အခန်း (၂၉၇)
Vol. 20 Ch. 297
ထိုသို့မေးလိုက်သည်နှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူများသာမက ရှန်ကျင်းဂိုဏ်းမှ လူများပါ တုန်လှုပ်သွားကြ၏။
ရွှမ်မိသားစုက ကောင်းကင်ဒေသ၌ မသိသူမရှိလောက်အောင် အလွန်နာမည်ကြီးသည်။
ကောင်းကင်ဒေသရှိ အဓိကအင်အားစုကြီး (၃)ခုထဲမှ တစ်ခုဖြစ်၏။
ထို့အပြင် ကျန်အင်အားစုကြီး (၂)ခုအနက် တစ်ခုနှင့် မဟာမိတ်ဖွဲ့ထားပြီး ကျန်တစ်ခုနှင်ပလည်း ဆက်ဆံရေးပြေပြစ်၏။ ကောင်းကင်ဒေသ၌ ၎င်းတို့အား မည်သူက စော်ကားဝံ့မည်နည်း။
“ စီနီယာ…”
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားပြီး ရှေ့တိုးကာ ဦးညွှတ်လျက် မေးလိုက်သည်။
“ ကျုပ်တို့ ကောင်းကင်နတ်ဆိုးဂိုဏ်းက ရွှမ်မိသားစုကို ဘယ်လိုစော်ကားမိခဲ့လဲဆိုတာ သိပါရစေ…”
ထိုသို့မေးရခြင်းမှာ ရှန်ကျင်းဂိုဏ်းနှင့် ရွှမ်မိသားစုတို့ အဆက်အသွယ်ရှိရန် မည်သို့မှမဖြစ်နိုင်သောကြောင့်ပင်။ ဤမတိုင်ခင် ရှန်ကျင်းဂိုဏ်း၏ အဆက်အသွယ်များအကြောင်း သူတို့သေချာစုံစမ်းခဲ့ကြသေး၏။ ပြသနာမရှိကြောင်းသေချာမှ ဖျက်ဆီးရန်ဆုံးဖြတ်ပြီး ရောက်လာကြခြင်းဖြစ်သည်။
“ ဟဟ…”
ရွှမ်မိသားစုမှ ဘုရင်အဆင့်တစ်ယောက်က အနည်းငယ်ရယ်မောလိုက်ပြီး ခေါင်းယမ်းကာ
“ ဒီကိစ္စကို မေးနေစရာမလိုဘူး… ငါတို့ ရွှမ်မိသားစုက ရှန်ကျင်းဂိုဏ်းနဲ့ ဘာပတ်သက်မှုမှမရှိဘူး…”
“ ဒါပေမယ့် တစ်ခုရှိတော့ရှိတယ်… ငါတို့ ရွှမ်မိသားစုရဲ့ အရေးကြီးပုဂ္ဂိုလ်က ရှန်ကျင်းဂိုဏ်းနဲ့ နည်းနည်း အဆက်အသွယ်ရှိနေတယ်… ဒါကြောင့် မင်းတို့ကို ဘာမှ လုပ်ခွင့်မပေးနိုင်ဘူး…”
၎င်းက သာမန်စကားတစ်ခုမျှဖြစ်သော်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူများအတွက်မူ အမိန့်တစ်ခုနှင့် မခြားပေ။
သိုးသော် သူတို့ဂိုဏ်းမှ အမွေဆက်ခံသူအား ဆုံးရှုံးခဲ့ရသည်ဖြစ်ရာ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ် နှလုံးသားထဲ၌ ဤရလဒ်အား လက်မခံလိုချေ။
ထို့နောက် ရှေ့အနည်းငယ်တိုးပြီး လက်သီးအား အနည်းငယ်တင်းကြပ်စွာဆုပ်ကာ လက်ယှက်လျက် စကားပြောရန်ပြင်လိုက်၏။
“ မင်း ဘာမှ ထပ်ပြောစရာမလိုဘူး…”
ရွှမ်မိသားစုမှ ဘုရင်အဆင့်ကျင့်ကြံသူ၏ အမူအရာက ပြောင်းမသွားသည်တိုင် စကားများက အေးစက်လာခဲ့သည်။
“ မင်းမှာ ရွေးချယ်စရာ(၂)ခုရှိတယ်… ဒီမှာ သေမလား..? ပြန်ဆုတ်မလား..?”
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့ပြီး လက်သီးအား တင်းကြပ်စွာဆုပ်လျက် ရွှမ်မိသားစုမှ လူအား ခေါင်းမော့ကြည့်ရန်ပြင်လိုက်၏။
“ အမ်…”
ရွှမ်မိသားစုမှ ဘုရင်အဆင့်နှစ်ယောက်၏ မျက်၀န်းများ အေးစက်သွားပြီး အရှိန်အဝါများ တဖြည်းဖြည်းမြင့်တက်လာသည်။
“ သွားမယ်… ပြန်ကြစို့…”
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ဘုရင်နှစ်ယောက် ရှေ့ပြေးတက်လာပြီး ဂိုဏ်းချုပ်အား ဆွဲခေါ်ကာ ထပ်တလဲလဲတောင်းပန်စကားဆိုလိုက်ကြသည်။
“ ကြည့်ရတာ မင်းတို့ဂိုဏ်းချုပ်က သိပ်ပြီး သဘောမတူချင်သလိုဘဲ…”
ရွှမ်မိသားစုမှ ဘုရင်နှစ်ယောက်က ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်အား စိုက်ကြည့်နေကြသည်။ အကယ်၍ ထိုလူသာခေါင်းမညိတ်ပါက ကောင်းကင်နတ်ဆိုးဂိုဏ်းအား ဖျက်ဆီးတော့မည်။
“ အဲ့တာက ကျုပ်တို့မှားတာပါ…”
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က ပျက်ယွင်းနေသော အမူအရာဖြင့် ခေါင်းညိတ်၏။
“ ပြန်ကြစို့…”
စကားဆုံးသည်နှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ဘုရင်(၃)ယောက်က လေဟာနယ်အား ချက်ချင်းခွဲထုတ်ပြီး ၎င်းတို့ ဂိုဏ်းသားများနှင့်အတူတကွ ဆုတ်ခွာသွားကြတော့သည်။
နောက်ဆုံးတွင် ရှန်ကျင်းဂိုဏ်းမှ လူများ၏ လည်ပင်းထက်၌ စီးမိုးထားသည့် ဓားက ပျောက်ကွယ်သွားချေပြီ။
ရှန်ကျင်းဂိုဏ်းသားများ အလွန်၀မ်းသာသွားကြပြီး မျက်ရည်များပင် စီးကျလာကြ၏။
လက်ရှိ ပြသနာက ရှန်ကျင်းဂိုဏ်းအတွက် ကပ်ဘေးကြီးတစ်ခုဖြစ်နေသည့်တိုင် ရွှမ်မိသားစုအတွက် အသေးအမွှားလေးပင်။
လက်ရှိရွှမ်မိသားစုမဟုတ်ဘဲ ယခင် ကိုင်မိသားစုလက်အောက်မှ ရွှမ်မိသားစုဆိုလျှင်ပင် ဤကိစ္စအားဖြေရှင်းရန်အတွက် စကားလုံး အနည်းငယ်မျှသာ လိုအပ်၏။
လက်ရှိ ရွှမ်မိသားစု အခြေအနေဖြင့်ဆိုလျှင် စကားထဲပင် ထည့်ပြောရန် မထိုက်တန်သော ပြသနာလေးတစ်ခုမျှသာ။
၎င်းတို့က ကောင်းကင်ဒေသတစ်ခုလုံး၏ (၄)ပုံ (၂)ပုံအား ပိုင်စိုးထားပြီး အမိန့်တစ်ချက် ထုတ်လိုက်ရုံနှင့် ဘုရင်အဆင့်များ ရာနှင့်ချီ ဆင့်ခေါ်နိုင်စွမ်းရှိသည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းလား…?
၎င်းတို့က ပုရွက်ဆိတ်အဆင့်သာရှိ၏။
ထိုကိစ္စများ ဖြေရှင်းပြီးနောက် ကုယီယီတို့ ညီအစ်မ ရက်အနည်းငယ် အတူရှိနေခဲ့ကြသည်။
ကုယီယီထွက်ခွာတော့မည့်အချိန်တွင် ကုချင်းမန်တစ်ယောက် သက်ပြင်းချရင်း ငေးကြည့်နေမိ၏။
ကုယီယီက သူတော်စင်ဒေသမှ ဗဟိုသူတော်စင် အကယ်ဒမီသို့ ထွက်ခွာသွားချေပြီ။
ကုယီယီအား လိုက်မှီရန်မှာမူ…
ဤဘ၀၌ မဖြစ်နိုင်မည်ကို စိုးမိ၏။
……
ထိုအချိန်တွင်
တောင်ပိုင်းတိုက်ကြီးတစ်နေရာမှ လျှို့ဝှက်နယ်မြေတစ်ခု၌…
အလွန်အစွမ်းထက်ကာ မြင့်မြတ်သည့် အရှိန်အဝါများဖြင့် ပုံရိပ်(၄)ခု ထွက်ပေါ်လာသည်။ ၎င်းတို့က လျှို့ဝှက်နယ်မြေအတွင်းပိုင်းဆီသို့ ဦးတည်နေကြ၏။
“ ကောင်းကင်ဘုရင် ယု… ဒီလျှို့ဝှက်နယ်မြေထဲက အခွင့်အလမ်းက အင်ပါယာအဆင့်ကို ချိုးဖျက်နိုင်ဖို့ သေချာရဲ့လား…?”
၎င်းတို့အထဲမှ တစ်ယောက် မျက်မှောင်ကြုတ်လိုက်မိသည်။ လျှို့ဝှက်နယ်မြေအတွင်းမှ တစ်စုံတစ်ခုက အလွန်အန္တရာယ်များသည်ဟု ခံစားမိလိုက်သောကြောင့်ဖြစ်၏။ ထိုခံစားချက်ကြောင့် ရင်ခုန်သွားခဲ့လေသည်။
တစ်ခု သိထားရန်လိုအပ်သည်မှာ သူက ကောင်းကင်ဘုရင်အဆင့်၌ အလွန်အစွမ်းထက်သူတစ်ဦးဖြစ်၏။
၎င်းတို့ကဲ့သို့ နှောင်းပိုင်းကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူများအဖို့ အင်ပါယာအဆင့်ကျင့်ကြံသူမှလွဲ၍ တောင်ပိုင်းတိုက်ကြီးခုလုံး၌ မည်သည့်အရာမှ ခြိမ်ခြောက်နိုင်စွမ်းမရှိချေ။
“ ကောင်းကင်ဘုရင် ရန်.. အဲ့ဒီအရာကို ခင်ဗျားရော ခံစားမိလား…”
ကောင်းကင်ဘုရင် ယုက ရှေ့ဘက်သို့ လှမ်းကြည့်နေခဲ့သည်။ သူ၏ မျက်လုံးများက ပူနွေးနေကာ ပြင်းပြသောဆန္ဒများဖြင့် ပြည့်နှက်နေ၏။
ထိုမျှ ပြင်းထန်လွန်းပြီး ကြောက်မက်ဖွယ် အရှိန်အဝါက ဘုရင်အဆင့်မှ လုံး၀မဖြစ်နိုင်ချေ။
“ ဒါက အင်ပါယာ အရှိန်အဝါဆိုတာ (၈၀)ရာခိုင်နှုန်းသေချာတယ်…”
ကောင်းကင်ဘုရင် ယု၏ အသံက သေချာနေဟန်ရပြီး အလွန်စိတ်လှုပ်ရှားနေဟန်များ ရောစပ်ပါ၀င်နေသည်။
ကျင့်ကြံမှု အဆင့်တစ်ခုရောက်သွားသောအခါ ချမ်းသာကြွယ်၀မှုများက ၎င်းတို့အတွက် ဘာမျှ မဟုတ်တော့ပေ။ နောက်တစ်ဆင့်သို့ တက်နိုင်ရေးက ၎င်းတို့အတွက် အဓိက အခရာဖြစ်၏။
၎င်းတို့ ရောက်ရှိနေသည့် လျှို့ဝှက်နယ်မြေက နောက်တစ်ဆင့်သို့ချိုးဖျက်နိုင်မည့် အခွင့်အလမ်းများရှိနေရာ ၎င်းတို့အား စွန့်စားရန် သွေးဆောင်ဖျားယောင်းနေခဲ့သည်။
သူတို့ (၄)ယောက်လုံး တောင်ပိုင်းတိုက်ကြီး၏ ထိပ်ဆုံး၌ ရပ်တည်နေကြသူများဖြစ်ကြကာ အင်ပါယာအဆင့်သို့ ချိုးဖျက်ရန် မည်မျှ ခက်ခဲကြောင်း အသိဆုံးပင်။
ထို့အပြင် ကောင်းကင်ဘုရင်တစ်ဦး၏ သက်တမ်းက အလွန်ရှည်လျားသော်ငြား အကန့်အသတ်ဖြင့်ရှိနေခဲ့သည်။ ယခုတွင် ၎င်းတို့အားလုံး နောက်ဆုံးရက်များနှင့် နီးကပ်နေကြချေပြီ။
ထိုစကားအားကြားလျှင် (၄)ယောက်လုံး ငြိမ်ကျသွား၏။ ထို့နောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်ကြသည်။
ဤ လျှို့ဝှက်နယ်မြေအား ပထမဦးစွာ ကောင်းကင်ဘုရင်ယုက တွေ့ရှိခဲ့ခြင်းဖြစ်၏။ အလွန်အန္တရာယ်များကြောင်း ခံစားမိခဲ့သောကြောင့် အလားတူ အစွမ်းထက်ကျင့်ကြံသူ (၃)ယောက်အား ပူးပေါင်းရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
ထို(၄)ယောက်ထဲမှ တစ်ယောက်က ဗဟိုသူတော်စင်အကယ်ဒမီမှ ဌာနမှူးဟောင်း ဟိုဟီဖြစ်၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက တောင်ပိုင်းတိုက်ကြီး၌ အလွန်ကျော်ကြားခဲ့သူလည်းဖြစ်သည်။
နှောင်းပိုင်းကောင်းကင်ဘုရင်အဆင့်(၄)ယောက်တို့၏ ပူးပေါင်းမှုဖြင့် ဤလျှို့ဝှက်နယ်မြေအား ရှာဖွေရန် ယုံကြည်ချက် အပြည့်ရှိနေခဲ့ကြသည်။
ဤ လျှို့ဝှက်နယ်မြေက အလွန်ရှေးကျပြီး ဆန်းကျယ်လွန်း၏။ ၎င်းအတွင်း ဥမင်လှိုဏ်ဂူများစွာရှိနေခဲ့ပြီး ၎င်းတို့အနက် အလုံပိတ်လမ်းကြောင်းများလည်း ရှိနေခဲ့သည်။ ထိုလမ်းကြောင်းများမှတစ်ပါး တစ်ခြားအ၀င်လမ်း မရှိတော့ပေ။
လျှို့ဝှက်နယ်မြေအတွင်း၌ ကောင်းကင်ကြီးကိုပင် မမြင်ရချေ။
ကျယ်ပြန့်သော နေရာဟူ၍ ဥမင်လှိုဏ်ဂူများ စုဆုံနေသော လမ်းဆုံသာရှိသည်။
ထိုနေရာက တော်တော်လေးကျယ်၀န်းပြီး အဆင့်(၄) ဆေးပင်များနှင့် အဆင့်(၅)ဆေးပင်များက ကောင်းကင်မှကြယ်များအလား ပေါများပြီး တောက်ပသော ရောင်ဝါများဖြင့် အစွမ်းကုန်ပွင့်လန်းနေကြသည်။