”
သူ၏ အနေအထားပြောင်းလဲသွားမှုအပေါ် ခပ်တန်းတန်းဖြစ်သွားသည့်အတန်းဖော် တစ်ဦးမှ မရှိပေ။ ပုံမှန်အတိုင်းပဲ သူ့ကို ဆက်ဆံပြောဆိုကြသည်။
ထိုအရာကိုသာ ကျောင်းသားဘဝ၏ စစ်မှန်သောခင်မင်မှုဟူ၍ ပြောနိုင်သည်။
ဖန့်ကြွယ်ယွီက သဘောကျလွန်းသဖြင့် ရယ်မောနေမိသည်။