← Chapters

အခန်း (၃၀၀)

Vol. 20 Ch. 300

အခန်း (၃၀၀)

Vol. 20 Ch. 300

“ တာအိုရောင်းရင်းတို့… လင်းယုန်ဒေသက ဟီမိသားစုလည်း ဗဟိုသူတော်စင် အကယ်ဒမီနဲ့ ရန်ငြိုးရှိတယ်လို့ကြားဖူးတယ်… ကျုပ်တို့ ရွှမ်ယီကို မကြောက်ပေမယ့် ရွှမ်ယီနောက်မှာ ကောင်းကင်ဘုရင်တစ်ယောက်ရှိနေတုံးဘဲ…”

“ ကျုပ် သူမ အကြောင်းကြားဖူးပါတယ်… သူမက ကောင်းကင်ဘုရင်တစ်ယောက်ကို သတ်ခဲ့တာမှန်ပေမယ့် အသတ်ခံလိုက်ရတာက အလယ်အလတ်ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူဘဲ…”

ဖန်မိသားစုဘိုးဘေး၏ မျက်၀န်းများက စူးရှနေပြီး သူ၏ မျက်နှာထက်တွင် အထင်သေးဟန်တစ်ခု ရှိနေခဲ့သည်။

သူတို့ဘက်တွင် အလယ်အလတ်ကောင်းကင်ဘုရင်အဆင့် (၂)ယောက် ၊ နှောင်းပိုင်းကောင်းကင်ဘုရင် (၁)ယောက် နှင့် အလွန်များပြားသော ဘုရင်အဆင့်ကျင့်ကြံသူများရှိသည်။

အလယ်အလတ် ကောင်းကင်ဘုရင်အဆင့်လောက်သာရှိသေးသည့် အမျိုးသမီးတစ်ဦးအား အဘယ်ကြောင့် ကြောက်ရွံ့နေရမည်နည်း။

“ ဒါပေမယ့် လူပိုများရင် ပိုပြီးစိတ်ချရလိမ့်မယ်… ဘာလို့ ဟီမိသားစုကို သွားပြီး မဖိတ်ခေါ်ရမှာလဲ…”

ကောင်းကင်ဘုရင် ဟွမ်က အလွန်သတိကြီးသူပီပီ အနည်းငယ်သတိထားနေခဲ့ပြီး ဟိမိသားစုအား တိုက်ပွဲအတွင်း ပါ၀င်စေဖို့ အကြံပြုလိုက်သည်။

ဟီမိသားစု အမွေဆက်ခံသူက ဗဟိုသူတော်စင် အကယ်ဒမီကြောင့် သေဆုံးခဲ့ရသည်။ ၎င်းက အလွန်ကြီးမားသော ရန်ငြိုးတစ်ခုဖြစ်၏။

ဤသို့ဖြင့် သူတို့(၃)ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီးနောက် လေဟာနယ်အား ဖြတ်သန်းကာ ဟီမိသားစုသို့ ဦးတည်လိုက်ကြသည်။

….

လင်းယုန်ဒေသ ၊ ဟီမိသားစု…

ဟီမိသားစု ဘိုးဘေး ဟီဟိုင်ယွင်က ဧည့်သည်(၃)ယောက်အား မျက်မှောင်ကြုတ်ကာ တစ်ချက်ကြည့်လိုက်ပြီးနောက် ၎င်းတို့အား ဖိတ်ခေါ်လိုက်သည်။

သူ ဗဟိုသူတော်စင် အကယ်ဒမီသို့ရောက်ခဲ့စဉ် ပင်းယု၏ အငွေ့အသက်များက သူ့အား အလွန်ထိတ်လန့်စေခဲ့သည်။ သူမက အလယ်အလတ် ကောင်းကင်ဘုရင် ၊ သို့မဟုတ် နှောင်းပိုင်း ကောင်းကင်ဘုရင်ဖြစ်နိုင်ပြီး ထိုထက်ပင် ပိုနေနိုင်သေး၏။

ထို့ကြောင့် မိမိကိုယ်ကို အစွမ်းကုန် နှိမ့်ချကာ အမုန်းတရားများအား ရင်၀ယ်ပိုက်လျက် ပြန်ထွက်ခွာလာခဲ့ရသည်။

ယခုတွင် သူ့ရှေ့သို့ ကောင်းကင်ဘုရင်(၃)ယောက်တိတိ ရောက်နေခဲ့ပြီး သူပါပါလျှင် (၄)ယောက်ဖြစ်သွားချေပြီ။

“ ကောင်းပြီလေ…”

ကောင်းကင်ဘုရင်(၃)ယောက်တို့၏ မျှော်လင့်ထားသည့်အတိုင်းဟူသော အကြည့်များအောက်တွင် ဟီဟိုင်ယွင်က လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး

“ ရွှမ်ယီ.. အဲ့ကောင်က ညာဏ်များလွန်းတယ်… ဒီတစ်ကြိမ်တော့ သင်ခန်းစာပေးရမှကိုဖြစ်မယ်….”

ဤသို့ဖြင့် ဟီဘိုးဘေးပါ ပါ၀င်လာပြီး (၄)ယောက် အတူတကွ လှုပ်ရှားလိုက်ရာ ကြောက်မက်ဖွယ် အင်အားစုဖွဲ့မှုတစ်ခု ဖြစ်တည်လာခဲ့သည်။

တောင်ပိုင်းတိုက်ကြီးတစ်ခုလုံး တုန်လှုပ်သွားပြီး လူတိုင်းနီးပါး ထိုကိစ္စကို အာရုံစိုက်နေခဲ့ကြ၏။

မကြာခင် တောင်ပိုင်းတိုက်ကြီး၏ ကောင်းကင်က ပြောင်းလဲတော့မည်။

….

ထိုအချိန်တွင်

အဆုံးမဲ့ ရွှေနန်းတော်၌…

သတင်းကြားလိုက်ပြီးနောက် ရွှေဘုရင် လင်း ၏ နှုတ်ခမ်းထက်၌ အထင်သေးဟန်တစ်ခုဖြစ်ပေါ်လာပြီး ရယ်မောလိုက်သည်။

“ ဟားဟား… သူတို့က ဗဟိုသူတော်စင် အကယ်ဒမီကို တိုက်ခိုက်မှာတဲ့လား…”

ရွှေဘုရင်လင်းက ပင်းယုနှင့် (၂)ကြိမ်‌တိုင်တိုင် ဆုံတွေ့ခဲ့သူဖြစ်ပြီး ထိုအချိန်များအား ပြန်မြင်ယောင်ကာ ခေါင်းယမ်းမိလိုက်သည်။

ကြက်သီးများပင် ဖြန်းကနဲထသွားပြီး နှလုံးသားထဲ၌ ကြောက်ရွံ့မှုများ ပြည့်နှက်လာကာ ဇက်ပုလိုက်မိ၏။

ထိုတွေ့ဆုံမှုများအပေါ် အခြေခံပြီး အကဲဖြတ်ရမည်ဆိုလျှင် သူမ၏ စွမ်းအားက လျှို့ဝှက်ဆန်းကျယ်ကာ အလွန်ကြောက်မက်ဖွယ်ဖြစ်ပြီး သာမန် ကောင်းကင်ဘုရင်များထက် အဆများစွာ သာလွန်သည်။

သူမက စစ်မှန်သော အထွတ်အထိပ် ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူ ဖြစ်နိုင်၏။

ထိုမျှ အစွမ်းထက်သူတစ်ဦးအား ဘယ်လိုလူများက စော်ကားနိုင်မည်နည်း။

“ လူတိုင်း ဗဟိုသူတော်စင် အကယ်ဒမီက ဌာနမှူးဟောင်း အစွမ်းထက်တာကိုပဲသိထားကြတယ်… ဒါပေမယ့် ပင်းယုကမှ တကယ်ကြောက်ဖို့ကောင်းတယ်ဆိုတာ ငါပဲသိတယ်… သူမက ကောင်းကင်ဘုရင် ဟိုဟီထက် အဆများစွာ သာလွန်တယ်…”

“ အဲ့ဒီ ကောင်းကင်ဘုရင် (၄)ယောက်… ဟင်း… သနားစရာဘဲ… နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့တာတွေ သဲထဲရေသွန်ဖြစ်တော့မယ်….”

ရွှစ်…

ရွှေဘုရင်လင်း သနားဟန်ဖြင့် ရေရွတ်နေစဉ် အစွမ်းထက် အရှိန်အဝါတစ်ခု အဆုံးမဲ့ ရွှေနန်းတော်သို့ ရောက်လာသည်။

လေဟာနယ် အက်ကြောင်းတစ်ခုပွင့်လာပြီးနောက် ကျယ်လောင်သော ရယ်သံတစ်ခုက အဆုံးမဲ့ ရွှေနန်းတော်၌ ပဲ့တင်ထပ်သွား၏။

“ ဟားဟားဟား… ရွှေဘုရင်လင်း.. မင်း ဘာလို့ အဆုံးမဲ့ရွှေနန်းတော်မှာပဲ ရှိနေသေးတာလဲ…”

ကလေးငယ်တစ်ယောက်၏ အသွင်အပြင်နှင့် တာအို၀တ်ရုံအား ၀တ်ဆင်ထားသူတစ်ဦး ထွက်ပေါ်လာပြီး ရွှေဘုရင်လင်းအား ပြုံးပြလိုက်သည်။

သူအောက်မှ ကြိုးကြာငှက်က သူ၏ အဖြူရောင်အမွေးများအား ခါယမ်းလျက် ရှေ့သို့ပြေးထွက်လာကာ ရွှေဘုရင်လင်းအား ၎င်း၏ အမွေးအတောင်များဖြင့် ပွတ်သပ်လိုက်သည်။

၎င်းက အဆုံးမဲ့ရွှေနန်းတော်သို့ မကြာခဏလာဖူးသည်ဖြစ်ရာ အလွန်ရင်းနှီးနေချေပြီ။

“ ဟ.. လူအိုကြီး နျူဘိုင်ဇီ.. မင်းကရော ဘယ်သွားမလို့လဲ…”

သူငယ်ချင်းဖြစ်သူ၏ စကားမှ တစ်ဆင့် တစ်စုံတစ်ခုအား မှန်းဆမိလိုက်သဖြင့် ရွှေဘုရင်လင်းက စိုက်ကြည့်ရင်း မေးလိုက်သည်။

“ ဟေး… ဒီသတင်းက တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးကို ပျံ့နေတာလေ.. ဗဟိုသူတော်စင် အကယ်ဒမီက ဌာနမှူးဟောင်း ကောင်းကင်ဘုရင် ဟိုဟီ သေသွားပြီ… အခု ဗဟိုသူတော်စင် အကယ်ဒမီက ဘယ်လောက်မှ မသန်မာတော့ဘူး… အရာအားလုံး ပြီးဆုံးသွားတော့မှာ စိုးမိတယ်….”

နျူဘိုင်ဇီက ရွှေဘုရင်လင်းအား အဓိပ္ပါယ်ပြည့်၀သော အပြုံးတစ်ခုဖြင့် စိုက်ကြည့်လိုက်၏။

ဗဟိုသူတော်စင် အကယ်ဒမီက တစ်ချိန်တုံးက တောင်ပိုင်းတိုက်ကြီး၌ နံပါတ်(၁)ဖြစ်ခဲ့ဖူးသည်။ ၎င်းတို့ထံတွင် ဘယ်လို တန်ဖိုးကြီး ရတနာများ ဝှက်ထားကြောင်း မည်သူသိနိုင်မည်နည်း။

ယခုတွင် အခွင့်အရေးရောက်လာချေပြီ။ တိုက်ပွဲ၌ ပါ၀င်ခြင်း သို့မဟုတ် ပရမ်းပတာ အခြေအနေအား စောင့်ဆိုင်းပြီး အခွင့်ကောင်းယူခြင်းတိူ့ ပြုလုပ်ရန် စိတ်ပိုင်းဖြတ်ထား၏။

“ ဘယ်လိုလဲ… ဒီတစ်ကြိမ် မုန်တိုင်းထဲမှာ အတူပျော်ဖို့ စိတ်၀င်စားလား…”

နျူဘိုင်ဇီက ရွှေဘုရင်လင်းအား သေချာစိုက်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က နှစ်ပေါင်းများစွာ ရင်းနှီးလာသူများဖြစ်၏။ ထို့ကြောင့် ဤခရီး၌ ရွှေဘုရင်လင်းအား အတူခေါ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

“ မဖြစ်ဘူး.. မဟုတ်သေးဘူး…”

သူငယ်ချင်းကောင်း ဖြစ်သူ၏ အကြံကြောင့် ရွှေဘုရင်လင်း စိတ်ဓာတ်ကျစွာ ခေါင်းယမ်းမိလိုက်သည်။ ထို့နောက် ၎င်းအား လေးနက်စွာ ကြည့်လိုက်ပြီး

“ ငါ အကြံပေးရမယ်ဆိုရင်.. အဲ့ဒီကိစ္စမှာ မပါ၀င်တာ အကောင်းဆုံးပဲ…”

“ အဲ့လိုမှ မဟုတ်ရင် မင်း သေရလိမ့်မယ်…”

နှစ်ထောင်ပေါင်းများစွာကြာအောင် အတူရှိလာပြီးနောက် သူတို့နှစ်ဦး သွေးသားရင်းခြာများပမာ အလွန်ရင်းနှီးနေကြချေပြီ။ ထို့ကြောင့် ရွှေဘုရင်လင်း အနေဖြင့် ၎င်းအား မသေစေချင်ပေ။

‘ ငါ သေမှာလား…’

နျူဘိုင်ဇီ ထူးဆန်းသလို ခံစားမိလိုက်ပြီး မျက်ခုံးပင့်လိုက်မိ၏။

သူက တောင်ပိုင်းတိုက်ကြီးမှ ကောင်းကင်ဘုရင်များအကြား ဝါရင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်။ တောင်ပိုင်းတိုက်ကြီး တစ်ခုလုံး၌ လိုက်ရှာလျှင်တောင် သူ့အားသတ်နိုင်သူ မည်မျှရှိမည်နည်း။

သူ့ မျက်၀န်းများအား မှေးကျဉ်းလိုက်ပြီး ရွှေဘုရင်လင်းအား ကြည့်ကာ အသံတိုးတိုးဖြင့်မေးလိုက်၏။

“ မင်း တစ်ခုခုသိထားတာလား…”

ရွှေဘုရင်လင်းက ခေါင်းယမ်းကာ သက်ပြင်းချလိုက်ပြီး သူငယ်ချင်းကောင်းဖြစ်သူအား လေးနက်စွာကြည့်လိုက်သည်။

“ ငါတို့ နောက်ဆုံး စစ်တုရင်ကစားခဲ့တုံးက ကောင်းကင်ဒေသကနေ ရှုံးနိမ့်ပြီး ပြန်ပြေးလာတာကို မင်း မှတ်မိ‌သေးလား….”

စကားဆုံးလျှင် နျူဘိုင်ဇီ၏ မျက်၀န်းထဲ၌ တွေးဆဟန်တစ်ခုဖြစ်ပေါ်လာ၏။

ထိုအချိန်အား သူ သေချာပေါက် မှတ်မိပေသည်။

All Chapters