ဖန့်ဟွိုက်၏ စိတ်ကူးယဉ်ဆန်သော လျှို့ ဝှက်ချက်
Vol. 4 Ch. 48
နွေရာသီကျောင်းပိတ်ရက်အတောအတွင်းမှာကျင်းပသော ကျောင်းနှစ်ပတ်လည်ပွဲအခမ်းအနား ပြီးဆုံးပြီးနောက် ကျောင်းသားများအသီးသီး အိမ်ပြန်ကုန်ကြသည်။
ကျောင်းသားဟောင်းအများစုကသာ ကျောင်းအတွင်း ဟိုဟိုဒီဒီလှည့်ပတ်ကြည့်ချင်သောကြောင့် မပြန်သေးဘဲ ကျန်နေခဲ့ကြသည်။
သုံးနှစ်အတွင်းမှာ ကျောင်းကြီးက အများကြီးပြောင်းလဲခဲ့သည်။
သူ၏အတန်းဖော်များနှင့် နေ့လည်စာအတူစားရချိန်တွင် လွန်ခဲ့သည့် သုံးနှစ်ကအချိန်များကို ပြန်ရောက်သွားသကဲ့သို့ ခံစားနေရသည်။
အလွန်ကြည်နူးစရာကောင်းသော အမှတ်တရတစ်ခုဖြစ်သည်။
ညနေစောင်းလောက်တွင် ကျောင်းသားဟောင်းများလည်း တစ်ယောက်ပြီးတစ်ယောက် ပြန်ကုန်ကြသည်။ သူငယ်ချင်းများအားလုံးက ဖန့်ကြွယ်ယွီ စီးနင်းလာသည့်ကားကို သိချင်နေကြသည်။ ချိုင်းနားဂျွိုင်းပွဲမှာတုန်းက သူက မာစီရာတီကားကို စီးနင်းခဲ့သည်။ ထို မာစီရာတီကားသည် ဒေါ်လာသန်းချီတန်ပြီး လူအများစု၏ ဘဝမှာအိပ်မက်ပင်မမက်ရဲသော ကားမျိုးဖြစ်သည်။
သူတို့က ကျောင်းဝင်ပေါက်ကိုရောက်လာခဲ့သည်။ ကျောင်းသားဟောင်းအများစု ပြန်နှင့်ပြီဖြစ်သောကြောင့် ကားတချို့သာ ရပ်ထားသည်ကို တွေ့ရသည်။
ဖန့်ကြွယ်ယွီက ဘေးအစွန်ဆုံးမှာ ကားကိုရပ်ခဲ့သည်။ သို့သော် ဇိမ်ခံကားတစ်စီးသည် မည်သည့်နေရာမှာ ရပ်နေပါစေ ထင်းထွက်နေမည်မဟုတ်ပါလော။
“ဒါက ဘာကားပါလိမ့်။ မိုက်လိုက်တာ”
“ဟာ..ငါ ဒီတံဆိပ်ကိုသိတယ်။ ဒါက Apollo sun god (အပိုလို ဆန်းဂေါ့)။ ငါကြားဖူးတာတော့ ဒီကားရဲ့ တန်ကြေးက အနိမ့်ဆုံး ဆယ်သန်းကနေစတယ်” အတန်းထဲမှ ဗဟုသုတကြွယ်ဝသော ကောင်လေးတစ်ဦးက ကားကိုကြည့်ရုံနှင့် တန်းသိသည်။
“ပြီးတော့ အသေးစိတ်ပြုပြင်မွမ်းမံတာနဲ့ အခွန်တွေပါပေါင်းရင် သန်းပေါင်းများစွာမကုန်ဘဲ ဒီကားမျိုးကိုစီးနိုင်မှာ မဟုတ်ဘူး… ဟုတ်တယ်မလား”
အတန်းဖော်များက ဖုန်းထုတ်ပြီး အားပါးတရ ဓာတ်ပုံရိုက်ကြသည်။ သူတို့က ကားထဲဝင်မထိုင်နိုင်သော်လည်း ထိုကားမျိုးကို အနီးကပ်မြင်ရရုံနှင့်ပင် ကံကောင်းသည်ဟု ဆိုနိုင်မည်။ ထို့ပြင် ထိုဇိမ်ခံကားကို သူတို့၏ အတန်းဖော်က ပိုင်ဆိုင်တာခြင်းကပင် ဂုဏ်ယူဖွယ်ကောင်းလှပေသည်။
“Apollo Sun God !! ငါမှတ်မိပြီ။ ဟွာရှားမှာ ဒီလိုကားမျိုး သုံးစီးထက်ပိုမရှိနိုင်ဘူး။ ပြီးတော့ ဒီမော်ဒယ်ကိုလည်း တစ်ခါမှ မမြင်ဖူးဘူး” အတန်းထဲမှ ကားအကြောင်းနှံ့စပ်သည့် ကားဝါသနာရှင်တစ်ဦးက ဆိုသည်။
“ဖန့်ကြွယ်ယွီ မင်းမိဘတွေက နာမည်ကြီးကော်ပိုရေးရှင်းတွေ ပိုင်ဆိုင်တာလား။ ဒီလို အဆင့်မြင့်ပြိုင်ကားမျိုးဝယ်နိုင်ဖို့ဆိုတာ ပိုက်ဆံရှိရုံနဲ့ ဝယ်လို့မရဘူး။ ကားနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတစ်ခုခုနဲ့ ပတ်သက်ဆက်နွှယ်နေမှသာ ဝယ်နိုင်တာ”
“အမှန်အတိုင်းဝန်ခံရမယ်ဆို ဒီကားထုတ်တဲ့ ဂျာမန်စက်ရုံက ငါ့အပိုင်ပါ” အနည်းငယ်ကြွားဝါနေသယောင် ဖြစ်နေတာမို့ ပြောနေရင်း ဖန့်ကြွယ်ယွီ ရှက်လာမိသည်။
သို့သော် လူတိုင်းက သိချင်နေတာမို့ သူပြောပြမှ ရမည်။
“ဒါက စက်ရုံကနေ ငါ့အတွက် သီးသန့်ထုတ်ပေးတဲ့ကားပါ။ ဒီလိုကားမျိုးက ဒီနှစ်ကုန်တဲ့အထိ စက်ရုံက ထုတ်ပေးနိုင်မှာမဟုတ်သေးဘူး”
“အပိုလိုက မင်းပိုင်တာ ဟုတ်လား” ယောကျာ်းလေးများအားလုံး ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။
သူတို့သည် အပိုလိုကားကုမ္ပဏီပိုင်ရှင်နှင့် သုံးနှစ်နီးပါး အတူတူကျောင်းတက်ခဲ့ပြီး ဒီနေ့မှာလည်း နေ့လည်စာတောင် အတူတူစားဖြစ်ခဲ့ကြသည့်အပေါ် မယုံနိုင်အောင် ဖြစ်နေကြသည်။
“ကောင်းပါပြီ ဖန့်ကြွယ်ယွီက ချမ်းသာတယ်လေ။ အဲ့တာ နင်တို့နဲ့ဘာဆိုင်လို့ အရမ်းတွေ စိတ်လှုပ်ရှားနေကြတာလဲ” မိန်းကလေးများက ယောကျာ်းလေးများ၏ ပုံစံကိုကြည့်ပြီး စိတ်မရှည်တော့ပေ။ သူတို့က ယောကျာ်းလေးများလောက် ပြိုင်ကားအပေါ်မရူးသွပ်ပေ။
“ဟားးး ဟုတ်ပါတယ်ကွာ” အတန်းခေါင်းဆောင် ကျန်းမုန့်ကဆိုသည်။ သူကပင် ဆက်ပြီး “ ဖန့်ကြွယ်ယွီ သူတို့ကိုကြည့်လိုက်ဦး။ မင်းကို ဝါးစားမတတ်ကြည့်နေကြတယ်”ဟု ပြောသည်။
“ဟာ မင်းလည်းတူတူပဲပါကွာ” ကောင်လေးများက ကျန်းမုန့်ကို ပြန်လည်ပြောဆိုကြသည်။
“နင်တို့ မိန်းကလေးတွေလည်း အမြင်မစူးရှလိုက်တာ။ မင်းတို့သာ ရှေ့ရေးကိုကြိုတွေးခဲ့ရင် ခုချိန်ဆို မစ္စစ်ဖန့် ဖြစ်နေလောက်ပြီ”
“ငါတို့ကိုများ အမြင်မစူးရှဘူးတဲ့။ နင်သေချင်နေပြီလား”
သူတို့၏ အတန်းသားများသည် အမြဲလိုလိုရန်ဖြစ်နေကျဖြစ်သည်။ ဖန့်ကြွယ်ယွီက ဝင်ရောက်ဖျန်ဖြေပေးရတော့သည်။
“ဟုတ်ပါပြီ တော်ကြပါတော့။ ဒီနေ့ အားလုံး ပျော်နေကြတာဆိုတော့ ငါ မတွန့်တိုတော့ဘူး။ နောက်နှစ်ကျရင် ငါတို့အားလုံး ဘွဲ့ရပြီးတဲ့အချိန်ကျ အတူတူ ခရီးထွက်ကြစို့လေ။ ကုန်ကျစရိတ်အားလုံး ငါ ဒကာခံပါ့မယ်။ ဘယ်နေရာသွားချင်လဲဆိုတာ မဲခွဲပြီးဆုံးဖြတ်ကြမယ်”
“ယေးးးး ဥက္ကဌဖန့်က ရက်ရောလိုက်တာ”
“ဒါဆို ငါတို့တခြားမြို့ကို သွားလည်ကြမလား”
“ကြည့်ပါဦး ခရီးထွက်ရမယ်ဆိုတော့ စိတ်အားထက်သန်နေလိုက်တာ။ တကယ်တော့ ငါတို့ အိမ်နီးချင်းနိုင်ငံလေးဘာလေး သွားလည်ရမှာပေါ့။ ဟုတ်တယ်မလား”
“ဟားး ရတာပေါ့။ အိမ်နီးချင်းနိုင်ငံတွေတင်မကဘူး။ ဆာဟာရသဲကန္တာရထဲ သွားလည်မယ်ဆိုလျှင်တောင်မှ ဘာမှ ပြသနာမရှိဘူး”
သူငယ်ချင်းများပြန်လည်တွေ့ဆုံချိန်တွင် အားလုံး ပျော်ရွှင်ကြရသည်။ ဖန့်ကြွယ်ယွီက ကျန်းရီကို ညစာလိုက်ကျွေးမည်ဟု ကတိပေးထားပြီးဖြစ်သည်။ မိန်းကလေးများ၏ အားကျသည့်အကြည့်များအောက်တွင် ကျန်းရီက သူ့ကားထဲတွင် ဝင်ထိုင်လိုက်ပြီးသည်နှင့် ဝေါခနဲ ကားမောင်းထွက်သွားတော့သည်။
“ဟား..ငါ့ဘဝမှာ ဒီလိုဇိမ်ခံကားမျိုးစီးရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး” သူမဘဝမှာ ပထမဆုံးအကြိမ် ပြိုင်ကားစီးဖူးတာမို့ ကျန်းရီစိတ်လှုပ်ရှားနေသည်။
“ငါ နင့်စကားကို နားမထောင်ခဲ့မိရော ပြီးတော့ နင့်ကို မပြောပြခဲ့မိတာတွေအတွက် တောင်းပန်ချင်လို့ ညစာလိုက်ကျွေးတာပါ”
ဖန့်ကြွယ်ယွီက ဆိုသည်။
“ဟုတ်ပါပြီ နင်က စိတ်ရင်းနဲ့တောင်းပန်နေတာဆိုတော့ ခွင့်လွှတ်ပေးပါ့မယ်။ နင့်ကိုငါ သေချာမှာတယ်။ ကောင်မလေးတွေနဲ့ မတွဲခင် သေချာအကဲခတ်ကြည့်ပါလို့။ ငါက တခြားနေရာမှာ တော်ချင်မှတော်မယ်။ဒါပေမဲ့ လူအကဲခတ်တဲ့နေရာမှာတော့ ငါက ဆရာကြီးပဲ”
“ဟေ့ ဒါနဲ့ ငါနဲ့နင် ညစာအတူတူစားတာ နင့်ကောင်မလေးသိလား။ တော်ကြာ နင့်ကားကိုလိုက်စီးတယ်ဆိုတာသိရင် သူဒေါသထွက်နေဦးမယ်”
“ဟာ ဘာတွေလဲဟာ။ ငါ့မှာ ကောင်မလေးမရှိပါဘူး။ သိပ်မကြာခင်ကမှ ငါ လမ်းခွဲထားတာ။ ငါက မြှာပွေတဲ့ကောင်လို့ နင်ထင်နေတာမလား”
ကျန်းရီက သူ့စကားများကို အံ့အားသင့်သွားသည်။
“ဟမ် ငါက နင်နဲ့ ကောရှင်းယွီ တွဲနေပြီထင်တာ”
ဖန့်ကြွယ်ယွီ၏မျက်နှာက ချက်ချင်းဆိုသလို နီမြန်းလာသည်။
“မဟုတ်တာ။ ငါ သူနဲ့ခင်တာမှ တစ်ပတ်တောင်မပြည့်သေးဘူး”
“နင်ကလည်း တကယ့်ကောင်ပဲ။ ငါနင့်ကို သေချာသင်ပေးမှရတော့မယ်”
ကျန်းရီကပင် ဆက်ပြီး “ ငါ လူကဲခတ်ကြည့်တာတော့ ရှင်းယွီက နင်နောက်ဆုံးတွဲခဲ့တဲ့တစ်ယောက်နဲ့မတူဘူး။ သူက ရိုးသားတယ်”ဟု ဆိုပြန်သည်။
“နင် ဘယ်တုန်းကများ ဗေဒင်ဆရာမဖြစ်သွားတာလဲ” ဖန့်ကြွယ်ယွီက ရယ်မောရင်းမေးသည်။
“မရယ်နဲ့။ ငါ အတည်ပြောနေတာ။ ရှင်းယွီက မိန်းမကောင်းလေးနော်။ ငါက သူ့ပရိတ်သတ်ဖြစ်နေတာ တစ်နှစ်ကျော်ပြီ။ ရုပ်ရည်တို့ စကားလုံးတို့ဆိုတာ လှည့်ဖျားလို့ရတယ်။ ဒါပေမဲ့ သူသီချင်းဆိုတာနဲ့ ဂီတအပေါ်ထားရှိတဲ့ခံစားချက်တွေက ဟန်ဆောင်လို့မရဘူး”
“နင် သူ့အပေါ်မှာ ဘာခံစားချက်မှ မရှိပါဘူးလို့တော့ မလိမ်နဲ့” ကျန်းရီက နောက်ဆုံးဝှက်ဖဲကို ထုတ်လိုက်သည်။
“နင် အမှန်အတိုင်းမပြောဘူးဆို နင့်ကိုလှည့်စားတဲ့မိန်းကလေးနဲ့တွေ့ပါစေဆိုတဲ့ ကျိန်စာက နောက်ထပ်သုံးနှစ်အထိရှိနေမှာနော်”
“နင်ကလည်းကြမ်းလိုက်တာ” ဖန့်ကြွယ်ယွီက သူမကိုတစ်ချက်လှမ့်ကြည့်ပြီး သက်ပြင်းချကာ” ကောင်းပြီ။ ငါ ဝန်ခံတယ်”ဟု ဆိုသည်။
သူတို့နှစ်ဦး ဆုံတွေ့ကြသည်မှာရက်အနည်းငယ်ပဲရှိသေးသော်လည်း
ကောရှင်းယွီက သူ့အား ဆွဲဆောင်နိုင်သည်။ သူမ၏ ရုပ်ရည်အသွင်အပြင်ကို သဘောကျတာမဟုတ်ပေ။ သူမ၏ စိတ်နေစိတ်ထားကို သဘောကျခြင်းဖြစ်သည်။
သူ့မိသားစု၏ အခက်အခဲများကို တစ်ဖက်တစ်လမ်းမှ နိုင်သလောက် ကူညီဖြေရှင်းရင်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေသော မိန်းကလေးသည် မိန်းမကောင်းတစ်ဦးဆိုတာ ငြင်းမရပေ။
“နင် သူ့ကို အများကြီးကူညီပေးတာပဲ။သူက နင့်ကို ကျေးဇူးတင်နေမှာပဲလေ။ နင့်အနေအထားကလည်း ငြင်းမရနိုင်တာမို့ ရှင်းယွီကလည်း နင့်ကို သဘောကျနေမယ်ထင်တာပဲ”
“ဒီနေ့ကစပြီး ငါက နင့်ရဲ့ ချစ်မှုရေးရာနည်းပြလုပ်တော့မယ်။ နင် ရှင်းယွီကို ရအောင်လိုက်သင့်တယ်။ တစ်ခုခုအဆင်မပြေတာရှိရင် ငါရှင်းပေးမယ်”
“အထူးမစ်ရှင်..ကောရှင်းယွီကို ချဉ်းကပ်ရန်”
“ဘာကြီး ရှောင်းရီ ဘယ်လိုမစ်ရှင်ကြီးလဲ” ရှောင်းရီက ထိုကိစ္စထဲ ရုတ်တရက်ဝင်လာသဖြင့် သူ အံ့အားသင့်ရသည်။
“ပိုင်ရှင်အတွင် သင့်တော်တဲ့ ဇနီးမယားရွေးချယ်ပေးဖို့ဆိုတာ အရင်ပိုင်ရှင်က ချန်ရစ်ခဲ့တဲ့ အလုပ်တစ်ခုပါ။ အဲ့ဒီ့မစ်ရှင်က အရေးကြီးဆုံးအလုပ်လို့ မှတ်သားခဲ့ပါသေးတယ်။ စနစ်ကနေ ဆန်းစစ်ကြည့်တာတော့ ခုလက်ရှိအနေအထားမှာ ကောရှင်းယွီက အသင့်တော်ဆုံး ကြင်ယာဖက်ဖြစ်နေပါတယ်”
“ဪ အဖေ အဖေ သေချာအကွက်ကျကျစီစဉ်ပေးခဲ့တာပဲ” သူ့ဖခင်က ဤကမ္ဘာမြေမှာမရှိတော့သော်လည်း ချွေးမလောင်းအတွက် အကြံအစည်များချမှတ်ခဲ့သည်။
“ပိုင်ရှင်ရဲ့ ဖခင်က ကြင်ယာဖော်အစစ်အမှန်ထက် ကြင်ယာဖော်အရေအတွက်ကိုပိုပြီး အလေးထားတာပါ” ရှောင်းရီက ကျီစယ်သည်။
“တိတ်စမ်း” ဖန့်ကြွယ်ယွီက သူ့မိခင်ကိုရှာပြီး သူ့အဖေ၏ အကြံစည်များအကြောင်း ပြောပြချင်လာသည်။
“ဟားး..ပိုင်ရှင့်အဖေရဲ့ တရားဝင်ဇနီးမယားကတော့ ပိုင်ရှင်ရဲ့ မိခင်ပါ။ တကယ်တော့ သူမတစ်ယောက်ထဲမဟုတ်ပါဘူး။ ပိုင်ရှင်ရဲ့ အမေကလည်း အဲ့ကိစ္စတွေအကြောင်းသိပါတယ်”
“ဘယ်လို ငါ့အမေက ဘယ်လိုများ သည်းခံနိုင်ပါလိမ့်”
“ငါနဲ့ဆို သာမန်လူကလည်း သာမန်ထက်ထူးခြားလိမ့်မယ်။ နောက်ပိုင်းမှာ ပိုင်ရှင်သိလာမှာပါ”
“ဒါဆို ငါ့အဖေရဲ့ တခြားမိန်းမတွေကရော ဒီကမ္ဘာမှာရှိကြသေးလား”
“ရှိပါတယ်။ ပိုင်ရှင်တစ်ခုခုအခက်ကြုံတယ်ဆို သူတို့ကိုသွားရှာပြီး အကူအညီတောင်းနိုင်တယ်လို့ ပိုင်ရှင်ရဲ့ ဖခင်က မှာခဲ့ပါတယ်။ သူတို့ရဲ့ ဩဇာအာဏာက ပိုင်ရှင်ကိုအံ့အားသင့်စေမှာ။ငါပြောတာ ယုံပါ”
“ငါ့အဖေမှာ မိန်းမအများကြီးရှိတာနဲ့တင် ငါ အတော်လေးအံ့ဩနေပါပြီ” ဟု ဖန့်ကြွယ်ယွီက ရေရွတ်သည်။
“ကောင်းပြီ ဒီမစ်ရှင်ကိုလုပ်မယ်”
အထူးမစ်ရှစ် ( ကောရှင်းယွီကို ချဉ်းကပ်ရန်) စတင်ပါပြီ!!
ဆုလာဘ်- ယာယီလျှို့ဝှက်ချက်
ထိုစကားလုံးကိုကြားပြီး ဖန့်ကြွယ်ယွီ အံ့ဩရသည်။ “ကဲ ဘာတွေပေးလာမလဲဆိုတာ ကြည့်ကြတာပေါ့”