အခန်း (၂၉၈)
Vol. 20 Ch. 298
၎င်းတို့စွမ်းအားများဖြင့် အပြင်ဘက်၌ တောင်များကိုမှောက်လှန်ကာ ပင်လယ်များကိုရွှေ့ပြောင်းနိုင်စွမ်းရှိသော်လည်း ဤသေးငယ်သော လှိုဏ်ဂူ လမ်းကြောင်းလေးများအား ချဲ့ထွင်ရန်မူ မစွမ်းနိုင်ကြပေ။
ရှေ့သို့ အသာအယာ လျှောက်သွားရုံသာ တတ်နိုင်ကြ၏။
ဤနေရာက အင်ပါယာအဆင့်သို့ ဖြတ်ကျော်ရန် အခွင့်အလမ်းရှိနေသောနေရာဖြစ်သဖြင့် အရာအားလုံးက လွယ်ကူခြင်းမရှိလှပေ။
“ ကျုပ်တို့အားလုံး ပိုပြီး သတိထားမှဖြစ်မယ်…”
(၄)ယောက်ထဲမှ တစ်ယောက်က လေးနက်စွာပြောလိုက်သည်။
သူက ကောင်းကင်ဘုရင် ယု၀မ်ဖြစ်ပြီး ယု၀မ်မိသားစုမှဘိုးဘေးဖြစ်ကာ နှောင်းပိုင်းကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူလည်းဖြစ်၏။
ဤနေရာသို့ ရောက်လာပြီးနောက် အင်ပါယာအဆင့်ကျင့်ကြံသူတစ်ဦး ဤနေရာသို့ ရောက်ရှိခဲ့တာ သေချာကြောင်း မှန်းဆနိုင်ခဲ့ကြသည်။ အလွန်အန္တရာယ်လည်း များလှ၏။
သူတို့(၄)ယောက် ချီတုံချတုံဖြင့် လေးနက်စွာ စဉ်းစားခဲ့ပြီးနောက် ၀င်ရောက်စူးစမ်းရန် ဆုံးဖြတ်ချက်ချခဲ့ကြသည်။
အခွင့်အရေးအား မြင်နေရသည်ဖြစ်ရာ လက်လွှတ်လိုစိတ်မရှိကြပေ။
“ ဒီနယ်မြေရဲ့ အစမှာတောင် အဆင့်(၄) ၊ အဆင့်(၅) စိတ်ဝိညာဉ်ရတနာတွေ အများကြီးရှိတာ မြင်ခဲ့ရတယ်… အတွင်းပိုင်းမှာဆိုရင် အဆင့်(၆) စိတ်ဝိညာဉ်ဆေးပင်တောင် ရှိကောင်းရှိနိုင်တယ်… ဒါပေမယ့် အဲ့လိုရှိနေမယ်ဆိုရင် အစောင့်အရှောက်သားရဲလည်း ရှိနေမှာ အသေအချာပဲ… ဒါပေမယ့် ကျုပ်တို့ စုပေါင်းစွမ်းအားနဲ့ဆိုရင် သတ်နိုင်မှာပါ…”
ကောင်းကင်ဘုရင် ယုက တက်ကြွစွာဖြင့်ပြောလိုက်သည်။
အတွင်းပိုင်းသို့ ရောက်သွားပြီး အစောင့်အရှောက်သားရဲအား သတ်ဖြတ်ခြင်း ၊ အဆင့်(၆)ဆေးပင်အား ယူဆောင်ခြင်း ၊ မှော်ဆေးပညာရှင်ထံပေးအပ်ပြီး ဆေးလုံးသန့်စင်ခြင်း ၊ ထို့နောက် အင်ပါယာအဆင့်သို့ ရောက်ရှိခြင်းတို့အား သူ့စိတ်ထဲတွင် တစ်သီတစ်တန်းကြီး စိတ်ကူးယဉ်နေခဲ့သည်။
လျှို့ဝှက်နယ်မြေအတွင်း အချိန်အတော်ကြာ လျှောက်လာခဲ့ပြီးနောက် အနက်ရှိုင်းဆုံး အတွင်းပိုင်းနေရာနှင့် သိပ်မဝေးတော့ချေ။
သို့သော် သူ့စကားဆုံးသည်နှင့် လျှို့ဝှက်နယ်မြေတစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာခဲ့သည်။
“ ဂရား…”
အတွင်းပိုင်းမှနေ၍ သားရဲတစ်ကောင်၏ ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။
၎င်းက အသံလှိုင်းတစ်ခုမျှသာဖြစ်သော်လည်း ဥမင်လှိုဏ်ဂူတစ်ခုလုံး တုန်ခါသွား၏။ သူတို့ ဖျက်ဆီးနိုင်စွမ်းမရှိသော ကျောက်တုံးများလည်း ပျက်စီးပြိုကျလာကာ လေဟာနယ်ကလည်း ကမောက်ကမဖြစ်သွားလေသည်။
“ မကောင်းတော့ဘူး… အဲ့တာ အင်ပါယာအဆင့်သားရဲပဲ…”
ဟိန်းဟောက်သံနှင့်အတူ ကပ်ပါလာသော အရှိန်အဝါက အလွန်ပြင်းထန်လှသည်။ သူတို့၏ အစွမ်းထက် နတ်အသိများအရ အလွန်ပြင်းထန်အားကောင်းသည့် ရွှေရောင်အလုံးကြီးတစ်လုံးက ဆန်းကျယ်သော ငွေ့အသက်များနှင့်အတူ သူတို့ထံ ပြေးလာကြောင်း ခံစားမိခဲ့ကြ၏။
ကောင်းကင်ဘုရင် ယု၀မ်၏ အမူအရာ ချက်ချင်းပြောင်းလဲသွားပြီး ပထမဆုံး လှည့်ပြေးတော့သည်။
သို့သော် ပတ်၀န်းကျင်က မတည်မငြိမ်ဖြစ်နေခဲ့ပြီး သူတို့ နားမလည်နိုင်သည့် အရှိန်အဝါတစ်ခု ရောယှက်နေသည်။
သူတို့ (၄)ယောက် လေဟာနယ်အား ခွဲပြေးသော်လည်း နှောင်းပိုင်းကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူများဖြစ်သည့်တိုင် မီတာ(၁၀၀)အကွာသို့သာ ရောက်နိုင်ကြ၏။
ကောင်းကင်ဘုရင် ယု၏ နှဖူးထက်မှ ချွေးအေးများ စီးကျနေသည်။ အစပိုင်းတွင် သူက ရှေ့ဆုံး၌ ရှိနေခဲ့ပြီး သတိလက်လွတ်လည်း ဖြစ်နေခဲ့၏။
ယခုအချိန်တွင် (၄)ယောက်အနက် သူက နောက်ဆုံးဖြစ်နေလေသည်။ သူ့ထံသို့ အေးစက်သော အငွေ့အသက်တစ်ခု ဒေါသတကြီးချဉ်းကပ်လာသည်ကို ခံစားမိလိုက်၏။
“ ကယ်ပါ…”
ကောင်းကင်ဘုရင် ယုက လေဟာနယ်အား ခွဲကာ ထွက်ပြေးသော်လည်း မီတာ(၁၀၀) အကွာသို့သာရောက်နိုင်ခဲ့၏။ ထိုအချိန်တွင် သူ့နောက်မှ လိုက်လာသည့် ကြောက်မက်ဖွယ် ပုံရိပ်က လေဟာနယ်အား ဖြတ်ကျော်ပြီး သူ့ထံသို့ တိုက်ရိုက်ရောက်လာချေပြီ။
“ ဂရား…”
အလွန်ချွန်ထက်ပြီး ကြောက်မက်ဖွယ်ကောင်းလွန်းသည့် သွားများဖြင့် ပါးစပ်ကြီးက ၎င်းအား တိုက်ရိုက် မြိုချပစ်လိုက်သည်။
အလွန် ဂုဏ်သိက္ခာကြီးမားခဲ့သည့် နှောင်းပိုင်း ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူက အနည်းငယ်မျှပင် မရုန်းကန်နိုင်ခဲ့ဘဲ ချက်ခြင်း ဝါးမြိုခံလိုက်ရ၏။
“ မကောင်းတော့ဘူး… ဒါက နတ်ဆိုးအင်ပါယာဘဲ…”
“ ပြေးဟ.. ပြေး…”
ကောင်းကင်ဘုရင်ယု သေဆုံးသွားသည့် မြင်ကွင်းက ကျန်(၃)ယောက်အား လိပ်ပြာလွင့်မတတ်ဖြစ်သွားစေသည်။ ယခုအချိန်တွင် စက္ကန့်၀က်လောက်မျှ နောက်ကျခြင်းက ၎င်းတို့၏ သေခြင်းရှင်ခြင်းအား အဆုံးအဖြတ်ပေးနိုင်သည်ဖြစ်ရာ မည်သူမှ နှောင့်နှေးဝံ့ခြင်းမရှိကြချေ။
နတ်ဆိုးအင်ပါယာကို ထားဦးတော့ သူတို့ အနေဖြင့် အထွတ်အထိပ်ကောင်းကင်ဘုရင်ကိုပင် ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။
ရွှစ်..
ဝှစ်ရှ်…
ဝုန်း…
၎င်းတို့ တတ်စွမ်းသမျှ လွတ်မြောက်ရေး နည်းလမ်းများကို အသုံးပြုပြီး ရှုပ်ထွေးသော လမ်းကြောင်းများအား အသည်းအသန် ဖြတ်သန်း ပြေးလွှားနေကြ၏။
သူတို့ပြေးလွှားနေရင်း လျှို့ဝှက်နယ်မြေနှင့် ပတ်သက်ပြီး ခါးသီးသော အမှန်တရားတစ်ခုအား နားလည်လာကြသည်။
ထို မြွေပုံစံ နတ်ဆိုးအင်ပါယာက လှိုဏ်ဂူ လမ်းကြောင်းများအတွင်း လွတ်လပ်စွာ အလွယ်တကူ သွားလာနေခဲ့၏။ ဤလျှို့ဝှက်နယ်မြေအား ၎င်းက တည်ဆောက်ထားခဲ့သည်မှာ ထင်ရှားသည်။
…
တစ်ခဏ ကြာပြီးနောက် လျှို့ဝှက်နယ်မြေအပြင်ဘက်၌ ထိတ်လန့်နေသောမျက်၀န်းများ ၊ ဒဏ်ရာဗရပွဖြစ်နေသော ခန္ဓာကိုယ်ဖြင့် ကောင်းကင်ဘုရင် ရန်၏ ပုံရိပ် ထွက်ပေါ်လာသည်။
နောက်ထပ် အနည်းငယ် ကြာပြီးနောက် ကောင်းကင်ဘုရင် ယု၀မ်လည်း အပြင်သို့ရောက်ရှိလာ၏။ သူ့တစ်ကိုယ်လုံး ချွေးများစိုရွှဲနေပြီး ခန္ဓာကိုယ်ကလည်း ယိုင်တိုင်တိုင်ဖြစ်နေခဲ့သည်။
သူတို့ (၂)ယောက် အန္တရာယ်အကြားမှ လွတ်မြောက်ခဲ့ကြချေပြီ။
တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ခါးသီးစွာ ပြုံးလိုက်ကြ၏။
ကောင်းကင်ဘုရင်အဆင့်သို့ ရောက်ပါပြီဆိုကတည်းက ဤမျှ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ခြင်းမှာ ပထမဆုံးပင်။
ထိုနေရာ၌ အချိန်တော်တော်ကြာအောင် စောင့်ဆိုင်းခဲ့ပြီးနောက် သူတို့နှစ်ယောက်၏ အမူအရာများ တဖြည်းဖြည်း မှုန်မှိုင်းလာခဲ့သည်။
ဗဟိုသူတော်စင် အကယ်ဒမီမှ ဌာနမှူးဟောင်း ဟိုဟီ၏ အရိပ်အယောင် တစ်စွန်းတစ်စကိုမှ မြင်တွေ့ရခြင်းမရှိပေ။
“ ဟိုး… အရင်တုန်းက ဗဟိုသူတော်စင် အကယ်ဒမီက လူအများကြီးနဲ့ ပြသနာတွေရှိခဲ့တယ်…”
ကောင်းကင်ဘုရင် ရန် နှင့် ယု၀မ်တို့ တစ်ယောက်ကို တစ်ယောက် အဓိပ္ပါယ်ရှိစွာ ကြည့်လိုက်ကြ၏။
ကောင်းကင်ဘုရင် ယု သေဆုံးခဲ့သည့်တိုင် ယုမိသားစုအနေဖြင့် ရပ်တည်နိုင်ဦးမည်ဖြစ်သော်လည်း ဗဟိုသူတော်စင် အကယ်ဒမီအတွက်မူ ၎င်းတို့အတွက် တစ်ခုတည်းသော ထောက်တိုင်ကြီး ပြိုလဲသွားခြင်းဖြစ်၏။
“ တောင်ပိုင်းတိုက်ကြီးမှာ အပြောင်းအလဲ ကြီးကြီးမားမားဖြစ်တော့မှာ စိုးမိတယ်…”
…..
ထိုအချိန်တွင်
ဗဟိုသူတော်စင် အကယ်ဒမီ ၊ ဌာနမှူး အခန်းအတွင်း…
ဌာနမှူးတစ်ယောက် အခန်းအတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့၏။
ယနေ့တွင် သူ့စိတ်များ အထူးလေးလံနေခဲ့သည်။ ဆိုးရွားသော တစ်စုံတစ်ခု ဖြစ်တော့မည်ဟု ယောင်ဝါးဝါးခံစားမိနေ၏။
“ ဗဟိုသူတော်စင် အကယ်ဒမီမှာ ပြသနာ ကြီးကြီးမားမား ဖြစ်တော့မှာလား…?”
သူ၏ မျက်လုံးများအား ချက်ချင်းပိတ်လိုက်ပြီး အကယ်ဒမီတစ်ခုလုံးသို့ နတ်အသိဖြင့် လွှမ်းခြုံကာ ကြည့်ရှုလိုက်သည်။
သို့သော် အကယ်ဒမီတစ်ခုလုံး ပုံမှန်အတိုင်း လည်ပတ်နေပြီး ထူးဆန်းမှု တစ်စုံတစ်ရာမျှမရှိချေ။
သို့သော် ဌာနမှူး စောင့်ကြည့်နေစဉ် ယခင်မျိုးဆက် ဌာနမှူး အခန်းအတွင်းမှ အသက်ကျောက်စိမ်းက ရုတ်တရက် ပြင်းထန်စွာ လှုပ်ယမ်းပြီး အက်ကွဲသွားလေသည်။
ကောင်းကင်ဘုရင် နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ၊ ဗဟိုသူတော်စင် အကယ်ဒမီ၏ အဓိကထောက်တိုင် ကျောရိုးမကြီးဖြစ်သော ဌာနမှူးဟောင်း ဟိုဟီ သေဆုံးသွားချေပြီ။
“ မဖြစ်နိုင်ဘူး…”
ဌာနမှူး ရူးတော့မလို ခံစားလိုက်ရပြီး ထိတ်လန့်တကြားထအော်လိုက်ကာ ဌာနမှူးဟောင်း အသက်ကျောက်စိမ်းရှိရာ အခန်းသို့ အမြင့်ဆုံး အရှိန်နှုန်းဖြင့် အသည်းအသန် ပြေးသွားလိုက်သည်။
ပတ်၀န်းကျင်မှ ပရိဘောဂပစ္စည်းများ ၊ စာရွက်စာတန်းများ အားလုံး လေထဲမြောက်တက်ကာ လွင့်စင်သွား၏။
ဗဟိုသူတော်စင် အကယ်ဒမီမှ ဌာနမှူးဟောင်း ဟိုဟီက နှောင်းပိုင်း ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ရုံသာမက ထိုအဆင့် ကျင့်ကြံသူများ အကြားတွင်ပင် တော်တော်လေး အစွမ်းထက်သူဖြစ်သည်။
သူ၏ တည်ရှိမှုကြောင့်သာ ဗဟိုသူတော်စင် အကယ်ဒမီ နိမ့်ကျလာသည့်တိုင် ပေါ်ပေါ်ထင်ထင် စော်ကားရန်စဝံ့သူမရှိခြင်းပင်။
ထို ပင်မထောက်တိုင်ကြီး လဲပြိုသွားသည်နှင့် အတိတ်တုန်းက ရန်သူများအားလုံး အပြေးအလွှား ရောက်လာကြပေတော့မည်။
ရန်သူများက အလွန်များပြားလှပြီး ၎င်းတို့အနက် အများစုက ကောင်းကင်ဘုရင်များဖြစ်၏။
ဗဟိုသူတော်စင် အကယ်ဒမီ အန္တရာယ်အတွင်း သက်ဆင်းခဲ့ချေပြီ။