မိဘများက သဘောမတူခြင်း
Vol. 4 Ch. 54
တင်းမင်ဟွေ့ ကောင်းကောင်းအိပ်မပျော်ခဲ့သည်မှာ ရက်အတော်ကြာပြီဖြစ်သည်။ ဖူးကျစ်၏ မိဘများနှင့် တွေ့ကတည်းက သူ့ကို ဖူးကျစ်နှင့် သဘောမတူမှန်းရိပ်မိခဲ့သည်။
ဖူးကျစ်၏ မိဘများသည် ကျန်းနန်မြို့တွင် နေကြပြီး စီးပွါးရေးကလည်း အသင့်အတင့်ရှိကြသည်။ လွန်ခဲ့သော သုံးနှစ်ကကျင်းပခဲ့သော နိုင်ငံတကာဆွေးနွေးဖလှယ်ပွဲကြီးပြီးသည့်နောက်ပိုင်းတွင် ကျန်းနန်မြို့၏ အိမ်စျေးနှုန်းက သုံးဆနီးပါး တဟုန်ထိုးတက်လာခဲ့သည်။
ရှန်ဟိုင်းမြို့ကဲ့သို့ မြို့ကြီးနှင့်မယှဉ်နိုင်သော်လည်း ကျန်းနန်အိမ်စျေးကလည်း အတော်အသင့်မဟုတ်ပေ။
ယခုအခါ ကျန်းနန်မြို့၏ အိမ်စျေးသည် အနိမ့်ဆုံး သုံးသန်းမှ စတင်သည်။ ကနဦးငွေပေးချေမှုအတွက် တစ်သန်းပေးချေရသည်။ ထို့ပမာဏကိုပင် နှစ်အတော်ကြာ စုဆောင်းရပေဦးမည်။
သူက မစားမသောက်ပဲနေမှသာ ထိုမျှပမာဏကို စုဆောင်းနိုင်တော့မည်။
အစက တင်းမင်ဟွေ့မစိုးရိမ်ခဲ့ပေ။ ယောကျာ်းလေးဘက်က အိမ်ထောင်ကျပြီးမှ အခြေကျအောင်ကြိုးစားလည်း ရသည်ဟု သူတွေးသည်။
သို့သော်ငြား ဖူးကျစ်က မစောင့်နိုင်ပေ။
တင်းမင်ဟွေ့နှင့် တွေ့ပြီးနောက် သူမ၏ မိဘများက ဖူးကျစ်အတွက် အိမ်ထောင်ဖက်အသစ်ရှာပေးရန် ကြိုးပမ်းတော့သည်။
ဖူးကျစ်၏ အနေအထားက အိမ်ထောင်ဖက်အနေနှင့် လွန်စွာမှ သင့်တော်သည်။ သူမ၏ ရုပ်ရည်သွင်ပြင်နှင့် ပညာအရည်အချင်းက သာမန်အထက်မှာရှိသည်။
သူမ၏ မိဘများက မုန့်ရှောင်ယန်နှင့် အိမ်ထောင်ချပေးလိုကြသည်။
မုန့်ရှောင်ယန်သည် နိုင်ငံခြားမှ မဟာဘွဲ့ရရှိပြီး ပြန်လာသူတစ်ဦးဖြစ်သည်။ လုပ်သက်နှစ်နှစ်ကြာပြီးနောက် အသက် (၂၇)နှစ်အရွယ်မှာပင် နိုင်ငံတကာကုမ္ပဏီတစ်ခုတွင် အရောင်းမန်နေဂျာရာထူးရခဲ့သည်။ သူ၏ တစ်နှစ်ဝင်ငွေသည် ရှစ်သိန်းနှင့် အထက်မှာရှိသည်။ ထိုတင်မကသေးဘဲ သူ့မှာ တည်ကြည်ခန့်ညားသော ရုပ်ရည်အသွင်အပြင်လည်းရှိသည်။
ဖူးကျစ်၏ အမေက မုန့်ရှောင်ယန်တို့၏ ကုမ္ပဏီမှာအလုပ်လုပ်နေသော အန်တီကြီးတစ်ယောက်နှင့် အခန်းဖော်ဖြစ်သည်။ ထို့ကြောင့် မုန့်ရှောင်ယန်၏ သူမ၏ သမီးကို ချိတ်ဆက်ပေးရန်အကြံရခဲ့ခြင်းဖြစ်သည်။
ဖူးကျစ်၏ ဓာတ်ပုံကိုမြင်ပြီး မုန့်ရှောင်ယန်က လုံးဝသဘောကျခဲ့သည်။ သူမတို့မိသားစုအခြေအနေက သူ၏ မိသားစုလောက် မတောင့်တင်းသော်ငြား သူ၏ အနာဂါတ်အလားအလာကိုတွေးမိသောအခါ ပြသနာတစ်ခု မဟုတ်တော့ပေ။
ထိုကဲ့သို့ အဘက်ဘက်ကပြီးပြည့်စုံနေသော လူကို ဖူးကျစ်၏ မိဘများက လက်မလွှတ်လိုပေ။
တင်းမင်ဟွေ့က ကျောင်းကောင်းကောင်းမှာတက်နေသော်လည်း မိသားစု၏ ကျောထောက်နောက်ခံမရှိပါက တင်းမင်ဟွေ့တစ်ယောက် ထင်သလောက်ဖြစ်ထွန်းမည်မဟုတ်ပေ။
ထို့ကြောင့် မုန့်ရှောင်ယန်က ဖူးကျစ်အတွက်အသင့်တော်ဆုံးလူဖြစ်လာသည်။
ဖူးကျစ်နှင့် တင်းမင်ဟွေ့သည် လေးနှစ်ကျော် တွဲခဲ့ကြသည်။ သူတို့နှစ်ဦးက အထက်တန်းကျောင်းကတည်းက တိတ်တိတ်လေး ခိုးတွဲခဲ့ကြသည်။ သူတို့နှစ်ဦးကြားတွင်ရှိသော ခိုင်မာသည့် ခံစားချက်များကို မုန့်ရှောင်ယန်လိုမျိုး နိုင်ငံခြားပြန်ဘွဲ့ရတစ်ဦးက မဖြိုဖျက်နိုင်ပေ။
သူမ၏ မိဘများက သူတို့နှစ်ဦးကွဲစေလိုသည်။ သို့သော် ဖူးကျစ်က မိဘများ၏ ဆန္ဒကို ငြင်းဆန်ခဲ့သည်။ သို့သော် နွေရာသီပိတ်ရက်မှာ သူမ၏ ဖုန်းကိုသိမ်းပြီး အိမ်ထဲက အိမ်ပြင် အထွက်မခံတော့ပေ။
သူမအတွက် အိမ်ထောင်ဘက်ရှာပေးသည့်အကြောင်းများကို သူမ အမကြီး၏ အကူအညီဖြင့် တင်းမင်ဟွေ့ထံသိခဲ့ရသည်။
ဖန့်ကြွယ်ယွီက သူ၏ ကုမ္ပဏီအတွက် ပိုက်ဆံအမြောက်အများရင်းနှီးမြုပ်နှံထားပေးသည်။ ကုမ္ပဏီက အသစ်တည်ထောင်ထားသဖြင့် လိုအပ်ချက်တအားများသည်။ ငွေများကို ကုမ္ပဏီတည်ထောင်ရန် လိုအပ်သည်များအတွက် ဖြည့်ဆည်းပေးဖို့သာ သုံးသည်။
သူ့ကိုယ်ပိုင်တစ်ဦးတည်းပိုင်ဆိုင်မှုဖြင့် တင်းမင်ဟွေ့သည် မုန့်ရှောင်ယန်နှင့် မည်ကဲ့သို့ ရင်ဆိုင်ရမည်နည်း။
ဖူးကျစ်က ဘေးနားမှာရှိသည့်တိုင်အောင် သူမ၏မိဘများ၏ သဘောထားက အရေးကြီးသေးသည်။
သူမ၏ မိဘများက မုန့်ရှောင်ယန်နှင့် ဖူးကျစ်တွေ့ရန် တိတ်တိတ်လေး စီစဉ်ထားသည်။ ထိုကိစ္စကို သိရသောအခါ ဖူးကျစ်က ရှိုက်ကြီးတငင် ငိုကြွေးမိသည်။ သို့သော် သူမ၏ မိဘများက တုပ်တုပ်မှ မလှုပ်ပေ။
မနေ့ညက သူမ၏ မိဘများစျေးဝယ်ထွက်နေတုန်း ဖူးကျစ်သည်အိမ်မှခိုးထွက်ပြီး တင်းမင်ဟွေ့၏ ကုမ္ပဏီဘက်ကို လာခဲ့သည်။
သို့သော် သူမ၏ မိဘများက သဘက်ခါတွင် ချိန်းထားသည့်နေရာကို ရောက်မလာပါက သူမမိခင်၏ အလောင်းကိုသာမြင်ရလိမ့််မည်ဟု ခြိမ်းခြောက်ခဲ့သည်။
ဖူးကျစ်က သူ့အိမ်အကြောင်း ကောင်းမွန်စွာနားလည်သည်။ သူမ၏ မိဘများက ခြိမ်းခြောက်သည့်အတိုင်းလုပ်လိမ့်မည်ဆိုတာ သေချာပေါက်သိနေသည်။
“မင်းဟွေ့.. ကို ဒီနေ့ ဘယ်မှမသွားတာကောင်းလိမ့်မယ်။ ငါ့မိဘတွေက ကို့ကိုအခက်ကြုံအောင် လုပ်ကြမှာ။ သူတို့က သေကြောင်းကြံမယ်ဆိုပြီး ခြိမ်းခြောက်သလို အချစ်လည်း ကိုယ့်ကိုကိုယ်သတ်သေမှာနော်” ဖူးကျစ်ကလည်း လူကောင်သေးသလောက် ခေါင်းမာသည့်ကောင်မလေးဖြစ်သည်။
“အချစ်ရယ် ကိုမသွားရင် ကိုက ငကြောက်ဖြစ်သွားမှာပေါ့..သူတို့ပြောချင်သလိုပြောပါစေ မမှုဘူး။ ကိုက အချစ်နဲ့အတူတူရင်ဆိုင်ချင်တယ်”
“ပြီးတော့ ကို့အခန်းဖော်ကလည်း တစ်ခုခုစီစဉ်ပေးထားမှာပါ” တင်းမင်ဟွေ့က ဖန့်ကြွယ်ယွီ၏ ချမ်းသာကြွယ်ဝမှုအနေအထားကို သိသည်။ သို့သော် အခန်းဖော်တစ်ဦးအနေနှင့် လုပ်ငန်းတစ်ခုစတင်နိုင်ရန် ကူညီပေးတာနှင့်ပင် ဖန့်ကြွယ်ယွီကို ကျေးဇူးတင်နေမိသည်။ ထိုမှတပါး မည်သည့်အရာကိုမှ သူ့ထံမှ မမျှော်လင့်ရဲတော့ပေ။
ထိုအချိန်မှာ သူ၏ ဖုန်းထဲကို ဖန့်ကြွယ်ယွီထံမှ စာတစ်စောင်ဝင်လာသည်။
“သူငယ်ချင်း တင်း..မနက်ဖြန် ဖူးကျစ်ကိုသွားတွေ့လိုက်ပါ။ ဘာမှ စိတ်မပူနဲ့။ အကုန်လုံးအဆင်ပြေအောင်စီစဉ်ထားပေးတယ်”
“တွေ့လား။ အချစ် ကိုယ်ပြောတယ်မလား” တင်းမင်ဟွေ့က ဖူးကျစ်အား ဖုန်းကိုပြသည်။
“သူက အာဏာရှိတယ်။ သေချာပေါက် သူ့မှာ နည်းလမ်းတစ်ခုခုရှိကိုရှိရမယ်”
ထိုအချိန်အတောအတွင်း ဖူးကျစ်သည် ဖန့်ကြွယ်ယွီ၏ သရုပ်မှန်ကိုသိလာရသည်။ သူက ယခုတလော အွန်လိုင်းတခွင်တွင် နာမည်ကြီးနေသော ဥက္ကဌဖန့်ဖြစ်သည်။
နာမည်ကြီး သူဌေးသားတစ်ဦးဖြစ်သော ဝမ်ချုံးတောင်မှ သူ့ကို မယှဉ်နိုင်ပေ။ ဖန့်ကြွယ်ယွီမှာ သူတို့နှစ်ဦးကို ကူညီနိုင်မည့် နည်းလမ်းရှိကိုရှိရမည်။
သောကြာနေ့ရောက်ရှိလာခဲ့သည်။ တင်းမင်ဟွေ့ နှင့် ဖူးကျစ်တို့သည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် စားသောက်ဆိုင်ထဲ ဝင်လာကြသည်။
ထိုစားသောက်ဆိုင်ကို မုန့်ရှောင်ယန်က ရွေးချယ်ထားခြင်းဖြစ်သည်။ ထိုဆိုင်သည် တိတ်ဆိတ်ပြီး ခမ်းနားလှသဖြင့် လူငယ်များအကြား လူသိများသော ဆိုင်တစ်ဆိုင်ဖြစ်သည်။
ဖူးကျစ်၏ ဖခင်ဖြစ်သူ ဖူးချန်ဟုန် နှင့် မိခင်ဖြစ်သူ ဝမ့်ယန်တို့သည် ပြတင်းပေါက်ဘေးနားရှိခုံတွင် ထိုင်နေပြီး မျက်နှာချင်းဆိုင်မှာထိုင်နေသော ကောင်လေးတစ်ယောက်နှင့် မိသားစုသဖွယ် ရယ်ရယ်မောမော စကားစမြည်ပြောနေကြသည်။
“ဟား ရှောင်ယန် မင်းက တကယ်စကားပြောကောင်းတာပဲ။ မင်းအားတဲ့အချိန် တစ်ချိန်ချိန်ဆုံကြဦးစို့လေ။ ငါတို့က ရင်းနှီးနေတာပဲ” ဝမ့်ယန်က မုန့်ရှောင်ယန်ကို မျက်စိကျနေသည်။ မုန့်ရှောင်ယန်က ကြွားဝါတတ်သော်လည်း သူ့အရွယ်လေးနှင့် မလိုက်ဖက်အောင် ရရှိထားသော အောင်မြင်မှုများကြောင့် ကြွားဝါတာမဆန်းတော့ပေ။
“ဟုတ်ကဲ့..ဩစတေးလျမှာနေတဲ့ ကျွန်တော့်သူငယ်ချင်းတွေက လှမ်းပို့လိုက်တဲ့ အာဟာရဖြည့်နို့မှုန့်တွေရှိတယ်။ အဲ့တာက ဦးလေးတို့အန်တီအရွယ်လူကြီးတွေရဲ့ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တယ်တဲ့။ နောက်တစ်ခါ တွေ့မှ ယူလာခဲ့ပါဦးမယ်”
“အာ ကောင်းတာပေါ့”
“ဒါနဲ့လေ ဖူးကျစ်က ဘယ်အချိန်လောက်များ ရောက်လာမှာလဲခင်ဗျ” မုန့်ရှောင်ယန်က သူမအလာကို ထိုင်စောင့်နေရင်း စိတ်မရှည်တော့ပေ။
သူတို့က ၁၁ခွဲတွေ့ရန် ချိန်းထားကြသည်။ ခုတော့ တစ်နာရီတောင်ထိုးနေပြီးဖြစ်သည်။ သူတို့က တစ်နာရီခွဲနီးပါး ထိုင်စောင့်နေရသည်။
မုန့်ရှောင်ယန်က စကားပြောကောင်းသော်လည်း စိတ်ဝင်စားမှုနယ်ပယ်မတူသော သက်လတ်ပိုင်း လူကြီးနှစ်ဦးနှင့် တစ်နာရီခွဲကြာစကားပြောပြီးနောက် ပြောရမည့် ခေါင်းစဉ် ကုန်လာခဲ့သည်။
“ဒီကောင်မလေးကလည်း ဘာလို့ ခုထိရောက်မလာသေးတာလဲ” ဝမ့်ယန်က နာရီကိုကြည့်လိုက် ဝင်ပေါက်ကိုကြည့်လိုက်လုပ်နေရင်း ရေရွတ်နေမိသည်။
“ဟော သူရောက်လာပါပြီ”
ဝမ့်ယန်က ဖူးကျစ်ကို မြင်လိုက်ရသဖြင့် စိတ်အေးသွားသည်။ သူ့သမီးကို ပြုံးပြီးကြည့်နေစဉ် ဖူးကျစ်ဘေးမှာ ပေါ်လာသော တင်းမင်ဟွေ့ကိုတွေ့လိုက်ရသောအခါ ချက်ချင်းဆိုသလို မျက်စိမျက်နှာ ပျက်သွားသည်။
မုန့်ရှောင်ယန်က ပြုံးနေရင်း မျက်နှာတည်သွားသည်။ ဖူးကျစ်မှာ ရည်းစားရှိသည်ဆိုတာ သူသိနေခဲ့သည်။ သို့သော် ဖူးကျစ်၏ ရည်းစားက သူ့လိုအနေအထားနှင့် ယှဉ်ခံရသောအခါ အလိုလိုနောက်ဆုတ်သွားမည်ဟု ထင်မိခဲ့သည်။
သို့သော် ဖူးကျစ်နှင့် သူ့ရည်းစားကို အတူတူတွဲပြီး မြင်လိုက်ရသောအခါ သူတို့နှစ်ဦး လမ်းမခွဲရသေးဘူးဆိုတာ သေချာသလောက်ပင်ဖြစ်သည်။
မုန့်ရှောင်ယန်က မျက်နှာထားကို ချက်ချင်းပြန်ပြင်လိုက်သည်။ တစ်ချက်ပြုံးပြရင်း သူ၏ BMW ကားသော့ကို မြင်သာအောင် စားပွဲအစွန်းမှာ ထားလိုက်သည်။
“မင်းဒီကိုဘာလာလုပ်တာလဲ” ဖူးကျစ်၏ မိဘများက ခက်ထန်သောမျက်နှာထားများနှင့် တင်းမင်ဟွေ့ကိုကြည့်ရင်းပြောလိုက်သည်။ ထို့နောက် ဖူးကျစ်ကို သူတို့အနားကို ဆွဲခေါ်ပြီး
“သမီးတစ်ယောက်ထဲလာပါလို့ အတန်တန်မှာထားတယ်။ ဒါက ဘယ်လိုဖြစ်ရတာလဲ။ မိဘတွေကို ဒီလိုပုံစံနဲ့ အရှက်ခွဲလိုက်တာလား” ဟု မေးသည်။
ဝမ့်ယန်က မတ်တပ်ရပ်ပြီး “မင်း ငါ့သမီးကိုမေ့လိုက်တော့။ ဘာတွေပဲဖြစ်ဖြစ် မင်းကို ငါ့သမီးနဲ့ ငါတို့ လုံးဝသဘောမတူနိုင်ဘူး။ ခုချိန်ကစပြီး ဖူးကျစ်ဘေးနားမှာလိုက်ပြီး တွယ်ကပ်နေတာတွေ ရပ်လိုက်တော့” ဟု ခပ်ပြတ်ပြတ်ပြောသည်။
တင်းမင်ဟွေ့က ယနေ့မှာ ကြုံတွေ့နိုင်သော အဆိုးဆုံးအခြေအနေကိုမှန်းဆထားပြီးဖြစ်သည်။ သို့သော် ဖူးကျစ်၏ မိဘများက ဒီလိုမျိုးခါးခါးသီးသီး ဆက်ဆံသောအခါ ရုတ်တရက်ဆိုသလို ပတ်ဝန်းကျင်တစ်ခုလုံးရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
စာစဉ်ပြီး၏