အခန်း (၂၉၁)
Vol. 20 Ch. 291
မူလဘုရင်အဆင့် နံပါတ်(၁)…
အကယ်၍ သူ၏ ကျင့်ကြံမှုအခြေခံသာ နှောင်းပိုင်းလူသားဘုရင်အဆင့်၌ဖြစ်လျှင် ယောင်မူ အနည်းငယ် ရှိန်သွားနိုင်သည်။ သို့သော် လက်ရှိတွင် သူ၏ တိုက်ခိုက်နိုင်စွမ်းက နှောင်းပိုင်းလူသားဘုရင်အဆင့်၌သာရှိသေး၏။ ယောင်မူနှင့် သူ့အကြား ကွာခြားချက်မှာ ကောင်းကင်နှင့် မြေပြင်ပမာဖြစ်ပေသည်။
ရွှမ်ယီအား ယောင်မူက လက်တစ်ဖက်တည်းဖြင့် အနိုင်ယူနိုင်စွမ်းရှိ၏။
“ ခွန်အားကို လေးစားတယ် ဟုတ်လား…? အဲ့တာက လူကောင်းတွေအတွက်ပဲ…”
ရွှမ်ယီ အသာအယာပြုံးပြီး ခေါင်းအနည်းငယ်ယမ်းလိုက်သည်။
တဖြည်းဖြည်း သူ့မျက်၀န်းများက အေးစက်လာ၏။
“ ကောင်းပြီ.. ဘယ်သူ့ လက်သီးက ပိုကြီးလဲ ကြည့်ရအောင်…”
ရွှစ်…
ရွှမ်ယီ ဓားဆွဲထုတ်လိုက်သည်။
ဝုန်း…
ဓားထုတ်လိုက်ပြီးသည်နှင့် အင်ပါယာအဆင့် ကျင့်စဉ်အား အဆုံးအစွန်ထိ အသုံးပြုလိုက်ရာ ဓားချီက ကောင်းကင်ထက်သို့ မီတာ(၃၀၀၀)တိုင်အောင် မြင့်တက်သွား၏။
“ ငါ့ကို တိုက်မလို့လား…”
“ ဟားဟားဟား…”
ယောင်မူက ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ဟာသတစ်ခုကိုမြင်လိုက်ရသည့်အလား ရွှမ်ယီအား လက်ညှိုးထိုးကာ ခွက်ထိုးခွက်လန် ရယ်မောလိုက်သည်။
သူ့အနေဖြင့် မူလဘုရင်အဆင့် ကျင့်ကြံသူအား လက်တစ်ဖက်ယမ်းရုံဖြင့် အနိုင်ယူနိုင်စွမ်းရှိ၏။
သူ့ကို တိုက်မလို့လား… ဒါက ဆင်ကြီးအား ရင်ဆိုင်လိုသည့် နှံကောင်တစ်ကောင် မခြားပေ။
“ မင်းရဲ့ ဓားချီစွမ်းအားကတော့ မဆိုးပါဘူး…”
ယောင်မူက ကောင်းကင်ထက်သို့ မီတာ(၃၀၀၀)လောက် ထိုးတက်နေသည့် ရွှမ်ယီ၏ ဓားချီအားကြည့်ပြီး ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်သည်။
ထို့နောက် ပတ်၀န်းကျင်မှ ဘုရင်အဆင့်ကျင့်ကြံသူများ ရင်ထဲတွင် အရာအားလုံးကို ချေမှုန်းနိုင်သည်ဟု ထင်ရလောက်သော ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ဝုန်းကနဲ ထွက်ပေါ်လာလေသည်။
ထိုစွမ်းအားက ၎င်းတို့အား ပစ်မှတ်ထားနေခြင်းမဟုတ်သည့်တိုင်အောင် ပခုံးထက်သို့ တောင်ကြီးတစ်လုံး ဖိချနေသည့်အလား ခံစားနေရ၏။
တဖြည်းဖြည်း အသက်ရှုရပင် ခက်ခဲလာလေသည်။
“ မင်း အခု တိုက်ရဲသေးလား.. ဟဟ…”
ယောင်မူက ဒေါသထွက်နေသည့် ရှောင်ဟောင်တို့အဖွဲ့အား တစ်ချက် ကြည့်လိုက်ပြီး ရွှမ်ယီအား အထင်သေးဟန်ဖြင့် ပြုံးပြလိုက်သည်။
“ ဘယ်လိုလဲ.. အခုချိန်မှာ မင်းရဲ့ အမှားတွေအတွက် နောင်တရနေပြီလား…”
“ ငါက သနားစရာကောင်းတဲ့လူတွေကို အနိုင်မကျင့်ချင်ပါဘူး.. ပြီးတော့ မင်းကလည်း တောင်ပိုင်းတိုက်ကြီးက ထိပ်တန်းပါရမီရှင်တစ်ဦးဘဲ… ဒီတော့ ငါ မင်းကို ဘာမှမလုပ်မိသေးခင် မင်းရဲ့ ဓားကို ပြန်ရုတ်သိမ်းဖို့ အခွင့်အရေးပေးမယ်….”
ဟမ့်…
ရွှမ်ယီ၏ အဖြေက ယောင်မူထံသို့ လှမ်းခုတ်လိုက်သော ဓားအလင်းတစ်ခုသာဖြစ်သည်။
“ မင်းက ငါ့ကို ပြသနာရှာပြီး ၀င်ပေါက်ကို ပိတ်ထားချင်နေတယ်…”
“ ငါသာ ဒီတိုင်း ပြန်သွားမယ်ဆိုရင် မင်းကို ကြောက်တယ်ဆိုပြီး လူတိုင်း ထင်ကုန်လိမ့်မယ်…”
ရွှမ်ယီက ခေါင်းယမ်းကာပြုံးလိုက်၏။
ဘုန်း…
အနက်ရောင်စွမ်းအားနယ်မြေ တစ်ခုက ရွှမ်ယီအား ဗဟိုပြုကာ ပေါက်ကွဲထွက်ပေါ်လာပြီး အလွန်စွမ်းအားပြည့်၀သည့် စိတ်ဝိညာဉ်စွမ်းအင်များ၏ ထောက်ပံ့မှုအောက်တွင် ကောင်းကင်တစ်ခွင်လုံးသို့ ပျံ့နှံ့သွားပြီး အလင်းများအား ၎င်းအတွင်းသို့ စုပ်ယူလိုက်သည်။
ဝှစ်…
ရွှမ်ယီ၏ မျက်ခုံးနှစ်ခုကြားမှ မီးတောက်တစ်ခု ထွက်ပေါ်လာပြီး ထောင်ပေါင်းများစွာသော မီးတောက်များအဖြစ် ပြောင်းလဲသွားပြီး အနက်ရောင် စွမ်အားနယ်မြေအတွင်းသို့ ၀င်ရောက်ပေါင်းစပ်သွား၏။
ဟင်းလင်းပြင်ဓားနယ်မြေ…
မိစ္ဆာမီးလျှံနယ်မြေ…
“ အင်ပါယာဓားပညာ… ဓားတစ်သောင်းမှ ဓားတစ်ချောင်းအဖြစ် ပြန်လာခြင်း….”
ရွှမ်ယီက အင်ပါယာဓားပညာရပ်အား အသုံးပြုလိုက်ပြီး ဓားတစ်သောင်းအား တစ်ချောင်းတည်းအဖြစ် ပေါင်းစည်းလိုက်သည်။
“ ယောင်မူ…”
“ လူသားဘုရင်အဆင့်ဇယား နံပါတ်(၉)…”
“ ခွန်အားကိုပဲ လေးစားတယ်ပေါ့… ကောင်းပြီ… ငါ့ဆီက ဒီဓားချက်ကို ခံယူကြည့်… ပြီးမှ ဒါက မင်းလိုချင်တာ ဟုတ်လား မဟုတ်လား ဆုံးဖြတ်ပေါ့….”
ရွှမ်ယီ ရယ်လိုက်သည်။
သူနားလည်သဘောပေါက်ထားသော အဆင့်(၄) အထွတ်အထိပ် ဓားရည်ရွယ်ချက် စွမ်းအားများအားလုံး ထိုဓားကြီးထဲသို့ ထည့်သွင်းထားပြီး ဟင်းလင်းပြင်ဓားနယ်မြေ နှင့် မိစ္ဆာမီးလျှံနယ်မြေတို့၏ ထောက်ပံ့မှုအောက်တွင် ၎င်း၏ စွမ်းအားက အတိုင်းအဆမရှိ တိုးပွားလာသည်။
“ ဟမ့်… မင်းကို အနိုင်ယူဖို့အတွက် ဓားတစ်ချက်ပဲလိုတယ်…”
ဘုန်း…
ရွှမ်ယီ ထုတ်ဖော်ထားသည့် အလွန်ကြီးမားသော စွမ်းအားအောက်တွင် ယောင်မူ ယခင်ကဲ့သို့ သက်တောင့်သက်သာမရှိတော့ပေ။ တစ်ကိုယ်လုံး အေးခဲလာပြီး အတတ်နိုင်ဆုံး မျက်နှာမပျက်အောင် ထိန်းနေရ၏။
ဒီဓား…
၎င်းကို သူကာကွယ်နိုင်မည်မထင်ပေ။ သေသွားရန် ရာခိုင်နှုန်းများနေ၏။
သို့သော် ထိုအခြေအနေအား လုံး၀ လက်မခံနိုင်ချေ။
“ ကာလိုက်စမ်း…”
ယောင်မူထံမှ ကောင်းကင်ကြီးအား ဆုပ်ကိုင်ထားသကဲ့သို့ အရှိန်အဝါများ ထွက်ပေါ်လာ၏။
ပြင်းထန်သော စွမ်းအားအောက်တွင် လေများ တစ်ဝုန်းဝုန်းတိုက်ခတ်နေသည်။
သူကရွှမ်ယီ၏ တိုက်ခိုက်မှုအား ကာကွယ်ရန် အစွမ်းကုန်ကြိုးစားနေခဲ့ပြီး ပတ်၀န်းကျင်မှ လေဟာနယ်များလည်း ကမောက်ကမဖြစ်နေချေပြီ။
သို့သော် ရွှမ်ယီက မည်သည့်အရာမှ ထပ်လုပ်ခဲ့ခြင်းမရှိချေ။ သူ၏ ဓားကြီးအား ရှေ့သို့ ခုတ်ချလိုက်သည်။ ၎င်းအတွင်း သတ်ဖြတ်ငွေ့များ အပြည့်အ၀ပါ၀င်နေ၏။
ရွှစ်..
ဝုန်း…
ကောင်းကင်ကြီးပင် အက်ကွဲသွားလေသည်။
ဓားတစ်ချောင်းက ကောင်းကင်ကြီးအား အက်ကွဲစေခဲ့သည်။
ဝေါ့…
ယောင်မူ၏ မျက်၀န်းများထဲ၌ မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။ ထိုတိုက်ခိုက်မှုအောက်တွင် သူ အရုပ်ကြိုးပြတ် ပြုတ်ကျသွားခဲ့သည်။ သူ၏ အရှိန်အဝါများ ပြန့်ကျဲသွားပြီး တစ်ကိုယ်လုံး သွေးများရွှဲသွားလေသည်။
“ လူသားဘုရင်အဆင့်ဇယား နံပါတ်(၉)…!”
“ မင်း အစွမ်းက ဒီလောက်ပဲလား…?”
ရွှမ်ယီက သူ၏ ဓားချက်အား ထိန်းချုပ်လိုက်ပြီး တည်ငြိမ်စွာ ရပ်နေခဲ့သည်။
ထိုဓားချက်အား ယောင်မူက ရပ်တန့်နိုင်ခဲ့သလော…?
ရွှမ်ယီ ရပ်တန့်လိုက်ခြင်းကြောင့်သာမဟုတ်လျှင် ယောင်မူ အသက်ရှင်ရန် လမ်းမရှိချေ။
လူတိုင်း ထိတ်လန့် တုန်လှုပ်ပြီး မှင်သက်နေခဲ့ကြ၏။ ဤမြင်ကွင်းက လုံး၀ မယုံကြည်နိုင်စရာအပြည့်ပင်။
ကျင့်ကြံမှုမြင့်သူတိုင်း ရွှမ်ယီ၏ ထိုတိုက်ခိုက်မှုက အထွတ်အထိပ် လူသားဘုရင်အဆင့်ထက် ကျော်လွန်နေကြောင်း ခံစားမိခဲ့ကြသည်။ ထို့အပြင် တွေ့ရှိမှု အသစ်တစ်ခုလည်း ရှိခဲ့၏။
ရွှမ်ယီက ကျင့်ကြံမှုက အစောပိုင်းလူသားဘုရင်အဆင့်သို့ ရောက်နေချေပြီ။
တစ်နည်းဆိုရလျှင် ရွှမ်ယီက မူလဘုရင်အဆင့်ဇယား၌ မပါ၀င်တော့ချေ။ ထိုမျှသာမက လူသားဘုရင်အဆင့်ဇယား၌ ပါ၀င်ရန်ပင် လုံလောက်နေချေပြီ။
ယောင်မူက လူသားဘုရင်အဆင့်တွင် အဆင့်ဇယားရှိ သူ့အထက်အဆင့်မှ လူများမှလွဲလျှင် ကျန်သူများထံတွင် တစ်ကြိမ်မှ မရှုံးဖူးချေ။ သူ၏ ခွန်အားက လူသားဘုရင်အဆင့်ကိုကျော်လွန်နေပြီဖြစ်၏။ ကောင်းကင်ဘုရင် တစ်၀က်အဆင့်ဟု ပြော၍လည်းရသည်။
သို့သော် ထိုကဲ့သို့လူက လူသားဘုရင်အဆင့်သို့ ရောက်ကာစလူထံတွင် ရှုံးနိမ့်ခဲ့၏။
လူသားဘုရင်အဆင့်ဇယားအကြောင်း စဉ်းစားလိုက်ပါက အလွန်ထိတ်လန့်ဖွယ်ပင်။
လူတိုင်း ထိတ်လန့်ပြီး စိတ်များပျံ့လွင့်နေကြ၏။ လက်ရှိအခြေအနေက စကားလုံးများဖြင့် ဖော်ပြန်ရန်ပင် ခက်ခဲလှသည်။
အစောပိုင်းတွင် လူတိုင်း ရွှမ်ယီက ယောင်မူထံတွင် ဖိနှိပ်ခံရလိမ့်မည်ဟု ယုံကြည်ခဲ့ကြ၏။
လွန်ခဲ့သော တစ်နှစ်ကျော်အတွင်း ရွှမ်ယီက မူလဘုရင်အဆင့်ဇယား နံပါတ်(၁)အဖြစ် တောင်ပိုင်းတိုက်ကြီးအား ရုတ်ရုတ်သဲသဲဖြစ်စေခဲ့သည်။
ယောင်မူက လူသားဘုရင်အဆင့်ဇယားမှ လူတစ်ယောက် ဖြစ်သောကြောင့် ရွှမ်ယီ ၎င်းထံတွင် ဖိနှိပ်ခံရခြင်းက သိပ်ပြီး ထူးဆန်းသလိုခံစားရမည်မဟုတ်ပေ။
သို့သော် ရွှမ်ယီက ဖိနှိပ်မခံလိုသည်ဖြစ်ရာ အချင်းချင်း တိုက်ခိုက်ခဲ့ကြ၏။
လူတိုင်းမျှော်လင့်ထားသည်နှင့် မတူညီစွာ ရွှမ်ယီက ယောင်မူအား အနိုင်ယူလိုက်သည်။
“ ဒဏ္ဍာရီလာပုဂ္ဂိုလ်…”
တစ်စုံတစ်ယောက်က ရွှမ်ယီအား ငေးမောနေရင်း ရေရွတ်လိုက်၏။
ရွှမ်ယီ ယခုလေးတွင် ပြုလုပ်ခဲ့သည့်ကိစ္စက အလွန်ခမ်းနားကြီးကျယ်လွန်းလှသည်။