အခန်း (၂၈၈)
Vol. 20 Ch. 288
မူလဘုရင်အဆင့်အား ဖယ်ထားဦးတော့ လူသားဘုရင်အဆင့်တွင်ပင် အများစုက ရွှမ်ယီ၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။ ထိုလူငယ်က အဘယ်ကြောင့် ဤမျှ ဒုက္ခရှာနေရသနည်း။
“ ကျွန်တော်က စီနီယာရွှမ်ရဲ့ ပြိုင်ဘက်မဟုတ်တာကို နာလည်ပါတယ်…”
သူက စုကျင်းအား တစ်ချက် ဦးညွှတ်လိုက်ပြီး ရွှမ်ယီအား တိုက်ခိုက်လိုစိတ်အပြည့်ဖြင့်ကြည့်လိုက်သည်။
ဝုန်း..
သူ့နောက်ကျောတွင်လွယ်ထားသည့် ဓားက လှုပ်ခါလာပြီး ကြောက်မယ်ဖွယ် ဓားအော်ရာများ ထွက်ပေါ်လာ၏။
ဓားရည်ရွယ်ချက်အား အောင်မြင်အောင်ကျင့်ကြံဓားနိုင်သည့် ဓားသမားတစ်ဦး၏ ပုံစံပင်။
ရွှမ်ယီ၏ မျက်၀န်းထဲတွင် စိတ်၀င်စားဟန် တစ်ချို့ ဖြတ်ပြေးသွားပြီး လူအုပ်အား တိုးဝှေ့ကာ ရှေ့ဆုံးသို့သွားလိုက်သည်။
“ မင်း ငါ့ကို စီနီယာဆိုပြီး ခေါ်နေစရာမလိုပါဘူး… ငါတို့ နှစ်ယောက်လုံး ဓားသမားတွေပဲကို… တာအိုရောင်းရင်းလို့ ခေါ်လို့ရပါတယ်…”
စကားဆုံးသည်နှင့် သူ့ထံမှ အလွန်မြင့်မားသည့် ဓားအော်ရာတစ်ခု ထွက်ပေါ်လာသည်။
လေပေါ်ကျွန်း ကောင်းကင်ယံတွင် ထူးဆန်းမှုတစ်ခု ဖြစ်ပွားသွားပြီး တိမ်ဖြူဖြူများ သာမက ကောင်းကင်နှင့် မြေပြင်ကြားရှိ အရာအားလုံး အလွန်ထက်ရှသော ဓားများအဖြစ် ပြောင်းသွားသလိုပင်။
အဆင့်(၄) အထွတ်အထိပ် ဓားရည်ရွယ်ချက်…
စိန်ခေါ်သူ၏ မျက်နှာတစ်ခုလုံး စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားပြီး ခန္ဓာကိုယ်ပင် အနည်းငယ်တုန်ခါသွားကာ လက်သီး တင်းနေအောင် ဆုပ်ထားမိလိုက်သည်။ နောက်ကျော၌ လွယ်ထားသည့် ဓားရှည်က ရွှင်ခနဲအသံနှင့်အတူ ကောင်းကင်ထက်သို့ ပြေးတက်သွား၏။
ရွှပ်…
ထို့နောက် လက်ဖြင့် ဖမ်းကိုင်လိုက်ကာ ရွှမ်ယီအား တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
“ စီနီယာရွှမ်… ကျွန်တော်က စီနီယာရဲ့ ပြိုင်ဘက် မဟုတ်မှန်းသိပါတယ်… ဒါပေမယ့် ကျွန်တော် ဓားပညာကိုလေ့ကျင့်နေတာ နှစ်တော်တော်ကြာပြီ… ဓားနဲ့ပတ်သက်ရင် စီနီယာလို ကျွမ်းကျင်တဲ့လူမျိုး တစ်ယောက်တွေ့ရဖို့ အရမ်းခဲယဉ်းလွန်းတယ်… ဒါကြောင့် ဟောဒီက ဂျူနီယာက အရဲစွန့်ပြီး စိန်ခေါ်ပါရစေ…”
တုကူးဝူလင်းက ရိုးသားမှုအပြည့်ဖြင့် စိန်ခေါ်လိုက်သည်။
“ စီနီယာနဲ့ ပတ်သက်တဲ့သတင်းတွေ ကျွန်တော် အများကြီးကြားခဲ့ရတယ်.. အဲ့တုန်းကတည်းက ကျွန်တော်တို့ နှစ်ယောက်အကြား ဘယ်လောက် ကွာခြားလည်း သိချင်နေခဲ့တာ…”
တုကူးဝူလင်းက ရွှမ်ယီကို စိန်ခေါ်လိုက်သည်။
တဖြည်းဖြည်း အနားတွင် လူအုပ်ကြီး ဝိုင်းအုံလာခဲ့သည်။ လာမည့်တိုက်ပွဲကို စိတ်၀င်တစား စောင့်မျှော်နေကြ၏။
“ သွားကြစို့…”
ရွှမ်ယီက ထိုလူအား စီနီယာဟုမခေါ်ရန် ပြောခဲ့သော်လည်း ဆက်လက်ခေါ်နေသေးသည်ဖြစ်ရာ ပြုံးရုံပြုံးလိုက်ပြီး ပြင်မပေးတော့ချေ။
ထို့နောက် တစ်ချက်ခုန်လိုက်ရာ တိုက်ပွဲစင်မြင့်ထက်သို့ တိုက်ရိုက်ရောက်သွား၏။
စင်မြင့်ထက်တွင်…
တုကူးဝူလင်း၏ လက်ထဲမှဓားက အလင်းများဖြင့် တောက်ပလာပြီး ၎င်းအား လေထဲ၌ အနည်းငယ်ဝှေ့ယမ်းလိုက်လေသည်။
ဘုန်း…
သူ၏ စိတ်ဝိညာဉ်စွမ်းအားများကို ဓားအတွင်း အပြည့်အ၀ ထည့်သွင်းထားပြီး ဓားရည်ရွယ်ချက်စွမ်းအားကို အစွမ်းကုန်ထုတ်ဖော်ထားလေရာ မီတာရာနှင့်ချီအောင် ရှည်လျားသည့် ဓားအလင်းဖြစ်ပေါ်လာသည်။ မူလဘုရင်အဆင့်မှ မည်သူမဆို ၎င်းနှင့် ထိတွေ့မိပါက ချက်ချင်းသေဆုံးသွားပေလိမ့်မည်။
“ ကောင်းတယ်…”
ရွှမ်ယီ၏ မျက်၀န်းထဲတွင် နှစ်ခြိုက်မှုတစ်ချို့ဖြစ်ပေါ်လာပြီး ခေါင်းတစ်ချက် ညိတ်လိုက်၏။
အသက်ရှုကြိမ် အနည်းငယ်ကြာပြီးနောက်…
ယား..
ရွှမ်ယီက ဓားဆွဲထုတ်လိုက်ပြီး ထိုလူ၏ ဓားရည်ရွယ်ချက် စွမ်းအားကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။
ဘုန်း…
လူအုပ်ကြီး အလန့်တကြားအော်ဟစ်မိလိုက်ကြသော်လည်း ရွှမ်ယီ ရုတ်တရက်ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏ ။ ရွှမ်ယီက ဓားနှင့်လူ တစ်သားတည်းဖြစ်သွားဟန်ရပြီး အကန့်အသတ်မရှိနီးပါးဖြစ်နေသော ဓားအော်ရာများကြားထဲမှ ဒဏ်ရာတစ်စုံတစ်ရာမရဘဲ ဖြတ်ကျော်သွားသည်။
ရွှစ်…
ဓားအလင်းတစ်ချက် လက်သွားပြီး လေပေါ်ကျွန်းထက်မှလူတိုင်း နှလုံးခုန်သံများ ရပ်တန့်သွားသည့်အလား ခံစားလိုက်ရ၏။
တုကူးဝူလင်းကမူ အနည်းငယ်မျှ ထိတ်လန့်ဟန်မပြဘဲ လက်ထဲမှ ဓားကိုမြှောက်ကာ ၀င်လာသော ဓားချက်အား တားဆီးလိုက်သည်။
ဘုန်း…
ထို့နောက် လေပေါ်မှတစ်ဆင့် ကြမ်းပြင်ထက်သို့ ကြယ်ကြွေသည့်အလား တိုးရိုက်ထိုးဆင်းသွားတော့၏။
အလွန်ခိုင်ခန့်သော ပစ္စည်းများဖြင့် ခိုင်မာစွာတည်ဆောက်ထားသည့် တိုက်ပွဲစင်မြင့်ထက်၌ တွင်းနက်ကြီးတစ်ခု ဖြစ်သွားလေသည်။
စင်မြင့်တစ်ခုလုံး ဖုန်မှုန့်များ ဖုံးလွှမ်းသွားပြီး တွင်းနှုတ်ခမ်း၀တွင်လည်း ပင့်ကူအိမ်သဖွယ် အက်ကြောင်းများ ဖြစ်ပေါ်နေသည်။ တိုက်ပွဲစင်မြင့်ကြီးတစ်ခုလုံး ပျက်စီးသွားပြီဖြစ်၏။
လူတိုင်း အလွန်မှင်သက်သွားခဲ့ကြသည်။
လူသားဘုရင်အဆင့်ကျင့်ကြံသူများကင် ချွင်းချက်မဟုတ်ချေ။ ပြူးကျယ်နေသော မျက်၀န်းများဖြင့် စင်မြင့်ထက်သို့ ငေးကြည့်နေကြ၏။
တုကူးဝူလင်းနေရာ၌ သူတို့ ဆိုပါကလည်း ထိုဓားချက်အား ခုခံနိုင်မည်မထင်ပေ။
အဟွတ်..အဟွတ်
တုကူဝူလင်း၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေပြီး တွင်းထဲ၌ လဲကျနေခဲ့သည်။ သူ့မျက်၀န်းထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး ခေါင်းယမ်းမိလိုက်၏။
သူနှင့် ရွှမ်ယီကြားမှ ကွာဟချက်ကို သိလို၍ တိုက်ခိုက်ရန် စိန်ခေါ်ခဲ့သော်လည်း အနည်းငယ်မျှပင် ပြန်လည် တိုက်ခိုက်နိုင်စွမ်းမရှိခဲ့ပေ။
“ ဒီဓား…!”
“ စီနီယာ.. အဲ့ဒီဓားချက်ထဲမှာ ခွန်အား ဘယ်လောက် အသုံးပြုခဲ့လဲ သိလို့ရမလား…?”
ယခုအချိန်တွင် ရွှမ်ယီ၏ ဓားချက်ထဲ၌ စွမ်းအားမည်မျှ ထည့်သွင်းအသုံးပြုထားကြောင်း သိလိုနေသည်။
ပရိတ်သတ်များလည်း လည်ပင်းအားဆန့်ကာ နားစွင့်လျက် ရွှမ်ယီထံမှ အဖြေကို စောင့်မျှော်နေကြ၏။
ထိုဓားချက်က အလွန်အစွမ်းထက်လွန်းလှသည်။ ပါရမီရှင်များသာ ထုတ်လွှတ်နိုင်သော စွမ်းအားမျိုးဖြစ်၏။ ရွှမ်ယီ ခွန်အားမည်မျှ ထည့်သွင်းအသုံးပြုခဲ့ကြောင်း အလွန်သိချင်နေကြသည်။
ရွှမ်ယီက သူ့အား အလွန်သိချင်နေသော မျက်၀န်းများဖြင့် စိုက်ကြည့်နေသည့် တုကူးဝူလင်းအား ကြည့်လိုက်သည်။
ထို့နောက် အနည်းငယ် တွေးဆကာ ပြောလိုက်၏။
“ (၁၀)ပုံ(၁)ပုံ…”
ဘုန်း…
ရွှမ်ယီ၏ အဖြေက လေပေါ်ကျွန်းအား မိုးကြိုးပစ်ချလိုက်သည့် အလားပင်။
ဖြေပြီးသည်နှင့် ရွှမ်ယီ လှည့်ထွက်လာခဲ့တော့၏။
(၁၀)ပုံ (၁) ပုံ…?
၎င်းက အမှန်မဟုတ်ပေ။
ပြိုင်ဘက်က အစောပိုင်းလူသားဘုရင်အဆင့် တိုက်ခိုက်နိုင်စွမ်းရှိနေသည့်တိုင် ရွှမ်ယီအနေဖြင့် ခွန်အား (၁၀) ပုံ(၁)ပုံ အသုံးပြုရန် မလိုအပ်ပေ။
အမှန်တွင် (၂၀)ပုံ (၁)ပုံသာ အသုံးပြုခဲ့ခြင်းဖြစ်၏။
အမှန်တိုင်း ၀န်ခံလိုက်ပါက အလွန် ထိတ်လန့်သွားပေလိမ့်မည်။
“အစ်ကို ဒါနင်ပြောတဲ့ အရမ်းကြောက်စရာကောင်းတယ်ဆိုတဲ့ မူလဘုရင်အဆင့်ဇယား နံပါတ် (၁) ရွှမ်ယီရဲ့ စွမ်းအားလား…”
လူအုပ်ကြားထဲတွင် ယခင်က ရွှမ်ယီအကြောင်းဆွေးနွေးခဲ့ကြသည့် မောင်နှမ အလွန်အံ့အားသင့်နေခဲ့ကြ၏။
ကျန်းချင်က မီတာ ရာနှင့်ချီ ရှည်လျားသော တိုက်ပွဲစင်မြင့်အား မျက်လုံး အဝိုင်းသားဖြင့် ငေးကြည့်နေလေသည်။ ထိုတိုက်ပွဲစင်မြင့်အား အလွန်ခိုင်ခံ့သော ပစ္စည်းများဖြင့် တည်ဆောက်ထားပြီး သူမ စွမ်းအားကုန်သုံးသည့်တိုင် အနည်းငယ်မျှသာ ကွဲအက်စေပေလိမ့်မည်။
သို့သော် ရွှမ်ယီက သူ၏ ခွန်အားကို (၁၀)ပုံ(၁)ပုံမျှ အသုံးပြုခဲ့ပြီး အစောပိုင်းလူသားဘုရင်အဆင့်နှင့် ယှဉ်နိုင်သော လူအား အနိုင်ယူခဲ့ယုံမျှမက စင်မြင့် တစ်ခုလုံးကိုပင် ပျက်ဆီးသွားစေခဲ့သည်။
ထိုစွမ်းအားက အမှန်အတိုင်းဆိုရလျှင် အလွန် ကြောက်မက်ဖွယ်ကောင်းလွန်းသည်။
“ငါသူ့ကို အနိုင်မယူနိုင်ဘူးလို့ ပြောခဲ့တာ နည်းတောင်နည်းနေသေးတယ်”
ကျန်းရှန်ရီ ခေါင်းယမ်းလိုက်ပြီး မချိပြုံးပြုံးလိုက်မိသည်။
တစ်ခဏမျှစဉ်းစားလိုက်ပြီးနောက် ဖြည်းညှင်းစွာ ဆက်ပြောလိုက်၏။
“သူ့လက်တစ်ချက်ယမ်းရုံနဲ့ ငါ့လိုလူ (၁၀) ယောက်လောက်ကို အနိုင်ယူနိုင်စွမ်းရှိတယ်…”
ကျန်းရှန်ရီ ရွှမ်ယီအား သူဘယ်တော့မှ မဖြတ်ကျော်နိုင်လောက်သည့် တောင်ကြီးတစ်လုံးအား ကြည့်သကဲ့သို့ ကြည့်နေခဲ့သည်။
သူ့နှလုံးသားထဲမှ စိတ်ပျက်အားငယ်မှုများ ပို၍ တိုးပွားလာနေ၏။
သူက ရွှမ်ယီထက် အသက်အနည်းငယ် ကြီးပြီး လေ့ကျင့်ချိန်အများကြီး ပိုပေသည်။ သို့သော် သူတို့နှစ်ယောက်ကြား ခြားနားချက်မှာ ကောင်းကင်နှင့်မြေကြီး တစ်မျှ ကြီးမားလှ၏။
“အရမ်းအထင်ကြီးဖို့ကောင်းတာပဲ…”
ကျန်းချင်က ဓါးတစ်ချောင်းကိုင်ဆွဲထားသော ရွှမ်ယီအား တောက်ပသော မျက်ဝန်းများဖြင့် ငေးကြည့်နေခဲ့သည်။
သူမ စိတ်ထဲတွင် တစ်ချိန်လုံးစွဲထင်နေခဲ့သော အစ်ကိုဖြစ်သူ၏ အစွမ်းထက်လွန်းလှသည့် ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားချေပြီ။
ထိုနေရာတွင် အဖြူရောင်ဝတ်စုံဖြင့် ဓါးရှည်တစ်ချောင်းကိုင်ဆွဲထားသည့် ကျက်သရေရှိသော ပုံရိပ်တစ်ခုက အစားထိုးဝင်ရောက်သွားပြီဖြစ်၏။
ထိုပုံရိပ်က သူမစိတ်ထဲတွင် အလွန်တောက်ပနေခဲ့သည်။