အခန်း (၂၈၉)
Vol. 20 Ch. 289
လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် အကယ်ဒမီကြီး (၅) ခုပြိုင်ပွဲပြီးဆုံးကြောင်း ကြေငြာလိုက်သည်။
အလယ်ပိုင်း သူတော်စင်အကယ်ဒမီမှစ၍ နန်ကျန်း အကယ်ဒမီအထိ အကယ်ဒမီကြီး (၅) ခုတွင် တောင်ပိုင်းတိုက်ကြီး တစ်ခုလုံး၏ အလွန်ထူးချွန်ထက်မြက်သော ပါရမီရှင်များစွာ ပါဝင်သည်။ ထို အကယ်ဒမီကြီး (၅) ခုအား တောင်ပိုင်းတိုက်ကြီး၏ ပါရမီရှင်များ အားလုံးကို ကိုယ်စားပြုသည့် နေရာများဟု ခေါ်ဆိုနိုင်သည်။
ထိုပြိုင်ပွဲမှ ထိပ်ဆုံး (၁၀) ယောက်သည် ယေဘူယျ အားဖြင့် တောင်ပိုင်းတိုက်ကြီး၏ ထိပ်ဆုံး (၁၀) ယောက်ဟုခေါ်ဆိုနိုင်သည်။
ယခု ပြိုင်ပွဲပြီးဆုံးသွားသော အချိန်တွင် ထိပ်တန်း (၁၀) နေရာတွင် ဗဟို သူတော်စင်အကယ်ဒမီက (၇) နေရာ သိမ်းပိုက်နိုင်ခဲ့၏။ ထိုသတင်းပျံ့နှံ့သွားပြီးနောက် တောင်ပိုင်းတိုက်ကြီး တစ်ခုလုံး အုတ်အုတ်ကျက်ကျက်ဖြစ်သွားလေသည်။
“ဗဟို သူတော်စင် အကယ်ဒမီက အရင်တုန်းက ဂုဏ်ကျက်သရေမျိုး ပြန်ရရှိတော့မှာလား…”
ထိုအထဲမှ လူအိုကြီးအချို့က ကျဆင်းလာသော ဗဟိုသူတော်စင်အကယ်ဒမီနှင့် အခြားသော အကယ်ဒမီများ၏ မြင်ကွင်းများကို ပြန်လည်မြင်ယောင်လာကြသည်။
ဗဟို သူတော်စင်အကယ်ဒမီသည် နံပါတ် (၁) နေရာမှ (၂) ၊ (၂) နေရာမှ (၃) ၊ (၃) နေရာမှ (၄) တဖြည်းဖြည်းကျဆင်းသွားခဲ့သည်။ ထိုအခါ ဗဟို သူတော်စင်အကယ်ဒမီအား ပြန်လည်မြင့်တက်လာရန် မျှော်လင့်နေကြသူများ စိတ်ပျက်ခဲ့ကြရ၏။ ယခုအချိန်တွင် ဗဟို သူတော်စင် အကယ်ဒမီ ပြန်လာချေပြီ။
တစ်ချို့သော မျိုးဆက်ဟောင်းမှ ကျင့်ကြံသူများက ဗဟို သူတော်စင်အကယ်ဒမီ နောက်တစ်ကြိမ် ကျောင်းသားသစ် လက်ခံချိန်တွင် ၎င်းတို့၏ လူငယ်မျိုးဆက်များအား ပို့ဆောင်မည်ဟု ချက်ချင်း ကြေငြာလိုက်ကြ၏။
အကယ်ဒမီကြီး (၅) ခုပြိုင်ပွဲကြောင့် တောင်ပိုင်းတိုက်ကြီး တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။ ထိုအချိန်တွင် ကိစ္စတစ်ခုဖြစ်ပေါ်လာပြီး သိုင်းဒေသက လူအများစု၏စိတ်အား ဖမ်းစားလိုက်လေသည်။
“ရွှမ်ယီ… ရွှမ်ယီ… သတင်းကောင်းတစ်ခုရှိတယ်…”
လက်ထောက်ဌာနမှူး စုကျင်းက ရွှမ်ယီ၏ တံခါးအား တစ်ဒုံးဒုံး ခေါက်လိုက်သည်။
“ဘယ်လိုသတင်းကောင်းလဲ…”
ရွှမ်ယီက အလွန်စိတ်လှုပ်ရှား နေဟန်ရသော စုကျင်းအား ကြည့်လိုက်သည်။ ၎င်းက အနည်းငယ်ထူးဆန်းနေဟန်ရ၏။
ပြိုင်ပွဲပြီးဆုံးချိန်တွင် ဌာနမှူးက နည်းပြဆရာများအပါအဝင် လက်ထောက်ဌာနမှူးများနှင့် ကျောင်းသားများ အားလုံးကို သိုင်းဒေသ၌ ရက်အနည်းငယ် အနားယူရန်ပြောကြားခဲ့သည်။ ထို့ကြောင့် ၎င်းတို့က သိုင်းဒေသမှ အလျင်စလိုထွက်သွားခြင်းမပြုခဲ့ပဲ ထိုနေရာ၌ အနားယူနေခဲ့ကြသည်။ သို့သော် ရွှမ်ယီ အတွက်မူ ရံဖန်ရံခါ ဝူအန်မြို့ထဲသို့ သွားရောက်လည်ပတ်သည်မှလွဲ၍ တစ်ခြားလုပ်စရာမရှိပေ။ ထို့ကြောင့် အားလပ်ချိန်တိုင်းကို အခန်းထဲ၌သာ ကျင့်ကြံနေခဲ့၏။ ယခုတွင် စုကျင်းကသူ့အား နီမြန်းနေသော မျက်နှာဖြင့် လာရောက်ခေါ်နေသည်။
မည်သည့် သတင်းကောင်းနည်း..?
“သိုင်းဒေသမှာ လင်းဝူ စမ်း လို့ခေါ်တဲ့ စိတ်ဝိညာဉ်စမ်းတစ်ခုရှိတယ်…”
စုကျင်းက ရွှမ်ယီအနီးသို့ ကပ်သွားပြီး အသံလျော့ကာ ပြောလိုက်သည်။
“လင်းဝူစမ်းကို သိုင်းဒေသက ကမ္ဘာမြေသွေးကြောကတစ်ဆင့် တည်ဆောက်ထားပြီးတော့ အဲ့ဒီနေရာမှာ ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝစွမ်းအားတွေ စုစည်းနေတယ်… ဒါပေမယ့် ဖွင့်တဲ့အချိန်ကတော့ အတိအကျ မရှိဘူး… မြေကမ္ဘာသွေးကြော ပေါက်ကွဲတဲ့ အချိန်ကျမှ လင်းဝူစမ်းပွင့်လာတာ…”
စုကျင်းက ရွှမ်ယီအား အဓိပ္ပါယ်ရှိစွာ ကြည့်လိုက်သည်။
“ဆိုလိုချင်တာက…”
ရွှမ်ယီ အနည်းငယ် မျက်မှောက်ကျုံ့လိုက်သော်လည်း သူ့မျက်၀န်းများက တောက်ပနေ၏။
လင်းဝူစမ်းအား မြေကမ္ဘာသွေးကြောဖြင့် ဖွဲ့စည်းထားကာ ကောင်းကင်နှင့် မြေကြီးမှ စိတ်ဝိညာဉ်စွမ်းအားများ စုစည်းထားသည်။ ထို့ကြောင့် ၎င်းတွင် စိတ်ဝိညာဉ်စွမ်းအင် များစွာရှိရမည်။ အကယ်၍သူသာ ထိုနေရာသို့ ဝင်ရောက်နိုင်ခဲ့လျှင် စွမ်းအားများစွာ တိုးတက်လာမည်မှာ အသေအချာပင်။
“ဟုတ်တယ်…”
စုကျင်းက ဝမ်းသာအားရဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး
“ဌာနမှူးက ပစ္စည်းတွေအားလုံး ထုပ်ပိုးပြီးတော့ မြန်မြန်လိုက်လာဖို့ပြောလိုက်တယ်… လင်းဝူစမ်းမှာ နေရာအရေအတွက်က အကန့်အသတ်ရှိတယ်…”
“ မြန်မြန်ထွက်လာခဲ့… ပြီးမှစဉ်းစား…”
“မဟုတ်လို့ရင် ဘာမှကျန်တော့မှာမဟုတ်ဘူး…”
ရွှမ်ယီက စဉ်းစားမနေတော့ပဲ စုကျင်းနောက်မှ လိုက်ကာ ဌာနမှူးတို့အဖွဲ့နှင့် ချက်ချင်း ပူးပေါင်းလိုက်သည်။
ဝှစ်…
ဌာနမှူးက လေဟာနယ်အား ခွဲဖွင့်လိုက်ပြီး ဗဟို သူတော်စင်အကယ်ဒမီအဖွဲ့အား ဦးဆောင်ကာ ဝင်သွားခဲ့၏။
၎င်းတို့ ဦးတည်ရာက လင်းဝူစမ်း ဖြစ်သည်။
ထိုအချိန်တွင် လင်းဝူစမ်း အနီး၌ လေဟာနယ် အက်ကြောင်းများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လျက်ရှိကာ ဘုရင်အဆင့် ကျင့်ကြံသူများစွာ ရောက်ရှိနေကြ၏။ ၎င်းတို့အထဲမှ လေဟာနယ်အက်ကြောင်းတစ်ခုမှတစ်ဆင့် အလွန်ပြင်းထန်သော စွမ်းအားတစ်ခု ရုတ်တရက်ထွက်ပေါ်လာလေသည်။
ဘုန်း…
လင်းဝူစမ်း အနီးတွင် ရောက်ရှိနေသည့် ဘုရင်အဆင့် ကျင့်ကြံသူများအားလုံး မျက်ဝန်းများထဲ၌ ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။
“ဒီစွမ်းအား… ဒါက လူသားဘုရင်အဆင့်ထက်ကျော်လွန်နေပြီ… ဘယ်သူများလဲ…”
လင်းဝူစမ်း ပွင့်သည့် အချိန်တွင် ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူများ အလွန်လာခဲပြီး ထိုနေရာ၌ အဆင့်အမြင့်ဆုံး ကျင့်ကြံသူများမှာ လူသားဘုရင်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြ၏။
သို့သော် လက်ရှိရောက်လာသူ၏ အရှိန်အဝါအား ကြည့်လျှင် ဤနေရာမှ လူတိုင်းအား ဖယ်ရှားရန် လုံလောက်နေချေပြီ။
လေဟာနယ် အက်ကြောင်းအတွင်းမှ လူတစ်ယောက်ထွက်ပေါ်လာပြီး သူ၏နောက်တွင် အစွမ်းထက်လူသားဘုရင်တချို့လဲ လိုက်ပါလာ၏။
“ ဒါက လူသားဘုရင်အဆင့်ဇယားက နံပါတ် (၉) ယောင်မူပဲ…”
ရောက်ရှိနေသော လူများကြားထဲတွင် ဗဟုသုတ များပြားသူများ ရှိသည်ဖြစ်ရာ ရောက်လာသူအား ချက်ချင်းသိလိုက်၏။
တောင်ပိုင်းတိုက်ကြီးတွင် ကောင်းကင်ဘုရင်အဆင့်ဇယား ၊ လူသားဘုရင်အဆင့်ဇယား နှင့် မူလဘုရင်အဆင့်ဇယား (၃) ခုရှိပြီး ထိုရောက်လာသူက လူသားဘုရင်အဆင့်ဇယားတွင် နံပါတ် (၉) ဖြစ်သည်။
“ အဲ့ဒါ သူပဲ… ဒီလောက်ထိ အစွမ်းထက်တဲ့ အရှိန်အဝါ ထွက်ပေါ်လာတာ သိပ်ပြီး အံ့အားသင့်စရာတော့ မဟုတ်တော့ဘူး…”
လူအုပ်ထဲမှ တစ်ယောက်က သက်ပြင်းချရင်းပြောလိုက်သည်။
“လူသားဘုရင်အဆင့်ဇယားက လူတွေက လူသားဘုရင်အဆင့်မှာ အစွမ်းအထက်ဆုံးလူတွေပဲ… သူတို့အားလုံး အထွတ်အထိပ်လူသားဘုရင်အဆင့် ကျင့်ကြံမှုအခြေခံရှိကြတယ်… ပြီးတော့ သူတို့တိုက်ခိုက်ရေး စွမ်းအားက ကောင်းကင်ဘုရင်အဆင့်နဲ့ နီးကပ်နေပြီ… သူက ကောင်းကင်ဘုရင်တစ်ယောက်ကို အနိုင်ယူဖို့ မဖြစ်နိုင်ပေမယ့် ဒီနေရာမှာ ရောက်နေတဲ့လူတွေအားလုံးထဲမှာဆိုရင် အစွမ်းထက်ဆုံးပဲ…”
“ဟုတ်တယ်… လင်းဝူစမ်းကို ကောင်းကင်ဘုရင်တွေ လာမှာမဟုတ်ဘူး… ဒီနေ့တော့ သူ့ကို ဒီနေရာမှာ အနိုင်ယူနိုင်မယ့်လူ မရှိတော့ဘူး…”
တောင်ပိုင်းတိုက်ကြီး၏ အဆင့်ဇယား (၃) ခုထဲတွင် ပါဝင်နိုင်သူများမှာ ၎င်းတို့သက်ဆိုင်ရာ နယ်မြေ၌ အစွမ်းထက်ဆုံးသူများ ဖြစ်ကာ ထိုအဆင့်မှလူများ ဖြစ်ကြောင်းကြားသိရရုံဖြင့် ၎င်းတို့အစွမ်းအစကို ခန့်မှန်း၍ရသည်။
ရွှစ်…
ထိုအချိန်တွင် လေဟာနယ် ထပ်မံကွဲအက်သွားပြီး ဌာနမှူးဦးဆောင်သော ဗဟို သူတော်စင်အကယ်ဒမီမှ လူအုပ်ထွက်ပေါ်လာသည်။
“ဒါက ဘယ်သူတွေများလဲ… အုပ်လိုက်ကြီး ရောက်လာကြပြီ… သူတို့ဘယ်သူပဲဖြစ်ဖြစ် နေရာတစ်ခုရဖို့အတွက် ယောင်မူနဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး… လူဘယ်လောက်ပဲများများ အဓိကအချက်ကတော့ ဘယ်လိုမှ နေရာရနိုင်မှာမဟုတ်ဘူး…”
တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်ရင်း ဗဟို သူတော်စင်အကယ်ဒမီမှ အဖွဲ့အား ကြည့်ကာ ခေါင်းယမ်းလိုက်သည်။
“ ဟေး… အစောနားက မင်းလွတ်သွားတဲ့ ကိစ္စတစ်ခုရှိတယ်… အဲ့တာက ဗဟို သူတော်စင်အကယ်ဒမီပဲ… ဒီတစ်ခေါက် အကယ်ဒမီ (၅) ခုပြိုင်ပွဲမှာ အကြီးဆုံးဖျက်မြင်းလေ… အဲ့ဒီအဖွဲ့ရဲ့ ခေါင်းဆောင်က မူလဘုရင်အဆင့်ဇယားရဲ့ နံပါတ် (၁) ရွှမ်ယီပဲ…”
လူအုပ်ထဲမှ တစ်ယောက်က ရွှမ်ယီအား ကြည့်ကာပြောလိုက်သည်။
ထိုအခါ ယောင်မူ၏ နောက်မှ ပါလာသူတစ်ယောက်က ယောင်မူ အနားသို့ ကပ်လာပြီး ရွှမ်ယီအား လက်ညိုးထိုးကာ တစ်စုံတစ်ခုအားပြောလိုက်သည်။
စကားဆုံးသည်နှင့် ယောင်မူ၏ ခန္ဓာကိုယ်ကတောင့်တင်းလာခဲ့ကာ မျက်ဝန်းများ အေးစက်လာပြီး လင်းဝူစမ်းသို့ အရင်ဆုံးဝင်ရောက်မည့် သူ၏ မူလအစီအစဉ်အား ရုတ်သိမ်းလိုက်သည်။
“ဟမ့်… ရွှမ်ယီ…”
ထိုအချိန်တွင် ရွှမ်ယီတို့ အဖွဲ့က လက်ရှိအခြေအနေအား နားမလည်ပဲ ဌာနမှူး၏ ဦးဆောင်မှုအောက်တွင် လင်းဝူစမ်း ရှိရာသို့ ပြေးသွားနေကြသည်။
ယောင်မူက ရွှမ်ယီအား ကြည့်ကာ အေးစက်သောမျက်ဝန်းများဖြင့် လက်ညိုးထိုးကာ ပြောလိုက်၏။
“မင်း… အထဲမဝင်နဲ့…”
……