ငါကနေ့တိုင်းဒီလိုမျိုးစားတာ
Vol. 4 Ch. 53
“မင်းရဲ့ အိမ်ခန်းအပြင်အဆင်က မိုက်သားပဲ” သူတို့နှစ်ဦးသည် စကျင်ကျောက်ဖြင့် ထုဆစ်ထားသော စားပွဲပေါ်တွင် မျက်နှာချင်းဆိုင်ထိုင်ရင်း ညစာစားကြသည်။
“ဒါက ငါ စီစဉ်တာမဟုတ်ဘူး။ အားလုံးကို ငါ့လက်ထောက်ပဲစီစဉ်တာ။ ငါက အိတ်တစ်လုံးကိုင်ပြီး ပြောင်းလာရုံပဲ”
“ဒါဆို ငါပြောတာတွေမေ့လိုက်တော့။ ဒါနဲ့ မနေ့က ငါတို့ပြောခဲ့တာတွေမှတ်မိလား။ မင်းက အီတလီအဖြူရောင်မှိုနဲ့ကာဗီယာငါးဥကိုရအောင် မရှာနိုင်ခဲ့လျှင် မင်းအိမ်သာတက်တာကို live လွှင့်မယ်လို့ ကတိပေးခဲ့တာနော်”
ဝမ်ချုံးက ထိုမြင်ကွင်းကို မျက်စိထဲမြင်ယောင်နေမိသည်။ “စိတ်မပူပါနဲ့။ မင်းရဲ့ ဗီဒီယိုကိုနာမည်ကြီးပေ့ချ် (page) တွေမှာတက်အောင် ကူညီပေးမယ်။ ပြီးတော့မင်းကိုလည်း ပန်ဒါဝက်ဝံစတစ်ကာလေးနဲ့ အုပ်ပေးမှာပါ”
“မင်းထင်သလိုမဖြစ်လာလို့ စိတ်ပျက်နေရဦးမယ်” ဖန့်ကြွယ်ယွီက အနည်းငယ်ပြုံးမိသည်။
သူ၏ စားပွဲဘေးနားတွင် ရှိနေသော ခလုတ်အသေးလေးတစ်ခုကိုနှိပ်လိုက်သောအခါ အပြင်ဘက်တံခါးဆီမှ တွန်းလှည်းများတွန်းပြီး စားဖိုမှူးများက ဝင်လာကြသည်။
တဖိတ်ဖိတ်တောက်ပနေသော ငွေရောင်ပန်းကန်ပြားများကို စားပွဲပေါ်မှာ ခင်းကျင်းကြသည်။ ဝမ်ချုံး၏ ရှေ့မှာချထားသော ပန်းကန်ပြားကို စားဖိုမှူးများက ဖွင့်ပေးသည်။ အနံ့ခပ်ပြင်းပြင်းအရည်ကို မကျက်တကျက် ချက်ထားသောအမဲသားပေါ်လောင်းထည့်သည်။
“ဒါက ဘာအသားလဲ..ဘာလို့ ပန်းရနံ့လေးမွှေးနေတာလဲ” ဝမ်ချုံးက များပြားလှစွာသော အမဲသားဟင်းလျာများကို စားဖူးသည်။ ဂျပန်ပြည်မှ ထွက်သော နာမည်ကြီး ကိုဘေးအမဲသားကိုတောင်မှ စားဖူးသည်။ သို့သော် ထိုအသားမျိုးတော့တစ်ခါမှ မစားဖူးပေ။
“ငါ့ကိုမမေးနဲ့ ငါလည်း မသိဘူး” ဖန့်ကြွယ်ယွီက ပြန်ဖြေသည်။
“မစ္စတာဖန့်..ဒါက ဂျပန်ပြည်ကထွက်တဲ့ ဝါ့ဂရူးအမဲသားပါ။ ဒါက သာမန်ဝါ့ဂရူးအမဲသားနဲ့ အရသာမတူဘူး။ ဒီအသားရဖို့အတွက် သေချာကျွေးမွေးစောင့်ရှောက်ရတာ။ နွားကိုကျွေးတဲ့အစာအာဟာရရဲ့ ရနံ့က ဒီအသားမှာ စိမ့်ဝင်နေတာပါ။ တစ်နှစ်ကို ဝါ့ဂရူးအမဲသားက ၂၀၀ကီလိုလောက်ပဲရတာ။ ဒါက သာမန်ဝါ့ဂရူးအသားရဲ့ ၂၀ပုံ ၁ပုံ ပမာဏပဲရှိတာလေ”
“ဖန့်ကြွယ်ယွီ…မင်းကတကယ် ဧည့်ဝတ်ကျေတာပဲ။ ငါလာလည်တဲ့အခါမှာ ဒီလိုမျိုးအမိုက်စား ဟင်းပွဲတွေနဲ့ တည်ခင်းဧည့်ခံတာ” ဝမ်ချုံးက မျက်နှာလိုမျက်နှာရ ပြန်လည်မြှောက်ပင့်ပြောဆိုသည်။
“မလိုပါဘူး။ ငါက နေ့တိုင်းဒီလိုမျိုးစားနေကျ”
“မင်း…” ဝမ်ချုံးက သူ၏ဖုန်းကိုထုတ်လိုက်သည်။
“ဘာလဲ ဘာလုပ်မလို့လဲ ဝီဘိုမှာ တင်ဦးမလို့လား” ဖန့်ကြွယ်ယွီက မတ်တပ်ရပ်သည်။
“ငါ ဒီတစ်မနက်ခင်းလုံး မင်းကြွားဝါနေတာကို တောက်လျှောက်နားထောင်လာခဲ့ရတာ။ ဒီလောက်တော့ တင်လို့ရတယ်မဟုတ်လား” ဝမ်ချုံးက ပြောရင်းဆိုရင်း တိတ်တဆိတ်ရိုက်ယူထားသော ပုံများကို တင်နေတော့သည်။
ဗီလာ၏ ခမ်းနားလှသောမြင်ကွင်း၊ ပြိုင်ကားငါးစီး၊ စန္ဒရားတစ်ခု၊ အမဲသားပန်ကန်းချပ်တစ်ချပ်စသည့်ပုံများကို “ သူဌေးကြီးတစ်ဦးရဲ့အိမ်ကို ဒီနေ့သွားလည်တာ.. အံ့ဩမှင်သက်မှုအပြည့်ခံစားရတယ်”ဟူသော ခေါင်းစီးဖြင့် ဝီဘိုတွင် ပို့စ်တင်လိုက်သည်။
သိပ်မကြာခင်မှာပင် ထိုပို့စ်က နာမည်ကြီးလာသည်။
“ပါ့ဂနီ..တစ်ဘဝလုံးအိမ်မက်မက်ခဲ့ရတဲ့အရာပဲ”
“ဘာလို့ ဝူလင်းဟုန်ကွမ်ကားက ထောင့်နားမှားရပ်ထားရတာလဲ။ ထူးဆန်းတယ်”
“ဒါက ဘယ်သူ့အိမ်လဲ..ဥက္ကဌဝမ် အလင်းပြပါ”
“ငါ နှစ်ပေါင်းများစွာတတ်ကျွမ်းခဲ့တဲ့ ဖိုတိုရှော့စွမ်းရည်ကို သုံးပြီး စန္ဒရားကို အကျယ်ချဲ့ကြည့်တော့ ငါ ဘာတွေ့တယ် ထင်ကြလဲ”
“ဘာတွေရေးထားတာလဲ မဖတ်တတ်ဘူး”
“အရူးလား။ တရုတ်စာရေးထားတာကို မမှတ်မိဘူးလား။ ဒါပေမဲ့ ခုခေတ်ရေးပုံနဲ့မတူဘူး။ ဒါဆို ဒီစန္ဒရားက ရှော့ပန် တီးခဲ့တဲ့ဟာလား”
“သူဌေးကို ဦးညွှတ်ပါတယ်”
“ဗိုက်တောင်ဆာလာပြီ ဥက္ကဌဝမ်”
“ဖုန်းမကြည့်နဲ့တော့။ ခင်ဗျားစားချင်တဲ့ မှိုနဲ့ ကာဗီယာငါးဥရောက်လာပြီ”
စားဖိုမှူးသည် အီတလီမှိုပန်းကန် နှင့် အရွက်သုပ်ပန်းကန်ကိုလာချပေးသည်။ အရွက်သုပ်ထဲတွင် ငါးဥများအပြည့်ဖြစ်သည်။
“ငါ့ကို အရူးမလုပ်နဲ့။ ငါ မှာတာက အီတလီအယ်ဘာမှိုဖြူ နဲ့ ကာဗီယာငါးဥဟင်း။ သာမန်ဟင်းအမယ်တွေနဲ့ ဆင်တူအောင် ပြင်ထားတာလား”
ဝမ်ချုံးက အရွက်သုပ်ကိုတစ်ဇွန်းမြည်းကြည့်သောအခါ ငါးဥကို ဝါးစားမိချိန်တွင် သူ၏ မျက်လုံးအစုံ ပြူးကျယ်လာတော့သည်။
ထိုငါးဥ၏ လတ်ဆတ်သောအရသာကို အပြည့်အဝခံစားမိသည်။
“ညတွင်းချင်း ဒီဟင်းကိုရအောင် ဘယ်လိုစီစဉ်လိုက်တာလဲ” အရသာခံကြည့်ရသလောက် သူစားနေကျ အရသာနှင့် မတူဘဲ လတ်ဆတ်လွန်းလှသည်။
“ငါက ကိုယ်ပိုင်ဂျက်လေယာဉ်လွှတ်ပြီး အီရန်ကနေ ဝယ်ခိုင်းလိုက်တာ” ဖန့်ကြွယ်ယွီက စားလက်စအစားအစာကိုသာ အာရုံစိုက်နေသည်။ ဝမ်ချုံး၏ ပြောင်းလဲသွားသော အမူအရာကို အာရုံမစိုက်နိုင်ပေ။
“ဒီမနက်မှ ရောက်လာတာ။ အရမ်းလတ်ဆတ်တာ။ မနက်စာတောင် ဒီဟင်းနဲ့ စားခဲ့သေးတယ်။ သိပ်မဆိုးပါဘူး”
“မနာလိုဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ မင်းက အရမ်းကျွမ်းကျင်တာပဲ” ဝမ်ချုံးလည် ဟန်မဆောင်နိုင်တော့ဘဲ အားပါးတရစားသောက်သည်။
“ဟေ့ဟေ့ ဘီလူးသရဲဝင်စီးနေတာလား။ ငါ့အတွက်လည်းချန်ထားပါဦး”
ဘီလီယံနှင့် ချီပြီး ချမ်းသာသော သူဌေးသားများက ဟန်မဆောင်နိုင်ဘဲ အားပါးတရစားသောက်နေတာကိုမြင်ရသောအခါ စားဖိုမှူးများက ပြုံးမိသည်။
ကျန်ရှိနေသေးသော အစားအသောက်များကို စားပွဲပေါ် ချပြီးသောအခါစားဖိုမှူးများက လက်တွန်းလှည်းများကို တွန်းကာ ပြန်ထွက်သွားကြသည်။
ခဏအကြာမှာ ဖန့်ကြွယ်ယွီတို့နှစ်ဦးသည် တင်းကားနေသောဗိုက်များဖြင့် ဆိုဖာပေါ်တွင် မှီပြီးထိုင်နေသည်။ စားပွဲပေါ်တွင်လည်း မည်သည့်အစားအစာမှ မကျန်ခဲ့ပေ။
“ဖန့်ကြွယ်ယွီ မင်းစာဖိုမှူးတွေရဲ့ လက်ရာက ကောင်းလှချည်လား။ ရှေ့လျှောက်တော့ မင်းတို့အိမ်မှာ ဧည့်သည်လာလုပ်တော့မယ်”
“ဟေ့လူ..ဒါက စားသောက်ဆိုင်မဟုတ်ဘူးလေ”
“ဘာဖြစ်တုန်း ငါ ဒီညဒီမှာ အိပ်သွားဦးမှာ မပြန်ဘူး”
“မင်း..ငါ့ကားထဲထည့်ပြီး မင်းကို ငါပိုင်တဲ့စိတ္တဇဆေးရုံကိုခေါ်မသွားဘူးလို့ မင်းထင်နေလား”
“ငါ့ဆေးရုံမှာ ပစ္စည်းကိရိယာအမိုက်စားတွေ အစုံအလင်ရှိတယ်။ လျှပ်စစ်ကုထုံးဆိုလျှင် ပရော်ဖက်ဆာ ယန်ရဲ့ ကုထုံးထက်တောင် သာသေးတယ်”
“တော်ပြီ စနောက်ပြီးပြောနေတာတွေရပ်ပါတော့” ဝမ်ချုံးက ထိုစိတ္တဇ ဆေးရုံအကြောင်းတွေးမိပြီး တဟားဟား ရယ်နေတော့သည်။
ဖန့်ကြွယ်ယွီနှင့် ဝမ်ချုံးတို့နှစ်ဦးကို သူဌေးညီနောင်ဟု အွန်လိုင်းအသုံးပြုသူများက မှတ်ချက်ပြုကြသည်။
“ငါ ဆိုတဲ့ ဝမ်ချုံးက တစ်လုတ်စားဖူးတဲ့ ကျေးဇူးကိုသိတဲ့ကောင်ပါကွ” ဟု ဝမ်ချုံးက ကြွေးကြော်သည်။
“ဒီညစာအတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ မင်းရဲ့ မီဒီယာကုမ္ပဏီ လိုင်စင်ရဖို့ ကိစ္စနဲ့ ကိစ္စအဝဝ တစ်ပတ်အတွင်း ရအောင်လုပ်ပေးမယ်”
“ဟားး ဒါဆို မင်းကိုပဲ အားကိုးရတော့မှာပေါ့” ဝမ်ချုံးသာ ကူညီပါက သူ၏ ကိစ္စအဝဝအဆင်ပြေသွားမည်ဆိုတာ သေချာပေါက်သိနေသည်။
“ကောင်းပြီ..အဲ့တာဆို ပြန်တော့မယ်လေ” ဝမ်ချုံးက ပြန်ဖို့ ဟန်ပြင်သည်။
“ဒီနေ့ကစပြီး ရုပ်ရှင်မြို့တော် တည်ထောင်ဖို့ ကိစ္စတွေနဲ့ ငါ တောက်လျှောက်အလုပ်ရှုပ်တော့မှာ။ သိပ်မကြာခင်မှာပဲ သရုပ်ဆောင်တွေနဲ့ အစည်းအဝေးထိုင်ပြီး ရုပ်ရှင်သရုပ်ဆောင်ကြေးနဲ့ အချိန်ဇယားတွေ ညှိရဦးမယ်”
“ကောင်းတယ်။ ပိုက်ဆံလိုတယ်ဆို အချိန်မရွေးငါ့ကိုပြောပါ။ ချွေချွေတာတာသုံးဖို့ မလိုပါဘူး။ မင်း ပိုပြီးသုံးလေလေ ငါက သဘောကျလေလေပဲ” ဟု ဖန့်ကြွယ်ယွီက ပြောဆိုသည်။
“မင်းက တကယ့်ကောင်ပဲ” ဝမ်ချုံးက ဖန့်ကြွယ်ယွီ၏ အိမ်ထဲမှ ပျင်းရိပျင်းတွဲလျှောက်လှမ်းလာသည်။
“ငါ သွားပြီ။ ရတယ် လိုက်မပို့နဲ့တော့”
“မပို့ပါဘူး” ဟု ဖန့်ကြွယ်ယွီက ပြောပြီး ကားတံခါးကို ဆောင့်ပိတ်လိုက်သည်။
ကိစ္စအားလုံးပြေလည်သွားတာမို့ ဖန့်ကြွယ်ယွီ စိတ်ထဲကျေနပ်နေမိသည်။ သို့သော် သိပ်မကြာမီ ရက်ပိုင်းအတွင်း အရေးကြီးသောကိစ္စတစ်ခုလုပ်ရန် ရှိသေးသည်။
သောကြာနေ့တွင် ဖူးကျစ်သည် မိဘများက အတင်းအကြပ်စီစဉ်ပေးသော ကြင်ယာဖက်နှင့် သွားတွေ့ရမည်။
“အမရီ..အားလုံးစီစဉ်ပြီးပြီလား” ဖန့်ကြွယ်ယွီက ကျွမ်းရီကိုဖုန်းခေါ်သည်။
“စိတ်ချပါ။ ကိစ္စအားလုံးက သခင်လေးစီစဉ်ထားတဲ့အတိုင်းဖြစ်လာမှာပါ။ နောက်ဆုံးတစ်ဆင့်က မနက်ဖြန်ဆို အဆင်ပြေသွားပါလိမ့်မယ်”
“ကောင်းသားပဲ” ဖန့်ကြွယ်ယွီက ပြုံးလိုက်သည်။
“ငါ့သူငယ်ချင်းရဲ့ကောင်မလေးကို ရချင်တယ်ဟုတ်လား။ အန္တရာယ်ဆိုတဲ့ စကားလုံးကိုဘယ်လိုစာလုံးပေါင်းရမလဲဆိုတာ မင်းသိရောသိရဲ့လား”