အခန်း (၂၉၀)
Vol. 20 Ch. 290
ရွှမ်ယီ အံ့ဩသွားပြီး ခေါင်းမော့ကြည့်လိုက်သည်။ ထိုလူအား မသိကြောင်းအတည်ပြုလိုက်ပြီးနောက် ထိုလူကသူ့အားပြောနေကြောင်း သေချာရန် နောက်တစ်ကြိမ်ထပ်လှည့်ကြည့်လိုက်၏။
ထို့နောက် ရွှမ်ယီ မျက်မှောက်ကြုတ်လိုက်မိသည်။
သူတို့ ဤမတိုင်ခင် တစ်ကြိမ်တစ်ခါမှပင် မတွေ့ဖူးသည်ဖြစ်ရာ ထိုလူ စိတ်အနှောက်အယှက်ဖြစ်အောင်လဲ မလုပ်ဖူးချေ။
“မင်း လူမှားနေတာလား…”
ယောင်မူ၏ ရုတ်တရက်အော်ဟစ်လိုက်သံကြောင့် ပတ်ဝန်းကျင်မှလူများ အားလုံး အံ့အားသင့်သွားကြသည်။
အစပိုင်းတွင် သူတို့က လူသားဘုရင်အဆင့်ဇယား နံပါတ် (၉) နေရာမှ ယောင်မူအားတွေ့လိုက်ပြီးချိန်တွင် ထိတ်လန့်သွားခဲ့ကြသဖြင့် သူ့အား ပထမဦးစွာ ဝင်ခွင့်ပြုလိုက်သော်လည်း ထိုလူက မဝင်သေးပဲ မူလဘုရင်အဆင့်ဇယားမှ နံပါတ် (၁) ဖြစ်သည့် ရွှမ်ယီအား လှမ်းအော်လိုက်သည်ကို မထင်မှတ်စွာ တွေ့လိုက်ရသည်။
“မင်းသာ ဗဟိုသူတော်စင်အကယ်ဒမီက ရွှမ်ယီဆိုရင် လူမမှားဘူး…”
ယောင်မူက ပြုံးလိုက်ပြီး ရွှမ်ယီအား အေးစက်သောမျက်လုံးများဖြင့် ကြည့်ရင်းပြောလိုက်သည်။
“ငါဒီမှာရှိနေသ၍ မင်းလုံးဝဝင်လို့ရမှာ မဟုတ်ဘူး…”
ဘုရင်အဆင့်ဇယားမှ အစွမ်းထက်ကျင့်ကြံသူနှစ်ယောက်အား ပတ်ဝန်းကျင်မှလူများ ငေးကြည့်နေကြသည်။ အများစုက ဘာတွေဖြစ်နေမှန်း နားမလည်ကြတော့ချေ။ ယောင်မူက အဘယ်ကြောင့် ရွှမ်ယီအား ရုတ်တရက် တားဆီးလိုက်ရသနည်း။
“အကြောင်းအရင်းကို ငါသိမယ်ထင်တယ်…”
လူအုပ်ကြားထဲမှ တစ်ယောက်က ပြောလိုက်သည်။
“ယောင်မူက လင်းယုန်ဒေသက ဟီ မိသားစုနဲ့ အရမ်းဆက်ဆံရေးကောင်းတယ်… ဟိုတစ်လောတုန်းက ရွှမ်ယီရဲ့ တပည့်က ဟီမိသားစုက အမွေခံကို သတ်ခဲ့တယ်… ပြီးတော့ ဟီမိသားစုခေါင်းဆောင်နဲ့ဘိုးဘေး ဗဟို သူတော်စင်အကယ်ဒမီကို ရောက်လာတာတောင် သူတို့က ရွှမ်ယီဆီမှာ မောင်းထုတ်ခံခဲ့ရတယ်… အခု……”
“ယောင်မူက အဲ့ဒီကိစ္စကို အခဲမကြေသေးဘူးနေမယ်…”
“ရွှမ်ယီက မူလဘုရင်အဆင့်ဇယားက နံပါတ် (၁) ပဲ… ပြောရမယ်ဆိုရင် သူ့ဂုဏ်ပုဒ်က အရမ်းခမ်းနားကြီးကျယ်တယ်… ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူမလွယ်ကူတော့မှာ စိုးမိတယ်…”
“သူက မူလဘုရင်အဆင့်ဇယားမှာ နံပါတ် (၁) ဖြစ်နေပေမယ့် သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းက အလယ်အလတ် ဒါမှမဟုတ် နှောင်းပိုင်းလူသားဘုရင်အဆင့်လောက်ရှိနေပေမယ့် လူသားဘုရင်အဆင့်ဇယားက လူတွေကိုတော့ လုံးဝ ယှဉ်နိုင်မှာမဟုတ်ဘူး… အဲ့ဒီ (၁၀) ယောက်လုံးက ကောင်းကင်ဘုရင်အဆင့်အောက်မှာ အစွမ်းအထက်ဆုံးလူတွေပဲ… ရွှမ်ယီရဲ့ တိုက်ခိုက်နိုင်စွမ်းက နှောင်းပိုင်းလူသားဘုရင်အဆင့်မဟုတ်ပဲ အထွတ်အထိပ်လူသားဘုရင်အဆင့်မှာရှိနေရင်တောင်မှ ယောင်မူကို ယှဉ်နိုင်မှာ မဟုတ်ဘူး…”
ပတ်ဝန်းကျင်မှလူတိုင်း ရွှမ်ယီဘက်မှ မှေးမှိန်သော အခွင်းအရေး အနည်းအကျဉ်းမျှကိုပင် မမြင်ကြချေ။
ရွှမ်ယီက မူလဘုရင်အဆင့်ဇယားမှ အစွမ်းထက်ကျင့်ကြံသူဖြစ်သော်လည်း သူက အထွတ်အထိပ်မူလဘုရင်အဆင့်၌သာ ရှိသေးသည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်အစွမ်းထက်လွန်းသောကြောင့် နှောင်းပိုင်းလူသားဘုရင်အဆင့်သို့ ရောက်နိုင်သည့်တိုင်အောင် လူသားဘုရင်အဆင့်ဇယားမှ ယောင်မူနှင့် ယှဉ်လိုက်လျှင် ပမွှားလေးသာ ဖြစ်သွားပေလိမ့်မည်။
ကောင်းစွာနားလည်သူတိုင်း ရွှမ်ယီ နှင့် ယောင်မူ တိုက်ခိုက်ပါက ရွှမ်ယီအနေဖြင့် ရလဒ်ကောင်းမည်မဟုတ်ဟု ခံစားမိနေကြသည်။
“ရွှမ်ယီ ရောက်လာတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ယောင်မူနဲ့လာဆုံတယ်… ဟူး… ကံမကောင်းလိုက်တာ…”
လူအုပ်ကြားထဲမှ တစ်ယောက်က ခေါင်းအား ညှင်သာစွာခါယမ်းလိုက်ပြီး ရွှမ်ယီအား သနားသောမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
လင်းဝူ စမ်း တွင် အလွန်စွမ်းအားများ ပြည့်ဝပြီး ဤကမ္ဘာကြီး၌ ထွက်ပေါ်လာရန် အချိန်အလွန်ကြာမြင့်လေ့ရှိသည်။ ၎င်းပေါ်လာသည့်အချိန်တိုင်း အတွင်းသို့ ဝင်ရောက်ကျင့်ကြံသည့် ဘုရင်အဆင့်ကျင့်ကြံသူများအားလုံး ၎င်းတို့၏ အခြေခံအုတ်မြစ်များခိုင်မာစေယုံမျှမက ကျင့်ကြံဆင့်များ တိုးလာနိုင်ရန် အခွင့်အလမ်းရှိသည်။
ယခုအချိန်တွင် ရွှမ်ယီက ဗဟိုသူတော်စင်အကယ်ဒမီမှလူများနှင့် အကယ်ဒမီကြီး (၅) ခုပြိုင်ပွဲ ပြိုင်ရန်ရောက်လာခဲ့သည်။ ထို့နောက်ပြိုင်ပွဲပြီးဆုံးချိန်တွင် လင်းဝူ စမ်းက ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းက ရွှမ်ယီအတွက် ကောင်းကင်ကြီးမှ ပေးအပ်လိုက်သော အခွင့်အရေး မဟုတ်ပေလော။
သို့သော် ယောင်မူနှင့် ဤနေရာတွင် ဆုံမိခြင်းအတွက် သူ၏ တစ်ဘဝလုံးတွင် တစ်ကြိမ်သာရသည့် အခွင်းအရေးက ဆုံးရှုံးသွားပေတော့မည်။
“ဒါက ကံကြမ္မာပဲ… ယောင်မူက ရွှမ်ယီကို တိုက်ရိုက် မတိုက်ခိုက်ယုံနဲ့တင် တော်တော် မျက်နှာသာပေးနေပြီလို့ ဆိုရမယ်…”
ပတ်ဝန်းကျင်မှ လူများကြားထဲတွင် အဆက်မပြတ်ဆွေးနွေးမှုများ ရှိနေခဲ့ပြီး အများစုက ရွှမ်ယီအနေဖြင့် အခြေအနေအား အေးဆေးတည်ငြိမ်စွာ ဖြေရှင်းသင့်သည်ဟု ယူဆနေကြသည်။ လက်ရှိအချိန်တွင် မည်သည့်စကားမှ ပြန်မပြော ပြသနာ မရှာပဲ ရှောင်ဟောင်အား ခေါ်ပြီး ဗဟို သူတော်စင်အကယ်ဒမီသို့ ပြန်သွားခြင်းက ပိုကောင်းပေလိမ့်မည်။
ရွှမ်ယီက လက်ရှိအချိန်တွင် လူသားဘုရင်အဆင့်ဇယားမှ ကျော်ကြားသည့် လူတစ်ယောက်နှင့် ရင်ဆိုင်နေရသည့် အတွက် ရှောင်ဟောင်လဲ စိုးရိမ်နေခဲ့၏။
“ဆရာ…”
ရှောင်ဟောင်က ရွှမ်ယီအား အားတုံ့အားနားဟန်နှင့် ဝမ်းနည်းဟန်များရောစွတ်နေသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
ဤကိစ္စများအားလုံး သူ့အမှားဟု ခံစားနေရ၏။ သူသာ လင်းယုန်ဒေသတွင် ထိုကဲ့သို့ ပြုမူခဲ့ခြင်းမရှိလျှင် ရွှမ်ယီ ယခုကဲ့သို့ စော်ကားခံရမည်မဟုတ်ချေ။
သူက ရွှမ်ယီအား အရှက်ရအောင် လုပ်မိသူဖြစ်၏။
ရှောင်ဟောင် လက်သီးများအား တင်းကြပ်စွာဆုပ်လိုက်ပြီး ပို၍ ပြင်းပြင်းထန်ထန်လေ့ကျင့်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ တစ်နေ့တွင် ရွှမ်ယီရှေ့၌ရပ်ပြီး သူ့အား စော်ကားလာသူမှန်သမျှကို ဓါးတစ်ချောင်းဖြင့် တိုက်ခိုက်သွားမည်ဟု သံန္နိဌာန်ချလိုက်၏။
“ဘာမှမဖြစ်ဘူး စိတ်ပူမနေနဲ့…”
ရွှမ်ယီက သူ၏လက်အား အနည်းငယ်ယမ်းလိုက်ပြီး ရှောင်ဟောင်အား နှစ်သိမ့်လိုက်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ယောင်မူအား ထူးဆန်းစွာ စိုက်ကြည့်လိုက်သည်။
စောနားက ပတ်ဝန်းကျင်မှလူများ ဆွေးနွေးနေသံများကို သူလည်း ကြားခဲ့၏။
ဟီမိသားစုအကြောင်း ခေါင်းထဲမှ ထုတ်ထားသည်မှာ ကြာချေပြီ။
ထို့အပြင် ဟီမိသားစုမှ ကောင်းကင်ဘုရင်အဆင့် ဘိုးဘေးပင်လျှင် ဤကိစ္စအား ဂရုမစိုက်တော့ချေ။ ယခုအချိန်တွင် ယောင်မူဆိုသည့်သူက မည်သည့်နေရာမှထွက်ပေါ်လာပြီး တရားမျှတမှုအား လာရောက်တောင်းဆိုနေရသနည်း။ ထို့အပြင် သူ၏နောက်တွင် အဆုံးမရှိသောအရှိန်အဝါများဖြင့် တောက်ပစွာ ပေါက်ကွဲနေသည့် လင်းဝူ စမ်း ရှိနေသည်။
လင်းဝူ စမ်း မှ စွမ်းအားများမှာ အကန့်အသတ်ဖြင့် ရှိပြီး လူတစ်ယောက်က ၎င်းအား စုပ်ယူလိုက်သည်နှင့် နောက်တစ်ယောက်အတွက် အကျိုးအမြတ်များ နည်းပါးသွားပေလိမ့်မည်။
ယောင်မူက ဟီ မိသားစုအတွက် တရားမျှတမှု ရှာဖွေသည်ဖြစ်စေ ၊ မိမိအကျိုးအတွက် ပြုလုပ်သည်ဖြစ်စေ ယခုအခြေအနေက သိပ်ပြီးအဆင်မပြေချေ။
“မင်းရဲ့ စကားတစ်ချို့နဲ့ ငါ့ကို ဝင်ခွင့်မပြုဘူးပေါ့… ဟုတ်လား…”
ရွှမ်ယီက ယောင်မူအား ထီမထင်ဟန်ဖြင့် ကြည့်ပြီး မေးလိုက်သည်။
ယောင်မူက လေထဲ၌ ရပ်နေပြီး ရွှမ်ယီအား သူ့လက်ထဲ၌ အဆက်မပြတ် ရုန်းကန်နေသည့် ပုရွတ်ဆိတ်တစ်ကောင်အား ကြည့်သကဲ့သို့ အထင်သေးစွာ ကြည့်နေခဲ့သည်။
“ဟုတ်တယ်… ငါ့စကားက စည်းမျဉ်းပဲ… ခွန်အားက လေးစားမှုပဲဆိုတာကို မင်းသိသင့်တယ်…”
“မင်းက မူလဘုရင်အဆင့်ဇယားမှာ နံပါတ် (၁) မို့လို့ ကိုယ့်ကိုယ်ကိုဟုတ်လှပြီထင်မနေနဲ့ … မင်းက အစွမ်းထက်တာမှန်ပါတယ်… ဒါပေမယ့် ဒီကမ္ဘာကြီးမှာ မင်းထက်အစွမ်းထက်တဲ့လူတွေ အများကြီးရှိသေးတယ်… ငါက လူသားဘုရင်အဆင့်မှာ အစွမ်းထက်ဆုံး ကျင့်ကြံသူတွေထဲက တစ်ယောက်ပဲ… ဒီနေရာကို ကောင်းကင်ဘုရင်အဆင့် တစ်ယောက်ရောက်မလာသေးသ၍ ငါ့ပြိုင်ဘက်ဖြစ်နိုင်တဲ့လူ တစ်ယောက်မှ မရှိဘူး…”
“မင်းဝင်ချင်တာလား…”
ယောင်မူက ရွှမ်ယီအား နိမ့်ကျသော သတ္တဝါအားကြည့်သကဲ့သို့ အထက်စီးမှ စီးမိုးကြည့်နေခဲ့သည်။
သူ၏ နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်တွန့်ကွေးသွားပြီး အထင်သေးသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
…..