ငါက အတော်လေးဆင်းရဲတာပဲ
Vol. 4 Ch. 50
နောက်တစ်နေ့မနက်တွင် အဆက်မပြတ်ထွက်ပေါ်နေသော ဆူညံသံများကြောင့် ဖန့်ကြွယ်ယွီ လန့်နိုးလာသည်။ အိမ်အောက်ထပ်တွင် ရပ်ထားသော ထရပ်ကားလေးစင်းကို အိပ်ချင်မူးတူးဖြစ်နေသည့် မျက်လုံးအစုံဖြင့် ကြည့်ရန် လိုက်ကာကိုဆွဲဖွင့်လိုက်သည်။ ထရပ်ကားတစ်စီးစီတွင် ပြိုင်ကားတစ်စီးစီရှိနေသည်။
ဖန့်ကြွယ်ယွီပိုင်ဆိုင်သော ကုမ္ပဏီများမှ ကားအသစ်ထုတ်သည့် အချိန်တိုင်း ဖန့်မိသားစုအတွက် အမြဲတစ်စီးစီချန်ပေးသည်။ ဒီတစ်ခေါက်တော့ ဖန့်ကြွယ်ယွီက သီးသန့်ဒီဇိုင်း မမှာသောကြောင့် ကားအသစ် ပထမတစ်သုတ်က သူ့အိမ်ကို ရောက်ရှိလာသည်။
ပြိုင်ကားလေးစီး( ပါ့ဂနီ၊ လမ်ဘော်ဂနီ၊ အက်စတွန်မာတင် နှင့် ကာ့နစ်ဆက်)သည် နေရောင်အောက်တွင် တဖိတ်ဖိတ်တောက်ပနေသည်။ ထိုကားလေးစီးကိုမြင်တွေ့လိုက်ရသော ကားဝါသနာရှင်များအဖို့ ရူးတောင်ရူးသွားနိုင်သည်။
ထိုကားလေးစီးထုတ်လုပ်သော စက်ရုံများမှ မန်နေဂျာများက ကားကို ထရပ်ကားစီမှချပြီး ဖန့်ကြွယ်ယွီ၏ ကားဂိုဒေါင်ထဲတွင် သေချာပါကင်ထိုးပေးသည်။ ဟောင်းလောင်းဖြစ်နေသော ကားဂိုဒေါင်သည် ကားများဖြင့် ပြည့်နှက်နေသည်။
ပြိုင်ကားများကို ဂိုဒေါင်အတွင်း ထည့်ပြီးသောအခါ ဖန့်ကြွယ်ယွီ၏ ဂိုဒေါင်သည် ကားပြပွဲတစ်ခုကိုပင် ယှဉ်နိုင်သည့် အနေအထားဖြစ်လာသည်။ သူ၏ ဂိုဒေါင်အတွင်းရှိကားများသည် ပိုက်ဆံရှိရုံနှင့် ဝယ်မရနိုင်သော limited editions (အရေအတွက်အကန့်အသတ်ဖြင့်သာထုတ်ဝေသောကားများ) ဖြစ်ကြသည်။
ယနေ့မနက်စာသည် သူ၏စားဖိုမှူးပြင်ပေးသော အီတလီခေါက်ဆွဲဟင်းလျာဖြစ်သည်။ မနေ့ညက ဝမ်ချုံးတောင်းဆိုသော ဟင်းလျာအတွက် လိုအပ်သောပါဝင်ပစ္စည်းများကိုဝယ်ယူပြီးဖြစ်သည်။ အီရန်မှ ကာဗီယာငါးဥစစ်စစ်၊ ကျောက်ပုစွန်များနှင့် အော်ဂဲနစ်ဟင်းသီးဟင်းရွက်များ ဝယ်ယူခဲ့သည်။ ထိုဟင်းပွဲ၏ ကုန်ကျစရိတ်မှာ ဒေါ်လာသောင်းချီရှိသည်။
သို့သော် ထိုဒေါ်လာသောင်းချီတန်သောအီတလီခေါက်ဆွဲကို ဖန့်ကြွယ်ယွီက သိပ်ပြီးအရသာမတွေ့ပေ။ သူက အစားအစာချေးများတတ်သောလူတော့မဟုတ်ပေ။ ထိုတန်ဖိုးကြီးအစားအစာများက ဝက်သားခေါက်ဆွဲနှင့် ယှဉ်လျှင် ဘာမှ မကွာခြားနေပေ။
“ဖန့်ကြွယ်ယွီ..ငါက ကျန်းနန်ပျဲယွမ်မှာရောက်နေပြီ” ကိုးနာရီတောင် မထိုးသေးခင်မှာ ဝမ်ချုံးက ရောက်လာခဲ့သည်။
ဖန့်ကြွယ်ယွီက လူချမ်းသာတစ်ဦးဆိုတာ ဝမ်ချုံးသိသည်။ ဝမ်ချုံးသည်လည်း ဖန့်ကြွယ်ယွီကို အရှုံးမပေးလိုသောစိတ်ဖြင့် သန်းသုံးဆယ်တန်သော ကာ့နစ်ဆက်ကားကို မောင်းလာသည်။ ဤကားကို သူ၏ဖခင် ဝမ်လင်းဆီမှ တောင်းလာခဲ့သည်။ ပုံမှန်ဆို ကာ့နစ်ဆက်ကားတစ်ခုခုဖြစ်မှာစိုးရိမ်ပြီး ဝမ်ချုံး မောင်းလေ့မရှိပေ။ဒီတစ်ကြိမ်တော့ သူ၏အနေအထားကိုပြသလိုသဖြင့် ယူလာခဲ့သည်။
“ကောင်းပြီ ကျွန်တော် အခုချက်ချင်း လာခဲ့ပါ့မယ်” ဖန့်ကြွယ်ယွီက အဝတ်အစားလဲပြီး စကူတာစီးကာ ထွက်လာသည်။
“ဒီနေ့တော့ ငါဘာကောင်လဲဆိုတာပြရမယ်” ဝမ်ချုံးက ကားပြတင်းပေါက်ကိုချထားသည်။ မလှမ်းမကမ်ဆီမှ ဆံပင်စုတ်ဖွားနှင့် စကူတာစီးလာသောကောင်လေးကို မြင်ဖူးသလိုလို ဖြစ်နေသည်။
“ဟေ့ ဝမ်ချုံး” ဖန့်ကြွယ်ယွီက ကားထဲမှာထိုင်နေသော ဝမ်ချုံးကိုမြင်ပြီး လက်ဝှေ့ရမ်းပြသည်။
“ဘာလဲဟ။ ဘာလို့ ဒီလိုမျိုးဝတ်လာတာလဲ။ ငါနဲ့မင်းသိတယ်လို့ ဘယ်သူ့မှ မပြောနဲ့တော့” ဝမ်ချုံးက အထင်မြင်သေးသည့် ပုံစံဖြင့် ဖန့်ကြွယ်ယွီအားကြည့်သည်။
“ဘီလီယံနာတောင်ဖြစ်နေပြီး အပြင်ထွက်တဲ့အချိန်မှာ သင့်တင့်လျောက်ပတ်အောင် မဝတ်စားတတ်ဘူးလား မသိဘူး” ဟု ဝမ်ချုံးတွေးနေမိသည်။
“ဘာဖြစ်လို့လဲ။ အိမ်ကနေထွက်ပြီး ခင်ဗျားကိုလာကြိုဖို့ အနောက်တိုင်းဝတ်စုံနဲ့ နက်ခ်တိုင်ကိုဝတ်ပြီး ကားအကောင်းစားကြီးစီးလာဖို့လိုလား” ဟု ဖန့်ကြွယ်ယွီက ပြန်ပြောသည်။
“ဘာလဲ စကူတာစီးလာတာဆိုပြီး အထင်သေးတာလား” ဖန့်ကြွယ်ယွီက စကူတာအား ဝမ်ချုံးဘက်လှည့်ပြသည်။
“ဒါက ရိုးရိုး လျှပ်စစ်စကူတာမဟုတ်ဘူး။ တံဆိပ်ကိုမြင်အောင်ကြည့်။ တွေ့လား လမ်ဘော်ဂနီစကူတာ။ ဒါမျိုးမြင်ဖူးလို့လား”
“လာနောက်နေတာလား” သူ့ရှေ့မှာရှိနေသော ပန်းရောင်စကူတာကို မယုံကြည်နိုင်အောင် ဖြစ်နေမိသည်။ လမ်ဘော်ဂနီက စကူတာထုတ်ပေးသည်ဟု တစ်ခါမှ မကြားဖူးပေ။ သို့သော် စကူတာပေါ်က တံဆိပ်သည် အစစ်ဖြစ်သည်။
“ဘယ်သူကနောက်မှာလဲ။ ဒါက ကျွန်တော့်ကုမ္ပဏီလေ။ စကူတာမပြောနဲ့ ခင်ဗျားက လယ်ထွန်စက်ကို လမ်ဘော်ဂနီတံဆိပ်နဲ့ လိုချင်ပါတယ်ဆိုလျှင်တောင် ငါ ထုတ်ပေးနိုင်တယ်”
ဖန့်ကြွယ်ယွီက စနောက်နေခြင်းမဟုတ်ပေ။ ထိုပန်းရောင်စကူတာက လမ်ဘော်ဂနီက ထုတ်လုပ်ထားခြင်းဖြစ်သည်။ ကျွမ်းရီက ပြိုင်ကားများမှာပေးသောနေ့က ထိုစကူတာကို သူဝယ်ခဲ့ခြင်းဖြစ်သည်။
ဗီလာက ကျယ်ဝန်းသဖြင့် တစ်နေရာမှ တစ်နေရာ ကူးပါက ဒုက္ခရောက်သည်။ နီးနီးနားနားနေရာကို ပြိုင်ကားဖြင့် သွားနေလျှင်လည်း အဆင်မပြေပေ။ ထို့ကြောင့် ဟိုဟိုဒီဒီ အလွယ်တကူသွားလာနိုင်ရန် သူ့အတွက် လျှပ်စစ်စက်ဘီးတစ်စီး ဝယ်ပေးပါဟု ကျွမ်းရီအား ပြောခဲ့သည်။
ကျွမ်းရီက ထူးထူးဆန်းဆန်းတွေးမိပြီး လမ်ဘော်ဂနီအား လျှပ်စစ်စကူတာတစ်စီး သူ့အတွက် ထုတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုစကူတာလည်း ယခုမနက်မှ ရောက်လာခဲ့သည်။
လျှပ်စစ်စကူတာဆိုသော်ငြား ပါဝါသည် မော်တော်ဆိုင်ကယ်တစ်စီးထက် မလျော့နေပေ။ တစ်နာရီကို ကီလိုမီတာ ၁၈၀ သွားနိုင်သဖြင့် သာမန်ကားများ မယှဉ်နိုင်ပေ။
“တကယ့်ကောင်ပဲကွာ ရွှတ်နောက်နောက်နဲ့” ဝမ်ချုံးက ဘာပြောရမှန်းမသိအောင်ဖြစ်နေသည်။
“မင်း နည်းနည်းလေး ပုံကြီးချဲ့လို့မရဘူးလား”
သူ၏ ပြိုင်ကားကိုကြည့်ပြီး ဝမ်ချုံးအနည်းငယ်စိတ်သက်သာရာရမိသည်။ ထိုလမ်ဘော်ဂနီစကူတာက ဖန့်ကြွယ်ယွီအတွက် သီးသန့်ဖန်တီးပေးထားသော်ငြား သူ၏ ပြိုင်ကားနှင့်တော့ မယှဉ်နိုင်ပေ။
သူက မျက်နှာအမူအရာကို ပြန်ထိန်းရင်း” ကဲ ဒီလောက်ပဲပြောကြတာပေါ့။ မင်းအိမ်ကို အလည်ခေါ်ပါဦး။ မင်း ဘယ်လိုအိမ်မျိုးမှာနေလဲဆိုတာ ငါအရမ်းသိချင်နေပြီ”
“ကောင်းပြီ ငါ့နောက်ကလိုက်ခဲ့လေ” ဖန့်ကြွယ်ယွီက ရှေ့ကနေပြီး သွားသည်။ ဝမ်ချုံးက ကားစတင်ပြီး မောင်းလိုက်သည်နှင့် မျက်နှာထားပြောင်းလဲလာသည်။
“ဒီဗီလာအကြီးကြီးမှာ မင်းတစ်ယောက်ထဲနေတာတော့ မဟုတ်ဘူးမလား” ဤဗီလာက သူ့ကို အံ့အားသင့်စေသည်။ နိုင်ငံရပ်ခြားမှာ နှစ်ပေါင်းများစွာ လေ့လာခဲ့သော ထိပ်တန်းပညာရှင်မှသာ ဤဒီဇိုင်းမျိုး ဆောက်လုပ်ပေးနိုင်သည်။
“ဟုတ်တယ် ငါပဲနေတာလေ”
“မဖြစ်နိုင်တာ ဒါဆို ဒီအိမ်အတွက် သန့်ရှင်းရေးနဲ့ စာဖိုမှူးအဖွဲ့ကရော။ သူတို့က သပ်သပ်နေတာလား”
“မဟုတ်ဘူးလေ။ ဒီအိမ်ပတ်ပတ်လည်က ဗီလာအလုံးနှစ်ဆယ်ကလည်း ငါပိုင်တာ။ ဝန်ထမ်းတွေက အဲ့မှာနေကြတာ”
ထိုအချိန်မှာ ဝမ်ချုံး၏ အမူအရာသည် ဖန့်ကြွယ်ယွီက ဤဗီလာကို ပထမဆုံးအကြိမ်ရောက်လာတုန်းက ဖြစ်ပျက်သွားသည့် အမူအရာနှင့် တစ်ထပ်တည်းဖြစ်သည်။
ဖန့်ကြွယ်ယွီက ရယ်မောချင်စိတ်ကို မနည်းအောင့်ပြီး ထိန်းထားရသည်။
“မင်း ဘာမှ မဟုတ်တော့ပါဘူး” ဝမ်ချုံးက သက်ပြင်းချသည်။ သူက စိတ်ကိုတည်ငြိမ်အောင်ထားရင်း
“ကားဂိုဒေါင်ကဘယ်မှာလဲ။ အရင်ဆုံး ကားကိုပါကင်ထိုးချင်တယ်” ဝမ်ချုံးက သူ၏ကားကို တစ်ခုခုကြောင့် ထိခိုက်သွားမှာစိုးရိမ်သည်။
“သေချာလား။ ငါ့ကားဂိုဒေါင်ကိုကြည့်ရင် မင်းသွေးပျက်သွားမှာဆိုးတယ်”
“ရပါတယ် လုပ်ပါ။ ဒီမှာကြည့် ကာ့နစ်ဆက်ကား… သန်းသုံးဆယ်ကျော်တယ်။ ဒီကမ္ဘာမှာတောင် သိပ်မစီးနိုင်ကြဘူး။ မင်းရဲ့ မာစီရာတီကားလည်း မိုက်ပါတယ်။ဒါပေမဲ့ ငါ့ကားကို မယှဉ်နိုင်ပါဘူး”
“ဪ အဲ့ကားလား။ ငါ့လက်ထောက်ကိုပေးလိုက်ပြီ။ နောက်ထပ်ကားတွေတောင် ထပ်ဝယ်ထားသေးတာ။ မင်းကြည့်ချင်တယ်ဆိုတော့လည်း ပြရမှာပေါ့လေ” ဖန့်ကြွယ်ယွီက ဝမ်ချုံးအား ကားဂိုဒေါင်ထဲခေါ်သွားသည်။
သူက ပထမဆုံးကားကိုမြင်လိုက်သည်နှင့် အံ့ဩမှင်သက်သွားသည်။
“ဒါက လမ်ဘော်ဂနီဗိနီနိုမဟုတ်လား” သူက ထိုကားကို လိုချင်နေတာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ သို့သော် အကြိုအခွန်ဆောင်ခြင်းက ယူရိုသုံးသန်းဖြစ်တာမို့ သူက ထိုကားကိုဝယ်ရန် တွန့်ဆုတ်နေသည်။ သူမပြောနှင့် သူ့ဖခင် ဝမ်လင်း တောင်မှ မဝယ်နိုင်ပေ။
“ဟုတ်တယ်။ ကားတွေကို ဒီမနက်ကမှ လာပို့တာ။ မင်းရောက်တာနဲ့ အချိန်ကိုက်ပဲ”
“ပါ့ဂနီ…”
“ပြီးတော့ ဗာ့ကဲရီ…”
“ဒါက ကာ့နစ်ဆက်ဝမ်း ..မင်းဒီကားကို ဘယ်လိုရအောင်ဝယ်တာလဲ” ဖန့်ကြွယ်ယွီ၏ ကော်လံကိုဆွဲလိုက်သည်။
ကာ့နစ်ဆက်ဝမ်းသည် တစ်ကမ္ဘာလုံးမှာ ခြောက်စီးပဲရှိပြီး ယွမ်သန်းတစ်ရာကျော် ပေါက်စျေးရှိသည်။
“ဘာလုပ်တာလဲ။ လွှတ်စမ်းပါ။ ဒီအကျီကလည်း ဒေါ်လာအများကြီးတန်တယ်”
“ဒီကားက သန်းတစ်ရာကျော်တယ်မလား။ ငါ့လက်ထောက်ကိုမှာလိုက်တာပဲ။ သူရအောင် ဝယ်လာပေးခဲ့တာ”
“မင်း မိသားစုက ကာ့နစ်ဆက်ကိုလည်း ပိုင်ဆိုင်တာပဲလား”
“မဟုတ်ပါဘူး”
ထိုအဖြေကိုကြားလိုက်ရမှသာ ဝမ်ချုံး စိတ်အေးရသည်။
သို့သော် သူကြာကြာပင် စိတ်မအေးလိုက်ရပေ။ “ဒါပေမဲ့ရှယ်ယာ ၄၁% တော့ပိုင်တယ်” ဟု ဖန့်ကြွယ်ယွီက ဖြေသည်။
“အဟွတ် အဟွတ်အဟွတ်”
“ရုတ်တရက်ကြီး ငါဆင်းရဲသွားသလို ခံစားရတယ်”
ဝမ်ချုံးသည် ကားဂိုဒေါင်အစွန်ဆုံးမှာရှိသော ကားကိုမြင်လိုက်ရချိန်တွင် မေ့လဲမတတ်ဖြစ်မိသည်။