အခန်း (၂၈၆)
Vol. 20 Ch. 286
ဖန်ပင်ဇီ၏ မျက်နှာ စက္ကူတစ်ရွက်အလား ဖြူဖျော့သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွား၏။
ထိုအခါ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ခန္ဓာကိုယ်အတွင်း ၀င်ရောက်လာသည့် ဓားအော်ရာများကို ပျက်ပြယ်စေရန် ကြိုးစားလိုက်သည်။ သို့သော် ထိုသို့လုပ်လိုက်တိုင်း အသားများကို တစ်လွှာချင်းလှီးဖြတ်နေသလိုခံစားရပြီး စိတ်ဝိညာဉ်အထဲထိ ပြင်းထန်စွာ နာကျင်စေ၏။
သို့ဖြစ်ရာ ထို ဓားအော်ရာများအား ဆက်လက်ပျံ့မသွားစေရန် စိတ်ဝိညာဉ်စွမ်းအားများဖြင့် ၀န်းရံထားရုံသာတတ်နိုင်တော့သည်။
သူ့အနေဖြင့် ထို ဓားအချိန်အဝါအားလုံး ဖယ်ရှားနိုင်ရန် အချိန်(၃)ရက်ခန့် လိုအပ်ပေလိမ့်မည်။
“ မင်း.. ဘယ်လို လုပ်ခဲ့တာလဲ…”
ဖန်ပင်ဇီ မျက်လုံးများ ပြူးကျယ်လျက် ကြမ်းပြင်ထက်သို့ ဝုန်းကနဲ လဲကျသွား၏။
“ ငါ နင့်ကို ဘယ်လိုရိုက်ခဲ့တာလဲ..? အဲ့တာက တော်တော်လေး နားလည်ရ ခက်နေတာလား…?”
ကိုင်လင်းအာက သူမစွမ်းအားများကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ဖန်ပင်ဇီအား အထင်သေးစွာ ကြည့်လိုက်၏။
“ မပူပါနဲ့…အဲ့တာက နင့်ကို နာကျင်စေပေမယ့်.. သေမှာတော့မဟုတ်ဘူး…”
“ ဟမ့်.. ဗဟိုသူတော်စင် အကယ်ဒမီ လူတွေနဲ့ဆုံရင် သေအောင်ရိုက်မယ်ဆိုဘဲ…”
ထိုစကားကြောင့်မဟုတ်လျှင် ကိုင်လင်းအာ ဤမျှ ရက်စက်စွာ တိုက်ခိုက်ခဲ့မည်မဟုတ်ပေ။
ကိုင်လင်းအာ လှောင်ရယ်လိုက်ပြီး ထိုလူအား စင်မြင့်ထက်မှ ကန်ချလိုက်လေသည်။
…
တိုက်ပွဲတွင် ဗဟိုသူတော်စင်မှ အဆင့်(၄) ကိုင်လင်းအာ အနိုင်ရခဲ့သည်။
ရလဒ်က လူတိုင်းနီးပါးကို မှင်သက်သွားစေခဲ့သည်။
ကိုင်လင်းအာ၏ စွမ်းအားကြောင့် လေပေါ်ကျွန်းတစ်ခုလုံး ထိတ်လန့်သွားသည်ဟုပြောလျှင် ပိုမှန်ပေလိမ့်မည်။
ဤမတိုင်ခင် ဗဟိုသူတော်စင် အကယ်ဒမီက ၎င်းတို့၏ အဆင့်(၁)အား အဆင့်(၇)သို့ပြောင်းထားကာ ကျန်အကယ်ဒမီများ မျက်စိလည်သွားစေရန် လှည့်စားထားသည်ဟု လူအများစု ယုံကြည်နေခဲ့ကြသည်။
ကျန်အကယ်ဒမီများမှ ဌာနမှူးများ လက်ထောက် ဌာနမှူများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ၎င်းတို့မျက်၀န်းထဲ၌ မနာလိုဟန်များ တောက်ပသွား၏။
သူတို့က လူသားဘုရင်အဆင့်မှ အဆင့်မြင့်ကျင့်ကြံသူများချည်းဖြစ်ကာ ထို ကိုင်လင်းအာက ဒီဝူဖန်ထက် သန်မာကြောင်း မြင်နိုင်ကြသည်။
ဒီဝူဖန်က အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူဖြစ်သော်ငြား ၎င်း၏ ခွန်အားက ဘုရင်တစ်၀က်အဆင့်ကျင့်ကြံသူကို အနိုင်ယူရန် လုံလောက်သည်။
အစပိုင်းတွင် ဒီဝူဖန်၏ ခွန်အားက အခြေတည်ဝိညာဉ်အဆင့် အထွတ်အထိပ် သို့မဟုတ် ဘုရင်တစ်၀က်အဆင့်နှင့် ညီမျှသည်ဟု ထင်မှတ်ခဲ့ကြ၏။ ထိုသို့ စွမ်းအားမျိုးကို အလယ်ပိုင်းသူတော်စင် အကယ်ဒမီ ၊ အနောက်ကြယ်အကယ်ဒမီနှင့် ပိုင်ချန် အကယ်ဒမီတို့မှ အဆင့်(၁) ကျောင်းသားများလည်း ပိုင်ဆိုင်ထားသည်။
သို့သော် ကိုင်လင်းအာ၏ စွမ်းအားကမူ ဘုရင်တစ်၀က်နယ်မြေထက် ကျော်လွန်နေပြီး အစောပိုင်း မူလဘုရင်အဆင့်အား အနိုင်ယူရန် မလွယ်ကူသည့်တိုင် ခြိမ်းခြောက်နိုင်စွမ်းရှိနေသည်။
“ ဒီပြိုင်ပွဲမှာ အဆင့်(၁) ဘယ်သူရလောက်မလဲ…”
ဌာနမှူးများနှင့် လက်ထောက် ဌာနမှုးများသာမက ပွဲကြည့်ပရိတ်သတ်များ၏ ရင်ထဲတွင်လည်း ထိုမေးခွန်းက စိုးမိုးနေသည်။
အကယ်ဒမီကြီး(၅) ခုပြိုင်ပွဲ၌ အဆင့်(၁) နေရာက အလွန်အရေးကြီးပေသည်။
အနိုင်ရရှိသော အကယ်ဒမီက လာမည့် ကျောင်းသားသစ်လက်ခံခြင်းအခမ်းအနားတွင် တောင်ပိုင်းတိုက်ကြီးမှ ပါရမီရှင် အများအပြားကို ခေါ်ယူနိုင်ပေလိမ့်မည်။
အကောင်းဆုံးသော သင်ကြားမှုကို မည်သူက မလိုချင်မည်နည်း...?
အကယ်ဒမီကြီး(၅)ခု ပြိုင်ပွဲ အဆင့်(၁)…
၎င်းက တောင်ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူများအကြား တူညီသောအဆင့်တွင် ထိပ်ဆုံး၌ရှိနေသည်ဟု ဆိုလိုပေသည်။
ပွဲကြည့်ပရိတ်သတ်များအားလုံး ၎င်းတို့အမြင်များကို အားတက်သရော ဆွေးနွေးကြတော့၏။
ယခင်ပြိုင်ပွဲများ၌ ပုံမှန်အားဖြင့် ပြိုင်ပွဲ၏ အဆင့်(၁) နေရာအား အလယ်ပိုင်းသူတော်စင် အကယ်ဒမီ သို့မဟုတ် အနောက်ကြယ် အကယ်ဒမီက ရလေ့ရှိသည်။
ပိုင်ချန်အကယ်ဒမီကလည်း တဖြည်းဖြည်း အနောက်ကြယ် အကယ်ဒမီနှင့် ယှဉ်နိုင်စွမ်းရှိလာပြီဖြစ်၏။
ဗဟိုသူတော်စင် အကယ်ဒမီနှင့် နန်ကျန်းအကယ်ဒမီအတွင်မူ ထိုနေရာက လက်လှမ်းမမှီသောအရာပင်။
ထို့ကြောင့် ယခင်ပြိုင်ပွဲများ၌ ယခုလိုအချိန်တွင် ဆွေးနွေးမှုအများဆုံးမှာ အလယ်ပိုင်းသူတော်စင် အကယ်ဒမီနှင့် အနောက်ကြယ် အကယ်ဒမီတို့ ကြားဖြစ်၏။
သို့သော် ယခုနှစ်က မတူတော့ချေ။
“ ဗဟိုသူတော်စင် အကယ်ဒမီက ရသွားလောက်မလား…”
ထိုစကားထွက်ပေါ်လာသည်နှင့် ပတ်၀န်းကျင်မှလူများ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းညိတ်လိုက်ကြ၏။
အစပိုင်းတွင် ဗဟိုသူတော်စင် အကယ်ဒမီ၏ နိုင်ပွဲများနှင့်ပတ်သက်ပြီး သံသယများရှိခဲ့ကြသော်လည်း ယခုတွင် ဗဟိုသူတော်စင် အကယ်ဒမီက ထိပ်ဆုံးနေရာရဖို့ဖြစ်နိုင်ကြောင်း လက်ခံလာကြချေပြီ။
အစောပိုင်းတိုက်ပွဲတစ်ခုတွင် ဗဟိုသူတော်စင်အကယ်ဒမီမှ အဆင့်(၁)က ပိုင်ချန် အကယ်ဒမီမှ အဆင့်(၁)အား အနိုင်ယူခဲ့သေး၏။
ထို့နောက်တွင်လည်း နိုင်ပွဲများ ဆက်လာသည်ဖြစ်ရာ ဗဟိုသူတော်စင် အကယ်ဒမီက ယခင်ကဲ့သို့မဟုတ်တော့ကြောင်း လူတိုင်းနားလည် လက်ခံလာကြသည်။
“ ကျုပ်အထင်တော့ အဆင့်(၁)က ကျင်းဝူလင်းပဲဖြစ်လိမ့်မယ်…”
ထိုလူ၏ စကားကိုလည်း လူအများစု ခေါင်းညိတ်သဘောတူလိုက်ကြ၏။
ကျင်းဝူလင်းက အလယ်ပိုင်းသူတော်စင် အကယ်ဒမီ၌ မွေးဖွားခဲ့သူတစ်ဦးဖြစ်ကာ ပါရမီရှင်များကြားမှ ပါရမီရှင်တစ်ဦးဖြစ်သည်။ သူ၏ ခွန်အားကို လုံး၀ လျှော့တွက်လို့မရချေ။
ထို့အပြင် ယခင်နှစ်များတစ်လျှောက် အဆင့်(၁) နေရာအား အလယ်ပိုင်းသူတော်စင် အကယ်ဒမီက အများဆုံးရခဲ့သည်။
“ အနောက်ကြယ် အကယ်ဒမီက ရှန့်ကွမ်းကျင်းကိုမေ့မထားနဲ့.. သူလည်း ရနိုင်ချေရှိတယ်… သူက အင်ပါယာအဆင့် ကျင့်စဉ် နဲ့ သတ်ဖြတ်ခြင်းစွမ်းအား အရမ်းကောင်းတဲ့ ကျားဖြူ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာ….”
ထိုစကားကိုလည်း လူတော်တော်များများ ထောက်ခံလိုက်ကြ၏။
အင်ပါယာအဆင့်ကျင့်စဉ်အား ထည့်မတွက်လျှင်တောင် ကျားဖြူစိတ်ဝိညာဉ်ခန္ဓာကိုယ်က တောင်ပိုင်းတိုက်ကြီး၌ ဒဏ္ဍာရီဆန်သော စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခုဖြစ်သည်။
အဆင့်(၁) နေရာအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိပေသည်။
“ ဗဟိုသူတော်စင် အကယ်ဒမီက အဆင့်(၁)ကရော.. ဘယ်လိုလဲ…”
တစ်စုံတစ်ယောက်က တိုးညှင်းစွာ ပြောလိုက်၏။ ထိုအခါ ပတ်၀န်းကျင်မှ လူများ တိတ်ဆိတ်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။
ဗဟိုသူတော်စင် အကယ်ဒမီ၏ စွမ်းဆောင်ရည်က ယခုနှစ်တွင် လူတိုင်း၏ မျှော်လင့်ချက်များထက် ကျော်လွန်နေပေသည်။ ၎င်းတို့အနေဖြင့် အဆင့်(၁)နေရာအား ရနိုင်ချေမရှိဟု ထင်နေကြသော်လည်း သေချာလေးနက်စွာ စဉ်းစားကြည့်လိုက်မည်ဆိုလျှင် ထိုသို့မဖြစ်နိုင်ဟု မည်သူမှ တရားသေ မပြောနိုင်ပေ။
လူတိုင်း ခေါင်းယမ်းနေကြစဉ် ပွဲကြည့်ပရိတ်သတ်များထဲမှတစ်ယောက်က တစ်နေရာသို့ စိုက်ကြည့်နေခဲ့ပြီး ထိတ်လန့်သွားကာ အသက်ပြင်းပြင်းရှုလိုက်မိ၏။
ထိုလူ၏ မျက်လုံးများက အပြုံးတစ်ပွင့်ဖြင့် လူအုပ်ကြားထဲ၌ ထူးမခြားနားစွာ ထိုင်နေသော လူငယ်တစ်ဦးထံသို့ ကျရောက်နေသည်။
ထို ထိုင်နေသောလူက ရွှမ်ယီဖြစ်၏။
“ အစ်ကို… ဘယ်ကိုကြည့်နေတာလဲ…”
နံဘေးတွင် ထိုင်နေသော မိန်းကလေးက သတိထားမိသွားပြီး မေးလိုက်၏။
ထိုမိန်ကလေးက သူမ၏ ဆံပင်အား မြင်းမြီးသဏ္ဍန်ဖြင့် ရိုးရှင်းစွာ ချည်နှောင်ထားပြီး နူးညံ့သိမ်မွေ့ပြီး အလွန်ချစ်စရာကောင်းလွန်းလှသည်။ သူမအား ကြည့်ရသည်မှာ တက်ကြွမှုအပြည့်ရှိနေဟန်ရ၏။ လက်ရှိတွင် သူမက မှင်သက်နေသော လူငယ်အား သတိပြန်၀င်စေရန် သူမ၏ သွယ်လျသော လက်ကလေးအား ထိုလူငယ်၏ မျက်နှာရှေ့၌ ဝှေ့ယမ်းပြနေခဲ့သည်။
ရှူး…
လူငယ်က အသက်ကို ဖြည်းညှင်းစွာ ရှုလိုက်သည်။ သူ့မျက်လုံးများက နံဘေးမှ ညီမဖြစ်သူထံရောက်သွားပြီဖြစ်သော်လည်း မျက်၀န်းများထဲ၌ ထိတ်လန့်မှု မပြယ်သေးပေ။
“ အရမ်းကြောက်ဖို့ကောင်းတဲ့ လူတစ်ယောက်ကို တွေ့မိလို့…”
ထို့နောက် သူက ဖြည်းညှင်းစွာပြောလိုက်၏။
ထိုအခါ ညီမဖြစ်သူ၏ လှပသောမျက်လုံးများ ပြူးကျယ်သွားပြီး အလွန်အံ့ဩသွားလေသည်။
အစ်ကိုဖြစ်သူအကြောင်း သူမ ကောင်းစွာနားလည်ထား၏။
သူတို့နှစ်ယောက်က သိုင်းဒေသ ကျန်းမိသားစုမှ ဖြစ်ကြပြီး အစ်ကိုဖြစ်သူ၏ အမည်က ကျန်းရှန်ရီဖြစ်ကာ ညီမဖြစ်သူက ကျန်းချင်ဖြစ်ပေသည်။
ကျန်းမိသားစုက ဝူမိသားစုလောက် အားမကောင်းသည့်တိုင် သိုင်းဒေသ၏ အစွမ်းထက်ဆုံး အင်အားစုများထဲမှ တစ်ခုဖြစ်သည်။
ကျန်းရှန်ရီက ကျန်းမိသားစု၏ အမွေဆက်ခံသူဖြစ်ပြီး သူက ကျန်းမိသားစုအား နှစ်ထောင်ပေါင်းများစွာကြာအောင် ထိန်းသိမ်းနိုင်လိမ့်မည်ဟု ထင်ကြေးပေးခံထားရသူလည်းဖြစ်၏။
သူက နှစ်ဒါဇင်အနည်းငယ်မျှဖြင့် ဘုရင်အဆင့်သို့ ရောက်ရှိခဲ့ကာ အဆင့်တူ၌ ပြိုင်ဘက်ဖြစ်နိုင်သူ အနည်းငယ်သာရှိသည်။
ကျန်းချင် အလေးစားဆုံးက သူမအစ်ကိုဖြစ်ပြီး ယခုတွင် ကျန်းရှန်ရီ အလွန်ထိတ်လန့်နေကြောင်း သူမခံစားမိခဲ့၏။ သိုင်းဒေသ တစ်ခုလုံး၌ပင် သူမအစ်ကိုအား အဆင့်တူတွင် အနိုင်ယူနိုင်သူ အနည်းငယ်လေးမျှသာရှိသည်။
ယခုတွင် သူမအစ်ကိုက အရမ်းကြောက်စရာကောင်းသော လူတစ်ယောက်ကိုမြင်ခဲ့ကြောင်း ပြောပြနေသည်။