← Chapters

ဝမ်ချုံး၏ လာရောက်လည်ပတ်မှု

Vol. 4 Ch. 49

ဝမ်ချုံး၏ လာရောက်လည်ပတ်မှု

Vol. 4 Ch. 49

ဖန့်ကြွယ်ယွီနှင့် ကျန်းရီတို့နှစ်ဦး စားသောက်ကြပြီးနောက် မမှောင်ခင်မှာ ကျန်းရီကိုပြန်လိုက်ပေးပြီး သူလည်း ညတွင်းချင်းဆိုသလို ကျန်းနန်မြို့ကိုပြန်ရမည်။

ဒီကနေ့သည် ချိုင်းနားဂျွိုင်း၏ နောက်ဆုံးရက်ဖြစ်တာမို့ ကောရှင်းယွီထံစာပို့သည်။ သူမက အလုပ်မအားသဖြင့် ဖုန်းမကိုင်နိုင်ဘဲ ညဉ့်နက်ပိုင်းရောက်မှသာ သူ့ကိုဖုန်းပြန်ခေါ်သည်။

“ဒီကနေ့ပွဲက အဆင်ပြေပြေပြီးသွားခဲ့တယ်။ ကျွန်မလည်း ဘမ်ဘူးချန်နယ်ကတစ်ဆင့်ခင်ရတဲ့ သူငယ်ချင်းတေတွေနဲ့ မုန့်တွေဘာတွေထွက်စားလိုက်သေးတယ်။ မနက်ဖြန်ဆို ကျန်းနန်မြို့ကိုပြန်တော့မယ်”

“ရှင်စဉ်းစားခိုင်းထားတဲ့ ကိစ္စလည်း ကျွန်မစဉ်းစားပြီးပြီ”

သေချာတွေးတောပြီးနောက် သူမမှာ အဆိုတော်ဖြစ်ဖို့ အလားအလာရှိမရှိဆိုတာ စမ်းသပ်ကြည့်ချင်သည်။

“ကျွန်မရှင့်ကုမ္ပဏီကို ဝင်မယ်”

“ကောင်းတာပေါ့” ဖန့်ကြွယ်ယွီက သူမထက်ပိုပြီး စိတ်လှုပ်ရှားနေသည်။

“ရှင့်ကုမ္ပဏီနာမည်က ဘာလဲ”

“အင်း..အမ် ရှင်းယွီမီဒီယာငန်း” ဖန့်ကြွယ်ယွီက အနည်းငယ်ရှက်ရွံ့မိသည်။ သူက ခုတလောအလုပ်များရှုပ်နေသဖြင့် မီဒီယာကုမ္ပဏီတစ်ခုတည်ထောင်ရန် အချိန်မရှိပေ။

သူ၏ ပိုင်ဆိုင်မှုအနေအထားနှင့်ဆို မီဒီယာကုမ္ပဏီတစ်ခုကိုဝယ်ပြီး နာမည်ပြောင်းလိုက်လျှင်ရသည်။

“ရှင်းယွီ မီဒီယာလုပ်ငန်း..တစ်ခါမှလည်းမကြားဖူးပါဘူး။ ရှင့်မှာ အဲ့ကုမ္ပဏီမရှိသေးဘူး ဟုတ်တယ်မလား” ကောရှင်းယွီက သံသယဝင်လာသည်။ အကြောင်းရင်းမှာ ကုမ္ပဏီနာမည်နှင့် သူမ၏ နာမည်အတူတူပင်ဖြစ်နေသည်မှာ တိုက်ဆိုင်လွန်းအားကြီးသည် မဟုတ်ပါလော။

“ဟားး..ငါ့ ကုမ္ပဏီက သေးသေးလေးပါ။ အဲ့တာကြောင့် မင်းမသိနေတာ မဆန်းပါဘူး ဟား” ဖန့်ကြွယ်ယွီက ရှက်ရမ်းရမ်းပြီး ရယ်မောသည်။

“ဟုတ်ပါပြီ” သူတို့နိုင်ငံတွင် မီဒီယာလုပ်ငန်းပေါင်းများစွာရှိသည်။ ထို့ကြောင့် သူမမကြားဖူးသော ကုမ္ပဏီရှိသည်မှာ မဆန်းကြယ်ပေ။ သူမအတွက် လိုအပ်နေတာက မြေတောင်မြှောက်ပေးမည့် ကုမ္ပဏီတစ်ခုပဲဖြစ်သည်။

“ဒါဆို မင်းလည်း သဘောတူပြီဆိုတော့ စာချုပ်ချုပ်ဖို့ ပြင်လိုက်တော့မယ်”

“ဒါပေမဲ့လေ ကျွန်မက ဘမ်ဘူးချန်နယ်နဲ့ နှစ်နှစ်စာချုပ်ချုပ်ထားတာ။ ရှင်တို့ ကုမ္ပဏီနဲ့ စာချုပ်ထပ်ချုပ်မယ်ဆို….”

ကောရှင်းယွီက တစ်စုံတစ်ရာကိုချက်ချင်း အမှတ်ရသွားသည်။ ဘမ်ဘူးနှင့် စာချုပ်ချုပ်ပြီးသား မည်သူမဆို အခြားမည်သည့်မီဒီယာကုမ္ပဏီနှင့် စာချုပ်ထပ်မချုပ်နိုင်ပေ။ ထိုစည်းကမ်းကို ဖောက်ဖျက်ပါက ငွေကြေးအမြောက်အမြားကို လျော်ကြေး အဖြစ်ပေးဆောင်ရမည်။

“ဟား။ ဒါလေးများ အေးဆေးပါ။ ဥက္ကဌဝမ်ကို စကားတစ်ခွန်းနှစ်ခွန်းပြောလိုက်ရင်ရပြီ” ဖန့်ကြွယ်ယွီက မဆိုင်းမတွဖြေသည်။

သူနှင့် ဥက္ကဌဝမ်က ရင်းနှီးကြသဖြင့် ထိုကိစ္စက စကားစမြည်ပြောရုံနှင့် အဆင်ပြေသည်။ အကယ်၍ ဥက္ကဌဝမ်ဘက်က လက်မခံပါက လျော်ကြေးကို သူကိုယ်တိုင်ပေးမည်။ သို့သော် ဝမ်ချုံးက သူနှင့် မျက်နှာပျက်ရမည့် အလုပ်တော့ မလုပ်ပေ။

“ဟီး အာ့ဆို သူဌေးဖန့်နဲ့ အတူ အလုပ်လုပ်မယ်နော်”

“မင်း နားလိုက်ဦးလေ။ ကျန်းနန်မြို့ကို မင်းပြန်ရောက်ပြီဆိုမှ အသေးစိတ်ဆက်ဆွေးနွေးကြတာပေါ့။ အဲ့ကျရင် မင်းကို အံ့အားသင့်စေမယ့် တစ်ခု ငါပြင်ထားတယ်”

“ဘာတုန်း surprise လုပ်မလို့လား။ ဘာကြီးလဲ ပြောပြ” ကောရှင်းယွီက သိချင်စိတ်ပြင်းပြလာသည်။

“အခုတော့ မပြောပြနိုင်ပါဘူး။ ကဲ မြန်မြန် အိပ်ဖို့ပြင်တော့ မဟုတ်ရင် မပေးတော့ဘူးနော်”

“ဟုတ်ပါပြီ ။ အဲ့တာဆို အိပ်တော့မယ်။ ကောင်းသောညပါ” ကောရှင်းယွီက ချစ်စရာကောင်းသော အီမိုဂျီကိုပို့ခဲ့သည်။

“ဟုတ်သား။ ဒီကနေ့ ရတဲ့ ရှေးဟောင်းဓားအကြောင်းတောင် ဘာမှ မသိရသေးပါလား” ဖန့်ကြွယ်ယွီက သူ၏ ဆုလာဘ်အကြောင်း ရုတ်တရက် တွေးတောမိသည်။

သူ၏ မေ့တတ်သောအကျင့်မှ ကာကွယ်ရန် စုဆောင်းရရှိသော ဆုလာဘ်အကုန်သီးသန့်နေရာတစ်ခုထဲထည့်ထားသော်လည်း တစ်ခါမှ မကြည့်ဖြစ်သေးပေ။

သူက ဓားရှည်ကိုဆွဲထုတ်လိုက်သောအခါ သူ၏ လက်မောင်းလေးလံလာသည်။ သူ၏ အင်အားနှင့်ဆို ထိုဓားကို အသာလေး မ, နိုင်ရမည်။

ဖန့်ကြွယ်ယွီက ဓားကိုပြန်ချသည်။ ၁၂၀စင်တီမီတာရှည်လျားသော ထိုဓား၏ အလေးချိန်သည် ပေါင် ၁၅၀ထက်တော့ မပိုပေ။

လုံချွမ်ဓားပုံစံမရှိသော်လည်း စစ်မက်ဖြစ်ပွါးသည့်ကာလက ကြေးရောင်ဓားတစ်ချောင်းနှင့် သဏ္ဌာန်တူပြီး သာမန်မြင်တွေ့နေကျဓားများထက် ပိုကြီးသည်။

ဓားက မဲနက်နေပြီး ရှေးဟောင်းဓားပုံစံပေါက်နေသည်။ ဒီဓားက ရာဇဝင်ထဲက ဧကရာဇ်တစ်ပါး၏ ဓားများ ဖြစ်နေမလား!!

“ပိုင်ရှင်..ဒီဓားကို ပိုင်ရှင်ရဲ့ ဘိုးဘေးတစ်ဦးဖြစ်တဲ့ ဖန့်ကျွင်းက ပြုလုပ်ခဲ့တာပါ။ သူက ဓားဖန်တီးရှင်တစ်ဦးဖြစ်ပေမဲ့ လူအနည်းစုကပဲ သူ့ကိုသိကြပါတယ်”

“ဓားဖန်တီးရှင်..ငါလည်း ကန်ကျန်းနဲ့ အူးယဲ့ ကိုပဲ ကြားဖူးတာ”

ထိုအလုပ်အကိုင်သည် ယခုခေတ်မှာ ခေတ်မမှီတော့ပေ။ ဒီကနေ့ခေတ်မှာ ထိုလုပ်ငန်းကျွမ်းကျင်သူမျိုး ရှိတောင် ရှိပါ့ဦးမလား!!

“မစ္စတာ ဖန့် ကျွင်းက ကန်ကျန်း နဲ့ အူးယဲ့ တို့ရဲ့ ဆရာပါ” ရှောင်းရီက ပြောသည်။

“အရင်စကြာဝဠာမှာတုန်းက ဒီလုပ်ငန်းက အရမ်းအဆင့်မြင့်တဲ့ ပညာတစ်ခုပါ။ ဒါကြောင့်မို့ အထင်အသေးပါနဲ့”

“အဆင့်မြင့်တယ် ဟုတ်လား။ခုလို ဥပဒေကြီးစိုးတဲ့ လူ့အသိုင်းအဝိုင်းမှာ ဒီလိုအရာမျိုးရှိသေးလား”

“ဒါကတော့ ပိုင်ရှင် မလေ့လာလို့ မသိတာပါ။ ငါတို့ ကမ္ဘာမှာဆို ပိုင်ရှင်တို့ဖတ်နေကျ အင်မော်တယ်ကျင့်ကြံခြင်းစိတ်ကူးယဉ် ဝတ္ထုတွေမှာတွေ့ရတဲ့ မှော်ဝင်ရတနာများအားလုံးရှိတယ်။ ပိုင်ရှင်ရဲ့ ဘိုးဘေးတွေက သူ့အစွမ်းအစတွေကို အသက်သွင်းတာနဲ့ ကျင့်ကြံတဲ့စာအုပ်ထဲကနေ အလွယ်တကူလေ့လာနိုင်တယ်။ သူဖန်တီးခဲ့တဲ့ အရာတွေက အမှိုက်သာသာ တစ်ခုမှ မရှိဘူး”

“ဒါဆို ဒီဓားက ဘယ်လိုမျိုးလဲ”

“ငါလည်းမသိဘူး။ လက်နက်တွေမှာမတူတဲ့ နည်းအမျိုးမျိုးရှိတယ်။ ဖန့်ကျွင်းက လုံးဝ သတိမမူလိုက်ပဲနဲ့ အများကြီးထုတ်မိလိုက်တာ။ လက်နက်တစ်ချို့က အဆင်ပြေပေမဲ့ တချို့မှာ အပြစ် အနာအဆာတွေရှိတယ်။ ဒီရှေးဟောင်းဓားက အပြစ်အနာအဆာရှိတဲ့ဓားတွေနဲ့ ပေါင်းစပ်ထားတာတွေ့ပြီး နှမြောတာနဲ့ သိမ်းထားလိုက်တာ”

“ဒါပေမဲ့ ဒီဓားကလေးလွန်းတယ်။ ငါ မ, တောင် မ မနိုင်ဘူး”

“ငါ မှတ်မိသလောက်တော့ ဒီဓားကို ဥက္ကာခဲကနေရတဲ့ သံနဲ့ ဖန့်ကြွင်းလုပ်ခဲ့တာ။ သူ့ရဲ့ မာကျောမှုက ဒီကမ္ဘာကရှိရှိသမျှ ပစ္စည်းထက် သာလွန်တယ်။ ဒီဓားကို ရဖို့ သူအချိန်အကြာကြီးလုပ်ခဲ့ရတာ” ရှောင်းရီက ပြောပြသည်။

“ဟုတ်ပါပြီ။ ငါ သိမ်းထားလိုက်မယ်။ ခုချိန်မှာ ဒီဓားကို ဘယ်နေရာမှာမှ မသုံးနိုင်ပေမဲ့ အိမ်မှာရှေးဟောင်းပစ္စည်းအနေနဲ့ ထားရင်တော့ရပါတယ်” ဖန့်ကြွယ်ယွီက အနည်းငယ်စိတ်ပျက်မိသည်။

ဤပစ္စည်းက မူလရရှိခဲ့သော ဆေးလုံးများလောက်တောင် အသုံးမဝင်ပေ။

“ဟာ..ဥက္ကဌဝမ်က ညကြီးမိုးချုပ်ကျမှ ဘာလို့ ဖုန်းတွေခေါ်နေပါလိမ့်” ည ၁၂:၃၀ မှာ သူ၏ ဖုန်းထမြည်လာသည်။

ဘာအရေးကြီးကိစ္စများပေါ်လာရပြန်တာလဲ!!

“အကိုဝမ် ဖုန်းတွေဘာတွေခေါ် လို့ပါလား။ ဘာကိစ္စရှိလို့လဲ”

“ဟား..မင်းက အလုပ်မများနေဘူးပဲ။ ငါက ဒီနေ့ လက်စားပြန်ချေမယ်ဆိုပြီး ခုချိန်မှ ဖုန်းထခေါ်တာ”

“ဟား။ အဲ့ကိစ္စကို ခုထိ မှတ်ထားသေးတာပဲ။ တစ်ခါလေးပဲ နှောင့်ယှက်မိတာကို မပြီးတော့ဘူး”

သူ့မှာရည်းစားမရှိနေပေ။ အကယ်၍ သူသာ ရည်းစားနှင့် အတူတူရှိနေပါက ဤဖုန်းခေါ်ဆိုမှုကြောင့် အနှောင့်အယှက်ဖြစ်ပေလိမ့်မည်။

“အို ဟုတ်ပါပြီ။ ဒါနဲ့ အကိုဝမ်တွေဘာတွေ မခေါ်ပါနဲ့။ တစ်မျိုးကြီးပဲ။ နာမည်ပဲခေါ်ရင်ရပါပြီ”

တခြားလူသာဆို ဝမ်ချုံး ဆဲလိမ့်မိမည်။ အခုက သူတို့နှင့် အနေအထား မကွာသော ဖန့်ကြွယ်ယွီမို့လို့ အလျှော့ပေးလိုက်ရခြင်းဖြစ်သည်။

“ဒါဆို ကျွန်တော့်ကို ဘာလို့ဖုန်းခေါ်တာလဲ။ မြန်မြန်ပြော။ မဟုတ်ရင် ဖုန်းချလိုက်မှာ”

ဖန့်ကြွယ်ယွီက စိတ်မရှည်နိုင်တော့ပေ။

“မဟုတ်ဘူး။ ငါ တကယ် သေသေချာချာ ဆွေးနွေးချင်တဲ့လုပ်ငန်းရှိတယ်” ဝမ်ချုံးက ပျာပျာသလဲပြောသည်။

“မင်း မနက်ဖြန်အားလား။ မနက်ဖြန် ငါ ကျန်းနန်မြို့ကိုလာမှာ။ ရုပ်ရှင်အတွင် ပဏာမ ရှေ့ပြေးလုပ်ငန်းတွေပြီးပြီ။ အထူးပြုလုပ်ချက်အတွက် ငှါးတဲ့အဖွဲ့က အချိန်နဲ့လိုက်ပြီးငွေပေးချေရတာ။ အဲ့အတွက် ငါ အချိန်မဆွဲလိုဘူး။ မင်းသား/ သမီး နဲ့ ဒါရိုက်တာတွေကို အပြီးသတ်ရွေးချယ်ရအောင်”

“ကောင်းပြီလေ” တလက်စတည်း ကောရှင်းယွီ၏ ကိစ္စနှင့် ပတ်သက်ပြီး ဝမ်ချုံးနှင့် ဆွေးနွေးရမည်။

“မနက်ဖြန် ကျန်းနန်ပျဲယွမ်မှာ ဆုံကြမယ်။ ခင်ဗျားရောက်တယ်ဆို ကျွန်တော့်ကိုဖုန်းခေါ်လိုက်ပါ။ ကျွန်တော်လာကြိုမယ်”

“ကောင်းပြီ..အာ ဒါနဲ့ မင်းတို့အိမ်မှာ ကိုယ်ပိုင်စားဖိုမှူးရှိတယ်လို့ တစ်ခါပြောဖူးတယ်မလား။ မင်းအိမ်မှာပဲ နေ့လည်စာ စားကြရင်ရော မကောင်းဘူးလား”

“ရတယ်လေ။ ခင်ဗျားဘာစားချင်လဲသာပြောပါ။ စားဖိုမှူးက ဟင်းပွဲအစုံ ချက်နိုင်တယ်”

“အကုန်ချက်နိုင်တာ သေချာလို့လား” ဝမ်ချုံးက မေးသည်။

“လူစားတာမှန်သမျှ သူတို့ချက်နိုင်တယ်။ အကယ်၍ သူတို့မချက်နိုင်ဘူးဆို ကျွန်တော်အိမ်သာတက်နေတာကို liveလွှင့်ပြမယ်”

“ဒါဆို အီတလီအဖြူရောင်မှိုနဲ့ ငါးဥဟင်းစားချင်တယ်” ဤဟင်းပွဲပြုလုပ်ရန် ပါဝင်ပစ္စည်းများရနိုင်သော ရာသီမဟုတ်နေပေ။ အကယ်၍ ရာသီပေါ်ကာလဖြစ်နေသော်လည်း ထိုပါဝင်ပစ္စည်းများကို ရဖို့ခဲယဉ်းလှသည်။

“ကောင်းပြီ။ စီစဉ်ထားလိုက်မယ်” ဝမ်ချုံးက သူအခက်တွေ့အောင် ပြုလုပ်တာဆိုတာသိနေသည်။ သို့သော် သူကြိုက်တဲ့အချိန် စျေးပတ်ဝယ်နိုင်သည့် ကိုယ်ပိုင်ဂျက်လေယာဉ်များရှိနေသေဖြင့် မမှုပေ။ သူလိုအပ်သမျှအရာတိုင်း နေ့တွင်းချင်း ရနိုင်သည်။

ဒီတစ်ခါတော့ ဝမ်ချုံးတစ်ယောက် သူ မျှော်လင့်ထားသလို မဖြစ်လာသဖြင့် စိတ်ပျက်ရပေဦးမည်။

All Chapters